Sushi လုပ်စားမယ် … easy cook
ကိုရီးယားဇာတ်လမ်းတွဲတွေ ခေတ်စားလာပြီးနောက်ပိုင်း ကိုရီးယားယဉ်ကျေးမှု မြန်မာပြည်ကို လွှမ်းမိုးလာပါတယ်။ ကိုရီးယားအစားအစာများထဲမှ ဂျပန်လို စူရှီလို့ခေါ်တဲ့ ထမင်းလိပ်တွေကို စားတတ်လာကြတယ်။ စီးတီးမတ်တွေမှာ တင်ရောင်းတာတွေ့ရတယ်။ အခုတလော ကားတွေနဲ့လမ်းဘေးမှာရပ်ပြီး လတ်လတ်ဆတ်ဆတ်လိပ်ရောင်းနေကြတာကိုလဲ တွေ့ရပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ကလေးတွေအကြိုက်မို့ ဝယ်မစားတော့ပဲ အိမ်မှာပဲ လိပ်စားပါတယ်။ ကလေးတွေ ထမင်းဗူးကို စူရှီထည့်ပေးလိုက်ရင် ထမင်းကုန်အောင် စားလာခဲ့လို့ သူတု့ိကိုစားစေချင်တဲ့ အသီးအရွက်အသားတွေကို ထည့်လိပ်ပေးလေ့ရှိပါတယ်။ ပုံမှန်လုပ်ပေးနေကျ ထမင်းလိပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများ
ရှမ်းဆန် …. နို့ဆီဗူး တစ်ဗူး
ရေညှိရွက် …. ၄ ရွက်
ကြက်သားချောင်း … ၄ ချောင်း
မုန်လာဥနီအကြီး … တစ်လုံး
သခွားသီး … တစ်လုံး
ကြက်ဥ … နှစ်လုံး
နှမ်းဆီ … လိုသလောက်
ဆား .. လိုသလောက်
ပြုလုပ်ပုံအဆင့်ဆင့်
ရှမ်းဆန်ကို အရင်ချက်ထားပါတယ်။ ရှမ်းဆန်က ဈေးကြီးပြီး အလွယ်တကူဝယ်မရရင်တော့ ရိုးရိုးဆန်ကို ကောက်ညှင်းနဲနဲထည့်ပြီး ခပ်ပျော့ပျော့ချက်နိုင်ပါတယ်။ ထမင်းကျက်ပါက နှမ်းဆီနှင့် ဆားရောပြီး နယ်ထားရပါမယ်။ ဥနီနဲ့ သခွားသီးကို အချောင်းလိုက်လှီးပြီး ရေနွေးပွက်ပွက်ဆူမှာ ခဏပြုတ်ပြီး အရောင်မပျက်အောင် ရေနှင့်ပြန်ဆေးပြီးမှ ရှလကာရည်နှင့်ဆားတို့ဖြင့် နယ်ထားရပါမယ်။ ကြက်ဥကို အကာနဲ့ အနှစ် သီးသန့်ခွဲပြီး အပြားလိုက်ဖြစ်အောင်ကြော်ပါတယ်။ ကြက်သားချောင်းကိုလည်းကြော်ပြီး အလယ်ကနေ နှစ်ပိုင်းဖြစ်အောင် ပိုင်းထားလိုက်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ရေညှိအရွက်ပေါ်ကို ထမင်းဖြန့်ခင်းပါတယ်။ ပြီးတော့မှ အရောင်စုံဖြစ်နေတဲ့ ဥနီ၊ သခွားသီး၊ ကြက်ဥအကာ၊ အနှစ်၊ ကြက်သားချောင်းများကို စီထည့်ြ့ပီး ခပ်ကြပ်ကြပ်လေးဖြစ်အောင် လိပ်ရပါတယ်။ ယင်းလိပ်နဲ့လိပ်ပါက ပိုကြပ်ပါတယ်။ လိပ်ပြီးမှ ဓါးထက်ထက်ဖြင့် လှီးဖြတ်လိုက်ပါက လှပတင့်တယ်ပြီး စားချင်စဖွယ် ထမင်းလိပ်လေးတွေ ဖြစ်လာပါလိမ့်မယ်။
တွဲဖက် တို့စားစရာအရည်အဖြစ် ပဲငံပြာရည်အကြည်ရည်၊ နှမ်းဆီ၊ ရှာလကာရည်နှင့် နှမ်းလှော်နဲနဲထည့်ပြီး တို့စားနိုင်ပါသည်။
14 comments
manawphyulay
August 10, 2011 at 6:03 pm
ကလေးတွေအကြိုက်ဆိုလို့ ကလေးက ဘယ်နှယောက်ရှိလို့လဲ မမဝေ…. 😛 (ဟီး စပ်စုကြည့်တာ) ဂျပန်စူရှီနဲ့ ကိုရီးယားစားတဲ့ဟာနဲ့ ဘယ်လိုကွာတာလဲဟင်… တူတူပဲလား။ အရသာကော တူလား။ တစ်ခါမှမစားဖူးလို့ လုပ်စားကြည့်ဦးမယ်။
weiwei
August 10, 2011 at 6:11 pm
ကလေး ၂ ယောက်ရှိတယ် … မူကြိုတစ်ယောက် တစ်တန်းတစ်ယောက် …
တစ်ပတ်မှာ ၃ ရက်လောက် သူတို့နဲ့ အတူနေတယ် …
သူတို့အကြိုက် အလွယ်လုပ်လို့ရတဲ့ မုန့်လေးတွေလဲ တင်ပေးပါအုန်းမယ် …
ကိုပေါက်(မန္တလေး)
August 10, 2011 at 6:04 pm
မဝေရေ
ပုံတွေနဲ့ချည်းမကျွေးနဲ့တော့လေ။
လူတွေကို တကယ်ဖိတ်ကြွေးအုံးနော်။
ဆူး
August 10, 2011 at 6:07 pm
အိမ်မှာတော့ ယင်းလိပ် မရှိဘူး..
ပလပ်စတစ် တရွက်ပေါ်မှာ တင်ပြီးတော့ လက်နဲ့ လိပ်ပလိုက်တယ်.. ဒါလည်း အဆင်တော့ ပြေတယ်။
အိမ်မှာ လုပ်စားရင် ရေနွေးနဲ့ မပြုပ်တော့ပဲ.. ဒီတိုင်း လှီးပြီး ထည့်တယ်။ မရိုးနိစ့်.. ပါသေးတယ်။ အဲဒါလေး ပါတော့ အရသာ ပို ဆိမ့်တယ်။ နှမ်းဆီတော့ မထည့်ဘူး။ ဘဲဥက အဝါ မုန့်လာဥက အနီ သခွားသီးက အစိမ်း ကြက်ဥချောင်းက ညိုတိုတို အရောင်စုံတော့ စားချင်စဖွယ် ဖြစ်သွားတာပေါ့။
အိမ်မှာ လုပ်စားဖြစ်တယ် အရင်ကတော့ စီးတီးမတ်က ပါကင်ထုတ်တွေ ဝယ်စားတယ် အခုတော့ ကိုယ့်ဟာကို လုပ်စားတယ်။ ကလေးတွေ လာရင် သူတို့ အကြိုက်ပဲ.. သူတို့အနေနဲ့ ဒီမှာ ထူးခြားတာလေး ဖြစ်နေတဲ့သဘောမျိုးပေါ့.. ရုပ်ရှင်ထဲမှာပဲ မြင်နေရပြီး ဒီမှာ သိပ်မစားရတော့ လုပ်ပေးရင် သိပ်ကြိုက်ကြတယ်။
weiwei
August 10, 2011 at 6:15 pm
မဝေက လက်နဲ့ဒီအတိုင်းလိပ်ထားတာ .. သိပ်မသပ်ရပ်ဘူးဖြစ်နေတယ် … ရုံးမသွားခင် အမြန်လုပ်ရတာဆိုတော့ …
ကလေးတွေကြိုက်ပေမယ့် လူကြီးတွေတော့ သိပ်မကြိုက်ကြဘူး …
hmee
August 10, 2011 at 6:25 pm
မှီကတော့ ဘယ်ရမလဲ မဝေရဲ့ ဒီရောက်မှ ယင်းလိပ် ပြေးဝယ်ပြစ်ပြီး လုပ်စားတာပေါ့။ယင်းလိပ်တခုကို ၁၆ရှကယ်ပေးရတယ်။ ရန်ကုန်မှာတော့ ဝယ်စားတာပေါ့ အခုတော့ ကိုယ့်ဘာသာ မလုပ်တတ် ငတ်မှာမို့ ကြံဖန်လုပ်စားတယ်။ 😛 ပုစွန်ချဉ်၊ ပဲပုတ်စို အားလုံး ကိုယ့်ဘာသာပဲ လုပ်တယ်။ ပဲပြုတ်လည်း စားတော်ပဲ မှာပြီး ပြုတ်တယ်။ ဆူရှီကတော့ ဘယ်သူမှ မကြိုက် မှီပဲ ကြိုက်တာမို့ ပျင်းတာနဲ့ လုပ်မစားဖြစ်တာကြာပြီ။ အခုတော့ မျက်စိနဲ့ပဲ စားသွားပါတယ်။ 🙂
pan pan
August 11, 2011 at 9:21 am
ဒီတပတ်ပိတ်ရက်မှာ လုပ်ကြည့်ဦးမယ်
ယင်းလိပ်မရှိတော့ မဝယ်ဖြစ်သေးခင် ဘွားဆူးပြောသလို ပလပ်စတစ်နဲ့ စမ်းရမှာပဲ
လုပ်စားကြည့်ချင်တာတော့ကြာပြီ
လိပ်တဲ့နေရာမှာ မလုပ်တတ်ဘဲ အခက်တွေ့နေမှာစိုးလို့
weiwei
August 11, 2011 at 9:52 am
ကိုရီးယားလို ဂင်းဗတ် လို့ခေါ်တယ်လို့ ကိုရီးယားရောက် မြန်မာသူငယ်ချင်းတစ်ယောက်က လှမ်းပြောပြပါတယ် …
ဂင်း … ဆိုတာက ရေညှိ … ဗတ် .. ဆိုတာက ထမင်း
chitlay
August 11, 2011 at 10:08 am
ကျေးဇူးပါ weiwei ချစ်လဲ kimbat ရဲ့ meaning ကိုသိချင်နေတာ အခု မှသိတော့ တယ် အစက
ထမင်းလိပ်ဆိုတာတော့ သိတယ် ။ kimbat ဆိုတော့ တစ်မျိုးကြီးလေ kimbat ဖိနပ်နဲ့တူလို့ … ဟဲဟဲ …..
etone
August 11, 2011 at 10:12 am
စားချင်စရာလေး နော် … လုပ်စားရမှာ ပျင်းလွန်းလို့ … လွယ်လွယ်ဝယ်စားလိုက်တာပဲ 🙂
ရုံးက ကိုရီးယားမကတော့ … တချိန်လုံး လုပ်လုပ်နေတာ .. တပုံတပင်ကြီး တခါလုပ်စားလျှင် … ။
ကင်ချီ လုပ်တာလည်း… တပတ်ကို နှစ်ကြိမ်လောက် လုပ်နေတော ့မြင်ရယုံနဲ့ ရိုးနေပြီ ။
Foreign Resident
August 11, 2011 at 10:42 am
Thank Ma Wai Wai,
I decided to do it myself soon.
နွယ်ပင်
August 11, 2011 at 11:02 am
အရင်ကတော့ အိမ်မှာလုပ်စားဖြစ်တယ် အရသားတော့ရှိပါရဲ့ ယင်းလိပ်မရှိတော့ ပုံပန်းကမကျဘူး
နောက်ပိုင်းတော့ မလုပ်စားဖြစ်တာကြာပြီ . အခုမဝေပြောလို့သတိရသွားပြီ လုပ်စားဦးမှ ဆူးပြောတဲ့
လိပ်နည်းလေးနဲ့ …. 🙂
moonpoem
August 11, 2011 at 3:51 pm
စားချင်တယ်ဗျို ့။ဝယ်ကျွေးကြပါ။ မဝေပိုစ့်ကို ဗိုက်ဆာတဲ့အချိန်မှာ ဖတ်မိတာ မှားသွားပြီထင်တယ်။
တညင်သား
August 12, 2011 at 12:55 am
ကိုရီးယားရောက် မြန်မာ သူငယ်ချင်းက ဒူလေးလဲ …အဲဒါဒူလေးလဲ 🙂 🙂 အန်တီဝေကို စတာပါနော်.. ယင်းလိပ်မရှိသူများ မလိပ်တက်သူများ အလွယ်ကူဆုံးကတော့ ထမင်း ပန်ကန်တွင်ဇွန်းတပ်ထားပါ ပါဝင်သော ပစ္စည်းများကို လက်တဆစ်ခန့်အနေတော်လှီးထားပါ ပြီးလျှင် ထမင်းတဇွန်း ပါစပ်ထဲထည့် ပါဝင်သောပစ္စည်များ ကို စုံလင်အောင် ထည့်ပြီး ကျေညက်အောင်ဝါးစားလိုက်ပါက အချိန်တန်လျှင် လှပသောအလိပ်များရရှိပါလိမ့်မယ်ခင်ဗျားးးး 🙂 🙂