မင်းဘာဖြစ်ချင်လဲ
2000 ပြည့်နှစ်နောက်ပိုင်းတွေမှာ လူကြီး မိဘ တွေ က ပညာရေးကို သိပ်ပြီးအလေးပေး လာကြပါပြီ။ ကျောင်းတွေဆိုလည်း အစိုးရကျောင်းအပြင် အခြား private ကျောင်း နဲ့ ပညာဒါနကျောင်းတွေ ၊ သင်တန်းတွေဆိုလည်း အမျိုးမျိုး နဲ့ ကိုယ် လေ့လာချင်တဲ့ ဘာသာရပ်ကို လေ့လာနိုင်ဖို့ မခက်ခဲတော့ပါဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ ကလေးတွေကို ကြည့်ရင်လည်း ကျောင်း နဲ့ သင်တန်း အမြဲပဲ လုံးပမ်းနေကြပါတယ်။ သူတို့ တွေမှာ နွေရာသီကျောင်းပိတ်ရက် ၊ ဒီဇင်ဘာကျောင်းပိတ်ရက်တောင် မသိကြတော့ပါဘူး။ ပညာရေးနဲ့ ဝေးတဲ့ မိဘတွေကျတော့လည်း ကိုယ့်ကလေးတွေကို ကျူရှင်တွေ ၊ ဂိုက်တွေ ၊ သင်တန်းတွေ အများကြီးထားရင် စာတတ်တယ် လို့ထင်နေကြတယ်ဗျ။ ကျူရှင်တွေ ၊ သင်တန်းတွေ အတင်းပို့ ကျောင်းတွေအများကြီးထား နဲ့ အလွဲကြီးလွဲမှားကုန်တယ်။ ဒါတွေဟာ ကလေးတွေကို စာကြောက်သူ ၊ စာဖတ်ဖို့ကြောက်သူတွေ ဖြစ်စေတယ်။ ကကြီး ခခွေး သင်ရမယ့် အရွယ် သဒ္ဒါ သင်ချင် လို့တော့ဘယ်ရမလဲဗျာ။ ကလေးတွေကို သူတို့ ရဲ့ အသိဉာဏ် ဖွံ့ ဖြိုးမှု ပေါ်မူတည်ပြီး လူကြီးတွေက ထိန်းကျောင်းပေးတာက ပိုမကောင်းဘူးလားဗျာ။ ဒါမှသာ ကိုယ့်ရည်မှန်းချက် ကိုယ့်ဝါသနာကိုယ် သိနိုင်မယ့် သူတွေဖြစ်တော့မှာပေါ့။
အခုဆို လူလေး တို့နိုင်ငံမှာ တက္ကသိုလ် ဝင်တန်း (၁ဝ တန်း) ကသာအဓိက ကျန်အတန်း ကျန်စာမေးပွဲတွေဆို တာ အောင်ရင်ပြီးတာပဲဆိုတဲ့ အစွဲတွေ ကရှိနေသေးတယ်ဗျ။ နားလည်တဲ့ မိဘ အနည်းစုကသာ လမ်းကြောင်းပေးနိုင်ကြတယ်။ ကလေးတွေကိုယ်တိုင်ကလည်း ၁ဝ တန်း ကို ကြိုးစားကြပါတယ်။ အမှတ်တွေလည်း ကောင်းကြတယ်။ ပြီးတော့မှ ကိုယ်ဘယ်လမ်းကြောင်း ရွေးရမယ်ဆိုတာမှာ တစ်နေကြတာဗျ။ ကိုယ်က ဘာကိုစိတ်ဝင်စားလို့ ဝင်စားမှန်းလည်း မသိ၊ ဘာက ကိုယ်နဲ့ ကိုက်ညီတယ် သင့်တော်တယ်ဆိုတာ မသိဖြစ်နေကြတယ်။
လူလေး တို့ တက္ကသိုလ် မှာဆို ဘယ်လိုရောက်မှန်းမသိရောက်လာကြတယ်။ ပြီတော့ ဘယ်မေဂျာက ကိုယ်နဲ့ သင့်တော်တယ်၊ ဘာအကြောင်းသင်တယ်ဆိုတာ လည်းမသိဘူး သူများ ယူတယ်ဆို လိုက်ပြီးယူလိုက်ကြတာပဲဗျ။ နောက်ပြီးမှ ကိုယ်ကစိတ်မဝင်စား အဆင်မပြေဖြစ်ပြီး စာမေးပွဲ အခါခါကျ ဖြစ်ကုန်တဲ့သူတွေအများကြီး။ ကိုယ့်ပညာအကြောင်း ကိုယ်မသိတော့ တန်ဖိုးထားရမှန်းလည်းမသိဖြစ်ကုန်တယ်။ လူကြီးတွေကိုယ်တိုင်ကလည်း ကိုယ့်သား၊သမီးဘာကို ဝါသနာပါတယ် သင့်တော်တယ်ဆိုတာ မသိဘူး၊ မစဉ်းစားကြဘူး။ “နင် ဆေးမှတ်မှီအောင်လုပ်ရမယ်၊ နင်ရေကြောင်း…..၊ နင်……..” စသည်ဖြင့် သူများ ဆေးတိုင်းဆေး သူများ ရေတိုင်းရေ နေတော့တာပါပဲဗျာ။ လူငယ်တွေကိုယ်တိုင်က ကိုယ့်ဝါသနာကိုယ်မသိ၊ ဘယ်ကျောင်းကဘာသင်တယ်မသိဘူး၊ ဘယ်နှစ်နှစ်တက်ရတယ်ဆိုတာမသိ၊ ကျောင်းပြီးရင်ဘာလုပ်ရမယ်ဆိုတာမသိ ဖြစ်နေကြတယ်။ လူလေး သူငယ်ချင်းတစ်ယောက်ဆို ကွန်ပြူတာ ကို အရမ်းစိတ်ဝင်စားတယ် ပါရမီလည်းပါတယ်ဗျ ဒါပေမယ့် အိမ်က ဆေးကျောင်းတက်ဆိုလို့တက်လိုက်ရတယ်လေ။ အချိန်တန်တော့လည်း ဆရာဝန်ဖြစ်တာပါပဲ။ ဒါပေမယ့် သူသာ သူစိတ်ဝင်စားတဲ့ ကွန်ပြူတာကို လေ့လာလိုက်စားမယ်ဆိုရင် သူ့အတွက် သူ့ပတ်ဝန်းကျင် အတွက် သူ့နိုင်ငံ သူ့ လူမျိုးအတွက်ပိုပြီး အကျိုးမဖြစ်နိုင်ဘူးလားဗျာ။ ဒါတွေက လူလေး တို့အတွက် စဉ်းစားစရာပဲနော်။
လူလေး ရဲ့ ညီ၊ညီမတွေဆို ၁ဝတန်းပြီးလို့ တက္ကသိုလ်တက်ရမယ်ဆို ပျော်နေတာပဲ။ သူတို့သိတဲ့ တက္ကသိုလ် ဆိုတာ အင်းလျားကန် နဲ့ ကန်တင်းလောက်ဗျ။ အင်းလေ ရုပ်ရှင်တွေကလည်း ကျောင်းဆို ဒါလောက်ပဲပြတာကိုဗျ။ စာသင်တာကိုမှမပြတာ။ တကယ်တမ်းကျောင်းတက်တော့မှ ဖတ်လိုက်ရတယ့်စာ၊ ဖြေလိုက်ရတဲ့ စာမေးပွဲဆိုတာ စာသင်ချိန်ထက်တောင်များသေးတယ်။
အခုဆို လူလေး တို့ကို ၁ဝ ဖြေပြီးလို့လာမေးကြရင် သူတို့တွေကို ကျောင်းတွေ၊မေဂျာတွေအကြောင်းပြောပြတယ်။ အလုပ်နယ်ပယ်တွေအကြောင်းပြောပြတယ်လေ။ ဘာကတော့သင့်တော်တယ် ဘာကတော့ ဘယ်လိုမသင့်တော်တာတွေပြောပြတယ်။ ရွေးချယ်တာကိုတော့ သူတို့ကိုယ်တိုင်လုပ်ခို်င်းတယ်။ (ဟုတ်တယ်လေ တော်ကြာကျောင်းပြီးလို့မှ အလုပ်မရရင်၊ ရုပ်ရှင်ထဲကလို အဖေက company ကြီးလွဲမပေးရင် ကိုယ့်အပြစ်ဖြစ်နေဦးမယ်)။
ရွာသူ၊ရွာသားတွေလည်း ကိုယ့် ပတ်ဝန်းကျင်က ကလေးတွေကို မျိုးစေ့လည်းမှန်၊ အပင်လည်းသန်၊ သီးငုံဝေစေ၊ ပန်းပွင့်စေ အောင်ကူညီပြီးတော့
“မင်းဘာဖြစ်ချင်လဲ” လို့မေးဖြစ်အောင်မေးကြပါနော်။
11 comments
မီးမီး သော်
September 19, 2011 at 1:33 pm
မှန်လိုက်တာ ကိုလူလေးရေ။ဒီမေးခွန်းက သိပ်မေးသင့်ပါတယ်။နောင် တချိန်ကျရင် အမေတို ့တက်ခိုင်းလို ့တက်ရတာပါ။သားက တော့ မသိဘူး၊သမီးလဲ တက်ချင်ခဲ့တာမဟုတ်ဘူး ပြောခံရမှာ။
windtalker
September 19, 2011 at 2:28 pm
လူလေး က တော့
အများသူငှာ သတိမထားမိတာတွေ ကို
စာကလောင် နဲ ့မီးမောင်းထိုးပြနေပြီ..
ပြောမယ့်သာ ပြောရတာပါ
ကျုပ် တို ့လဲ
၁ဝတန်းအောင်ပြီး
ဘာဖြစ်ချင်မှန်း ကို မသိခဲ့တာ
အမှန်ပါပဲ ဗျာ
ုhtoosan
September 19, 2011 at 3:14 pm
တစ်ကယ်တော့ ဒီမေးခွန်းမေးဖို့ တိုက်တွန်းတာ မြန်မာသာ မက ။ ဂျပန်အပါအဝင် အာရှနိုင်ငံတွေမှာပါ နှစ်ပေါင်းကြာခဲ့ပါပြီ။
မိဘတွေရဲ့ စေတနာ မောဟတွေကို ဒီမေးခွန်းက မထိုးဖောက်နိုင်ဖြစ်နေတာပါ။
ီ
ွ
zawmyothu
September 19, 2011 at 3:25 pm
“ကျွန်တော်စိတ်ဝင်စားတာက ကွန်ပျူတာ
ကျွန်တော်. အမှတ်က ဆေးကျောင်းမှီတယ်လေ
ဒါကြောင်. ဆေးကျောင်းပဲတက်တော.မယ်”
ဒီပုံစံအတိုင်း ဖြစ်နေပြီ 😛
ပေါက်ဖော်
September 19, 2011 at 3:38 pm
ကျနော်တော့ ကိုယ့်ကိုယ်ကိုယ် အမြဲမေးနေတာဘဲ.
ဒါပေမဲ့..တိကျတဲ့အဖြေ ခုထိ ပြန်မပေးဘူးဖြစ်နေတယ်..
ပြောရရင်တော့…အဲဒီပြဿနာ ခုထိဖြေရှင်းလို ့မရသေးဘူးဖြစ်နေတယ်….
ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်လို ့ဖြစ်ချင်မှန်း မသိဘူး….
အမေကတော့ ဘုန်းကြီးပဲ အတင်းဝတ်ခိုင်းနေတယ်..
😛
etone
September 19, 2011 at 3:43 pm
ကျွန်မတို့ အိမ်ကသာ အဲ့ဒီလိုမေးခဲ့လျှင် … ဘာမှ မဖြစ်ချင်ဘူး ထိုင်ပဲ စားချင်တယ်လို့ ဖြေမိမှာပါပဲ
ကျွန်မတို့တွေလည်း ဝါသနာပါရာ ရွှေးချယ်ခဲ့တာမဟုတ်ဘူးလေ ….လူကြီးတွေရဲ့စကားနဲ့ ဘယ်လိုင်းက ပိုက်ဆံပြန်ရှာလျှင် အမြန် ရမလဲဆိုတာမျိုးပဲ တွေးခဲ့ကြတာ … .. ဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်ဖို့ကတော့ မဖြစ်နိုင်ပါဘူး … ။ 🙂
AKKO
September 19, 2011 at 3:47 pm
ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်နိုင်သေးတဲ့ အရွယ်မှာတော့ မိဘတွေပြောတဲ့ အတိုင်း လိုက်လုပ်ရတာ များပါတယ် … ။ ကလန်ကဆန်လုပ်လို့ မတော် အိမ်ပေါ်မှာ မနေနဲ့ နှင်ချလျှင် ပြေးရခက်သားလေ….. 🙁
နီလေး
September 19, 2011 at 3:50 pm
နီလေးတို့လဲ ၁ဝတန်းအောင်ပြီး တက်လိုက်တာပဲ တက္ကသိုလ်ကဘွဲ့ရတော့လဲ အလုပ်သာဝင်သွားတာ ခုထိ ကိုယ်ဘာဖြစ်ချင်မှန်းတောင်မသိသေးဘူး ဒီညတော့ မေးကြည့်မှဖြစ်တော့မယ် မင်းဘာဖြစ်ချင်လဲလို့
ုhtoosan
September 19, 2011 at 4:00 pm
“ဘဝနဲ့ဆန်ဒ တစ်ထပ်တည်းကျပါစေ”
င်္F.M က ပြောပြောနေတာကြားတာ။
မောင်ရေချမ်း
September 19, 2011 at 4:17 pm
ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ ???
နိုင်ငံခြားကျောင်းတွေဆို ကျောင်းသားကလေးတစ်ယောက် ၁ဝ တန်းအောင်ပြီဆို ဒီကလေး ဘာဖြစ်ချင်လဲဆိုတာ ကျောင်းက ခန့်မှန်းပြီးပြီတဲ့…နောက်ပြီးမိဘတွေကလည်း ပံ့ပိုးတယ်..
သို့ပေမယ့်လည်း…ဒီမတော့… ၁ဝတန်းအောင်လို့ ဖြစ်ချင်တာမေးပြန်တော့လည်း.. ကလေးကသေသေချာချာ မသိ… အဲ..သူဖြစ်ချင်တာက ဆရာဝန် အမှတ်က မမီတော့လည်းမဖြစ်.. တခြားဖြစ်ချင်တာပြောပြန်တော့လည်း ဒီနိုင်ငံ ဒီမိသားစုက မလုပ်ပေးနိုင်… ကဲ…ဤ ကတော့ လည်း ဖြစ်သင့် ရာဖြစ်ကြောင်း (ဆရာအော်ပီကျယ်ပြောသလို) အဝေးသင် ( မြို့နဲ့အဝေးတွေကိုရောက်ရောက်နေလို့ ) တက္ကသိုလ်တွေမှာပဲ ဖွတ်ချက် ဖွတ်ချက်နဲ့ ပဲ….နဲ့ပဲ…..
yetazar
September 19, 2011 at 7:25 pm
ဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည် ။ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ခိုးချမည် ။ အခန်းစောင့်ကိုအတည် ငွေထုပ်ကြီးနဲ့ကျွန်တော်ကိုင်ပေါက်မည် ။