ပါဠိမှာ ကိုယ်ပိုင်စာပေမရှိ – ဦးမြင့်ဝေ (ကြို့ပင်ကောက်)
ကျွန်တော် အထက်တန်းပညာသင်ယူခဲ့သော ကြို့ပင်ကောက်မြို့ အထက်တန်းကျောင်းဟာ ရန်ကုန်-ပြည် မီးရထားလမ်း၏ အရှေ့ဖက်မှာရှိပါတယ်။ ကျောင်းရဲ့ အေ့ရှဖက်မှာတော့ ရှမ်းကွင်း ဘုန်းကြီးကျောင်းနှင့် တိုက်ကျောင်းပါဠိတက္ကသိုလ်ဟူ၍ ရှိပါသည်။ တိုက်ကျောင်းပါဠိ တက္ကသိုလ်တွင် စာသင်သားသံဃာတော် အပါး ၁၀ဝခန့်ရှိပါတယ်။ အခု အမေရိကပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် HALF MOON BAY ဟမွန်းဘေးကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဇောတလင်္ကာရ ဟာလည်း ၎င်းစာသင်သံဃာတော်များထဲမှ တစ်ပါးဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့ လူထုကလည်း သံဃာတော်များကို ဆွမ်းကွမ်းမပြတ်လောင်းလှူ ကြပြီး၊ သံဃာတော်များကလည်း ဗုဒ္ဓစာပေများကို အပါတ်တကုတ် ကြိုးစားကြပါတယ်။
သံဃာတော်များဟာ ဗုဒ္ဓစာပေများကို လေ့လာကြရုံမျှမက ရပ်ကွက်သန့်ရှင်းရေး၊ ရေတွင်းရေကန် တူးဖော်ရေး စသော လူမှုရေးကိစ္စအဝဝကို ကူညီကြပါတယ်။ အရပ်ထဲမှ လူတစ်ယောက်နေမကောင်း၍ သွေးလိုပြီဆိုရင် တိုက်ကျောင်းပါဠိတက္ကသိုလ်သို့သာလာခဲ့ သံဃာတော်တွေထဲက တပါးပါးကတော့ သွေးလှူဖို့ အဆင်သင့်ပါဘဲ။
အဲဒီလို မြို့နေလူထူနဲ့ အလွမ်းသင့်တဲ့ ဘုန်းကြီးကျောင်းမှ ဓမ္မစရိယနှင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ပါဆွတ်ခူးရရှိလာသော သံဃာတော်တစ်ပါးဟာ လူဝတ်လဲပြီး ကျွန်တော်တို့ကျောင်းမှာဆရာလုပ်ပါတယ်။ ဆရာ၏ အမည်မှာ ဦးညီဝင်းဖြစ်ပြီး နောင်အခါမှာ ရန်ကုန်တက္ကသိုလ် ပါဠိဌာနမှာ ကထိကအဖြစ်မှ အနားယူပြီး ကွယ်လွန်သွားခဲ့သူဖြစ်ပါတယ်။
ကျွန်တော့်ဆရာ ဦးညီဝင်းအကြောင်း မှတ်မိသမျှပြောပြရရင် ဆရာဟာ ကျွန်တော်တို့ အတန်းနဲ့ စတင်တွေ့တဲ့အချိန်မှာ အတန်းသားအားလုံးကို ကကြီး၊ ခခွေး၊ ဂငယ်ရေးခိုင်းပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်း (၁ဝတန်း) ရောက်နေကြပါပြီ။ ဆရာရေးခိုင်းသော ကကြီး၊ ခခွေး၊ ဂ ငယ်လောက်တော့ အပျော့ပေါ့ ပျင်းတောင် ပျင်းသေးတယ်ဆိုပြီး ရေးကြပါတယ်။
လက်တွေ့မှာ ကျွန်တော်တို့အားလုံး ဘယ်သူမျှ မှန်အောင် မရေးနိုင်ခဲ့ကြပါဘူး။ ကကြီး၊ ခခွေး၊ ဂငယ် စတဲ့ မြန်မာအက္ခရာရေးရာတွင် ပထမအတန်းမှာ “က-ခ-ဂ-ဃ-င” သာရေးရပြီး၊ ဒုတိယ အတန်းတွင် “စ-ဆ-ဇ-ဈ-ည” သာရေးရကြောင်း တစ်တန်းလျှင် အက္ခရာငါးလုံးသာ တန်းစီရေးရ ကြောင်း မြန်မာအက္ခရာဆိုတာ ကကြီးမှ အ အထိကို တန်းစီရေးရိုးထုံးစံ မရှိကြောင်း သိလာခဲ့ကြ ပါတယ်။
ပါဌ်ဆင့်ရေးတယ်ဆိုတာ ဟိုးရှေးအခါက ယနေ့ ခေတ်အခါလို စာရေးရန် စာရွက်မရှိသေးလို့ ထန်းရွက်၊ ပေရွက်တွေပေါ်မှာ၎င်း၊ ကျောက်တုံး၊ ကျောက်ပြား မျက်နှာပြင်ပေါ်တွင်၎င်း ရေးခဲ့ကြရာမှာ စာမျက်နှာကျုံစေရန်၊ စကားလုံးများများဝင်စေရန် ရည်ရွယ်ပြီး စာလုံးများ ကို ဆင့်ခဲ့ကြပါသည်။ အချို့နေရာများတွင် စကားလုံးတစ်လုံးသည် ပါဠိမှ ဆင်းသက်လာသော စကားလုံးဖြစ်ကြောင်း သိသာ ထင်ရှားစေရန် ပါဠိစကားလုံးများကို ထပ်၍ဆင့်၍ ရေးသားရာ၌ ပါဌ်ဆင့်ဟု ဖြစ်ပေါ်ခဲ့ဟန်ကိုပါ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆရာပေးခဲ့သော ဗဟုသုတများမှာ ယနေ့မှ နောက်ပြန်ရေတွက်သော် နှစ်ပေါင်း ၄ဝကျော်ခဲ့ပြီ ဖြစ်သော်လည်း မမေ့နိုင်သေးပါ။ အဲဒီလိုမေ့မရတဲ့ ဆရာ့ရဲ့ စကားတွေထဲမှ “ပါဠိမှာ ကိုယ်ပိုင်စာပေမရှိ” ဟူသောစကားလည်း အပါအဝင်ဖြစ်နေခဲ့ပါသည်။
ကျွန်တော်တက္ကသိုလ်ဝင်တန်း (၁ဝတန်း) အောင်မြင်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက် ရောက်ခဲ့ပါတယ်။ အင်ဂျင်နီယာကျောင်းသားပီပီ တွက်ဟယ်၊ ချက်ဟယ်၊ ပုံဆွဲဟယ်နှင့် ဘွဲ့ရခဲ့ပါတယ်။ စီးပွားရေးနယ်ပယ်ရောက်ပြန်တော့ ပါဠိကို မဆိုထားဘိ တက္ကသိုလ်မှ သင်ယူလာခဲ့သော အင်ဂျင်နီယာ ဘာသာကိုပင် ခပ်မေ့မေ့ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့လောကကြီးမှာ ကျွန်တော်ကျင်လည်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်အငြိမ်းစားကာလ ရောက်လာပါပြီ။ သားသမီးတွေလဲ ကြီးလာကြပြီ။ လောကကြီးအလယ်မှာ သူတို့ဘယ်လိုကျင်လည်ရမယ် ဆိုတာ သိလာကြပြီ။ စီးပွားရေးဆိုတာလဲ၊ လုံလုံလောက်လောက်ရှိလာပြီ အချိန်လည်းရလာပြီမို့ ဘဝ အတွေ့အကြုံတွေစုဆောင်းထားတဲ့ ဗဟုသုတတွေကို၊ စာအုပ်များ အဖြစ်၎င်း၊ ဆောင်းပါးများ ရေးပါတယ်။
ဒီအခါမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ၄ဝကျော်ကတည်းက ပါဠိကထိကဆရာကြီး မိတ်ဆက် ပေးခဲ့တဲ့ ပါဠိကို လေ့လာဖို့အချိန်ရခဲ့ပါတယ်။
ကျွန်တော်လေ့လာမိသည်မှာ ပါဠိကို အိန္ဒိယနိုင်ငံ၊ အေ့ရှမြောက်ဘက်တွင် တည်ရှိသော ဘီဟာ (BIHAR) ပြည်နယ်အတွင်းကျရောက်သော မာဒဂတိုင်း (MARDAGA) အနီးတဝိုက် ဘီစီ ၄ရာစုခန့်က တွင်တွင်ကျယ်ကျယ် သုံးခဲ့ပြီး၊ ယနေ့တော့ ဘယ်အရပ်ဒေသမှာမှ နေ့စဉ်သုံးဘာသာစကားအဖြစ် မသုံး ကြတော့ပါဘူး။
သို့သော်လည်း အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီယားနိုင်ငံတွေမှာ ပါဠိဝေါဟာရတော်တော်များများဟာဒေသသုံးဘာသာစကားများတွင် ရောယှက်ပါဝင်သုံးနှုန်းနေတာ တွေ့ရ ပါတယ်။
မြန်မာဘာသာစကားတွင် အင်္ဂလိပ်စကားမှလာသော ရေဒီယို၊ မော်တော်ကား စသည့်စကားများ အပြင် ကုလားစကားမှလာသော ပိုက်ဆံ၊ ကပ်ကြေး စသော စကားလုံးများစွာကို ဘာသာများစွာမှ မွေးစားအသုံးပြုနေသော်လည်း ပါဠိမှဆင်းသက်လာသော စကားလုံးလောက်မများသည်ကို တွေ့ရ ပါသည်။
စာရေးသူတို့နေ့စဉ်သုံးစွဲနေသော စကားလုံးများထဲမှ –
ကညာ၊ ကတိ၊ ကထိက၊ ကဗျာ၊ကိစ္စ၊ ခဏ၊ ခတ္တိယ၊ ခန္ဓာ၊
ဂဏန်းသင်္ချာ၊ ဂီတ၊ ဂုဏ်၊ စရိုက်၊ စတုရန်း၊ စေတနာ၊ ဆရာ၊ ဆည်းများ၊
ဆန္ဒ၊ ဇော၊ ဇီဝိတ၊ ဇာတိ၊ ဈာန်၊ဈာပန၊ ဈာန်အဘိဉာဏ်၊ ဉာဏ၊ ဋီကာ၊
ဌာန၊ တဏှာ၊ တာရာ၊ တိရိစ္ဆာန်၊ တက္ကသိုလ်၊ဒကာမ၊ ဒါန၊ ဒုစရိုက်၊ ဒေသ၊ဒုက္ခ၊
ဓန၊ ဓာတ်၊ နဂါး၊ နမိတ်၊ နဝရတ်၊နာမ၊ နာယက၊ နိဂုံး၊ နိမိတ်၊နက္ခတ်၊
နည်း၊ နတ်၊ နိဗ္ဗာန်၊ နာမ်၊ ပကတိ၊ပကာသန၊ ပဋိသန္ဓေ၊ ပထမ၊ ပထဝီ၊
ပဒေသရာဇ်၊ ပမာဏ၊ ပရိယာယ်၊ ပါမောက္ခ၊ပါရမီ၊ ပုထုဇဉ်၊ ပညာ၊ ဇလ်(ဖန်)၊ဗလ၊
ဗဟုသုတ၊ ဗေဒင်၊ ဗြဟ္မာ၊ ဗျုဟာ၊ ဘဝင်၊ဘဝ၊ ဘယ၊ ဘုန်း၊ မရဏ၊ မနုဿ၊ မနော၊မာဃ၊ မာတာ၊ မာလာ၊ မာန၊ မုသား၊
မင်္ဂလာ၊ မိတ္တဗလ၊ ယောဂီ၊ ရတနာ၊ ရတု၊ရသာ၊ ရထား၊ ရာဇ၊ ရာသီ၊ ရူပ၊ ရုပ်၊
လာဘ၊လောက၊ လောကီ၊ လင်္ကာ၊ လိင်၊ဝစီ(စကား)၊ ဝဇီ(စိန်)၊
ဝသီ၊ ဝသန်(မိုးဥတု)၊ ဝါစာ၊ဝါသနာ၊ ဝိနည်း၊ ဝိပဿနာ၊ ဝီရိယ၊ ဝတ်၊
ဝဋ်၊ သဘော၊ သဘင်၊ သမ၊ သမ္မတ၊ သမာဓိ၊သရုပ်၊ သာဓက၊ သီတာ၊
သုခ၊ သီရိ၊ သီလ၊ သုတ၊ သဘာဝ၊ သူဇာ၊ သူရ၊ သောတ၊ သင်္ကြန်၊
သစ္စာ၊ သူဌေး၊ သိက္ခာ၊ သိင်္ဂီ၊ သမ္မာ၊ သံဝေဂ၊
ဟာသ၊ အဓိက၊ အနုပညာ၊ အနုမြူ၊ အဝီစိ၊ အသုဘ၊
အာဟာရ၊ အာကာသ၊ အာဃာတ၊ အာဇာနည်၊ အာဏာ၊
အာမ(ခံ)၊ အာယု၊ ဥတု၊ ဥပဒေ၊ ဥပဓိ၊ ဥပမာ၊
ဩဇာ၊ ဩဝါဒ၊ ဣန္ဒြေ၊ ဥုံ – စသည်ဖြင့် ရာပေါင်းများစွာသော ပါဠိစကားလုံးများကို နေ့စဉ်သုံးနေကြပါသည်။ ဖော်ပြခဲ့တဲ့ စကားလုံးအားလုံးဟာ ပါဠိအသံထွက်ကို မြန်မာအက္ခရာ ကကြီး၊ ခခွေး၊ ဂငယ် တွေသုံးပြီး နားနဲ့ကြားတဲ့အသံကို လက်နဲ့လိုက်ရေးထားတာတွေချည်း ဖြစ်ပါတယ်။ ပါဠိ အက္ခရာများ မဟုတ်ပါ။ အလားတူပါပဲ အိန္ဒိယပြည်မှာ အာသောက ဗရာမီအက္ခရာ (ASOKAN BRAHMI) ဒေဝံနုဂါရီအက္ခရာ (DEVANAGARI) အင်္ဂလန်မှာဆိုရင်လဲ (ROMAN) အက္ခရာများ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား စတဲ့နိုင်ငံတွေမှာလဲ မိမိတို့အားသန်ရာ ကိုယ်ပိုင်စာပေများနှင့် ရေးသားကြပါတယ်။ ထင်ရှားအောင် ဆက်လက်ရှင်းပြရမယ်ဆိုရင် ဥပမာ –
GOOD MORNING!
HOW ARE YOU?
I AM ALL RIGHT.
ဟူသော စကားပြောအသံထွက်ကို အင်္ဂလိပ်စာလုံးဝမတတ်သူကသူ့နားမှာ ကြားသမျှကို မြန်မာအက္ခရာဖြင့် –
ဂွတ်တမောနင်း
ဟောင်းအာယူ
အိုင်အမ်အောရိုက်
ဟုလိုက်ရေးသားထားသလို ဖြစ်ပါတယ်။သို့ရာတွင် မြန်မာစာပေမှာ အရေးကြီးပြီး အနက်ထင်ရှား၊ မပြောင်းလွဲဘဲ တည်ငြိမ်စေချင်ရင်တော့ ပါဠိဝေါဟာရရှာပြီး ရေးကြရပါတယ်။ ဥပမာအားဖြင့် PHYSIC ကို ရူပဗေဒ၊ CHEMISTRYကို ဓာတုဗေဒ၊ ECOLOGY ကို ဂေဟဗေဒ စသဖြင့် ရေးကြပါတယ်။
အဲဒီလိုရေးကြတဲ့အကြောင်းကလဲ နေ့စဉ်သုံးနေတဲ့ ဝေါဟာရ စကားလုံးတွေဟာ သုံးရင်းသုံးရင်းနဲ့ အဓိပ္ပါယ်ပြောင်းလာတတ်ပါတယ်။ ဥပမာပြောရရင် “မိုက်တယ်” ဟူသောဝေါဟာရ၏ ယခင်အဓိပ္ပါယ် မှာ မကောင်းပါဟူ၍၎င်း၊ ဆိုးသွမ်းသည်ဟူ၍၎င်း အဓိပ္ပါယ်ရှိပါတယ်။ သို့သော် ယနေ့ “မိုက်သည်” ဟုဆိုလျှင် ကောင်းသည်။ ဟုအဓိပ္ပါယ်ပြောင်းလာတတ်ပါတယ်။ “အာလူးပေးနေတယ်” ဟုဆိုလျှင် စားစရာအာလူးများဖြန့်ဝေပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်အပြင် “ရောက်တတ်ရာရာ စကားတွေပြောနေတယ်” လို့လဲ အဓိပ္ပါယ်ရှိလာပါတယ်။ အင်္ဂလိပ်စာပေမှာဆိုရင်လဲ “BUFFALO WING” ဆိုတာ ကျွဲတောင်ပံလို့ရေးထားပေမယ့် ဆိုလိုရင်းက ကြက်တောင်ပံကြော်ကို ပြောတာပါ။ “COOL” ဆိုရင်လဲ အေးတယ်လို့ အဓိပ္ပါယ်အပြင် လှတယ်၊ အဆင်ပြေတယ်၊ ကြိုက်တယ်လို့လဲ အဓိပ္ပါယ်ရှိလာပါတယ်။
လူတွေနေ့စဉ်သုံးနေသမျှ အဓိပ္ပါယ်တွေ သွေဖီသွားတဲ့သဘောပါ။ အဲဒီလိုမဖြစ်စေချင်ရင် ဘယ်သူမျှ လက်တွေ့မသုံးတော့တဲ့ အေ့ရှတိုင်းမှာဆိုရင် ပါဠိဘာသာ၊ အနောက်တိုင်းမှာဆိုရင်LATINဘာသာနဲ့ ရေးကြတယ်။ မပျောက်မပျက် မတိမ်းမချော်စေလို၍ လူတွေနဲ့အထိအတွေ့နည်း ပြီးရွှေ့ရွှားရန်ခက်ခဲသည့်မီးခံသေတ္တာကြီးတစ်ခုထဲမှာ သိမ်းဆည်းတဲ့သဘောပါ။
ဒီလိုနဲ့ ပါဠိသည် စကားလုံးတို့၏ အနက်အဓိပ္ပါယ်ကို မပျက်စီးစေရန်၊ ခန့်ငြား ထင်ရှားစေရန် အထူးအသုံးဝင်သော ဘာသာစကားတစ်ရပ်ဖြစ်ပါတယ်။ သို့ရာတွင် ပါဠိဘာသာစကားသည် အလွန်ရှေးကျသော ဘာသာစကားတစ်ရပ်ဖြစ်သောကြောင့် ပါဠိတွင် ကိုယ်ပိုင်အက္ခရာ (OWN ALPHABET) မရှိခဲ့သဖြင့် ကိုယ်ပိုင်စာပေ (OWN LITERATURE) ဟူ၍ မရှိ။ စာရေးသူတို့ မြန်မာပြည်တွင် ယနေ့ဖတ်နေကြသော ပါဠိစာပေ ဟူသည်မှာ မြန်မာများ၏ နားဖြင့်ကြားသည့် ပါဠိအသံထွက်များကို မြန်မာများက မြန်မာအက္ခရာဖြင့် ချရေးထားသော စာများသာဖြစ်ကြောင်း သိလာရသောအခါ ကျွန်တော့်ဆရာ ပါဠိကထိကကြီး၏ “ပါဠိတွင် ကိုယ်ပိုင် စာပေမရှိ” ဟူသော ပြောကြားချက်ကို သဘောပေါက် နားလည်ပါတော့တယ်။
မှတ်ချက်။ ။ မန္တလေးဂေဇက် ဩဂုတ်လ ၂၀၁၁ တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်ပါသည်။
6 comments
လင်းဝေကျော်
August 29, 2011 at 4:21 pm
ပါဠိ က အင်ဒိုနီးရှားဘက်အထိပါ ပြန့်ခဲ့ပုံရတယ်။
အင်ဒိုစကား မှာ နဂါး က နဂါးပဲ။ ဂဠုန်(ဂဠုန) ကိုတော့ ဂရုဒ ဖြစ်သွားတယ်။
“လ” သံနဲ့ “ရ”သံ ကို ဂျပန်တွေ မကွဲသလို အင်ဒိုတွေလည်း မကွဲဘူးထင်ပါရဲ့။
ဆူး
August 29, 2011 at 7:07 pm
ပါဠိသည် ကိုယ်ပိုင် စာ မရှိ ဆိုတဲ့ အဆိုကို သဘောထားကွဲလွဲချင်တယ်။
မြန်မာ အက္ခရာနဲ့ ပေါင်းတဲ့ ပါဠိစာ မဟုတ်တဲ့ ပါဠိ စာ ရှိခဲ့ဖူးမယ် ထင်တယ်။
ဘုရားဟောထဲမှာ ပုဏ္ဏားတွေက ဗေဒင်ကျမ်းတွေ ဘယ်နှစ်ပုံအောင်တယ် ဗေဒင်ကျမ်းကြီးတွေကို တဖက်ကမ်းခတ်တယ် ဆိုပြီး ပြောဆိုထားထာတွေ ရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အစဉ်အဆက် ယူဆောင်လာတဲ့ စာပေ တခုခုတော့ ရှိလိမ့်မယ် ထင်တယ်။ ယခု အနေအထားနဲ့ ထို စာလုံးများ ပျောက်ကွယ်ပြီး နိုင်ငံ အသီးသီးက အသီးသီး ကိုယ်ပိုင်မူ နဲ့ ကိုယ်ပိုင် စာလုံးမှာ အသံထွက် မှန်အောင် ပေါင်းတာမျိုး လို့ ယူဆတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ ကျော်လောက်က ကိစ္စတွေကို မြင်ရတာလည်း မဟုတ်ဘူး မတရားကာရော စွတ်ငြင်းချင်နေတယ်။
မှော်ဆရာ
August 29, 2011 at 7:21 pm
အင်း သူပြောတာကလဲ ပါဠိဆိုတဲ့ ဘာသာစကား မရှိဘူးလို့ ပြောချင်တာပါ။ ဟိုးအရင် ဘုရားရှင်ခေတ်လောက်တုန်းကတော့ မဆူးပြောသလို စာပေတစ်ခုခု ရှိခဲ့မှာပေါ့။ အဲဒိ့စာပေကို မြန်မာတွေက မတတ်တော့ သူတို့ နားလည်သလို မြန်မာစာနဲ့ လိုက်ရေးရင်း ပါဠိစာပေ ဖြစ်လာတယ်လို့ ပြောချင်ဟန်တူပါတယ်။ဒါကျွန်တော် နားလည်လိုက်တာနော်…
ဟုတ်မဟုတ် မသိပါ…
Nan Shin
August 30, 2011 at 8:08 am
ဥုံ ဆိုတာပါဠိမဟုတ်ပါဘူး…………။ဗြဟ္မဏယဉ်ကျေးမှုကလာတဲ့ သူတို့ရဲ့နတ်မင်းကြီးသုံးပါးကိုပေါင်းပြီးအသံတစ်မျိုးတည်း လုပ်ထားတာပါ။အရယ်…..-ုရယ်……….နိဂ်ဂဟိ
ရယ်………။
ကြောင်ကြီး
August 30, 2011 at 10:01 am
ဖတ်ရတာ အသိတခု တိုးပါတယ်။ အမှား အမှန် အတိအကျကိုတော့ တတ်သိပညာရှင်များ ဝင်ရောက်ဆွေးနွေးမှ ကောက်ချက်ချနိုင်ပါမယ်။ စာထဲပါသလို မူရင်းပါဠိအသံထွက်ကို ဆိုင်ရာဘာသာစကားနဲ့ ဖလှယ်ယူတယ်ဆိုရင် မူရင်းပါဠိသည် ယနေ့ခေတ် ရေးသားအသုံးပြုသလောက် များပြားနှံ့စပ်မှုရှိ ပါ့မလား တွေးစရာဖြစ်ပါတယ်။ ပါဠိမူရင်းမှာ ဗုဒ္ဓဘာသာဝေါဟာရတွေ အစုံအလင် မရှိနိုင်ပါဘူး။ အဲဒီစာလုံးတွေသည် ထပ်ဖြည့်ထားတဲ့ စာလုံးအသစ်တွေလား။ (ဒါဆိုရင်တော့ သဂျီးပြော ပြောနေတဲ့ ဘုရားစကားမဟုတ်ဘဲ တတ်ယောင်ကားတွေရဲ့ နောက်တိုးစာလုံးတွေဆိုတာနဲ့ သွားကိုက်နေတယ်) အိန္ဒိယက ပါဠိပညာရှင်များကရော သဘောတူရဲ့လား။ ဟုတ်ရင်တော့ မြန်မာပြည်မှာ သူတို့အတွက် ပါဠိတက္ကသိုလ် ပြန်ဖွင့်ပြီး နောက်တိုးမြန်မာမှုစာလုံးများနဲ့ ဆရာပြန်လုပ်ရပါလိမ့်မယ်။
စာဖတ်သူ ရွာသားများကို မှာချင်တာတော့ သဂျီးနဲ့အပေါင်းအပါများကို လျော့မတွက်ကြနဲ့။ ဆားလိုပဲ သုံးတတ်ရင် အရသာရှတယ်၊ သတိလက်လွတ်ရင်တော့ သွေးတိုးရောဂါရလိမ့်မယ်…။ 😛
ဒီစာထဲမှာပြောသလို ရှိပြီးသားစာကို သက်ဆိုင်ရာ လူမျိုးအသံထွက်နဲ့ ဖလှယ်ယူ ဆင့်ပွားတာ ဖြစ်နိုင်ပါတယ်။ မူရင်းပါဠိစာသည် ယနေ့ခေတ်လောက် များပြားနှံ့စပ်ခြင်း ရှိကောင်းမှရှိပါမယ်။ နောက်ပိုင်းကြမှ စာထဲပါသလို ဆိုင်ရာ ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးတမ်း စရိုက်ကျင့်ဝတ် ပတ်ဝန်းကျင်များနဲ့ရောပြီး တိုးတက်ပြန့်ပွားလာနိုင်ပါတယ်။
Nan Shin
August 31, 2011 at 5:27 pm
ဘုရားဟောဖြစ်တဲ့ ”အတ္ထောအက္ခရ သညာတော”ဆိုတာလေးကို ထည့်တွေးစေချင်တယ်။