ဒို့ဘာသာ (၁၃) ခေတ်ဘုန်းကြီး
ပြောခဲ့သလိုပဲ၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေအပေါ်မှာ
အခုဆယ်စုနှစ်အတောအတွင်း ရိုသေမှုတွေ
အတော်လေး လျော့ရဲလာတာ တွေ့ရတယ်။
ဘုန်းကြီးတွေကို မရိုမသေဆက်ဆံလာပြီး မရိုမသေလုပ်လာကြပြီ။
ဘုန်းကြီးတွေကို မရိုမသေလုပ်တာဟာ သံဃာတော်တွေကို
မရိုမသေလုပ်တာပါဘဲ။
သံဃာတော်တွေကို မရိုမသေလုပ်တာဟာ
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု အားနည်းလာလို့ဘဲ။
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု မရှိတော့လို့ပါဘဲ။
သံဃာတော်တွေအပေါ်မှာ အားကိုးယုံကြည်မှု မရှိတော့တာဟာ
သံဃာ့သရဏဂုံမရှိတော့တာပါဘဲ။
သံဃာသရဏဂုံမရှိရင် ဓမ္မ (တရား) သရဏဂုံ
ဘယ်လိုလုပ် ရေရှည် တည်တံ့နိုင်တော့မလဲ။
ဓမ္မ (တရားတော်တွေ) ကို သံဃာတော်တွေကပဲ တည်တံ့အောင်
ထိန်းသိမ်းစောင့်ရှောက်နေရတာမို့လား။
ဓမ္မသရဏဂုံမရှိတော့ဘူးဆိုရင် ဗုဒ္ဓသရဏဂုံလဲ ကွယ်ပြီပေါ့။
ဆိုတော့ သရဏဂုံသုံးပါးလုံး ပျောက်ကွယ်သွားပြီပေါ့။
ဒီလို သရဏဂုံသုံးပါးပျောက်ကွယ်ရင် ဗုဒ္ဓဘာသာပျောက်ကွယ်တာပါဘဲ။
သရဏဂုံသုံးပါးပျောက်ကွယ်နေတဲ့နေရာကို
ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်တို့နေရာလို့ ခေါ်နိုင်မလဲ။
သရဏဂုံသုံးပါးမရှိတဲ့နိုင်ငံကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာနိုင်ငံလို့ခေါ်နိုင်မလဲ။
လောလောဆယ်အခြေအနေအထိတော့
အင်္ဂလိပ်လိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာရော
မြန်မာလိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာပါ
ထေရဝါဒဗုဒ္ဓဘာသာကို လက်ခံထားသောနိုင်ငံပေါင်း
သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအိုလို့ ငါးနိုင်ငံရှိကြောင့်းဖတ်ရတယ်။
ဒါပေမဲ့
ဒို့နိုင်ငံ ဒီလိုသာရှေ့ဆက်သွားရင် မဝေးတော့တဲ့အနာဂတ်မှာ
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ရမှာ မဟုတ်တော့ပါဘူး။
တနည်းအားဖြင့် ဒို့နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံစာရင်းက အဖြုတ်ခံရတော့မှာ သေချာတယ်။
ဘာဖြစ်လို့လဲ၊
အထက်က ပြောခဲ့သလို ရဟန်းသံဃာတောတွေနဲ့ လူတွေအကြား
အညမညဂါရဝလို့ခေါ်တဲ့ အချင်းချင်းလေးစားမှုတွေ
တဖြေးဖြေးနည်းသထက်နည်းလာလို့ပါ။
ဒီလိုအချင်းချင်းလေးစားမှုတွေနည်းပါးလာတာကလဲ
နှစ်ဦးနှစ်ဘက်မှာ အားနည်းမှုတွေ ရှိနေလို့ဘဲ။
ဟိုးရှေးယခင်တုန်းကတော့ ရဟန်းသံဃာတော်တွေဟာ
လူတွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်ခဲ့တယ်။
စားတာ၊ သွားတာ၊ နေတာ၊ ထိုင်တာ၊
လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာရေး စတာတွေမှာ
ရဟန်းသံဃာတော်တွေက ရှေ့က ဦးဆောင်နိုင်ခဲ့တယ်။
အခုခေတ်ကျတော့ ပြောင်ပြန်ဖြစ်သွားပြီ။
အကိုးကွယ်ခံ ရဟန်းသံဃာများက နောက်လိုက်ဖြစ်ကုန်ပြီ။
ကိုးကွယ်ကြတဲ့ လူများက ရှေ့ဆောင်တွေ ဖြစ်ကုန်ပြီ။
ဆရာ၊ ဒကာ မဟုတ်တော့ဘဲ ဒကာ၊ ဆရာဖြစ်ကုန်ပြီ။
ဒီလိုဖြစ်သွားရခြင်းရဲ့ တစ်ခုသောအကြောင်းက
ဆရာဖြစ်တဲ့ရဟန်းသံဃာတော်များက
ခေတ်နဲ့အညီ မလိုက်နိုင်လို့။
မေးစရာရှိလာတယ်။
ရဟန်းသံဃာတော်ဖြစ်ပြီး ခေတ်နဲ့အမှီလိုက်စရာ လိုလို့လား။
ဒီမေးခွန်းမှာ အဖြေ (၂) မျိုးရှိပါတယ်။
နံပါတ် (၁) အဖြေက
တကယ်တမ်း နိဗ္ဗာန်လိုချင်လို့ ဝတ်လာပြီး နိဗ္ဗာန်သို့ ရှေးရှု
နိဗ္ဗာန်အတွက် တစိုက်မတ်မတ် ကျင့်နေသူအဖို့
ခေတ်အကြောင်းသိဘို့မလို၊ ခေတ်မှီဘို့ မလိုပါဘူး။
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့အရေးတွေဟာ
သူနဲ့မဆိုင်ပါဘူး။ သူနဲ့ဆိုင်တာ နိဗ္ဗာန်ပဲရှိတယ်။
ဒီအတွက် သူသိရမှာက သူ့ရုပ်နဲ့ သူ့နာမ်ကိုပါ။
ဒီလိုသိပြီး သူ့ရုပ်နဲ့
သူ့နာမ်တို့ရဲ့ မမြဲမှုသဘော၊ ဆင်းရဲဖောက်ပြန်မှုသဘော၊ အစိုးမရတဲ့သဘောတွေကို
ဆင်ခြင်နှလုံးသွင်း ရှုမှတ်ပွါးများနေရုံသာဖြစ်တယ်။
နံပါတ် (၂) အဖြေက
ရဟန်းသံဃာတော့ ရဟန်းသံဃာပဲ။
ဒါပေမဲ့ သူ့ရဲ့ ပါရမီ မရင့်ကျက်သေးလို့ပဲပြောမလား။
လူကြားထဲမှာ သူလိုကိုယ်လိုနေနေသူအဖို့တော့
ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့၊ ခေတ်အကြောင်းသိဘို့လိုတယ်။
လူကြားထဲမှာ သူလိုကိုယ်လိုနေသူဆိုတာ
သံဃာ့နာယကဥက္ကဋ္ဌ ရာထူးလိုချင်တဲ့၊ ဘွဲ့ရချင်တဲ့၊ ကားလိုချင်တဲ့၊ တီဗွီလိုချင်တဲ့
စတာ စတာတွေကို လိုချင်တဲ့
မိမိအပါအဝင် ယေဘုယျရဟန်းသံဃာတော်တွေကို ဆိုလိုတာပါ။
ဒီလိုရဟန်းသံဃာတော်များဟာ
ခေတ်စနစ်အခြေအနေကို သိရပါမယ်။
ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်အကြောင်းမသိရင်
ခေတ်လူတွေအကြောင်းမသိရင်
အကိုးကွယ်ခံဖြစ်တဲ့ ခေတ်အကြောင်းမသိတဲ့
ထိုသို့သောရဟန်းသံဃာတော်တွေကို
ဘယ်လိုလုပ် ကိုးကွယ်ချင်ပါ့မလဲ။ လေးစားချင်ပါ့မလဲ။
ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်လူတွေကို ဦးမဆောင်နိုင်ရင်
ထိုခေတ်လူတွေက ဘယ်လိုလုပ် လေးစားမလဲ။ ကိုးကွယ်မလဲ။
လူတွေသုံးတဲ့ခေတ်အသုံးအဆောင်ကိုကျတော့ အကုန်လိုက်သုံးချင်ပြီး
လူတွေလောက်မှ အသိဉာဏ်မရှိရင်၊
လူတွေလောက်မှ စားတာ၊ သွားတာ ပြောတာ စသည်တို့မှာ အဆင့်အတန်းမရှိရင်
ဘယ်လိုလုပ် ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ချင်မလဲ။
ဘုန်းကြီးတွေ့ရင် ဦးသုံးကြိမ်ချဆိုလို့သာ ချလိုက်ရတယ်။
ဦးချရသူအဖို့ ဘယ်လိုလုပ်အားပါမလဲ။
ဘယ်လိုလုပ်အရသာရှိမလဲ။
ဦးချသူ အားပါဘို့၊ ဦးချသူ အရသာရှိဘို့
လူတွေကြားထဲမှာနေနေတဲ့ ဒို့တတွေ (ရဟန်းသံဃာတော်တွေ)
အစစအရာရာအသိရှိဘို့လိုပြီ။ ခေတ်အကြောင်းသိဘို့လိုပြီ။
ခေတ်မှီဘို့လိုပြီ။
ဒီလိုမှ မဟုတ်ရင်ဖြင့် ရဟန်းသံဃာတော်တွေ
နိုင်ငံရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
စီးပွါးရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
လူမှုရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
ဘာသာရေးသမား (ဂေါပက) ကလဲ အသုံးချတာ ခံရပါလိမ့်မယ်လို့ ဆိုချင်ပါကြောင်း။
10 comments
MAUNG
September 1, 2011 at 7:44 am
ဘုန်းဘုန်း မိန့်တဲ့ ဒကာ၊ဆရာ ခေတ်ဆိုတာတစ်ကယ် အမှန်ပါဘဲ ဘုရား 🙁 ဗုဒ္ဓဘာသာ ဝင် တစ်ယောက်အနေနဲ့ တစ်ကယ် ကိုစိတ်မကောင်း၊ ဝမ်းနဲမိ ပါတယ်။
Shwe Ei
September 1, 2011 at 9:30 am
သံဃာတော်တွေ လူ့အသုံးအဆောင်တွေကိုဘာကြောင့်အကုန်လိုက်သုံးချင်တာလဲဘုရား။ လိုအပ်လို့သုံးတာလား မလိုအပ်ဘဲ သုံးတာလား သိချင်ပါတယ်ဘုရား။ လိုအပ်တယ်ဆိုရင်ရော ခေတ်မှီအသုံးအဆောင်တွေ သုံးခြင်းနဲ့ပတ်သတ်လို့ ပညတ်ချက်၊ ကန့်သတ်ချက်တွေ ရှိပါလား သိချင်ပါတယ်ဘုရား။
TTNU
September 1, 2011 at 9:36 am
ဘုန်းဘုန်းမိန့်တဲ့ ယေဘုယျသံဃာတော်တွေ အထိ တပည့်တော် တို့ လက်ခံကိုးကွယ်ပါတယ်ဘုရား။
သိုသော် ( ခွင့်လွှတ်ပေးတော်မူပါ ဘုရား) ယေဘုယျ ထက် အရမ်းဆိုးဝါးတဲ့ အခြေအနေမျိုးရှိတတ်လာတဲ့ အခါ တပည့်တော်တို့ မှာ ဦးချရတာ လေးလံလှပါတယ်ဘုရား။ တပည့်တော် မျက်ဝါးထင်ထင်မြင်ခဲ့ဖူးတာပါဘုရား။ အလှူခံ ဘုန်းတော်ကြီးက လှူတဲ့ငွေ အသပြာ နည်းလို့ ဆိုပြီး လွှင့်ပေါက်ပစ်ပြီး အော်ဟစ်ပြောဆိုသွားတာပါ ဘုရား။ တပည့်တော် မျက်ရည်တောင် ဝိုင်းမိပါတယ် ဘုရား။ ဘာသာခြားတို့ရဲ ့ ရှေ ့ မှာမို့ စိတ် မချမ်းမသာဖြစ်ခဲ့ ရပါတယ် ဘုရား။ တပည့်တော်တို့ စိတ်ထဲမှာ သံဃာတော်ကို သင်္ကန်း ဝတ်ဆင် ဦးပြည်းသန့်စင် ထားလိုက်တာနဲ့ အစစ် လို့ပဲ တွေးဆ ချင်ပါတယ် ဘုရား။ အတု အယောင် လို့ ပြောမထွက်ချင်ပါဘုရား။
သံဃာတော်ကို သံသရာထွက်လမ်းအတွက် အားကိုးစရာ ဆရာ အဖြစ်သာ အသုံးပြုချင်ပါတယ်ဘုရား။
Foreign Resident
September 1, 2011 at 1:28 pm
Dear TTNU,
Don’t regret, they are “Pu Htu Zin”.
Not only our Buddhist, Some religions also happen like that.
Some —— said ( during worshipping in the —— ),
” he don’t want to heard the coin sound ”
when the donation bag passed through the roll.
( He means, just put the paper money, not the coin )
ကြောင်ကြီး
September 1, 2011 at 10:35 am
အရှင်ဘုရား ပို့စ်ကနေ တွေးစရာတွေ အများကြီးရပါတယ်။ သို့ပေမဲ့ လူတွေချည်တွေးနေလို့လည်း မထူးသေးဘူး၊ ဒီစာကို ရဟန်းတော်များ ပိုဖတ်ဆွေးနွေးဖို့ လိုမယ်ထင်ပါတယ်။ ဆရာတော် အနောက်မှာ တပည့်တော် ရှိပါကြောင်း၊ ဆရာတော်ကို ထိရင်လည်း မခံပါကြောင်း ရဲရဲဝံ့ဝံ့လျောက်ထားအပ်ပါသည်။
မိုက်ကယ်ဂျော်နီအောင်ပု
September 1, 2011 at 5:00 pm
http://myanmargazette.net/64506/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ရွာဦးကျောင်း နှာစေးချောင်းဆိုးဆရာတော်နှင့် အကြံသမားကြောင်ကြီး Cold Talk
အဆက်………………..
ကြောင် – တပည့်တော်က ဒီညနေပဲ လေယာဉ်ပျံကြီးစီးပြီး အမေရိကားကို ပြန်တော့မှာဘုရား။ နောင်ပြန်လာဖို့ ဆိုတာလည်း ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် အနိစ္စတရားမမြဲလို မသေချာပါဘုရား။ အခုပဲ ရှင်းပေးတော်မူပါ။ အတိုကောက် ရှိမရှိ၊ ဟုတ်မဟုတ် လုံးကောက်သိရရင် ကျေနပ်ပါပြီ။
ဆြာတော် – ေဩာ်ဒုက္ခ ဒုက္ခ။ ကိလေသာတယ်များသကိုး။ တကာပြောတာတွေ ဘုန်းကြီးသဘောကျပါတယ်။ ကဲကဲပြန်တော့နော်၊ တော်ကြာနေ ဖလိုက်လွတ်သွားအုံးမယ်။ ဟဲလို ဟဲလို..ဂိုဏ်းချုပ်ကြီးပြောတဲ့ ရေအကျိုး ဆယ်ပါးမှာ ဘုရားဟော မဟုတ်တာတွေ ဖယ်လိုက်ရင် ရေငတ်ပြေတဲ့အကျိုးတခု xxxxxxxxxxxx……………
…………………………………………………………….
ထိုသို့ ဆရာတော်မှ မိန့်ကြားတော်မူသည်ကို အကြံသမားကြောင်ကြီးမှ
ဘာမှမပြောဘဲ ဧည့်သည်များအတွက်ဟု ရေးထားသော ရေခဲသတ္တာထည်းမှ
ကိုကာကိုလာတစ်ဗူးကို ယူ၍ ဖေါက်သောက်ပြီး ကတိုက်ကရိုက်လစ်မည်အပြုတွင်
………………………………..
ဆြာတော် – အိမ်း မောင်မင်းလည်း အပြောကရွှေမန်း
က.. တော့ ချိုမိုင်မိုင်ဆိုသလို ဖြစ်နေပါပေါ့လား
ကျောင်းကန်ဘုရားကိုသာ ရောက်လာတယ် ဘုရားကိုလည်း ဦးမချ
ဘုန်းကြီးကိုလည်း မရှိခိုးဘဲ အလှူခံပြီး ဒိုးပါပကောလား
……………………………………….
ဟူ၍ ဆြာတော်မှ မိန့်ကြားလေသတတ်တွင်
အကြံသမားကြောာင်ကြီးမှ လင်ခိုးမလူမိ စတိုင်ဖြင့်
ဆရာတော်ကိုလော ဘုရားစင်ကိုလော မသိသော ဘက်သို့
ဦးတိုက်ပြီး လက်အုပ်ကို ကြာငုံအသွင်လား ဘာအသွင်လားမသိ
( ထိုနေ့က မိုးအနည်းငယ် အုံ့နေ၍ဂြိုလ်တုမှာ ခပ်ဝါးဝါးဖြစ်နေသည် )
ပြုလုပ်ပြီး ခပ်သွက်သွက်လေး ပေါက်စိန်ပေါက် ဦးချ၍ လစ်မည် အလုပ်တွင်
……………………………….
ဆြာတော် – အလို မောင်မင်းကြောင်ကြီး နောင်များ
ဒါယကာကြီး မိုက်ကယ်ဂျော်နီအောင်ပု ကိုတွေ့လျှင်ဖြင့်
ရိုသေစွာ ချဉ်းကပ်ပြီး ဘုရားကျောင်းကန်မှာ
လူတို့ပြုရမဲ့ အမှု့ကို မေးမြန်လေကြားသလား
ကြောင်…တင်ပါ့ဘုရား
ဆြာတော် – သာဓု သာဓု သာဓု ဒီလို လူသူတော်ကောင်းကို ချဉ်းကပ်ဘို့ ဝန်ခံတာ
ကောင်းသကွဲ့
ကြောင် – မှန်ပါ့ဘုရား ချဉ်းကပ်ပါ့မယ်ဘုရား
( ဘဲရီးဂွတ်ထ ဘဲရီးဂွတ်ထ ဘဲရီးဂွတ်ထ = ဤက မိုက်ကယ်ဂျော်နီအောင်ပုမှာ
ကွယ်လွန်ပြီးအခိုက် သဂျားမင်း အိမ်ဘေးတွေင် ဘုံအသစ် ပေါက်၍
နတ်သမီး တစ်ဖက် ရှစ်ထောင်ကျော်ကျော်ဖြင့် စည်းစိမ်ခံစားခိုက်
နတ်တို့၏ နားဖြင့် အကြံသမားကြောင်ကြီး၏ အသံကိုကြားခိုက်
ဥဒါန်းရင့်ကျူးလိုက်ခြင်းဖြစ်၏ )
ဆြာတော် – အိမ် မောင်မင်း ဖလိုက်မမှီဘဲရှိလိမ့်မယ် သရဏဂုံတော့
ဆောက်တည်သွားလိုက် ဘုန်းကြီးကို ခရိုက်စစ်ဖြစ်အောင်လာလုပ်နေရတယ်လို့
ကဲခပ်သွက်သွက်လေး လိုက်ဆို
ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ
……………………………….
ကြောင် – ဆာမိ ဆာမိ သုံးဆာမိပါဘုရား
zawmaung
September 1, 2011 at 10:40 am
ဦးချသူ အားပါဘို့၊ ဦးချသူ အရသာရှိဘို့
လူတွေကြားထဲမှာနေနေတဲ့ ဒို့တတွေ (ရဟန်းသံဃာတော်တွေ)
အစစအရာရာအသိရှိဘို့လိုပြီ။ ခေတ်အကြောင်းသိဘို့လိုပြီ။
ခေတ်မှီဘို့လိုပြီ။
For my personal view , I will not . I will only respect and bow who follow the rules of monks. For me , Monks do not need to know Obama , Gaddafi falls , Irene hurricane , Do not need to hold I’phone. Gtalk , face book. I’m sorry but you can say I’m conservative.
Sonny
September 1, 2011 at 11:53 am
ဘုန်းဘုန်း ဘုရား တပည့်တော် တော့ အမြင် စိတ် အကြားအာရုံ (ဒွါရခြောက်ပါး) များနဲ့ အဆင်မပြေတဲ့ ဘုန်းဘုန်းတွေနဲ့ တွေ့ရင် သင်္ကန်း(ဘုရားပေးတဲ့ ယူနီဖောင်း ) ကိုပဲ ဦးတည် ကန်တော့ လိုက်တာပါ ပဲ။ အကုသိုလ်မဖြစ်တော့ဘူးပေါ့။
kai
September 1, 2011 at 2:54 pm
ဆရာတော်ကပဲ..ပြောဖူးတယ်..။
အရည်အတွက်နဲ့..အရည်အချင်းအကြောင်း..။
အခုဟာက..ပိုဆိုးနေတယ်ထင်မိတယ်..။
ဘယ်နှယ်..
အဝါရောင်အဝတ်စကို ဦးတည်ကန်တော့နေတယ်လို့..။
ဟိုမှဖက်တော့ပစ်မှာရေးနေတဲ့.. ကျောက်တုံး..ကျောက်ဆောင်ကို ကန်တော့နေတာထက် ဆိုးနေပြီထင်မိတာပဲ..။ 🙂
ရင်နင့်
September 2, 2011 at 2:51 am
ဟိုးရှေးယခင်တုန်းကတော့ ရဟန်းသံဃာတော်တွေဟာ
လူတွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်ခဲ့တယ်။
စားတာ၊ သွားတာ၊ နေတာ၊ ထိုင်တာ၊
လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊
ဘယ်လိုမျိုးရှေ့ဆောင်လမ်းပြဖြစ်ခဲ့တာလဲ
ဥပမာလေးနဲ့ လင်းပါဦးဖျာ့