ရေပြဿနာ နောက်ဆက်တွဲ
ဘုရားရှင်၊ အာနန္ဒာနှင့် ရေပြဿနာဆိုတဲ့ခေါင်းစဉ်နဲ့
အရင်ရေးဘူးထားတဲ့ ပို့စ်လေးကို ထပ်တင်ဖြစ်တယ်။
မဟာပရိနိဗ္ဗာနသုတ်ကို အခြေခံပြီး ရေးထား ဟောထားတာလေးကို
ဖတ်ရင်း နားထောင်ရင်း စဉ်းစားမိတာလေးတွေကို
စဉ်းစားမိသလို ရေးတင်လိုက်တာပါ။
အဲ့လိုရေးတင်တာကို စာဖတ်ပရိသတ်ဖြစ်တဲ့ ဖိုးသားက
ဒီလိုမေးလာပြီး သူ့သံသယကို ဖော်ထုတ်လာပါတယ်။
ဘုန်းဘုန်း.. အဲဒီ စာပေကျမ်းဂန်နဲ့ ကိုက်ညီတယ် ဆိုတာလောက်နဲ့ အတည်မယူနဲ့ ဆိုတာ.. ဘုရားဟော ပိဋကတ်စာပေကို ဆိုလိုတာလား ဘုရား..
ပိုင်းလော့ဆရာတော် ဘုရားရဲ့ တရားတစ်ပုဒ်မှာတော့ ဘုရားဟော ပိဋကတ်ကို ဆိုလိုတာမဟုတ်ဘဲ အဲဒီ ကာလာမ ရွာသားတွေရဲ့ စာပေကျမ်းဂန်
(အဲဒီအချိန် စာပေတွေ မပေါ်သေးလည်း သူတို့လက်ခံကျင့်သုံးတဲ့ နည်းပေါ့နော ဘုရား) ကို ဆိုလိုတာဖြစ်ကြောင်း..
နောက်တစ်ချက် ပြောပြတာက.. ဘုရားရှင်က ရှင်အာနန္ဒာကို ငါဘုရား မရှိတော့တဲ့နောက်ပိုင်း
ဒီ ပိဋကတ် စာပေတွေကို ငါဘုရားကိုယ်စား ထားခဲ့မယ်.. ဘယ်နည်းလမ်းပဲ လာလာ.. လွယ်လွယ်နဲ့လည်း လက်မခံနဲ့၊ လွယ်လွယ်နဲ့လည်း မပြစ်ပယ်နဲ့.. ပိဋကတ်သုံးပုံထဲ ထည့်ကြည့်.. ကိုက်ညီရင် နည်းလမ်းမှန်တယ်လို့ အတိအလင်းမိန့် မြွက်ထားပြီးကြောင်း..
အဲလို နာလိုက်ရတယ်ဘုရား..။
ဘုရားဟော တရားတော်တွေကိုတော့ ယုံကြည်ပြီးသားပါဘုရား..
ဒါပေမယ့် ခုနပြောသလို ကာလမ ရွာသားတွေရဲ့ ကျမ်းကို ဆိုလိုတာ ဟုတ်မဟုတ်တော့ သိချင်သေးတယ်ဘုရား.. စိတ်ထဲ သိပ်ဘဝင်မကျလို့.. 🙂
ရိုသေစွာဖြင့် တဲ့။ ဖိုးသားရေးထားတာပါ။
ဘုရားရှင်က ကာလာမတို့ကို
မာပိဋကသမ္ပဒါနေန –
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်
ဟောထားတော့ ဒီနေရာမှာ ဒီသုတ်တော်အလိုအရ
ပိဋကတ်ဆိုတာ
ပိုင်းလော့ဆရာတော်ဘုရားပြောသလို ကာလာမတို့ရဲ့ ပိဋကတ်စာပေဖြစ်တယ်ဆိုတာ
ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး။
ဒါပေမဲ့ အခုခေတ်မှာ
မာပိဋကသမ္ပဒါနေန –
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်
လို့ မွတ်စလင်ဘာသာဝင်တစ်ဦးကို ပြောလိုက်ရင်
ကိုရ်အန်ကျမ်းစာကြီးကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရပါမယ်။
ထို့အတူပဲ ခရစ်ယာန်ဘာသာဝင်တစ်ဦးဦးကို ဒီလိုပြောလိုက်ရင်
သမ္မာကျမ်းစာကြီးကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရပါမယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဦးကို ပြောလိုက်မယ်ဆိုရင်လဲပဲ
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟူသောကျမ်းကြီးကို ကိုးကားပြော၍လည်း
မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရမှာပေါ့။
ဆိုတော့ကား
ဘယ်နေရာက ဘယ်စာအုပ်ကြီးတွေကိုပဲ ဖြစ်ဖြစ်ပေါ့။
အဲ့ဒီလို စာအုပ်ကြီးတွေကို ကိုးကားပြနေလို့လဲ မှန်တယ်လို့
တထစ်ချ လက်မခံလိုက်ပါနဲ့လို့ ဘုရားရှင်က ကာလာမတို့ကို ပြောလိုရင်းပါ။
ဘုရားရှင်ကာလာမတို့ကို ပြောထားတာ အချက် ၁ဝ ချက်ရှိပါတယ်။
အဲ့ ၁ဝ ချက်စလုံးဟာ ကာလာမတို့ ခေတ်က၊ ကာလာမတို့ ဒေသ၊ ကာလာမတို့ မျိုးရိုး
ကာလာမတို့ ဆရာတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။
အခုခေတ်အချိန်ထိ နေရာဒေသမရွေး သက်ဆိုင်နေတာပါ။
ဆိုလိုတာက
ဘုရားရှင်က ကာလာမတို့ကို
ဒီပုဂ္ဂိုလ်ကတော့ ငါတို့ဆရာပဲဆိုပီး ဆရာစွဲနဲ့လည်း တထစ်ချ လက်မခံနဲ့ လို့ ပြောပါတယ်။
ဘုရားရှင်ရဲ့ ဒီပြောကြားချက်ဟာ ကာလာမတို့ကို ပြောလို့ ကာလာမတို့ဆရာကိုသာ
ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။
ကာလာမတို့ဆရာကိုသာ အရကောက် မှတ်ယူရမှာ မဟုတ်ပါဘူး။
ကမ္ဘာပေါ်ရှိသမျှ မိမိတို့နဲ့ဆက်စပ်ရာ ဆရာအားလုံးကို ပြောတာပါ။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေကလည်း
ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဆရာသမားပြောတဲ့စကားတိုင်းကို
သာဓု လိုက်မခေါ်မိဘို့ အရေးကြီးပါတယ်။ သာဓုချင်မှ သာဓုမှာမို့ပါ။
အလားတူပါဘဲ။
ပိဋကတ်စာပေကျမ်းဂန်ကို ကိုးကားပြရုံနဲ့လည်း အမှန်လို့ ချက်ချင်းကြီး လက်မခံနဲ့လို့
ဘုရားရှင်ပြောတာဟာ ကာလာမတို့ပိဋကတ်ကိုတင် ပြောတာမဟုတ်ပါဘူး။
ဘာသာပေါင်းစုံမှာရှိတဲ့ ကျမ်းစာအသီးသီးကို ပြောတာပါ။
နောက်ပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး ရှင်အာနန္ဒာကို ပြောသွားတဲ့စကားရှိပါတယ်။
ငါပရိနိဗ္ဗာန်စံရင် သင်တို့ရဲ့ ဆရာအဖြစ် (ငါဟောခဲ့တဲ့) ဓမ္မနဲ့ဝိနယက
သင်တို့ရဲ့ ဆရာဖြစ်လိမ့်မယ် တဲ့။
မှန်ပါတယ်။
သီရိလင်္ကာမှာနေတုန်းက ဂျပန်ဆရာတစ်ယောက် ပြောတာကို နားထဲ ကြားယောင်မိပါတယ်။
ထေရဝါဒဗုဒ္ဓဘာသာဘုန်းကြီးတွေက သူတို့ရဲ့ ပိဋကတ်သုံးပုံစာပေတွေကို
(Authentic) မူရင်းဖြစ်ကြောင်း၊ ဘုရားဟော အစစ်ဖြစ်ကြောင်း လက်မ ထောင်လေ့ရှိတယ်၊
သာသနာ ၂၅၀ဝ ကျော်ခရီးမှာ ဘယ်ဘုန်းကြီးက ပိဋကတ်သုံးပုံစလုံးကို
တကယ့် Authentic ဖြစ်ကြောင်း
လက်မ ကောင်းကောင်းထောင်ရဲလို့လဲ လို့ ပြောဘူးပါတယ်။
ဒါပေမဲ့ ပိဋကတ်သုံးပုံကို ထေရဝါဒငါးနိုင်ငံက တကယ့်ဗုဒ္ဓဘုရားရှင်ဟောထားတဲ့
တရားတော် အစစ်တွေဖြစ်ကြောင်း
တညီတညွတ်တည်း လက်ခံထားပါတယ်။
သို့သော်လည်းပဲ မြန်မာဘုန်းတော်ကြီးတွေက မိလိန္ဒပဥှာလို
နောက်တိုးစာအုပ်ကို ပိဋကတ်သုံးပုံ ဘုရားဟောစာရင်းထဲ ထည့်သွင်းထားတာကိုတော့
သီဟိုဠ်ဘုန်းတော်ကြီးတွေက သိပ်သဘောမတွေ့လှပါကြောင်း
ကြုံတုန်း ပြောလိုက်ပါရစေ။
ဗဟုဿုတအတွက် ကာလာမတို့အကြောင်း ကေသမုတ္တိသုတ်ကို
ထပ်မံဖော်ပြလိုက်ပါတယ်။
ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။
အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင်
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။
ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။
အချို့အကြောင်းတရားများမှာမူ
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။
5 comments
kai
August 17, 2011 at 7:14 am
အဌကထာတွေကိုရော.. သီဟိုဠ်ဘုန်းတော်ကြီးတွေက .. နှစ်သက်လက်ခံသလား သိချင်ပါတယ်ဘုရား..။
ashinindaka
August 17, 2011 at 7:25 am
လက်ခံတာတွေလဲ ရှိ၊ လက်မခံတာတွေလဲရှိ၊ ထူးခြားတာက အဋ္ဌကထာအကျော် ဆရာတော်ရှင်မဟာဗုဒ္ဓဃောသကို စာကူးသူတစ်ပါးအဖြစ် သဘောထားတယ်။ စာကူးတယ်ဆိုတာက သီဟိုဠ်အဋ္ဌကထာဟောင်းတွေကို ကူးချသူကို ဆိုလိုတာပါ။ နောက်ပြီး အချို့က သူ့ကို စာရေးဆရာတစ်ဦးအဆင့်လောက် သတ်မှတ်ကြတယ်။ တကယ်တော့ သူဟာ တကယ်ကြီးကျယ်ခန်းနားပါတယ်။ ဒါကိုလဲ လက်ခံပါတယ်။ ဒို့နိုင်ငံက နာမည်ကျော် အရှင်အာဒိစ္စဝံသဆိုသူကလဲ အဋ္ဌကထာတွေကို ရှင်မဟာဗုဒ္ဓဃောသရေးသွားပေလို့ပေါ့။ နို့မို့ဆို ငါရေးနိုင်ပါတယ်လို့ ပြောဘူးတယ်လို့ ပါးစပ်ပြောပြောတာ ကြားဘူးပါကြောင်း။
kai
August 17, 2011 at 8:27 am
ဆရာတော်ရှင်မဟာဗုဒ္ဓဃောသက..သူ့ကိုယ်သူအရိယာမဟုတ်ကြောင်းစာအုပ်ထဲဝန်ခံရေးထားတယ်လို့.. မှတ်ဖူးပါတယ်.
အဲဒါ ဟုတ်မဟုတ် သိချင်ပါတယ်..ဘုရား..။
–
ကေသမုတ္တိသုတ်တော်ကတော့… အနောက်နိုင်ငံက..ဖီလိုဆိုဖာတွေတောင်အံ့ဩမှတ်တမ်းတင်ရတဲ့ ..တရားတော်ပါဘုရား..။
ဖတ်ရတိုင်းလည်း.. ဂုဏ်ယူဝမ်းသာခြင်းဖြစ်ရပါတယ်.။
အရှင်ဘုရား… ထပ်တင်ပေးတဲ့အတွက်.. ကျေးဇူးကမ္ဘာပါ..။:)
ကြောင်ကြီး
August 17, 2011 at 8:46 am
ဘုန်းတော်ကြောင့် ကုန်းအော်ပါရစေ အရှင်ဘုရား…ဒီဖက်ခေတ်သာသနာမှာ အကျင့်စရဏအားပြုပြီး ရဟန်းကိစ္စပြီးသွားသူပုဂ္ဂိုလ်များနဲ့ စာတတ်ပုဂ္ဂိုလ်များ ပြောဆိုဆွေးနွေးဖလှယ်ကြတာ သိမြင်နေရတော့ ပိဋကက်သုံးပုံထက် ပိဋကတ်ပါစာကို ဓမ္မနှင့်ပတ်သက်လျင် ဘယ်လိုနားလည် အဓိပ္ပါယ်ကောက်ကြသလဲအပေါ် သံသယဖြစ်မိပါတယ်။ ပိဋကတ်တော်လာနဲ့ လွဲတယ်ပြောရအောင် ပရမတ်သစ္စာကို ပညတ်တင်လိုက်ကထဲကိုက မမှန်နိုင်တော့ပြီမို့ စာသမားသာစိတ်ချရသည်ဟု လှေနံခါးထစ် ပြောရန်ခက်ပါသည်။ လူခြင်းတူပေမဲ့ ကံ၊ညဏ်ခြင်းမတူလို့ စာတတ်ဆရာတော်တပါးလက်ထက် ဟုတ်ပေမဲ့ နောင်တပါးလက်ထက်တွင် တကျောင်းထဲထွက်ခြင်း အတူတူတောင် အသိခြင်းကွဲပါသည်။
သို့သော်လည်း အများနှင့်ဆိုင်နေသ၍ ပညတ်ချက်များနှင့် ကင်းမရလို့ ဘောင်တခုပလက်ဖောင်းတခု ချပေးမထားပါကလည်ါ် အထိန်းအကွပ်မရှိ ဗြဲလျမ်းကြီး ဖြစ်သွားပါအုံးမည်။
ခေတ်အလိုက် ရေစီးကြောင်းပြောင်းလဲရသည်။ ရှေးလူများပြောခဲ့သည် သာသာနာကို ငါးပိုင်းပိုင်းလျင် ခေတ်ငါးခေတ် (ဝိပဿနာ၊ သမထ၊ သီလ၊ ဒါန၊ ပရိယတ္တိ – ချွတ်ချော်မှုရှိခဲ့လျင် ခွင့်လွှတ်ပါ) ရှိသည့်အနက် ယနေ့ခေတ် ဝိမုတ္တိသာသနာ တပတ်ပြန်လည်ချိန်တွင် ဝိပဿနာအမြင်အတွေးများ ဆန်းသစ်လာမည်ကို ယုံကြည်ပါသည်။ နောင်ခေတ်နောင်ခေတ်များတွင်လည်း ထို့နည်းတူစွာ ခေတ်ရေစီးကြောင်းအလိုက် အတွေးအမြင်များ ဆန်းသစ်တွေးခေါ်လာရင်း ပိဋကတ်စာများနှင့် ရံဖန်ရံခါ ပဋိပက္ခဖြစ်တတ်သည်ကို အပြန်အလှန်နားလည်မှုရှိစွာဖြင့် မိမိတို့ ဘုန်းကံအလျောက် သင့်တင်လျောက်ပတ်စွာနေတတ်သွားဖို့ အရေးကြီးပါကြောင်း တင်ပြပါသည်..။
search123
August 17, 2011 at 12:10 pm
အရှင်ဘုရား-တစ်ခုလောက်မေးပါရစေဘုရား။ အရှင်ဘုရား ယခုတင်ထားသော post နဲ့တော့ မသက်ဆိုင်ပါ။ အခြားအကြောင်းအရာတစ်ခုပါဘုရား။
တပည့်တော် မရှင်းတာတစ်ခုရှိပါတယ်။
အချို့သူတွေဟာ အချိန်တော်တော်များများ မကောင်းမှုလို့ သတ်မှတ်လို့ရတဲ့ အလုပ်တွေကို လုပ်ပါတယ်။ဒါပေမဲ့လည်း မနက်တိုင်း သူတို့အိမ်မှာ ပရိတ်ကြီး၁၁သုတ်လို တရားခွေကို နေ့တိုင်းဖွင့်ပါတယ်။ တရားနာတာကိုပြောတာမဟုတ်ပါ။ဒီအတိုင်းဖွင့်ထားတာပါ။ မပျက်မကွက်နေ့တိုင်းဖွင့်ပါတယ်။ ဘာလို့ဖွင့်တာလဲဆိုတော့ သူတို့လုပ်တဲ့ မကောင်းမှု အလုပ်ကို နတ်ကောင်းနတ်မြတ်တွေက မနှစ်သက်နိုင်သလို၊ အကုသိုလ်အလုပ်လည်းဖြစ်တာမို့လို့၊ ဒီလိုတရားခွေဖွင့်ပေးရင် နတ်ကောင်း နတ်မြတ်တွေ နှစ်သက်တော့ သူတို့ အကုသိုလ်တွေ လျှော့သွားနိုင်တယ်ထင်လို့ ဖွင့်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
တပည့်တော် မရှင်းလို့ မေးရခြင်းဖြစ်ပါတယ်။ အဲဒီအတိုင်း ဟုတ်ပါ့မလားဆိုတာကိုပါ။ မကောင်းမှုလုပ်လိုက်၊တရားခွေဖွင့်လိုက်ဆိုတော့ တစ်မျိုးဖြစ်နေလို့ပါ ဘုရား။အရှင်ဘုရားရဲ့အမြင်ကို သိချင်ပါတယ် ဘုရား။