ဦးညွတ်မိသော နှလုံးသားများ (သို့) စားသုံးမိသော ရဲရင့်မှုများ
တိုင်းပြည်ကျွန့်လက် ၊ လွတ်ထွက်ဖို့ရေး
စတေးကြသည် ၊ အာဇာနည်တို့
ငါသည် အလေးပြုပါ၏ ။ ။
ငါ၏သွေးသား ၊ ငါ့ဉာဏ်များနှင့်
ငါ့အားငါ့အင် ၊ ငါ့အသက်ပင်
ငါလျှင် စတေးလိုပါ၏ ။ ။
တိုင်းရေးပြည်ရာ ၊ လွတ်လပ်စွာနှင့်
သာယာပျော်ရွှင် ၊ ကြည်လင်အေးချမ်း
ပြည့်စုံ လျှမ်းဖို့ ၊ အောင်ဆန်းဗိုလ်ချုပ်
အလုပ်လုပ်သော် ၊ လုပ်ဖေါ်ကိုင်ဘက်
တိုင်းပြည်အတွက်ဆို ၊ အသက်ကိုပင်
ပေးချင်ပေးရ ၊ ပေးရပါစေ
မမှုပေသား ၊ အာဇာနည်များတို့ ။ ။
ငါကားငယ်ငယ် ၊ လူမမယ်၌
ဇာနည်သွေးသောက် ၊ ရဲရဲ တောက်တို့
တောက်လျှောက်စွန့်စား ၊ လုပ်ရပ်များကို
သင်ကြားစဉ်ခါ ၊ ထိုအခါက
ငါဟာအားကျ ၊ ငါတမ်းတ၏
မျှော်မိ လွမ်းမိ ၊ မှန်းဆမိ၏
ပူမိဆွေးမိ ၊ ဝမ်းနည်းမိ၏ ။ ။
ဪ— လောကဓမ္မတာ ၊ လူဟာမွေးသေ
ဖြစ်ခါနေလည်း ၊ ငါလေဆန့်ကျင်
ပြောင်းလိုက်ချင်ရဲ့။ ။
တို့တိုင်းပြည်ရွာ ၊ မွှာမွှာချဲ့ချဲ့ (ချည့်ချည့်)
နဲ့နဲ့ယိုင်ယိုင် ၊ ဖြစ်နေတိုင်လည်း
မယိုင်မလဲ ၊ အားမာန်ဇွဲနဲ့
အမြဲမပြတ် ၊ စည်းရုံးလတ်သော်
ချပ်ချပ်ရပ်ရပ် ၊ စေ့စေ့စပ်စပ်
သေသေသပ်သပ် ၊ ညီညွတ်တတ်အောင်
ဖေါ်ဆောင်ပြောကြား ၊ မိန့်ခွန်းများကို
ငါကားနားထောင်မိပါ၏ ။ ။
အောင်ဆန်း—-အောင်ဆန်း ၊ သင်၏ပန်းတိုင်
သင့်လမ်းမိုင်ကား ၊ သင်သွားလေရာ
ပါသွားပါ၏ ။ ။
ခုခါခုသည် ၊ တို့တိုင်းပြည်ကား
မွဲသည်ငတ်သည် ၊ ဆင်းရဲသည်နှင့်
ချူသည်ချာသည် ၊ ချည့်နဲ့သည်တို့
ပြည့်သည်နှက်သည် ၊ ပြည့်နှက်ပြီတည်း။ ။
ဗိုလ်အောင်ဆန်း—
စားခန်းဝတ်ခန်း ၊ နေထိုင်ခန်းနှင့်
အခန်းကဏ္ဍ ၊ ဟူသမျှမှာ
သာယာဖြောင့်တန်း ၊ သင်မျှော်မှန်းသည့်
ဝမ်းပန်းတသာ ၊ လွတ်လပ်စွာသည်
ဘယ်မှာလူထု ရလို့တုန်း ။ ။
— –ဗိုလ်အောင်ဆန်း
စီးပွား ပညာ ၊ ကျမ္မာ ဖွံ့ဖြိုး
တမျိုးမျိုးမှ ၊ တိုးအောင်တက်အောင်
ပြည့်စုံအောင်ပင် ၊ သင်မျှော်မှန်းရာ
လွတ်လပ်စွာသည် ၊ ဘယ်မှာ လူထုဖြစ်လို့တုန်း ။ ။
ဗိုလ်အောင်ဆန်း—
ရပ်ရေးရွာရေး ၊ လူမှုရေးနှင့်
သာရေးနာရေး ၊ အရေးတိုင်းမှာ
ဘယ်ဟာမှပင် ၊ သင်မျှော်မှန်းရာ
လွတ်လပ်စွာသည် ၊ ဘယ်မှာလူထုရလို့တုန်း ။ ။
သခင်အောင်ဆန်း ၊ အမြင်ဆန်းလည်း
မဆန်းတို့ရွာ ၊ တို့ပြည်ရွာကား
ချူချာပြည့်လွှမ်း ၊ မရွှင်လန်းပဲ
အောင်ဆန်းလမ်းနှင့် လွဲခဲ့ပြီ ။ ။
သင်သေသွားသော် ၊ သင်ဖွားသောမြေ
သင်တို့မြေသည် ၊ အခြေတိုးမြင့် ၊ကျန်ကောင်းသင့် လို့
နှိုင်းချင့်ချိန်စက် ၊ ပညာလက်နှင့်
အသက်ရှင်သန် ၊ နေဖို့ရန်ကို
ကာရန်ကဗျာ ၊ ပိုင်နိုင်စွာနဲ့
ဆရာဇော်ဂျီ ၊ ဆော်ဩ သီခဲ့ ။
တလီ တခါ ၊ ဗေဒါလမ်း ဟု
မည်ပြုတင့်ဆန်း ၊ ဗေဒါပန်း နှယ်
လှိုင်းခြယ်လှယ်ရာ ၊ ဆင်းတက်လာခဲ့
မကြာပြန် ပါ ၊ မညှာအုန်းလက်
သူ့ရိုက်ချက်မိ ၊ လှိုင်းကဖိနဲ့
မချိတင်ကဲ ၊ တစ်ရာဘဲ က
ယက်လည်းယက်ပြန် ၊ ကန်လည်းကန်တော့
အံခဲပြန်ပေါ့ မဗေဒါ ။ ။
ထိုဟာခြင်းရာ ၊ ထိုကဗျာနှယ် ၊ အောင်ဆန်းရယ်—နော် ။ ။
ပူခန်းလောင်ခန်း ၊ ငရဲခန်းနှယ်
ကိုင်တွယ်အုပ်ချုပ် ၊ မင်းယုတ် စိုးစံ
တို့နိုင်ငံသည် ၊ ဖြိုးမစည်ဘဲ
မွဲပြီး မွဲကာ ၊ ပုည စာလို
ဟိုဟို ဘယ်ဒင်း ၊ ဖွတ်မင်းရဲ့နောင်
တို့ပြည်ထောင်ကား ၊ ပုံဆောင်နှိုင်းရာ
ဖြစ်နေပါရော ။ ။
၊ကမ္ဘာကြီးမှာ ၊ မွဲလာတိုင်းပြည်
ရှိနေသည်ဆို ၊ ထိုထိုပြည်ကို
ပုံဆိုနှိုင်းလာ ၊ ပြည်မြန်မာလို
သင်လိုချင်လား ၊ ပြောကြငြားပေါ့ ။ ။
အားတော့နာသည် —
ဇာနည်အောင်ဆန်း ၊ သင်၏လမ်ကား
ကြီးပွားစည်ပင် ၊ ပြည်ခွင်သာယာ
လွတ်လပ်စွာနှင့် ၊ ပညာကြွယ်ဝ
ကျမ္မာကြရင်း ၊ အေးကအတူ
ပူကအမျှ ၊ ပြည်မတောင်တန်း
မခွဲခြမ်းပဲ ၊ အေးချမ်းရွှင်ပြ
ငါတို့ကွ ဟု ၊ ကျူးရင့်ဥဒါန်း
ကမ္ဘာလွှမ်းအောင် ၊ တမ်းချင်း ဆောင်စမ်း
သင်၏လမ်းကား ၊ ဟုတ်ပါသလား ဗိုလ်အောင်ဆန်း ။ ။
သိပ်ဟုတ်တာပေါ့ ၊ ပျော့ပျော့ညံ့ညံ့
လူ့ကန့်လန့်နှင့် ၊ မတန့်မကြည်
ပြီတည်တည်နှင့် ၊ ရီ(ရယ်)လျှင်လည်းစား
ငိုလည်း စားသည့် ၊ မြောက်ကားကြွတက်
တိုင်းပြည်ဖျက်မည့် ၊ ညစ်ပျက်ညဏ်ရည်
လူ၌တည်မူ ၊ ထိုသည့်လူကို
လူနှင့်ဝေးရာ ၊ ချောင်မှာထားလော့ ။ ။
လာဘ်စားရှောင်ကြဉ် ၊ အလုပ်ခွင်၌
ကြင်ကြင်နာနာ ၊ မေတ္တာပါလျှက်
တိုင်းပြည်အတွက် ဆို ၊ အသက်ကိုပင်
မမှုချင်ပဲ ၊ အမြင်ကျယ်ကျယ်
ဉာဏ်ရည်ကြွယ်လျက် ၊ တက်တက်ကြွကြွ
ဦးဆောင်ကြမူ ၊ ထိုသည့်လူကို
လူရေးလူရာ ၊ သွတ်သွင်းကာဖြင့် ၊ ပြည်ရွာအတွက် ၊ နေရာဆက်လော့ ။ ။
မြန်မာပြည်ဟာ ၊ ကျွန့်ရွာတိုင်းပြည်
ဖြစ်ခဲ့ပြီမို့ ၊ ညီညီညာညာ
ပြည်သာယာအောင် ၊ ဝိုင်းကာစုပေါင်း
ပြုပြင်ကောင်းမှ ၊ တိုင်းကောင်း ပြည်ရွာ
လွတ်လပ်စွာနှင့် ၊ ကြာရှည်မြင့်မည် ၊ သင်သည်စ၍ လုပ်ပေတော့ ။ ။
အဲဒီတော့ကာ ခင်ဗျားတို့ဟာ
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ ။ ။
(နောက်ဆုံး အပိုဒ်ကား မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း၏ နိဂုံးစကားမှ)။ ။
ရှင်အမိတ၏(တို့ရပ်ဇာတိ တို့ဇာတိမာန်ကဗျာများမှ) ဝေငှလိုက်ချေပြီ။
ရှ
7 comments
lionking
September 16, 2011 at 3:57 pm
ရွာသားတို့ရေ သွေးဆာတဲ့ ကဗျာတွေလားတော့ မသိဘူး တင်လိုက်ပြန်ပေပြီ ။ ရွှင်လန်းစွာဖတ်ရှုနိုင်ကြပါစေ။
Zaw Wonna
September 16, 2011 at 7:21 pm
ကိုယ်တိုင်ရေး ဖြစ်လို့ကတော့ တင်သာတင်ပါ ဆရာ။ သွေးဆာတဲ့ ကဗျာဆိုတာ မရှိပါဘူး။ သွေးစွန်းတဲ့လက်တွေကသာ သွေးဆာတတ်တာပါ။ အရက်မသောက်တတ်တဲ့လူ အရက်ဆာတယ်ဆိုတာမျိုး ကြားဖူးရဲ့လား?
Shwe Ei
September 16, 2011 at 4:25 pm
ဟုတ်ကဲ့ ဇာတိမာန်ကဗျာတွေကို ဖတ်လိုက်ရတိုင်း ကို့တိုင်းပြည်အနေအထားမှန်ကို မြင်ရလို့ စိတ်မချမ်းသာပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်ဒီကဗျာကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ lionking ရေ။
ုhtoosan
September 16, 2011 at 10:23 pm
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။….မရှိကြပါ..
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။….မထိန်းသိမ်းထားပါ.
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ ။ ။..မလုပ်ကြပါ…
ကျွန်တော်အပါအဝင်ပါ.ဒါကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲပါ။
lionking
September 17, 2011 at 1:34 pm
ရွှေပြည်တော်မျှော်တိုင်း ဝေးသလား မဝေးသလားတော့ မသိပါဘူးဗျာ။ အခုတော့ နေပြည်တော် (ကြတ်ပြေး) မှာ အင်တာနက်လိုင်းတွေ အားလုံး လွတ်လပ်စွာသုံးစွဲခွင့်ရအောင် တင်ပြနေကြတယ်ဆိုလား ကြားမိရဲ့။ အောင်မြင်ပါစေလို့ ဆုတောင်းရုံမှတပါး ကျွန်တော်တို့လို ပြည်သူတွေ အခြားမရှိဘူးလို့ မှတ်တာပါပဲဗျာ။
မီးမီး သော်
September 16, 2011 at 10:27 pm
“အောင်ဆန်း—-အောင်ဆန်း ၊ သင်၏ပန်းတိုင်
သင့်လမ်းမိုင်ကား ၊ သင်သွားလေရာ
ပါသွားပါ၏ ။ ။
ခုခါခုသည် ၊ တို့တိုင်းပြည်ကား
မွဲသည်ငတ်သည် ၊ ဆင်းရဲသည်နှင့်
ချူသည်ချာသည် ၊ ချည့်နဲ့သည်တို့
ပြည့်သည်နှက်သည် ၊ ပြည့်နှက်ပြီတည်း။ ။”””
ဒီနေရာလေးက ကျွန်မအကြိုက်ဆုံးပါ။
lionking
September 18, 2011 at 2:54 pm
ကျွန်တော်တော့ ဗိုလ်ချုပ်ကိုလည်းအမှတ်ရတယ်။ သူ့ရဲ့သတ္တိကိုလည်း အမှတ်ရတယ်။ သူရဲ့ ဇာတိသွေးကို လည်းအမှတ်ရတယ်။ သူ့ရဲ့မျိုးချစ်စိတ်ဓာတ်ကိုလည်းအမှတ်ရတယ်။ သူ့ရဲ့ မေတ္တာကိုလည်း အမှတ်ရတယ်။ သူ့ရဲ့ သစ္စာကိုလည်း အမှတ်ရတယ်။ အမှတ်ရစရာတို့ ကုန်မည်မထင်ပါ။ ကုန်ကုန်ပြောရရင် ဗိုလ်ချုပ် အောင်ဆန်းကို အနှိုင်းမဲ့ အမှတ်ရတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကိုကြားသူတိုင်း စိတ် ကောင်းဝင်ပြီး ရဲရင့်နိုင်ကြပါစေသား။