“မတန်စကောင်း တန်စကောင်း (လွတ်လပ်ခွင့်)”
“မတန်စကောင်း တန်စကောင်း (လွတ်လပ်ခွင့်)”
တစ်ရက်မှာကျွန်တော်အိမ်နီးနားချင်း ကိုဆွေ ရဲ့ တူလေး ဖိုးကျော်က ကျွန်တော်နဲ့အတူ လက်ဖက်ရည်ဆိုင်လိုက်လာပါတယ်။
ဆိုင်ရောက်တော့ ကိုယ်စားချင်တာ ကိုယ်မှာပြီးတဲ့အခါ ကျွန်တော် မနေ့ညကတည်းက
သိချင်တာလေးရှိတော့ ဖိုးကျော်ကိုမေးရပါတော့တယ်။
“မနေ့ညတုံးက ကိုကြီး တို့အိမ်က ဘာတွေ ကွို်င်နေကြတာလဲဟ”
“ထုံးစံအတိုင်းပေါ့လေးပေါက်ရာ ကိုကြီးနဲ့သူ့အဖေဘဲပေါ့”
“အိမ်ကိုမိုးချုပ်သန်းခေါင်မှပြန်လာတာမျိး “လေးဆွေ” က မကြိုက်ဘူး၊
ကိုကြီးက သူငယ်ချင်းတွေနဲ့ဆုံရင်မိုးချုပ်မှာပြန်လာ ဝင်းထရံကျော်ဝင်၊
လေးဆွေသိတော့ သူခိုးလမ်းပြဆိုပြီး ဆူ၊
အဲတော့ ကိုကြီးကလဲ သူ့ကိုနေရာတကာလိုက် ချုပ်ချယ်တယ်ဆိုပြီး ပြန်ပြော ဖြစ်နေကျ ဇာတ်လမ်းလေးပါ”
လို့ရီရီမောမောနဲ့ပြန်ပြောပါတယ်။
ဖြစ်ချင်တော့ ညနေပိုင်းမှာ ကိုကြီးနဲ့ကျွန်တော် လက်ဖက်ရည်ဆိုင်မှာဆုံကြပါတယ်။
ကိုကြီး ကသူ့ သူငယ်ချင်းတွေနဲ့ထိုင်နေရာကနေ ကျနော်ထိုင်တဲ့ခုံဘက်ကို ကူးလာပါတယ်။
ပြောနေကျအတိုင်း သူ့အဖေက သူ့ကိုချုပ်ချယ်တဲ့အကြောင်း၊ဖိုးကျော်တို့အဖေဆို ဖိုးကျော်ကို
လွတ်လွတ်လပ်လပ်ထားတဲ့အကြောင်း၊ဘယ်တော့မှအဆူမခံရတဲ့အကြောင်း၊သူ့စိတ်ထဲမှာခံစား
နေရတာတွေကို ပြောပါတော့တယ်။
ကျွန်တော့်မှာလဲ ဒီအကြောင်းတွေကို ကြားရလွန်းလို့ အလွတ်တောင်ရနေပါပြီ။
အဲဒီနေ့ညနေထမင်းစားပြီး အိမ်ရှေ့မှာထိုင်နေတုံး ကိုဆွေ ကိုလှမ်းမြင်လိုက်တော့ နေ့လည်က
ကိုကြီး ပြောသွားတဲ့ ချုပ်ချယ်တယ် ဆိုတာလေးကို ပြန်သတိရမိပါတယ်။
ကိုဆွေတို့နဲ့ကျွန်တော်တို့ က ငယ်ကတည်းက အိမ်ချင်းကပ်ရက်နေလာကြတာပါ။
ကိုဆွေရယ် ကိုတာရယ်က ညီအကိုအရင်း။
အစကတော့ တစ်ဝိုင်းထဲမှာအတူနေ မိဘတွေဆုံးပါးတော့ အိ်မ်ကို ထက်ဝက်ပိုင်းလို့တစ်ယောက်တစ်ဝက်နေ၊
ကိုဆွေက ကိုကြီး ကိုလေး ရယ် အိတာဆိုတဲ့သမီးတစ်ယောက်ရယ်ပေါင်းသုံးယောက်။
ကိုတာကတော့ ဖိုးကျော်အပါအဝင်ကျားတစ်ယောက်မလေးယောက် ပေါင်း သားသမီးငါးယောက်မွေးထားပါတယ်။
စီးပွားရေးကတော့ ညီအကိုနှစ်ယောက် သိပ်မကွာသလို သားသမီးချင်းတွေရဲ့အသက်တွေကလဲ
သိပ်မကွာတဲ့ရွယ်တူတွေဖြစ်နေပါတယ်။
ခက်တာက စရိုက်မတူကြတာပါ။
ဖိုးကျော်တို့ မောင်နှမတစ်တွေက အေးအေးဆေးဆေး သေသေဝပ်ဝပ်။
ကိုကြီးတို့ မောင်နှမတစ်တွေကြပြန်တော့လဲ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်။
ဖိုးကျော်တို့အိမ်က ဘာသံမှမကြားရပေမယ့် ကိုကြီးတို့အိမ်ဘက်က အမြဲတမ်း ဆူညံပူညံ။
ကိုကြီးတို့အိမ်ဖက်မှာ အမိန့်တစ်ခု စည်းကမ်းတစ်ခု ထုတ်ပြီဆိုတာနဲ့
“လေးပေါက်….သိလား…”လို့အစချီပြီး သူတို့အဖေထုတ်တဲ့စည်းကမ်းကလနားတွေ
ကန့်သတ်ချက်တွေကို သူတို့မောင်နှမတစ်တွေကလာပြောနေကြ။
သူတို့ပြောချင်ရာပြောပြီးတာနဲ့ ့
“သိလား လေးလေး ဖိုးကျော်တို့အဖေကတော့ ဘာမှရှော့မရှိဘူး အငြိ်မ်ဘဲ”
ဆိုပြီး အားကျစိတ်ကလေးနဲ့ အဆုံးသတ်ပါတယ်။
သူတို့မိသားစုနှစ်စုအကြောင်းကို သေချာပြန်စဉ်းမိပါတယ်။
ကိုတာ ကသားသမီးတွေကို လွှတ်ထားပြီး ကိုဆွေကဘဲတင်းကျပ်လွန်းနေသလားပေါ့။
ပြီးခဲ့တဲ့အချိန်တွေကအဖြစ်အပျက်တွေကို ပြန်ပြီးတွေးကြည့်မိတဲ့အခါ………
ဖိုးကျော်လဲ လူငယ်ဆိုတော့ တစ်ခါတစ်လေ အသောက်အစားမကင်းသလိုကိုကြီးလဲမကင်းပါဘူး။
ဒါပေမယ့်ဖိုးကျော်မူးပြီးအိမ်ပြန်လာတယ်ဆိုမရှိပါဘူး။
ကိုကြီးတို့အဖွဲ့တော့ မူးပြီးပြန်လာ အိမ်ပေါက်ဝမှာတစ်ယောက်နဲ့တစ်ယောက်အော်ဟစ်နုတ်ဆက်။
တစ်ရပ်ကွက်လုံးနိုးတဲ့အထိ။
သူ့အဖေထွက်အော်မှလူစုခွဲကြပါတယ်။
တစ်ခါတစ်လေတော့ လဲ ဟိုမှာရန်ဖြစ်ခဲ့ပြန်ပြီ ဒီမှာရန်ဖြစ်ခဲ့ပြန်ပြီဆိုလို့လို်က်ဖြေရှင်းခဲ့ရတာ၊
ဆိုင်ကယ်နဲ့ဝင်တိုက်ခဲ့လို့ ကားနဲ့ဝင်ကျုံးခဲ့လို့ အိမ်လိုက်လာပြီးအလျော်တောင်းခံရတာ၊
ကျောင်းမတက်လို့ တိုင်စာပို့လို့ ကျောင်းကိုလိုက်ရတာဆိုတော့ အလုပ်တစ်ဖက်နဲ့သူ့အဖေ ကိုဆွေ ကစိတ်တွေတိုပါတယ်။
ဖိုးကျော်လဲ လူငယ်ဆိုတော့ အပေါင်းအသင်းများပါတယ်။
ဒါပေမယ့်အပေါင်းအသင်းမှန်သမျှကိုအိမ်ခေါ်လာလေ့မရှိသလို
ဖြစ်ပျက်သမျှ သူ့ကိစ္စကို သူပြီးစီးအောင်ရှင်းထားခဲ့ပါတယ်။
အိမ်သယ်မလာတတ်တော့
ဖိုးကျော်နဲ့ပါတ်သက်လို့ ဘာဖြစ်ပြန်ပြီညာဖြစ်ပြန်ပြီဆိုတာ မကြားဘူးပါဘူး။
ဒီကိစ္စနဲ့ပါတ်သက်ပြီးဖိုးကျော်ကိုမေးကြည့်ဘူးပါတယ်။
သူဖြေတာလေးကတော့
“လေးပေါက်ရ…. အဖေကမှာထားဘူးတယ်။
မင်းတို့မောင်နှမတွေကို ဘယ်လိုမလုပ်နဲ့ညာလိုမလုပ်နဲ့လို့ အဖေတို့က ဇွတ်မကန့်သတ်ချင်ဘူး။
အဲတော့ မင်းတို့ အမှား မလုပ်သမျှ မင်းတို့ကို အဖေက ကန့်သတ်စရာမလိုဘူး။
အေးပြဿနာတစ်ခု တက်လာရင်တော့ ကန့်သတ်ချက်တစ်ခုထွက်လာမှာနော်။
မင်းတို့ကို လွတ်လပ်ခွင့်အပြည့်ပေးထားတယ်
အဲတော့ ကိုယ်ဘာသာကိုယ်ဆင်ခြင်မူ့နဲ့နေပါ။
ကို်ယ့်လွတ်လပ်ခွင့်ကို ဖျက်ဆီးတာ ကို်ယ် ကိုယ်တိုင်ဘဲဆိုတာတော့ မမေ့နဲ့”
@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @
ဟိုစဉ်းစား ဒီစဉ်းစားနဲ့ အလုပ်မရှိအလုပ်ရှာပြီး စဉ်းစားမိပြန်တော့ ကျနော့်မိတ်ဆွေရဲ့အလုပ်ထဲမှာ ဖြစ်တာလေးကိုဆက်စပ်ပြီး သတိရမိပြန်ပါတယ်။
“ဘောစိက ဘက်လိုက်တယ်”ဆိုတဲ့ပြဿနာလေးပါ။
ကျနော်မိတ်ဆွေက လုပ်ငန်းတည်ထောင်စမှာ လူကလဲနည်းနည်းလေးနဲ့စတော့
လုပ်ငန်းခွင်စည်းကမ်းဆိုတာကို သိပ်တိတိကျကျ မလုပ်ခဲ့ပါဘူး.
မိသားစုပုံစံနဲ့ဘဲ ချီတက်ခဲ့ကြပါတယ်။
ဒါပေမယ့်လုပ်ငန်းက တိုးတက်လာတဲ့အခါမှာတော့
ဝန်ထမ်းတွေလဲ သူ့အဆင့်နဲ့သူ အများကြီးဖြစ်လာ၊
လုပ်ငန်းထဲမှာလူများလာတော့ ပြဿနာလဲများလာပါတယ်။
အဲတော့ အရင်က လွတ်လွတ်လပ်လပ်ထားခဲ့တာမှန်ပေမယ့် အခုတော့လုပ်ငန်းခွင်စည်းကမ်းတွေထုတ်ရပါတော့တယ်။
အဲတော့လဲ နည်းနည်းလေးတော့ ပေရှည် လာသပေါ့။
ဒါပေမယ့်လည်းစည်းကမ်းဆိုတာ စာအုပ်ထဲရှိတာဘဲဆိုပြီး မြန်မာ့နည်းမြန့်မာဟန်နဲ့ဖောက်ဖျက်တတ်ကြပါလေရော။
အလုပ်ချိန်က မနက်8နာရီအရောက်လို့သတ်မှတ်ထားပေမယ့် တစ်မိနစ်နှစ်မိနစ်နောက်ကျလာ။
ပြီးရင် အလုပ်ကနာရီက မြန်တယ်တို့ ဘာပြုတယ်ညာပြုတယ်တွေ ပေါက်ပေါက်ဖောက်ပြန်ရော။
လုပ်ငန်းခွင်ထဲက အပြင်ထွက်ရင် လက်မှတ်ထိုးထွက်ရမယ်ဆိုလဲ ခပ်တည်တည်နဲ့မေ့ချင်ယောင်ဆောင်။
ဖုန်းပြောရင်မှတ်တမ်းရေးပါဆိုရင်လဲ မရေး။
ပိုဆိုးတာက အရောင်းအဝယ်ငွေကြေးပါ ပါလာတော့ မရိုးသားတာ မလိမ့်တပါတ်လုပ်တာတွေကလည်း
အနည်းနဲ့အများတော့ ရှိပါတယ်။
နောက်ဝန်ထမ်းအတော်များများက အလုပ်ကိစ္စနဲ့အပြင်ကိုခိုင်းလို်က်ပြန်ရင်လဲ သူတို့သွားချင်ရာကိုသွား
လည်လို့ပါတ်လို့အားရ ဝေ့လို့ အားရမှ ပြန်လာ၊
အဲအလုပ်ထဲရောက်ပြိးဆိုရင်တော့ ဘယ်လိုခက်ခက်ခဲခဲလုပ်ရတယ်ဆိုပြီး ပွားတော့ပြတတ်ရတာပေါ့။
ခက်တယ်လို့တော့ပွားရမယ်လေ အဲတော့မှ မကုန်ခဲ့ရတဲ့ စားရိတ်တွေလဲ ကုန်တယ်ဆိုစာရင်းထုတ်လို့
ကောင်းမှာကိုး။
နောက်အလုပ်က ပစ္စည်းဝယ်ခိုင်းပြီဆိုပြန်ရင်လဲ ကိုယ်တွက်ကျန်အောင်ချန်လိုချန်။
ဖန်ချင်သလိုဖန်ကြ၊
(အခုခေတ်မှာ ဆိုင်တွေက ဘောက်ချာဆိုတာ ဝယ်သူ့အကြိုက်ဝယ်သူပြောတဲ့ဈေးနဲ့ရေးပေးကြပါတယ်။
ဝယ်သူအမြဲမှန်၏ဆိုတဲ့အတိုင်းလိုက်လျောကြပါတယ်။)
သူတို့ အလုပ်ထဲမှာ ကိုထွန်းတောက် ဆိုတဲ့ဝန်ထမ်းတစ်ယောက်ရှိပါသတဲ့။
သူက ဒီအလုပ်မှာ ရောက်လာတာ သိပ်အကြာကြီးတော့လဲ မဟုတ် သုံးလေးနှစ်ဘဲရှိပါသေးတယ်။
လူကတော့ ခပ်ပြတ်ပြတ် ခပ်မာမာ အလုပ်ကတော့ တကယ်လုပ်ပါသတဲ့။
သူက ခွင့်လဲယူ ခဲ ပါသတဲ့။
လူမှန်ရင်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စကတော့ ရှိစမြဲပါဘဲ။
ဒါပေမယ့် သူက သူ့ကိစ္စပြီးတာနဲ့လုပ်ငန်းခွင်ကို ပြန်ဝင်ပြီးအလုပ်တွေဆက်လုပ်ပါသတဲ့။
တစ်နေကုန်ခွင့်ယူတယ်ဆိုတာလဲမရှိပါဘူးတဲ့။
ကိုထွန်းတောက် က အရောင်းဘက်မှာတာဝန်ကျတော့ နယ်ကုန်သည်တွေကို သူကိုယ်တိုင်ရောင်း
သူနာမယ်နဲ့ဘဲငွေလွှဲခိုင်းတာတွေလုပ်လေ့ရှိပါတယ်။
ဒါကလဲ သူ့ဘောစိနဲ့ ကြိုတင်ညှိနိုင်းပြီးမှလုပ်တာပါတဲ့။
နောက်အလုပ်ကိစ္စနဲ့ပါတ်သက်လာရင် ခက်ခဲတာတို့ ဘာတို့ကိုလဲစာမဖွဲ့
လုပ်စရာရှိတာပြီးစီးအောင် မြန်နိုင်သမျှမြန်အောင်လုပ်လေ့ရှိပါသတဲ့။
အခြားသူကို တာဝန်ပေးတဲ့အလုပ်ကို ကိုထွန်းတောက်ကို ခိုင်းလိုက်ရင် အလုပ်လဲမြန်မြန်ပြီး
စရိတ်ကလဲ သူတို့လောက်မကုန်၊
ကုန်ဝယ်ခိုင်းရင်လဲ အနည်းနဲ့အများ ဈေးသက်သာဆိုတော့
အချို့သောလူတွေ လုပ်တာကိုင်တာ မူမမှန်တာ ကိုယ်အတွက်ချန်ထားတာတွေကို
ဘောစိက ရိပ်မိလာ သိလာပါတယ်။
လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေမှတော့ သိပ်အူတဲ့လူစားထဲဘယ်ပါမလဲနော်။
ဒီတော့လဲ သိပ်အဆိုးဝါးကြီးမဖြစ်ခင်မှာ
သိတယ်ဆိုတာကိုလောက်ဘဲအရိပ်အမြွက်ပြောထားပြီး
မဖြစ်သင့်တာ မဖြစ်ရအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရော လူတွေလိုက်နာချင်အောင် ဆုပေးဒဏ်ပေးစနစ်တွေလုပ် လို့စည်းကမ်းတွေထပ်ထုတ်ရပါသတဲ့။
အလုပ်ရောက်ချိန်ပြန်ချိန်ကို ကိုယ်တိုင် တိတိကျကျလက်မှတ်ထိုးရတာတို့။
အပြင်ထွက်တာ ဖုန်းဆက်တာ ခွင့်ယူတာတွေကိုလည်း တိတိကျကျတင်ရတာတို့
ငွေအသွင်းအထုတ်လုပ်တာမျိုးတို့ ပစ္စည်းဝယ်သွားတာမျိုးတွေဆိုရင် တစ်ယောက်ထဲ
မသွားရဘူးတို့ဘာတို့ဖြစ်လာပါတယ်။
အလုပ်နောက်ကျတာလဲ သတ်မှတ်တဲ့အကြိမ်ပြည့်ရင်လခထဲကဖြတ် ့
အချိန်မှန်ရင် တော့ဆုပေး။
ခွင့်ယူရင်လဲသတ်မှတ်တဲ့ရက်ပြည့်ရင်လခထဲကဖြတ်
ခွင့် မယူရင် ဆုကြေးပေးတာတို့နဲ့ ထိန်းချုပ်ပါတော့တယ်။
ပြီးတော့ ထုတ်ထားတဲ့စည်းကမ်းကို ဖောက်ဖျက်ရင်အတိအကျဖြတ်သလို
ပေးစရာကိုလည်း တကယ်ကိုပေးပါသတဲ့။
အဲဒီတော့ အရင်က လည်း စည်းကမ်းဆိုတာရှိပေမယ့် နေချင်သလိုနေခဲ့ ကြ
အခုအတိအကျလုပ်ပြီဆိုတော့လူ့သဘောသဘာဝအတိုင်း ပွစိပွစိလုပ်လာကြတာ့ပေါ့။
အထူးသဖြင့်” ကိုထွန်းတောက်”နဲ့ယှဉ်ပြီးပြောကြသပေါ့။
နောက်ပေါက်တဲ့ရွှေကြာပင်က အရင်ပွင့်တယ်တို့
ဘောစိကိုဖားပြီးအလုပ်လုပ်တော့ နာမယ်ကောင်းရတယ်တို့
အရင်ကလွတ်လွတ်လပ်လပ် နေလာကြတာသူရောက်လာမှဘဲစည်းကမ်းတွေ
က တထုတ်ထဲထုတ်နေတယ်ဆိုပြီး ဗျောက်တွေဖောက်ကြတာပေါ့။
ပိုဆိုးသွားတာကတော့ အလုပ်ကနေငွေထုတ်ချေးပေးတာ ကိုလုံးဝရပ်လိုက်တာပါဘဲ။
အရင်တုံးက ဘောစိက သူထဲကဝန်ထမ်းတွေ ထဲက ငွေကြေးအခက်အခဲရှိရင်
ဆိုင်ကယ်တို့ ဘာတို့ လို ပစ္စည်းလေးတွေ ဝယ်ချင်ရင် အတိုးမဲ့ငွေချေးပေးပါတယ်။
သူပေးထားတဲ့လခနဲ့ချိန်လို့ အတိုင်းအတာတစ်ခုတော့ သတ်မှတ်ထားတာတော့ရှိတာပေါ့။
နောက်မှ လခထဲတို့ တစ်နှစ်တစ်ကြိမ်ပေးတဲ့ဆုကြေးငွေတို့ ထဲကနေအချိုးကျပြန်ဖြတ်ပေါ့။
ကိုယ့်ဝန်ထမ်းအတွက် စေတနာနဲ့လုပ်ပေးတာကို အခွင့်ကောင်းယူသူတွေပေါ်လာပြန်ပါတယ်။
ခယ်မအတွက် ဆိုင်ကယ်ဝယ်ပေးချင်တာတို့ ယောက်ဖကို ဘာဝယ်ပေးချင်တာတို့တင်မကဘူး
အတိုးမဲ့နဲ့အလုပ်ကနေ ငွေကိုချေး အပြင်မှာ တစ်ရာငါးကျပ်တိုးခြောက်ကျပ်တိုးနဲ့အကြွေးပြန်ချပေး
ဆိုတာတွေလဲရှိလာတာကို ဘောစိကသိတော့ အခုစည်းကမ်းအသစ်တွေထုတ်တာနဲ့ရောပြီး
နောင်ဆိုဘယ်သူ့မှငွေချေး မပေးဘူးလို့ လဲ စည်းကမ်းထုတ်လိုက်တော့
ဟုတ်တာမဟုတ်တာ အပထားအားလုံးက
“ထွန်းတောက်ကြောင့်”လို့ဘဲသတ်မှတ်လိုက်ကြပါတယ်။
ဒီအဖြစ်အပျက်လေးနှစ်ခုကိုယှဉ်ကြည့်မိတော့ ဘယ်နေရာမှာမဆို စည်းကမ်းတို့ သတ်မှတ်ချက်တို့
ဆိုတာတွေက လိုအပ်တယ်ဆိုရင်တော့ထွက်လာမှာအမှန်ပါဘဲ။
“လွတ်လပ်စွာ”ဆိုတဲ့ အခွင့်အရေးတစ်ခုရဘို့ဆိုတာအတွက် တကယ်အဓိကကျတဲ့လူက
ကိုယ်ကိုယ်တိုင်ပါဘဲ။
လူအတော်များများက ပြောလေ့ရှိကြပါတယ်၊
“အခွင့်အရေးမရဘူးတို့ ကန့်သတ်ချုပ်ချယ်တာများတယ်တို့ လွတ်လပ်ခွင့်မရဘူးတို့”
ဒီတော့ ကိုယ်ကိုယ်တိုင်ကရော ဒီရလာတဲ့အခွင့်အရေးနဲ့ထိုက်တန်အောင်နေနိုင်တဲ့
စောင့်ထိန်းလိုက်နာမူ့မျုးိရော ရှိပါရဲ့လားလို့ ပြန်တွေးကြည့်မိတာကိုပါ။
ဒီတော့ “လွတ်လပ်ခွင့်”ဆိုတဲ့အခွင့်အရေးကိုရဘို့အတွက်
ကိုယ်ကလဲ ပေးထားတဲ့လွတ်လပ်ခွင့်နဲ့ထို်က်တန်အောင်နေဘို့လဲ လိုအုံးမယ်ဆိုတာကို သိလာပါတယ်။
နေ့စဉ်ကျင်လည်ဖြတ်သန်းတဲ့အခါမှာ
“ဒီလိုတော့ မလုပ်သင့်ဘူး ဒါမျုးိကိုတော့ရှောင်သင့်တယ် ဒါလေးကတော့ မသင့်တော်လောက်ဘူး”
လို့ ကိုယ်အသိစိတ်နဲ့ကို ဆင်ခြင်လို့နေခဲ့ဘူးပါသလား?ဆိုတာကိုလဲတွေးမိတော့
ကိုယ်ကိုတိုင်လည်း နေချင်သလိုနှစ်ပေါင်းများစွာနေခဲ့တာကို သိလာရပါတယ်။
အဲတော့……………………………………………………
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(20-8-2011)
10 comments
ယမမင်း ကြီး
August 20, 2011 at 6:28 pm
ဟုတ်ပါတယ်။ခုမှ ရောက်လာပေမယ့် မလန် ့ကြပါနဲ ့။အပြစ်မယူပါဘူး
hmee
August 20, 2011 at 6:46 pm
နေရာတကာ ချုပ်ချယ်တော့လည်း ကလေးတွေက အရွဲ့တိုက်ပြီး လုပ်ပြန်ရော။ သိသိကြီးနဲ့ကို လုပ်တာ။ ဘာလုပ်လုပ် ချစ်တဲ့ စိတ်နဲ့ ကြည့်ပြီး ခွင့်လွှတ်တော့လည်း မဖြစ်သင့်တာတွေ ဖြစ်လာရော။ တင်းသင့်တာတင်း လျှော့သင့်တာလျှော့မှ။ မှီတို့ အငယ်က အဖေကပြောဖူးတယ် လုပ်သင့်တာ မလုပ်သင့်တာ ချင့်ချိန်တတ်အောင် သွန်သင်ဆုံးမထားပြီးသား။ အဖေက ငါ့ သားသမီးတွေကို လွတ်လပ်ခွင်.ပေးထားတယ်ဆိုပေမဲ့ မိဘက မသင့်တော်ဘူးပြောထားတာကို ဇွတ်လုပ်ရင် အဲ့ဒီလူက ကျန်တဲ့သူတွေအတွက် နမူနာပဲတဲ့။ မိဘပဲ ခွင့်လွှတ်မှာပါလို့ ဘယ်တော့မှ မတွေးလေနဲ့ မိသားစုအတွက် စံပြ ဖြစ်သွားမယ်မှတ်လို့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် တခုခု လုပ်မယ်ဆို အကျိုးဆက် ဘာဖြစ်မလဲ စဉ်းစားပြီးမှ မိဘ စိတ်မကောင်းစေမဲ့အလုပ် မိဘကို ထိခိုက်စေမဲ့အလုပ်ကို ကွယ်ရာရော ရှေ့တင်ကော ဘယ်တော့မှ မလုပ်ခဲ့ဘူး အခုထိပဲ။ အဲ့ဒါက တအိမ်လုံးမှာ တူတဲ့ အချက်ပဲ။ မိဘကလည်း မိဘလိုနေလို့ အပြောနဲ့ အလုပ်ညီလို့ သားသမီးကလည်း မလုပ်ဝင့်တာပါ။ အခု သားလေးရှိလာတော့ ကိုယ့်ကိုကိုယ် သံသယ ဝင်မိတယ် မှန်ကန်တဲ့ ချစ်နည်းနဲ့ ချစ်တဲ့ မိဘ ဖြစ်နိုင်ပါ့မလား လို့ပါ။ သားသမီးကို ဆုံးမတယ် ဆိုတာဟာ အရမ်း ပညာသား ပါရတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ ခံစားသိ သိလာတာပါ။
Foreign Resident
August 21, 2011 at 7:53 am
If I were the boss,
“နေရာတကာ ချုပ်ချယ်တော့လည်း ကလေးတွေက အရွဲ့တိုက်ပြီး လုပ်ပြန်ရော”
I will easily sack/dismiss them.
I give the money you want, if you don’t want to work up to my satisfaction,
then, you are fired. 😛
There are only (2) golden rules in my work ( especially in marine field ).
Rule (1) = Boss is always right.
Rule (2) = If the Boss is wrong, see & refer Rule (1).
Practical Business Practice is ” Kill or Be Killed ”
” ဘောစိကိုဖားပြီးအလုပ်လုပ်တော့ ”
If you don’t want to “ဖား/satisfy” the boss ( who paid money to you )
Then, who else do you want to “ဖား/satisfy”.
If you don’t want to satisfy the Boss, quit from the job.
It is very simple.
ရာဇဝင်လူဆိုး
August 20, 2011 at 7:02 pm
ကိုပေါက် ဘာကိုဆိုလိုတယ် ကျနော် ကောင်းကောင်းသဘောပေါက်တယ်။ ကျနော် နားလည်တာကတော. စည်းကမ်းဆိုတာ စည်းကမ်းမရှိတဲ.သူတွေအတွက် ထားတာ။ ချုပ်ချယ် ကန်.သတ်တယ်ဆိုတာကလဲ စည်းကမ်းမရှိတာထက်ကို ပိုကျော်သွားလို. ထိန်းသိမ်းတာလို. ကျနော်ယူဆတယ် အကို။ တွေးစရာတွေတော. အများသားဗျ
windtalker
August 20, 2011 at 7:28 pm
ဝင်္ကဝုတိ္တ အလင်္ကာ များလား ဗျ
MaMa
August 20, 2011 at 9:25 pm
တကယ့်ကို အလုပ်ထဲမှာ တွေ့ရကြုံရတတ်တဲ့ ပြဿနာတွေပါပဲ။ ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူကို ခံစားခွင့် ခွဲခြားပြီး ပေးရင၊် မကောင်းတဲ့လူက အလုပ်လုပ်တုန်းကသာ ဖြစ်မြောက်အောင် မလုပ်တာ၊ ရပိုင်ခွင့်ကျတော့ မလျှော့ချင်ဘူး။ သူတို့ကို လျှော့ပေးတဲ့အခါ ကောင်းတဲ့လူကို ပြဿနာရှာ၊ ကြားကလူတွေကို သွေးထိုးပေးနဲ့၊ ကြာတော့ ကောင်းတဲ့လူလည်း မခံနိုင်ပဲ ထွက်ပြေးရတဲ့ထိတွေတောင် ဖြစ်ဖူးတယ်။ 🙁
kai
August 21, 2011 at 6:12 am
ဒီဝက်ဘ်ဆိုက်စဖွင့်တော့..ဘာစည်းကမ်းမှရှိဘူး.. လွတ်လပ်စွာရေးခွင့်ပေးတာပေါ့..။
အဲဒီလိုနဲ့.. အခုဒီနေ့မှာတော့..ဘေးကပြထားတဲ့..စည်းကမ်းလေးတွေရှိနေတာတွေ့ရမှာပါ..။
ဆိုတော့..။
ကိုပေါက်ပြောထားသလိုပါပဲ..။အောက်မှာ.. ပြန်ကုဒ်လိုက်ပါတယ်..။
–
ကြောင်ကြီး
August 21, 2011 at 8:27 am
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ မတဲ့အတူနေ ကြောင်နဲ့ကြွက်ပဲလေ။ အလုပ်ရှင်ကို သိပ်မမျှော်လင့် သင့်သလို အလုပ်သမားကိုလည်း သိပ်အားမထားသင့်ဘူး။ ညှိနှိုင်းယူကြပေါ့။ များသောအားဖြင့် အလုပ်ရှင် အလုပ်သမား အစမှာ ဒိုးတူဘောင်ဖက် အတူတကွ ရုန်းကန်ခဲ့ရပေမဲ့ ကြီးပွားအောင်မြင်တဲ့အခါ အလုပ်ရှင်တဦးထဲကပဲ စံစားသွားတာပါ။ ဒါလည်းတရားပါတယ်၊ သူ့ဘဝနဲ့ရင်းနှီးပေးဆပ်ခဲ့လို့ ပြန်ရတာပဲလေ၊ ဒါပေမယ့် အလုပ်သမားတွေမှာလည်း ခံစားချက်ရှိတာပေါ့။ အလုပ်တခုမှာ တိုးတက်မှုမရှိဘဲ အကြာကြီးမြဲလွန်းတာ လူယုံဝန်ထမ်းအနည်းငယ်ကလွဲလို့ ကျန်သူများအတွက်တော့ မကောင်းဘူး။ ဒါကြောင့် သုံးလေးနှစ်လောက်ကြာလို့မှ အပြောင်းအလဲမရှိရင် ငယ်တုံးရွယ်တုံး ပြောင်းသာပြောင်း..
သဂျီးဆိုလည်း ပထမတော့ရဲ၊ နောက်တော့ အက်ဖ်ဘီအိုင်၊ အဲဒီကနေ စီအိုင်အေကိုရောက်…နောက်တော့ နှစ်တော်တော်ကြာအောင် လူမြင်ကွင်းကပျောက်သွား၊ အဲဒီကနေ ဗြုန်းဆို ဂေဇက်အယ်ဒီတာဆိုပြီး ပေါ်လာတာပဲ။
ogre
August 21, 2011 at 10:38 am
စည်းကမ်းဆိုတာအရင်ကမရှိဘူး
အများလက်မခံနိုင်တဲ လုပ်ရပ်တွေကို လူတွေလုပ်ရင်းကနေ
ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုပြီးစည်းကမ်းတွေထုတ်လာရတာပေါ့
အခုတော့…“စည်ကမ်းသည်လူ၏တန်ဘိုး” လို့တောင်ဖြစ်သွားရတဲ့ ထိပဲလေ..။။
ကိုပေါက်(မန္တလေး)
August 22, 2011 at 9:42 pm
လူတော်တော်များများ ပါးစပ်ဖျားမှာ ချုပ်ချယ်တယ် ချုပ်ချယ်တယ်ဆိုတာဘဲကြားနေရတယ်။
ဒါပေမယ့်ကိုယ်ကရော ကိုယ့်အသိစိတ်နဲ့ကိုယ် သူများအပြောမခံရခင်ဆင်ခြင်နေပါသလားဆိုတာကို
တွေးမိဘူးလားဆိုတာကို သိစေချင်လို့ ဒီပို့စ်ကိုရေးတာပါ။