ဆွမ်းတော်တင်ခြင်းနှင့်ပတ်သတ်၍ အမေးအဖြေ
အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံးရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါဘုရား။ နောက်ပြီး ငရဲကြိးတယ်ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင်ပါတယ်ဘုရား။
တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသားဖြစ်လို့ပါ။
မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ တွယ်တာမှုတွေ၊ နှမြှောမှုတွေ၊ နောင်တတဖန် ပူပန်မှုတွေမရှိဘဲ လှူဒါန်းရမယ်လို့ မိန့်ခဲ့ပါတယ်။ ဒါမှလည်း မိမိသန္တာန်မှာရှိတဲ့ မိမိပစ္စည်းဝတ္ထုကို တွယ်တာနှစ်သက်တတ်တဲ့ လောဘကိလေသာကို ပယ်သတ်နိုင်ပြီး ကောင်းကျိုးတွေ ရရှိမှာပါ။
ဒါနအမှုပြုလုပ်ခြင်းသည်လည်း ကိလေသာခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တစ်ခု ပါ။ ဒါနအမှုလုပ်ခြင်းသည် ပါရမီမပြည့်စုံသေး၍ တစ်ဘဝတည်းနဲ့ သံသရာမှလွတ်အောင် မလုပ်နိုင်သေးတဲ့ သတ္တဝါတွေအတွက် နောင်ဖြစ်လေရာမှာ ချမ်းသာသုခ ပြည့်စုံအောင် လောဘစတဲ့ ကိလေသာများကိုလည်း နည်းနည်းခြင်း ပယ်သတ်နိုင်အောင် ဒါနပြုလုပ်ရန်အတွက် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။
တွယ်တာခြင်းမရှိဘဲ လှုထားပြီးသားဖြစ်တဲ့ ပန်းတို့ သစ်သီးတို့ကို မိမိက ပြန်ယူရင် အလှူဒါန အကျိုးလျှေ့ာ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိလှူဒါန်းပြီးသားကို မစွန့်နိုင်သေးဘဲ နှမြှောတမ်းတမှု လောဘဖြစ်နေကြောင့် မိမိအလှူဒါနသည် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိလို့ပါ။
တခြားလူက ဘုရားလှူပြီးသား သစ်သီး ပန်းတို့ကို ဘုရားရှင်ထံမှ စွန့်ယူချင်လျှင် သေချာခွင့်ပန်းပြီးယူရင်တော့ ရပါတယ်။ သို့သော် ဘုရားရှင် ခွင့်ပြု မပြုကို မိမိက သေချာမသိနိုင်သောကြောင့် ကျောင်းကန် ဘုရားများမှာဆိုလျှင် ထိုကျောင်းဝင်းမှာရှိသော သံဃာများထံ ခွင့်တောင်းပြီး စွန့်ယူလျှင် ပိုကောင်းပါတယ်။ မိမိအိမ်မှာ တင်ထားသော သစ်သီး ပန်းတို့ဆိုလျှင်တော့ စွန့်ပစ်လိုက်ပါ။ စားစရာဖြစ်နေပါလျှင် တခြားတိရစ္ဆာန်တွေကို ကျွေးတာက ပိုမိုကောင်းပါတယ်။
တစ်ခါ ငရဲကြီးတယ်ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီး ရှင်းပြရမယ်ဆိုလျှင် ငရဲကြီးမယ်ဆိုတာ လူကြီးတွေက ငရဲရောက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်ရလွယ်ကူ နားလည်အောင် အလွယ်ပြောတဲ့ စကားပါ။ ငရဲရောက်နိုင်မယ့်အရာမဟုတ်သော တစ်ချို့သော မကောင်းမှုအသေးစားများကိုလည်း အလွယ်သဘောမျိုးဖြင့် ငရဲကြီး လိမ့်မယ်၊ ငရဲကြီးတတ်တယ်ဟု လူကြီးများက ကလေးများကို သတိပေး တားမြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။
ရှေ့သူတော်ကောင်း လူကြီးများသည် သူတို့ကို်ယ်တိုင် မကောင်းမှုများမှ ရှောင်ကြဉ်ပြီး ကလေးလူငယ်များကိုလည်း အသေးစားမကောင်းမှုများကိုပင် မပြုစေချင်သောကြောင့် တစ်ခုခုသော မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင် ငရဲကြီးလိမ့်မယ် မလုပ်နဲ့ဟု တားမြစ်လေ့ရှိကြပါတယ်။ ယခုခေတ်မှာတော့ လူကြီးများကိုယ်တိုင်က မကောင်းမှုများလုပ်နေ၍ ကလေးများ မကောင်းမှု ပြုလုပ်တော့မည်ကိုမြင်လျှင်လည်း သူတို့ကိုယ်တိုင် မရှောင်ကြဉ်နိုင်သောကြောင့် တားမြစ်ဖို့ရန် ခက်ခဲနေသလို တားမြစ်ခြင်းလည်း မရှိကြတော့ပါ။
ထို့ကြောင့် မိမိတို့ခေတ်ကာလ၌ ကလေးလူငယ်များကို မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင်ဖြစ်စေ၊ ပြုလုပ်ပြီးလျှင်လည်း နောင်မလုပ်အောင် တားမြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့လူကြီးများကိုယ်တိုင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ကာ ကောင်းမှုများဖြင့် မွေ့လျော်ကြဖို့ လိုပါတယ်။ သို့မှသာလျှင် နောင်အနာဂတ်လူငယ်လေးများ ဘဝသည်လည်း သာယာလှပကာ ချမ်းမြေ့ပျော်ရွှင်ဖွယ် ဖြစ်နေပါမယ်။
ထိုကဲ့သို့ ပြုလုပ်ပေးမည်ဆိုလျှင် မြတ်ဗုဒ္ဓ ဆင်းရဲပင်ပန်းခံကာ မဟာကရုဏာ ကြီးစွာဖြင့် တည်ထောင်ခဲ့သော သာသနာကြီးလည်း အဓွန့်တည်တံ့မှာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုလည်း ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သောကြောင့် လူသားအားလုံး မိမိကို်ယ်တိုင်လည်း မကောင်းမှုများ ရှောင်ကြဉ်ကာ သူတစ်ပါးတို့ကိုလည်း မကောင်းမှုမှ ရှောင်ကြဉ်နိုင်အောင် တားမြစ်ပြုပြင်ပေးနိုင်ကြပါစေ။
တချို့က ဆွမ်းတော်တင်ခြင်းသည် ဗုဒ္ဓဘာသာအစဉ်အလာမို့ မိမိအိမ်ဘုရားစင်ရှေ့၌ ဝတ်ကျေး တန်ကျေး ဖြစ်ကလပ်ဆန်း တင်လေ့ရှိပါသည်။ တစ်ချို့က မိမိအိမ်မှာ ဆွမ်းတော်တင်ခြင်းသည် အကျင့်ဖြစ်နေ၍ မိမိမစားခင် စေတနာပါစွာဖြင့် ကပ်လေ့ရှိကြပါသည်။
တကယ့်တော့ ဆွမ်းတော်တင်ခြင်းသည် မိမိတို့ သံသရာအဆက်ဆက်အတွက် ဒုက္ခမရောက်အောင် လမ်းညွှန်ပေးသော အတုမရှိသော ဂုဏ်တော်တို့နဲ့လည်း ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓကို အစားအသောက် ကပ်လှူခြင်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိသော်လည်း သက်တော်ထင်ရှားရှိသကဲ့သို့ အာရုံပြုပြီး လှူဒါန်းပေးရပါမည်။
သို့သော် စာရေးသူတို့ ဗုဒ္ဓဘာသာများသည် ဆွမ်းတော်တင်လျှင် ဖြစ်ကလပ်ဆန်း လုပ်ကြသည်က များပေသည်။ ဆွမ်းတော်တင်လျှင် ဆွမ်းကလည်း နည်းနည်းလေး မဖြစ်စလောက်၊ ဟင်းဆိုလည်း မဖြစ်စလောက် တင်လေ့ရှိကြပါသည်။ တကယ်တော့ မိမိတို့ သာမန်လူသားတစ်ယောက် စားသောက်နိုင်ရန် ဘုရားရှင်ကိုလည်း အဲဒီလောက်တော့ တင်သင့်ပါသည်။ မိမိတို့ကျတော့ တစ်ပုဂံနှစ်ပုဂံစားပြီး ဘုရားကျတော့ တစ်ဇွန်စာလောက်တင်လျှင် သဒ္ဓါတရားနည်းရာကျသကဲ့သို့ အလေးမထားရာလည်း ရောက်ပေသည်။
ထို့ကြောင့် ရှေးခေတ်က လူကြီးများ ဆွမ်းတော်တင်လျှင် သပိတ်ထဲမှာ ဆွမ်းရောဟင်းပါထည့်ပြီး တစ်ယောက်စာ တင်လေ့ရှိကြပါသည်။ ယခုခေတ်ကျမှ တစ်ဇွန်စာလောက် တင်ကြပါတော့သည်။ ထို့ပြင် သစ်သီးဝလံများကို ဆွမ်းတော်တင်ရာ၌လည်း သစ်သီးများကို မိမိတို့စားသကဲ့သို့ ခွဲခြမ်းစိတ်ဖြာသင့်တာ ခွဲခြမ်းစိတ်ဖြာပြီး အခွံသင်ရမည့်ဟာ အခွံသင်၍ တင်သင့်ပါသည်။ မိမိတို့ကျတော့ သစ်သီးကို အခွံသင် ခွဲခြမ်းစိတ်ဖြာစားပြီး ဘုရားကျတော့ အလုံးလိုက်တင်ခြင်းသည်လည်း သဘာဝမကျပေ။
တချို့သောသူများက ဆွမ်းတော်တင်ခြင်းသည် သူများမစားအောင် သိမ်းထားသည့် သဘောမျိုးနဲ့ တင်ထားကြသူများလည်း ရှိတတ်ကြပေသည်။ သစ်သီးဝလံ အစားသောက်ကောင်းများ မုန့်များကို သူများမြင်၍တောင်းလျှင် မပေးချင်သောကြောင့် ဘုရားစင်ရှေ့တင်ထားကာ အကယ်၍များ တစ်ယောက်ယောက်က တောင်းလာလျှင် အဲဒါက ဆွမ်းတော်တင်ထားတာ စားလို့မရဘူးဟု ဘုရားကို အစောင့်ခိုင်းခြင်းမျိုး တင်သူများလည်း ရှိပေသည်။ အဲဒီလို အစောင့်ခိုင်ခြင်းမျိုးတော့ မတင်သင့်ပါပေ။
ဆွမ်းတော်တင်ထားသည့် အစားအစာများကို စွန့်စားလို့တော့ရပါသည်။ ငရဲမကြီး အပြစ်မရှိပါပေ။ သို့သော် အလှူဒါနတစ်ခုကို ပြုလုပ်လျှင် မုတ္တစာဂီ-နှမြှောတွန့်တိုမှုမရှိဘဲ စွန့်လွတ်လှူဒါန်းရမည်ဟု ဘုရားရှင်မိန့်ခဲ့ခြင်းကြောင့် မိမိလှူပြီးသားကို ပြန်စွန့်စားလျှင် ဆွမ်းတော်တင်လှူရခြင်း အကျိုးပေးတော့ နည်းပါလိမ့်မည်။ ဘုရားရှင်သည် မိမိတို့ကို စွန့်မစွန့် သေချာမသိနိုင်သောကြောင့် ကျောင်းမှာတင်သော ဆွမ်းတော်ဆိုလျှင် ကျောင်းသံဃာများထံ ခွင့်ပန်ပြီး ကောက်ယူစားနိုင်ပါသည်။
အကယ်၍ မိမိတို့က ဆွမ်းဟင်းတို့သာ မကဘဲ မုန့်သစ်သီးများကို ဘုရားဆွမ်းတော်မတင်ဘဲ မစားတတ်လျှင် မိမိစားဖို့ရန် ချန်ထားပြီး ဘုရားရှင်ကို သီးသန့်လှူဒါန်းသင့်ပါသည်။ မိမိတို့ တင်လှူပြီးထားသော ဆွမ်းတော်များကို နေ့(၁၂)နာရီ ကျော်လွန်သွားပါက တစ်နေ့လှူဒါန်းသမျှသော ဆွမ်းတော်များကို စွန့်ပစ်ကာ သူများကိုပေးလျှင်ပေး၊ တိရစ္ဆာန်များကို ကျွေးချင်လျှင် ကျွေးလိုက်ပါ။ တစ်ရက်တင်ပြီးသား ဆွမ်းတော်များကို နောက်ရက်အထိ မထားသင့်ပါပေ။
တချို့က သစ်သီးဝလံများသည် တစ်ပါတ်လောက် အထားခံသောကြောင့် နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများ ပြုလုပ်ကြပါသည်။ ထိုကဲ့သို့ နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများသည် ဘုရားရှင်၏ ဩဝါဒနှင့်မကိုက်ညီသောကြောင့် မထားသင့်ပါ။ တစ်ရက်လှူပြီးသားကို တစ်ရက်စွန့်ပစ်ရပါမည်။ ဘုရားရှင်က ရဟန်းများကို နောက်တစ်ရက်အတွက် အစားအစာများကို သိုးမှီသိမ်းဆည်း မထားဖို့ရန် မိန့်တော်မူခဲ့ပေသည်။
ဘုရားရှင်ကိုယ်တိုင် မိန့်တော်မူခဲ့သောစကားဖြစ်၍ သူကိုယ်တိုင်လည်း နောက်ရက်အတွက် လှူဒါန်းမှုများကို လက်ခံထားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့ အလှူရှင်များသည် တစ်ရက်ဆွမ်းတော် တင်ထားသမျှကို တစ်ရက်တင်ပြီး နောက်ရက်ဆက်မထားဘဲ စွန့်ပစ်ပေးရပါမည်။
ဤမျှလောက် ရေးသားတင်ပြလျှင် ပြည့်စုံလိမ့်မည် ထင်ပါသည်။ သို့ဖြစ်၍ လူသားအားလုံး ဒါန သီလ ဘဝနာကောင်းမှုများ နေ့စဉ်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေသည်။ ယခု မလေးရှားရောက်နေ၍ နောက်မှ မလေးရှားအတွေ့အကြုံများကို တင်ပြရေးသားပါဦးမည်။
ယခုတင်ပြသော အကြောင်းအရာများသည် စာရေးသူ၏ ကိုယ်ပိုင်ထင်မြင်ချက်များသာဖြစ်၍ အမှားပါလျှင် သည်းခံကြရန်နှင့် စာဖတ်သူတို့ ကိုယ်ပိုင်ဉာဏ်ဖြင့်လည်း သုံးသပ်ဆင်ခြင်နိုင်ပါသည်။
2 comments
susunosuki
September 3, 2011 at 4:47 pm
”တခြားလူက ဘုရားလှူပြီးသား သစ်သီး ပန်းတို့ကို ဘုရားရှင်ထံမှ စွန့်ယူချင်လျှင် သေချာခွင့်ပန်းပြီးယူရင်တော့ ရပါတယ်။ ”
ပရိနိဗ္ဗာန်စံတော်မှုပြီးသား-မရှိတော့တဲ့ ဗုဒ္ဓကို ရည်မှန်းပြီးဆက်ကပ်တဲ့ ကိစ္စဟာ လက်ခံချင်စရာကောင်းရဲ့လား။ ကပ်လှူတဲ့သူကလည်း ဗုဒ္ဓမရှိတော့တာသိနေတယ်။ ဘုန်းမပေးတော့မှာလည်းသေချာတယ်။ သဒ္ဒါရဲ့တန်ခိုးနဲ့ ကုသိုလ်ရတယ်ပဲဆိုပါစို့။
ကုသိုလ်ရဖို့တစ်ခုကိုပဲကြည့်ပြီး၊ သဒ္ဒါတစ်ခုကိုပဲကြည့်ပြီး ဆွမ်းကပ်လှူတယ်ဆိုရင် တကယ်အကျိုးရှိမယ့် ဒါနတွေကိုတော့ ပိုအဆင့်မြင့်တဲ့ကုသိုလ်ရယ်လို့ သတ်မှတ်ချင်တယ်။ ဥပမာ-သက်ရှိထင်ရှား သံဃာတော်တွေကို ဆွမ်းကပ်တာမျိုးပေါ့။
zaw min
September 3, 2011 at 7:12 pm
တင်ပါ့ဘုရား..အရှင်ဘုရားရေးသားတဲ့စာတွေကို တပည့်တော်ချောကလက်မြို့တော်မှာလည်းဖတ်ဖူးပါတယ်ဘုရား…အမှန်ကိုမသိသေးတဲ့အချိန် မိရိုးဖလာဗုဒ္ဒဘာသာကိုသာ ကိုးကွယ်ခဲ့စဉ်က ဒီလိုပါပဲဘုရား၊ဘုရားကိုဘာကြောင့်ကတော့ရတယ်၊ဘယ်လိုကယ်တော့ရတယ်ဆိုတာတောင် အသက် ၃ဝကျော်မှသိလာခဲ့ပါတယ်။ဘုရားစဉ်ပေါ်မှာတင်ပြီး ဆွမ်းကပ်မှဆွမ်းဖြစ်တယ်လို့မထင်တော့ပါဘူး၊မိမိရဲ့စိတ်သန္ဒါန်မှာ မိမိစားမဲ့စားဦးစားဖျားကို မိမိမစားခင်မှာ မြတ်စွာဘုရားအားရည်စူးလှူတန်းခြင်းသည်လည်းဆွမ်းကပ်တာပဲလို့ဆရာတော်တစ်ပါးမှမိန့်ကြားဘူးတာကိုမှတ်သားခဲ့ပါတယ်ဘုရား၊သက်ရှိထင်ရှားလှူတန်းလိုတယ်ဆိုရင်တော့ ဘုရားရဲ့သားတော်တွေဖြစ်တဲ့ သံဃာတော်တွေ(အရိယာ သံဃာတော်)သော်လည်းကောင်း၊သက်ရှိထင်ရှားရှိတဲ့ မိဘနှစ်ပါးအားလည်းကောင်း ကိုယ်တိုင်ကိုယ်ကျလှူတန်းတာ၊ကျွေးမွေးစောင့်ရှောက်ခြင်းသည် ပို၍သာလွန်ကောင်းမွန်ပါတယ်လို့ယူဆမိပါတယ်ဘုရား။