ဒို့ဘာသာ (၉) ဝါ၊ ရာထူး၊ ရိုသေမှု
ဝါလား၊ အရည်အချင်းလားဆိုတဲ့ ပို့စ်တစ်ခု တင်ဖြစ်တယ်။
ရေးနေတဲ့စာရဲ့ ဦးတည်ချက်က
သံဃာကို ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲ ဆိုတာကို ရေးနေတာပါ။
ဒါကို ပြောင်ကြီး (Plain ကြီး) ရေးထားတာ အများကြီးရှိပြီးသားမို့
သိသင့်သိထိုက်တာလေးတွေနဲ့ တွေးမိတွေးရာလေးတွေကို
ကြားညှပ်ပြီး ရေးနေတာပါ။
သာမန်လူတွေထက် သာသနာ့ ညီတော်၊ နောင်တော်များ
လာပြီး ဖတ်ကြတာ တွေ့ရတယ်။ အားပေးကြတယ်။
အားတက်စရာပဲ။
အဲ့ဒီလို အားပေးတဲ့အထဲမှာ တစ်ယောက်က
(ဝါလား၊ အရည်အချင်းလား) ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး
ဒီလိုလေး မှတ်ချက်ပြုထားပါတယ်။
ကျေးဇူးအရမ်းတင်ပါတယ်။
Anonymous said…
ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို
ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူးပေးခဲ့ပါတယ်။
ဒါကို ကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက်
အရည်အချင်းရှိတာကို ပို ဦးစားပေးကြောင်း ထင်ရှားပါတယ်။
ဒါ အရင်ပို့စ်ထဲက ဟာကို သူကူးလိုက်တာ။
သူမေးတာက သူသိချင်တာက သူဆန္ဒက
ဒီနေရာမှာ အရည်အချင်းဆိုတာ ပါရမီကို ဆိုလိုတာလား ဘုရား..။
တပည့်တော် အမြင်တော့ လက်ဝဲရံ၊ လက်ယာရံ အရှင်မြတ်တို့ ဖြည့်ဆည်းခဲ့တဲ့
နောက်ကြောင်း ပါရမီဓာတ်ခံကို (တစ်အသေချေင်္နဲ့ ကမ္ဘာတစ်သိန်း ကာလ)ကြည့်ပြီး..
ဘုရားရှင်က လက်ဝဲရံ၊ လက်ယာရံအဖြစ် ခန့်အပ်တယ်လို့ ထင်တာပဲ ဘုရား..။
ပထမဆုံး တရားသိတဲ့ အရှင်ကောဏ္ဍည အရှင်မြတ်
လက်ဝဲရံ၊ လက်ယာရံ ဖြစ်ခွင့်မရှိတာလည်း ဒီသဘောပါပဲ..။
သို့ပေမယ့်လည်း ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစားသမှုရှိဖို့ကတော့
ဘုရားရှင်ရဲ့ အလိုတော်ကျပါ။
ဒါလေးက စာဖတ်သူတစ်ယောက် မှတ်ချက်ပြုထားတာလေးပါ။
မှန်ပါတယ်။ ဗုဒ္ဓဘာသာမှာ (ရဟန်းလောကမှာရော၊ လူ့လောကမှာပါ)
ကြီးတဲ့သူကို အရိုအသေပေးရမှာပါ။
ရဟန်းလောကမှာတော့
တစ်စုံတစ်ယောက် ရဟန်းပြုတဲ့အခါ
ရဟန်းသစ်အတွက် သိမ်ထဲမှာ ပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့လုပ်ငန်း၊
ကမ္မဝါဖတ်ခြင်းလုပ်ငန်းတွေ ပြီးဆုံးတာနဲ့ တပြိုက်နက်
ရဟန်းဖြစ်တဲ့ အချိန်အခါ၊ ရဟန်းဖြစ်တဲ့နေရာဒေသ
ပြောကြားရပါတယ်။
တာဝဒေဝ ဆာယာ မေတဗ္ဗာ၊ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊
ဒိဝသဘာဂေါ အာစိက္ခိတဗ္ဗော။
(ဝိနည်းမဟာဝါပါဠိတော် စာ၊ ၁၃၃)
ဒီအတွက် ခုခေတ်မှာ ရဟန်းခံရက်ချုပ်ဆိုပြီး
ရဟန်းဖြစ်မှတ်တမ်းလေးတွေကို လုပ်ပေးလေ့ရှိပါတယ်။
ရည်ရွယ်ချက်က ကိုယ်ဘယ်နေ့ ဘယ်အချိန်အခါ ဘယ်ဒေသမှာ
ရဟန်းဖြစ်တယ်ဆိုတာ သိရှိဘို့နဲ့
ဒီလိုသိရှိပြီး
ကိုယ့်ထက် တစ်စက္ကန့်ပင် ကြီးတဲ့ရဟန်းတစ်ပါးပါးကို တွေ့ရှိက
ကိုယ်က အရိုအသေပေးဘို့နဲ့
ကိုယ့်အောက် တစ်စက္ကန့်ပင် ငယ်တဲ့ရဟန်းတစ်ပါးပါးကို တွေ့ရှိက
ကိုယ်က အရိုအသေခံဘို့ပါ။
ဆိုတော့ ကြီးတဲ့သူကို ရိုသေရမယ်ဆိုတာ အထူးပြောဘွယ်လိုမယ်မထင်ပါဘူး။
ဒီပို့စ်နဲ့ဆက်စပ်လို့ ရှင်သာရိပုတ္တရာကြီးအကြောင်းကိုပဲ
ဆက်လေ့လာကြည့်ရအောင်။
ဘုရားရှင်က ရှင်သာရိပုတ္တရာကြီးကို လက်ယာတော်ရံရာထူးခန့်အပ်လိုက်တာဟာ
ရှင်သာရိပုတ္တရာကြီးက ရှင်အဿဇိကို
မင်းက ရာထူးပိုကြီးတယ်ရိုသေစရာမလိုတော့ဘူး၊
ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ရာထူး ခန့်အပ်တာ မဟုတ်ပါဘူး။
လုပ်ငန်းလုပ်တဲ့နေရာ အဆင်ပြေအောင်လို့ပါ။
ရာထူးနဲ့ ဝါကြီးတာနဲ့ ကွဲကွဲပြားပြားသိဘို့လိုပါတယ်။
ရာထူးရှိတဲ့သူက လုပ်ပိုင်ခွင့်ပိုရပါတယ်။
ဒါပေမဲ့ ဝါကြီးတဲ့သူကိုတော့ အရိုအသေပေးရမှာပါဘဲ။
ဒါ့ကြောင့် ရှင်သာရိပုတ္တရာက သူ့ဆရာရှင်အဿဇိကို
ဘယ်လောက်အရိုအသေပေးသလဲဆိုရင်
သူဘယ်ရောက်ရောက် ရှင်အဿဇိရှိတဲ့ဘက်ကိုဘဲ
ဦးခေါင်းတော်အိပ်တယ်တဲ့။ ဦးခေါင်းထားအိပ်တယ်ပေါ့။
ရှင်သာရိပုတ္တရာမထေရ်ကြီး ကျောင်းတစ်ကျောင်းကို ရောက်ပြီဆိုရင်
အဲ့ဒီကျောင်းတစ်ကျောင်းမှာ ရှင်အဿဇိလဲ ရှိနေမယ်ဆိုရင်
ဘုရားရှင်ပီးရင် ရှင်အဿဇိထံ တန်းသွားပြီး (အရင်သွားပြီး) အရိုအသေပေးတာတဲ့။
သူ့ဆရာကို ဒီလောက်တောင် လေးစားတာ။
It is said that every night on going to bed he would do obeisance to the quarter
in which he knew Assaji to be and would sleep with his head in that direction.
DhA.iv.150 f.; cf. SNA.i.328.
If Assaji were in the same vihára, Sáriputta would visit him immediately
after visiting the Buddha.
ရာထူးရထားလို့ လုပ်ငန်းကိုင်ငန်း လုပ်ရရင်တော့
ရှင်သာရိပုတ္တရာက ရှေ့ကပေါ့။ သူက ရာထူးကြီးတာကိုး။
ဝါလား၊ အရည်အချင်းလားဆိုတာနဲ့ ဆက်စပ်လို့
ရှေးဆရာတော်ကြီးတစ်ပါး သုံးသပ်ပြတာကို ကြားဘူးတယ်။
မြန်မာပြည်သာသနာ့သမိုင်းမှာ လယ်တီဆရာတော်ကြီးဟာ
ပါဠိစာပေတဖက်ကမ်းတတ်တဲ့ဆရာတော်ကြီးပါတဲ့။
ဒါပေမဲ့ ဒီနေ့ဒီအချိန်အခါမှာ လယ်တီမျိုးဆက်ဟာ
အတော်လေးမှေးမှိန်သွားတာ တွေ့ရတယ်တဲ့။
ဒါဟာ အရည်အချင်းသမားကို ရှေ့တန်းတင်မှု နည်းခဲ့လို့တဲ့။
မန္တလေး၊ မစိုးရိမ်ကျောင်းကို ကြည့်တဲ့။
သကျသီဟစာမေးပွဲအောင်မှ စာချ၊ နာယက ခန့်အပ်တာဆိုတော့
ဒီနေ့ဒီအချိန်ထိ မစိုးရိမ်ကျောင်းဟာ ‘ကျ’ မသွားဘူးတဲ့။
ဒါဟာ ဝါကြီးသည်ဖြစ်စေ၊ ဝါငယ်သည်ဖြစ်စေ
အရည်အချင်းရှိတဲ့သူကို ရာထူးပေးအပ်လို့
သက်တမ်းရှည် ကာလကြာရှည် အောင်မြင်နေတာတဲ့။
ပရိယတ္တိစာသင်တိုက်တွေအတွက် နမူနာယူစရာအချက်ပဲ။
ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာလဲ ဒီအတိုင်းဘဲ။
ဝါကို ဦးစားပေးမှာလား။ အရည်အချင်းကို ဦးစားပေးမှာလား။
သံဃာ့နာယကဖွဲ့စည်းပုံတွေလဲ ပါတာပေါ့။
3 comments
windtalker
August 29, 2011 at 10:27 pm
အရှင်ဘုရား ရဲ ့ပို ့စ် ကို ဖတ်ပြီး
အသိတရားတွေ အများကြီးတိုးမိပါတယ် ။
တပည့်တော် ဟာ လည်း ငယ်စဉ်ကတဲ က
ဆရာများ ကို ချစ်ကြောက်ရိုသေခဲ့တာ ယနေ ့ထိပါ
ငယ်စဉ်တုန်းကတော့ အရိုက်ခံ ရမှာကို ကြောက်လို ့
ရိုကျိုးစွာ နဲ ့နာခံ ခဲ့တာ ၊ အရိုအသေ ပေးခဲ့တာတွေ က
ကြီးတဲ့ အထိ အသည်းစွဲလာခဲ့ပါတယ် ဘုရား
ချစ်ကြောက်ရိုသေ သမှု ပေးရတာ ကို
အရသာ တွေ ့နေပါပြီ ၊ တန်ဘိုးထားတတ်နေပါပြီ ဘုရား
တက္ကသိုလ်ကျောင်းသား ဘဝတုန်းက လဲ
ဆရာ ၊ ဆရာမ များကို ချစ်ကြောက်ရိုသေခဲ့ပါတယ် ။
တပည့်တော် တို ့တွေ ့မြင်နေရတဲ့
ယနေ ့ခေတ် ကလေး တွေ က တော့
ဆရာ၊ဆရာမတွေ ကို
သူငယ်ချင်းလောက်တောင် အရိုအသေ မရှိတာကို
တွေ ့နေရပါတယ် ဘုရား
အရှင်ဘုရား လို ဆုံးမ ၊ အသိပေး လမ်းညွှန်စာတွေ ဟာ
ဒီလို ဝက်ဆိုက်မှာတင် မကပဲ
အပြင် ဂျာနယ် ၊ မဂ္ဂဇင်း များမှာပါ
ဖတ်ရှု ့တွေ ့မြင်ရမယ် ဆိုရင်
အတိုင်းအထက်အလွန် ဖြစ်မည့် အကြောင်း
ရိုသေစွာ ဖြင့် လျှောက်ထားအပ်ပါသည် ဘုရား
ashinindaka
August 30, 2011 at 6:17 am
ဒကာတော့်အကြံကို ကျေးဇူးတင်ပါတယ်။ စာအုပ်လေးဖြစ်အောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။
unclegyi1974
August 29, 2011 at 10:44 pm
ယနေ့အစိုးရရုံးများစာသင်ခန်းများထဲ
သတိမုူသင့်လှတဲ့ဆုံးမစကားလို့မှတ်ပါတယ်ဘုရား