ဒို့ဘာသာ (၈) ဝါလား၊ အရည်အချင်းလား
တည်တည်ငြိမ်ငြိမ် ခန့်ခန့်ငြားငြား
လောဘ ဒေါသ သောကတွေကင်းစင်တဲ့မျက်နှာထားနဲ့
ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိသွားရာနောက်က ဥပတိဿဆိုတဲ့သူငယ်လေး
မသိမသာ ကပ်လိုက်သွားတယ်။
တစ်နေရာရောက်တော့ ရှင်အဿဇိ ဆွမ်းဘုန်းပေးတယ်။
ဥပတိဿဆိုတဲ့သူငယ် ဘေးနား အသာလေး ထိုင်နေတယ်။
ရှင်အဿဇိလဲ ဆွမ်းဘုန်းပေးပြီးရော သူသိချင်တာကို မေးပါတော့တယ်။
‘အရှင်၊ အရှင့်ကို ကြည့်ရတာ အတော်ငြိမ်းချမ်းမှုရှိတယ်၊
ဒီတော့ အရှင့်ရဲ့ သန္တာန်မှာ တရားထူးရှိမယ်လို့ ယူဆတယ်၊
အဲ့လို တရားထူးများ ရှိလို့ သိထားတယ်ဆိုရင် ပြောပြ ဟောပြစမ်းပါ’ တဲ့။
ဒီတော့ ရှင်အဿဇိ က
ငါက ရှည်ရှည်ဝေးဝေး မပြောပြတတ်ဘူး။ တိုတိုပဲ ပြောပြတတ်တယ်။
ရှည်ရှည်ဝေးဝေးသိချင်ရင်တော့ ငါတို့ဆရာ ဂေါတမရှိတယ်။
သူ့ဆီကို သွားမေးပါလို့ ပြောတယ်။
အရှင်ပြောတတ်သလောက် တိုတိုသာ ပြောပါလို့ ပြောတော့
ရှင်အဿဇိ က
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ စတဲ့ဂါထာလေးကို
တိုရှင်းလိုရင်း သူသိသလောက် ဟောပြပါတယ်
အဓိပ္ပါယ်က
“အကြောင်းကြောင့် အကျိုးဖြစ်” ပါဘဲ။
ဒါလေးကြားလိုက်တာနဲ့ ချက်ချင်း အလင်းရသွားတယ်။
သောတာပန်ဖြစ်သွားတယ်။
ဒါနဲ့သူ့သူငယ်ချင်း ကောလိတကို လိုက်ရှာပြီး ပြန်ပြောပြတယ်။
သူငယ်ချင်းဖြစ်သူလဲ သောတာပန်ဖြစ်သွားတယ်။
နောက်ပိုင်းတော့ ဘုရားရှင်နဲ့တွေ့ပြီး ရဟန္တာတွေဖြစ်သွားတယ်။
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်လို့ ထင်ရှားလာပြီး
ဘုရားရှင်က သူ့ရဲ့ ညာလက်ရုံး၊ ဘယ်လက်ရုံး
အဂ္ဂသာဝက (အကြီးဆုံးတပည့်ကြီးနှစ်ဦး) ရာထူးကို ခန့်အပ်ပါတယ်။
စဉ်းစားမိတာလေး ပြောကြည့်ချင်တယ်။
ဒီနေရာမှာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ဆရာက
ရှင်အဿဇိဖြစ်တယ်။
ရှင်အဿဇိဆိုတာက ပထမဦးးဆုံးရဟန်းဘောင်ရောက်လာတဲ့
ပဉ္စဝဂ္ဂီငါးဦး (ရဟန်းငါးပါးအုပ်စု) ထဲက တစ်ပါးအပါအဝင်ဖြစ်တယ်။
ရှင်အဿဇိ က ရဟန်းသက် ဝါအနေအားဖြင့် ကြီးရုံမျှမကဘဲ
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ရဲ့ ဆရာလဲ တော်ခဲ့တယ်။
ဒါပေမဲ့
ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို
ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူးပေးခဲ့ပါတယ်။
ဒါကို ကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက်
အရည်အချင်းရှိတာကို ပို ဦးစားပေးကြောင်း ထင်ရှားပါတယ်။
ထား။
နောက်ပိုင်းတော့ ဘုရားရှင်သာသနာတော်မှာ
ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါ၊ ရှင်ဥပါလိ စသဖြင့်
ရဟန္တာတပည့်ကြီးတွေ ထွန်းကားလာပါတယ်။
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် (၄၅) နှစ်တာကာလအတောအတွင်း
ဘုရားရှင်သာသနာ နေလို လလိုမက
နေထက်လထက်ကို ထွန်းကားလာပါတယ်။
မဟာသက္ကရာဇ် ၁၄၈ – ခု (ဘီစီ ၅၄၄) ကဆုန်လပြည့် အင်္ဂါနေ့
(သက်တော် ၈ဝ အရွယ်)
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတယ်။
အရှင်မဟာကဿပမထေရ်ကြီးက နောက်ပါ ရဟန်း ၅၀ဝ နဲ့အတူ
မြတ်စွာဘုရားကို ဖူးမျှော်ဘို့ ပါဝါပြည်မှ ကုသိနာရုံသို့အသွားလမ်းခရီးမှာ
ကုသိနာရုံက ပါဝါပြည်သို့လာတဲ့ တက္ကဒွန်းတစ်ယောက်နဲ့တိုးတယ်။
တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြောင်း သိရတော့
သံဃာအများစု ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြတာပေါ့။
ဒါပေမဲ့သုဘဒ်လို့ခေါ်တဲ့ရဟန်းကြီးကတော့
ငါ့ရှင်တို့၊ ဘာဝမ်းနည်းစရာရှိတုန်း၊ ရှင်ကြီးဂေါတမ ရှိတုန်းက
ဟိုဟာမလုပ်နဲ့၊
ဟိုမသွားနဲ့၊
ဒီလိုမစားနဲ့၊
ဒီကို မသွားနဲ့ နဲ့ စည်းကမ်းတွေ များလိုက်တာ။
အခုတော့ ငါတို့နေချင်သလိုနေလို့ရပြီ။
လွတ်လပ်ရေး အပြည့်အဝရပြီလို့ ပြောဆိုပြီး
ဝမ်းမနည်းတဲ့အပြင် ဝမ်းတောင်သာနေလိုက်သေးတယ်။
သုဘဒ်ရဟန်းကြီးပြောတဲ့စကားကို ရှင်မဟာကဿပကြီးကြားတော့
မသူတော်တရား မပြန့်ပွါးမီ
သူတော်ကောင်းတရား မပျောက်ပျက်မီ
ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို
စုပေါင်းရွတ်ဖတ်သင်္ဂါယနာတင်ရရင် ကောင်းမှာပဲ လို့
တွေးမိပြီး
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး ၃ – လအကြာ
မဟာသက္ကရာဇ် ၁၄၈-ခု၊ ဝါခေါင်လပြည့်နေ့မှာ
ရဟန္တာမထေရ် ၅၀ဝ နဲ့အတူ
ပထမဆုံးအကြိမ် စုပေါင်းရွတ်ဖတ်တဲ့ ပထမသံဂါယနာပွဲကို ကျင်းပဖြစ်ခဲ့တယ်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယကို
အုပ်စုသုံးစုခွဲတယ်။
ပြန့်ကျဲနေတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို
တူရာတူရာ မျိုးတူစု သုံးစု လုပ်ကြတယ်။
၁။ ဝိနယပိဋက
၂။ သုတ္တန္တပိဋက
၃။ အဘိဓမ္မပိဋက
ဒီလို စနစ်တကျ မျိုးတူစုတွေပေါင်းပြီး စီစဉ်ခဲ့လို့
နောင်လာနောက်သား ရဟန်းတော်အစဉ်အဆက်
မှတ်သားရတာ လွယ်ကူလာတာပါ။
ပထမဦးဆုံးပြုလုပ်တဲ့ မြတ်စွာဘုရားတရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
ဒီသံဂါယနာပွဲမှာ
အမေး (ပုစ္ဆက) ဆရာတော်အဖြစ်
ရှင်မဟာကဿပမထေရ်ကြီးက ဆောင်ရွက်ပြီး
ဝိနည်းပိဋကတ်တော်ကို ရှင်ဥပါလိမထေရ်က ဖြေဆိုရပါတယ်။
သုတ္တန္တပိဋကနဲ့ အဘိဓမ္မပိဋကကိုတော့
ရှင်အာနန္ဒာမထေရ်မြတ်က ဖြေဆိုရပါတယ်။
တကယ်လို့ ရှင်မဟာကဿပကြီးတို့သာ ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေကို
စုပေါင်းရွတ်ဖတ်တဲ့ ပထမသင်္ဂါယနာတင်ပွဲ မကျင်းပခဲ့ရင်
ဒီနေ့ဒီအချိန်အခါ ဗုဒ္ဓဘာသာဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့် ဒီလိုအမျှော်အမြင်ကြီးမားတဲ့
ပထမသံဂါယနာမှာ ပါဝင်ခဲ့တဲ့ ရှင်မဟာကဿပ၊ ရှင်ဥပါလိ၊ ရှင်အာနန္ဒာစတဲ့
သံဃာတော် ရဟန္တာအပါးငါးရာကြီးတွေရဲ့ ကျေးဇူးတရားဟာ
အနှိုင်းမဲ့ပါ။
6 comments
Nan Shin
August 27, 2011 at 8:03 am
အရှင်ဘုရားရဲ့ အတွေးအခေါ်ယူဆတွေကို အရမ်းသဘောကျသွားပြီဘုရား။
နောက်လဲ မျှော်လင့်နေပါ့မယ်။အရင့်ရင် စာပေတွေကိုလဲ ပြန်လှန်ဖတ်ရှုလေ့လာပါ့မယ်။
သာသနာမှာ အရှင်တို့လို ပုဂ္ဂိုလ်တွေ များများလိုအပ်နေပြီဆိုတာကတော့ အမှန်ပဲဘုရား။
moethidasoe
August 27, 2011 at 1:19 pm
တပည့်တော် သိထားတာကတော့
ဝါ ဆိုတာ အရေးကြီးပါတယ် .. ဒါကြောင့် ဆတ္တာသည်ကို အရင် သာသနာ့ဘောင် သွင်းပြီး
ကျန်တဲ့ ဒေဝဒတ် အပါအဝင် မင်းညီ မင်းသားတွေက နောက် မှ တန်းစီ ဝင်တာဟာ မာန်မာနကို နှိမ်ချနိုင်ဖို့ အစီအစဉ်နဲ့ ဝင်တာလို့ သိထားပါတယ် .. ဒါကြောင့် ဝါစဉ် ဆိုတာ အရေးကြီးပါတယ်
ရာထူး (အရည်အချင်း) ဆိုတာကတော့ ရာထူးပါ .. သို့သော် သူ့ထက် ရာထူးမကြီးသော်လည်း
ဝါစဉ်ကြီးတဲ့ ရဟန်းများကို ကန်တော့ရပါတယ် .. ဒီလို မှတ်သားဖူးပါတယ် ..
အရည်အချင်း ရှိဖို့ လိုတယ် ဆိုတာကိုတော့ လက်ခံပါတယ် .. အရည်အချင်းရှိရင် ထိပ်တန်းကို ရောက်မယ် ပေါက်မြောက်မယ် ဆိုတာကို လက်ခံပါတယ် .. ဒါပေမယ့်
ဘုရားရှင်ကတော့ အသက် ဘယ်လောက်ကြီးကြီး ကိုယ့်ထက် တစ်မနက် စောပြီး ရဟန်းဖြစ်သူကို ဦးညွှတ်ဖို့ လမ်းညွှန်ခဲ့လေသလားလို့
မိုက်ကယ်ဂျော်နီအောင်ပု
August 27, 2011 at 3:00 pm
ဒီပို့စ်ကိုတော့ နိုင်ငံတော်နဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဆီကို မူတည်ပြီးတောင်ပို့ပေးသင့်ပါတယ်ဘုရား
အထူးသဖြင့် လွန်ခဲ့တဲ့ အချိန်တွေက စစ်အာဏာရှင်တွေထည်းမှာ
ဒီမူတွေကို လုံးဝ မကျင့်သုံးခဲ့ကြပါဘူးဘုရား
အားလုံးသိနိုင်တဲ့အကြောင်းတွေကို ထောက်ပြရမယ်ဆိုရင်တော့
ရုပ်မြင်သံကြားနဲ့ နိုင်ငံတော်ထုပ် သတင်းစာတွေမှာဆို
နိုင်ငံတော်အကြီးအကဲ ဘယ်သူဘယ်ဝါက ဘာစီမံကိန်း ညာစီမံကိန်းမှာ
ဘာတွေညာတွေကို ညွှန်ကြားသွားတယ်ဆိုတာတွေကို မမြင်ခြင်မှအဆုံးတွေ့ခဲ့ကြရမှာပါ ဘုရား
ဘာမှမတတ်ဘဲနဲ့ စစ်ဗိုလ်ဆိုတဲ့အကြောင်းတစ်ခုတည်းနဲ့
ပညာရေး
စီးပွားရေး
လူမှုရေး
ရဟန်းသံဃာအရေးတွေထိပါဘဲ
စသည့်စသည့် အရေးပေါင်းစုံကို
ဝင်ပြီးဆရာလုပ် ညွှန်ကြားလုပ်ခိုင်းတာကို လုပ်တဲ့သူကလည်း လုပ်တာပါဘဲဘုရား
ဥပမာဆိုရင်ဖြင့်
မြန်မာတစ်နိုင်ငံလုံးက လမ်းတံတားတွေဆိုရင်
သက်ဆိုင်ရာ ပညာရှင်တွေရဲ့ စီမံခံ့ခွဲမှုနဲ့ မလုပ်ရဘဲ စစ်ဗိုလ်တွေလက်ညိုးထိုးပြီးခိုင်းတာ
လုပ်ခဲ့ကြတဲ့အတွက်
ယနေ့မြန်မာနိုင်ငံရဲ့လမ်းတံတားတွေက အမြင်သာလမ်းတံတားဖြစ်ပေမယ့်
ကုန်ချိန်ဘယ်လောက်မဖြတ်ရ ဘယ်လိုကားမျိုးမဖြတ်ရ ဆိုတာတွေကို
အားလုံးတွေ့ကြရမှာပါ
ယနေ့ခေတ်ကြီးမှာ နိုင်ငံတော်ငွေတွေ ပြည်သူ့ဘဏ္ဍာတွေကုန် အချိန်တွေကုန်ပြီး
လမ်းတံတားတွေ ဘာမှ သုံးမရအောင်ဖြစ်နေပါပြီဘုရား
ဒါဟာ
ဝါ နဲ့ အရည်အချင်းကို နားမည်ကြလို့ပါဘုရား
ဒါ့ကြောင့် ဒီပို့စ်ကိုဖတ်မိတဲ့ သူတွေကိုလည်း
ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု မှ အထူးတိုက်တွန်းရမယ်ဆိုရင်ဖြင့်
နိုင်ငံတော် အကြီးအကဲဆိုသူတွေရဲ့ ဖေ့စ်ဘွတ် တွေကို လင့်မူပြီးပို့ပေးကြပါ
နေရာတစ်ကာ ကိုယ့်အမျိုးတွေကိုချည်းဘဲ မျက်နှာလိုက်မပေးနေကြပါနဲ့
တစ်ကယ်အရည်ချင်းရှိတဲ့လူတွေကို ပေးကြပါလို့
ဆရာတော့် ပို့စ်ကိုညွှန်းကြပေါ့ဗျား
နော
မီးမီး သော်
August 27, 2011 at 5:26 pm
ကိုဂျော်နီ တင်ပြတာကို ထောက်ခံပါတယ်။အသုံးမကျ လူ ့ငနွားစစ်သားများကြောင့် သာသနာကိုထိပါးနေပါတယ် အရှင်ဘုရား။တတ်စွမ်းသမျှ စောင်မတော်မူပါ။
unclegyi1974
August 27, 2011 at 10:04 pm
အရှင်ဘုရားကဝါနဲ့ပညာ
ဘယ်သူကိုဦးစားပေးရမယ်ဆိုတာပြောချင်တာလို့ပဲမှတ်ပါတယ်ဘုရား
ကိုယ်လိုရာကိုယ်တွေးပါဘုရား
parlayar46
August 28, 2011 at 12:03 am
တပြည့်တော် နားလည်ထားတာကတော့ ဝါ-ဆိုတာက သံဃအဖွဲ့အစည်းအတွင်း အစီစဉ်တကျရှိမှု့အတွက် လို့ပါဘုရား။
လိုအပ်ရာနေရာများမှာ အစီအစဉ်တကျရှိဘို့ဆိုတာကလဲ ဘယ်အဖွဲ့အစည်းအတွက်မဆို ညီညွတ်ဘို့အတွက် အငြင်းပွားဘွယ်မရှိဘို့အတွက် အရေးပါလှပါတယ်ဘုရား။ ဝါ-သည် သာသနာတော်အရေးထက် သံဃအဖွဲ့အစည်းအတွက် ကိုသာ ပဓါနပြုထားသည်ဟု ထင်မြင်မိပါတယ်ဘုရား။
ထို့အတူပဲ အဖွဲ့အစည်းတည်တံ့ဘို့ ကြီးပွားဘို့ အလုပ်ဖြစ်ဘို့ အဖွဲ့အစည်းအတွင်း အတွက်သာဖြစ်သော စည်းမျဉ်းစည်းကမ်းများလဲ လိုအပ်ပါတယ်ဘုရား။ ဥပမာအားဖြင့် သံဃာများအတွက်သာဖြစ်သော အာပတ်ခုနှစ်ပုံသည် (ဝိနည်းများသည်) မုချအကုသိုလ်ဖြစ်/မဖြစ် အပြစ်ကြီး/မကြီး ဆိုတာထက် သံဃအဖွဲ့အစည်းအတွက် အရေးပါမပါကိုသာ ပဓါနပြုထားသည်ဟု ထင်မြင်မိပါတယ်ဘုရား။
ထပ်ဆင့်ဥပမာအားဖြင့် အနည်းငယ်မျှလောက် ခိုးယူမှု့ကို ပါရာဇိက အာပတ်သင့်စေလျှက် ရဟန်းအဖြစ်မှ ဆုံးရှုံးစေပြီး – လူမှအပဖြစ်သော သတ္တဝါကို သတ်သောအမှု့ကို ပါစိတ် စသည့် ငယ်သောအာပတ်ကိုသာ သင့်ရောက်စေတာ မျိုးပါဘုရား။
တပြည့်တော် လျှောက်ထားလိုရင်းကတော့ အရည်အချင်းသည် အရည်အချင်းကိုအသုံးပြုရမည့် နေရာအတွက် အရေးပါပြီး ဝါ-သည် ဝါ-ကိုအသုံးပြုရမည့်နေရာအတွက် အရေးပါသည်ဟု ထင်မြင်ကြောင်းပါဘုရား။ တပြည့်တော်၏ အတွေးအကြံ မသင့်မြတ်ပါက လမ်းညွှန်ဆုံးမတော်မူပါဘုရား။