မေမေရှစ်ခါညာသွားတယ်။
အမေကိုသတိရလွန်းလို့ပါ။အမေလွမ်းတဲ့သူတွေအလွမ်းပြေအောင်လက်ဆင့်ကမ်းပါရစေ။ပိုလွမ်းလာရင်တော့ ဖုန်းလေးတချက်ဆက်လိုက်ပါစို့။အမေပျော်သွားမှာပါ။forward mail ဖတ်နေရင်းသူငယ်ချင်းတွေကိုမျှဝေချင်လို့ပါ။
ကျွန်တော် ငယ်စဉ်ဘဝလေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ” သားလေးစားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ” …. ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ…
ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို စွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးစွပ်ပြုတ်ကိုမြိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်.. “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း
တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု
ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တိုု့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မဝင်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်.. “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် အမေ ငွေမလိုပါဘူး” ဒါက မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့ ရကြိမ်မြောက် လိမ်ညာခြင်းပါ..
မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်… ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်… မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး.. မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ…
၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ…
—————————————————————————————————————————————–
ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်းအားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ… ကျွန်မတို့ ဘဝတစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ.. ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ.. ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လား.
2 comments
kyawgyi
May 12, 2010 at 2:34 am
အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…
susunosuki
May 12, 2010 at 6:19 am
နိုင်းနိုင်းစနေ ရဲ့မေမေညာတယ်ဆိုတဲ့ ပိုစ့်နဲ့တူနေတယ်