ပရလောက(၆)၊ နောက်ဆုံးပိုင်း
စတုတ္ထပိုင်းမှအဆက် ……..
အမှန်တော့ ကရင်ကောင့် ဦးလေးက ငါးကန်စောင့်ထားထားတာတဲ့ဗျာ။
ဦးနိုင်က “ အေး၊ အဲဒါမျိုးတွေက ငါတို့အဖွားဘက်ကရွာတွေမှာလည်း ရှိတယ်။
ငါတို့ငယ်ငယ်တုန်းကဆိုဘာခေတ်စားလည်းဆိုတော့၊ ချီးစားစုန်းပေါ့ကွာ။ ငါတို့အဖွားရွာကို အလည်သွားရင် ရွာက ကားလမ်းကနေဆို တော်တော်ဝင်ရတာဟ။ ဒီကြားထဲပိုဆိုးတာက မိုးတွင်းဆိုရင် သေပြီ။ ရေတွေကလျှံ၊ ခါးလောက်အထိရှိတယ်။ လူကြီးခါးကိုပြောတာနော်။ ငါတို့အဲဒီတုန်းကဆို ၄တန်းပေါ့။ ဒီလိုပဲ ရွာရောက်ဖို့ကို ရေထဲဖြတ်ရတာ။ ငါတို့အဖွားရွာက ခရမ်းဘက်မှာ အဖေ့ဘက်ကပေါ့ကွာ။
ငါတို့ကျောင်းပိတ်ရက်ဆိုရင် ငါ့အဖိုးကြီးနဲ့လစ်ပြီ။ ဟိုမှာ(၂)ရက်(၃)ရက်လောက်အေးဆေးနေပြီးမှ ပြန်လာတာပဲ။ ငါတို့ရောက်ပြီဆိုတာနဲ့ ခြံထဲမှာရှိတဲ့ ဘဲလည်းအငြိမ်မနေရဘူး။ ဟင်းအိုးထဲရောက်ပြီ။ ငါးပိ၊ ငံပြာရည်ကလည်းရှယ်ပဲ။ စဉ့်အိုးကြီးတွေနဲ့ သိပ်ထား၊ လှောင်ထားတာ။ အဲဒီအချိန်တုန်းက အဲဒီရွာဘက်မှာ မီးကလည်းမရသေးဘူး။ ညဘက်ဆို အိမ်ရှေ့မှာ ကွပ်ပြစ်ရှိတယ်။ အဲဒီကွပ်ပြစ်မှာ ရေနွေးကြမ်းနဲ့ လက်ဖက်နဲ့ ငါတို့က လှဲပြီးနားထောင်ကြတာပေါ့။ အဖွားကတော့ ဒိုင်ခံပြောပြရှာတယ်။ အဖွားအိမ်ရဲ့နောက်ဖက်မှာဆိုလည်း ကန်ကြီးရှိတယ်။ မင်းပြောသလိုပဲ၊ အစောင့်ရှိတယ်၊ ဘာညာပေါ့ကွာ။ ငါတို့ကိုတော့ ပြောပြထားတာပေါ့။ ငယ်သေးတော့လည်း ညဘက်ဆို မီးကလည်းမရှိတော့ အဲဒီဘက်ကိုယောင်လို့တောင် ခြေဦးမလှည့်ဘူး။ ဟီး……
တစ်ညတော့ ငါတို့ကို စောင့်ပြီးပြတယ်။ အဖွားက ချီးစားစုန်းကိုမြင်ဖူးချင်ရင်တဲ့။ ကြောက်စရာမကောင်းဘူးဆိုလို့ပေါ့။ အဲဒီညမှာ ငါတို့က အိမ်ရှေ့မှာအိပ်တာဆိုတော့ အိပ်ရာထဲကနေ ငါတို့ကိုပြတာ။ တစ်ညတော့… ဟိုးဘက် ခြုံတွေကြားကနေ တစ်ဖြည်းဖြည်းနဲ့ မီးလုံးတစ်လုံးတက်လာတာကို တွေ့ရတယ်။ တဖြည်းဖြည်းနဲ့ အဲဒီမီးလုံးက ဘယ်သွားမလဲကြည့်နေတာ….အဖွားအိမ်ရဲ့အရှေ့တော်တော်လှမ်းလှမ်း လမ်းနားက အိမ်သာကျင်းထဲကို ဝင်သွားတာဗျာ။ အိမ်ပေါ်ကနေကြည့်နေတာ အတိုင်းသားပဲ။ အိမ်အရှေ့တောက် လျှောက်က အဲဒီတုန်းက ကွင်းပြင်ကြီးကိုး။ ပြောရဦးမယ်။ အဲဒီတုန်းက ရွာက အိမ်သာတွေဆိုတာ. အခုလို ယင်လုံအိမ်သာတွေမဟုတ်သေးဘူး။ ကျွင်းကြီးကိုမှအပေါ်ကနေ အိမ်သာတက်ရတာ။ အမိုးနဲ့အကာနဲ့တော့ပါတာပေါ့။ နောက် သိပ်မကြာဘူး။ အဲဒီမီးလုံးက အိမ်သာကျွင်းထဲကနေ ပြန်တက်လာပြီး သူလာတဲ့လမ်းကြောင်းအတိုင်း ပြန်ဝင်ပျောက်သွားတာပဲ။ အဖွားက အဲဒါပဲတဲ့ ချီးစားစုန်းဆိုတာ… ”
ကိုသက်က တစ်ခါကြားဖြတ်ပြီး..“အေး၊ နောက်ငါပြောပြမယ်၊ ငါတို့ငယ်ငယ် ရတန်းလောက်ကပေါ့။ ငါ့အဖိုးကြီး တာဝန်နဲ့ပြည်နယ်မြို့လေးတစ်မြို့က သစ်တောကြိုးဝိုင်းမှာတာဝန်ကျတုန်းက ပေါ့။ ငါတို့မိသားစု(၄)ယောက် အကုန်လိုက်နေတာပေါ့ကွာ။ ပထမရောက်ရောက်ချင်းဆိုတော့ ပစ္စည်းတွေလည်း နေရာကမချရသေး။ အိမ်ကလည်း အဲဒီသစ်တောထဲမှာပဲ…ပထမလူတွေနေသွားသေးလို့ သေချာပြန်ရှင်း၊ ပထမတစ်ညတော့ ဖြစ်သလိုပဲ စုအိပ်လိုက်ကြတာပေါ့။ နောက်နေ့မနက်ကျတော့ ငါ့အမေက မေးတာငါ့ကို…. သားညက အမေ့ကိုနှိုးသေးလားတဲ့။ ဘာလို့လည်းဆိုတော့… ငါက ငါ့အဖေဘေးမှာအိပ်တာကိုး၊ ငါ့ညီမက သူ့ဘေးမှာအိပ်တာ။ ငါလည်း မနှိုးပါဘူးအမေဆိုတော့…သားအိပ်တာ တစ်ကျိုးတည်းပဲပြောတော့…. သူက အေး.. အမေလည်း သားနှိုးသံကြားလို့ထကြည့်တော့ ..သားက အိပ်မောတောင်ကျနေတာတဲ့။ ငါ့အမေလည်း ဇဝေဇဝါဖြစ်သွားတာပေါ့ကွာ။ ဒါနဲ့မေ့မေ့ပျောက်ပျောက်နေလာရင်း…. နောက်ပစ္စည်းတွေဘာတွေ အထိုင်ချ၊ သန့်ရှင်းရေးတွေလုပ်၊ ဘုရားအနေကစာတင်ပေါ့ကွာ… အဲဒါတွေလုပ်..လုပ်ပြီး ….။ နေလာတာ ဘာသံမှမကြားရသေးဘူး။ ငြိမ်ချက်သားကောင်းနေတာ…။ နောက် တစ်ပတ်ကျော်ကျော်လောက် ဆယ်ရက်နီးနီးလောက်လည်းကျရော..။ တစ်နေ့ ငါ့အဖေအိမ်မှာမရှိဘူး အဲဒီနေ့က…. နေ့လည်ဘက်… ငါ့အမေကလည်း နေ့လည်နေ့ခင်းဆိုတော့ စားသောက်ပြီး တစ်ရေးတစ်မော အိမ်ရှေ့မှာဖျာခင်းပြီး စာအုပ်ဖတ်ရင်းအိပ်ပျော်နေတာ။ ငါ့ညီမက လည်း ကာတွန်းစာအုပ်လေးဖတ်နေတာ။ ငါက အိမ်သာတက်ချင်တာနဲ့ တစ်ယောက်တည်း တက်နေတုန်း…။ တံခါးကိုဖြေးဖြေးလေး… လာခေါက်ပြီး ကိုကို၊ ကိုကို ဆိုတော့ ငါလည်း ခဏလေး ပြီးတော့မယ်လို့ပြောပြီး ကိစ္စအပြီးသတ်ပြီး အိမ်ရှေ့ကိုပြန်လာတာပေါ့။ အိမ်ရှေ့မှာကျတော့လည်း ငါ့ညီမက ကာတွန်းစာအုပ်ဖတ်ရင်းမှောက်ရက်လေးအိပ်နေတာ…။ ငါလည်းကြောင်သွားတာပေါ့။ ဘာလဲဟပေါ့။ ဒါနဲ့ညရောက်တော့မှ အမေ့ကို ဒီလိုဒီလိုပဲပြောပြတော့မှ… အေးဟုတ်တယ်၊ နင့်အဖေကိုပြောပြကြည့်မယ်ပေါ့။ ဒါနဲ့ အဖေကလည်း သူက ပထမတော့မယုံဘူး။ နင်တို့စိတ်ထင်လို့ဖြစ်မှာပါ။ ဘာညာနဲ့ပေါ့။
မင်းကလည်း သူ့အလှည့်ကျမှ သူယုံတာလေ။ ငါတို့လိုအသံတောင်မဟုတ်ဘူး။
အဲဒီညက ပထမအိပ်နေကျအတိုင်းငါတို့ကလေးနှစ်ယောက်ကို အလယ်မှာထားပြီး အစွန်တွေမှာအိပ်ကြတာကိုး။ အဲဒီမှာစတွေ့တာပဲ။ အကုန်လုံးလည်း အိပ်မောကျနေတဲ့အချိန်… ငါ့အဖေကို ဘေးကနေလာလှုပ်နှိုးတာတဲ့။ ငါ့အမေအသံနဲ့ငါ့အမေပုံစံပဲတဲ့။ အကိုအကို ခဏထဦးဆိုပြီး နှိုးတော့ သူလည်း အပေါ့တွေဘာတွေများသွားမလို့လားဆိုပြီး စမ်းတဝါးဝါးနဲ့ထတာပေါ့၊ ထပြီး ဒီဘက်ကိုမကြည့်သေးဘူး။ မီးခလုတ်လည်းမဖွင့်ရသေးတော့။ ခြင်ထောင်အပြင်ထွက်သွားတော့မှ.. အဲ….. ဘယ်မှာလဲပေါ့ ငါ့မိန်းမပေါ့။ မိန်းမ၊ မိန်းမလို့ခေါ်တော့… ခြင်ထောင်ထဲကနေ ငါ့အမေနိုးလာပြီး အကိုဘာလဲဆိုတော့မှ … ငါ့အဖေကြောင်သွားပြီး မီးဖွင့်… ခြင်ထောင်ရှိရာကိုပြန်လာကြည့်တော့မှ .. မိန်းမ ငါ့ကိုခုနကနှိုးသေးလားမေးတော့… ဟင်..မနှိုးပါဘူးဆိုမှယုံတာဟ။
နောက်နေ့လည်းကျရော၊ သစ်တောထဲက ဝန်းထမ်းတစ်ယောက်ကို မေးကြည့်တော့မှ
ပထမသူတို့ကလျှိုထားတယ်ထင်ပ။ ဘယ်ဟုတ်မလဲ… နောက်မှ ပြောပြာတာ… အဲဒီသူက ..ဒီနယ်မြေက ကြပ်တွေရှိတယ်ဆိုတာကို..။
သူတို့ကအုပ်စုလိုက်ဖွဲ့ပြီးနေကြတာတဲ့။ အရင်ကဆို ကြပ်ရွာဆိုပြီးတောင် သီးသန့်သတ်မှတ်ထားတဲ့ နယ်မြေတွေရှိတယ်ပြောတယ်။ ညဘက်ဆို မီးရောင်တွေဘာတွေတောင်မြင်ရတယ်။ သူတို့စုနေတဲ့နေရာက မနက်ကျရင် အဲဒီနေရာမှာဘာမှမရှိတော့ဘူးလို့ လူကြီးသူမတွေပြောတာတွေလည်းရှိတယ်။ လူယောင်လည်းဆောင်တယ်။ ထားပါတော့။
အဲဒီလိုကြုံပြီး ပရိတ်ရွတ် အမျှအတမ်းပေးဝေပြီး နောက်တော့ ဘာအသံမှမကြားရတော့ဘူး။ ငါတို့အဲဒီကနေပြောင်းတဲ့အထိပဲ။ ကြပ်လည်း နေရာပြောင်းသွားတယ်ထင်တာပဲ။
နောက်ပြောပြဦးမယ်။ ငါမိန်းမရပြီးသိပ်မကြာဘူး။ ရန်ကုန်ကို ပစ္စည်းဝယ်စရာရှိလို့တက်ဝယ်ရင်း ရန်ကုန်က ဌာနဆိုင်ရာဘန်ဂလိုမှာတည်းတာပေါ့။ ငါနဲ့ငါ့ဘော်ဒါနဲ့။ အဲဒီမှာလည်း ငါတို့အခြောက်ခံရသေးတယ်။ အဲဒီမှာကျတော့ သရဲမဟ ။
ဘာလို့လည်းဆိုတော့..။ ပထမညက ငါတို့ဘော်ဒါနှစ်ယောက် အခန်းထဲမှာ ပုလင်းထောင်နေကြတာ ..။ တော်တော်နဲ့မအိပ်ကြသေးဘူး..။ ပြတင်းပေါက်ကိုတစ်ချပ်ဖွင့်ထားတယ်။ နဂိုဆိုဘန်ဂလိုစောင့်တဲ့ ငပွေးနဲ့ အဘကြီးတစ်ယောက်က ငါတို့ကပ်လျက်အခန်းမှာအိပ်တာ..။ အဲဒီညကျမှ သူတို့နှစ်ယောက်ကလည်း ခြံဝင်းတံခါးစေ့ပြီး.. ညကြီးအချိန်မတော် ဖဲသွားရိုက်နေလားမသိ။ ဘန်ဂလိုမှာ ငါတို့နှစ်ယောက်တည်း .. ငါတို့လည်း ပြတင်းပေါက်ဘေးမှာ ထိုင်သောက်ရင်း စကားပြောနေရင်း… ဆေးလိပ်မီးတို့မလို့ တံခါးဘောင်ပေါ်က မီးခြစ်ကိုယူရင်း အပြင်ကိုကြည့်လိုက်တော့ ဖြတ်ကနဲ ဘယ်လိုပြောမလဲ .. လူတစ်ယောက် ပြတင်းပေါက်ရှေ့ကနေဖြတ်သွားပြီး အနောက်စွန်းစွန်းကို ကပ်မြင်လိုက်သလိုမျိုး။ ဟကောင်ရေ.. ငါလည်း ငါ့ဘော်ဒါကိုပြောပြီး တံခါးမကြီးကိုထဖွင့်ကြည့်တော့ ဘာမှမရှိဘူး။ ဒါနဲ့ငါတို့လည်း ဟေ့ကောင်၊ ဒီမှာရှိတယ်ထင်တယ်ဟ၊ ဘာညာပေါ့။ ငါတို့သတိထားအိပ်ပြီးစောင့်ကြည့်ကြမယ်ပေါ့။ အဲဒီညကတော့ စောင့်ကြည့်တာ ဘာမှမထူးခြားဘူး။
နောက်တစ်ညကျတော့မှ… ငါတို့လည်း ပထမညက ကျန်တဲ့အပိုင်းလေးကို ဆက်ဖြေ၊ ထမင်းစားသောက်ပြီး.. ဟိုကောင်က ပထမ ဝတ္ထုဖတ်နေတာ၊ ငါလည်း လှဲရင်း ဆေးလိပ်လေးဖွာနေရင်း..တွေးတောနေတာ။ ခဏကြာတော့ ဟိုကောင့်ကိုကြည့်လိုက်တော့ ဖလက်ပြသွားပြီ ဟိုဘက်ကုတင်မှာ။ ဒါနဲ့ငါလည်း အိပ်မပျော်သေးတာနဲ့ နေလာရင်း… စကြံလမ်းကနေ. ဒေါက်ဒေါက်ဒေါက်ဆိုပြီး ဒေါက်ဖိနပ်သံကြားရတာ.. ပြတင်းပေါက်တစ်ချပ်ဖွင့်ထားတော့. ငါလည်း အသာလေးစေ့ထားလိုက်ပြီး..နားထောင်နေတာ ဒေါက်ဖိနပ်သံက ငါတို့အခန်းကိုကျော်ပြီး ငပွေးတို့အခန်းလောက်လည်းရောက်ရော မကြားရတော့ဘူး။ သေသေချာချာကို ကြားရတာဟ။
နောက်ပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲ… ငါလည်းမရမကထိုးအိပ်လိုက်တာ… အိပ်မက်ကိုတန်းပေးတော့တာပဲ…။ အိပ်မက်ထဲမှာ မီးခိုးရောင်ဝမ်းဆက်လေးနဲ့ ဆံပင်ဂုတ်ဝဲလေး ကောင်မလေးတစ်ယောက်ဟ..။ မျက်နှာတော့သေသေချာချာမမြင်ရဘူး..။ ငါ့ကိုစကားတွေလာပြောနေတာ။ ဗလုံးဗထွေးနဲ့စကားလုံးတွေက …သေသေချာချာအမိအရကြားလိုက်တာတော့… သေတာပါဆိုတဲ့စကားလုံးပဲကြားလိုက်တာ။ သူပြောတော့ပြောပြရှာတယ်.. ဘယ်ကပါဘာညာ၊ ဘာဖြစ်ပြီးဘယ်လိုဘာညာဆိုတာကို သေချာမသဲကွဲလိုက်ဘူး။ ဒုန်းဆိုငါလည်း လန့်နိုးသွားတာ.. ချွေးတောင်ပြန်တယ်။ ရှက်ကီချွေးတွေကို ရွှဲနေတာပဲ။ နာရီကြည့်တော့ မနက်တောင်လင်းတော့မယ်။ ဟိုကောင်ကတော့ အေးဆေးပဲနှပ်နေတုန်း။
အဲဒီတစ်ခါ နောက်ဆုံးပဲ ..။
နောက်ညကျတော့ နှစ်ကောင်လုံး အပြင်မှာသောက်ရင်း ကွဲပြဲ၊ ဝီခေါ်ပြီး ဘန်ဂလိုကိုဘယ်လိုပြန်ရောက်လာမှန်းမသိဘဲ အိပ်လိုက်တာ တစ်ကျိုးတည်းပဲ… မသိတော့ဘူး။ ဟီး………။
ပြန်ကာနီးကျမှ ဘန်ဂလိုစောင့် ငပွေးကိုမေးကြည့်မှ … စော်တစ်ဗွေရှိတယ်ဗျတဲ့..အဲ… သောက်ခွက်လာပြောင်နေသေး…။ နောက်ပြီးပြောသေး.. သူက သူ့ဘာသာနေတာပါတဲ့။ ဘယ်သူ့ကိုမှ မနှောက်ယှက်ဘူးတဲ့။
နောက်တစ်နှစ်လောက်အကြာ ငါ အဲဒီဘန်ဂလိုကို ပြန်ရောက်ဖြစ်သေးတယ်။ ငပွေးက … သူ့ခမြာ ကျွတ်သွားရှာပါပြီဗျာ… အမျှအမျှအမျှတဲ့လေ။
ဦးနိုင်က “ကိုသက်ကလည်းဗျာ။ ညံ့လိုက်တာ.. သရဲမလေးက ချောလား၊ ဘာလား၊ သေချာလေ့လာခဲ့တာမဟုတ်ဘူး…ဟဲဟဲ”
ကျွန်တော်ကလည်း “ဟီး… ဟုတ်ပ။ နှစ်လုံးဂဏန်းမေးလိုက်တာမဟုတ်ဘူး” စသဖြင့် နောက်ပြောင်ရင်း.. ကျွန်တော်တို့လည်း ကိုသက်ဆိုင်ကနေ လူစုခွဲပြီး ကျောချမ်းချမ်းနဲ့ပဲ အိမ်ကိုရောက်ဖို့ “ အောင် ”ထမင်းဆိုင်ရှေ့ကနေ ဖြတ်ရတာဆိုတော့ ဆိုင်ရှေ့ရောက်ကာနီးလည်းကျရော… ဆိုင်ကယ်လီဗာကို အသားကုန်လှိမ့်ပိတ်ဆွဲပြီး တကျိုးတည်းပဲ ……ဟီး…. အိမ်ပြန်ရောက်သွားတာ.။။
ကျေးဇူးတင်ပါတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
2 comments
lusoegyikoko
August 9, 2011 at 3:40 pm
တကယ်ရှိမရှိတော့ မသိဘူး။ မိုင်တ်ိုင် ၇၆ ကြည့် ပြီးကလေးတွေ စိတ်ခြောက်ခြားကုန်လို့တဲ့ health ဂျာနယ်တစ်စောင်မှာတွေ့လိုက်တယ်။
etone
August 9, 2011 at 4:20 pm
သရဲကတော့ မကြုံဖူးသေးဘူး … အသံလေးကြားဖူးတာတောင် ကိုယ်တွေ့မို့လို့ လက်ခံလိုက်ရတယ် …။