လမ်းမထက်မှ အုတ်ခဲကျိုးလေးများ

ငွက္ကေလးOctober 2, 20111min1512

WWW.BLOGPIECES.BLOG.COM

မိုးက တဖွဲဖွဲဆက်တိုက်ရွာလျှက် လမ်းမထက်တွင် ရေအိုင်ငယ်တစ်ချို့နေရာယူထားသော ညနေခင်းတစ်ခု တွင်ဖြစ်သည်။ ကားဘီးများက ဗွက်အိုင်များအကြား တဗွမ်းဗွမ်း ကူးခတ်သွားလာနေကြသည်။ ဘတ်စ်ကားမှတ်တိုင်တွင် ညီအစ်ကိုဖြစ်ဟန်တူသော ကောင်လေးနှစ်ယောက် အလုပ်ရှုပ်နေကြသည်။ တစ်ယောက်မှာ လေး၊ ငါးတန်းအရွယ်မျှရှိ၍ နောက်တစ်ယောက်မှာ လေး၊ ငါးနှစ်ခန့် မျှသာရှိဦးမည် ထင်သည်။ မိုးရွာလို့ထင်သည် သူတို့နှစ်ယောက်စလုံးတွင် အင်္ကျ ီမပါ၊ ဘောင်းဘီတိုလေးများဝတ်ဆင်ထားလျှက် ပိုက်ဆံထည့်ရန် အိတ်တစ်လုံးကိုင်ထားသည်။ ဘတ်စ်ကားများထိုးဆိုက်လာလျှင် လက်အုပ်လေးချီလျှက် မုန့်ဖိုးပေးရန် ပြေးတောင်းရင်း သူတို့အလုပ်ရှုပ်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးကတော့ ဘာမျှသိဟန်မတူ တစ်နေရာရာက ရလာဟန်တူသော မုန့်ထုပ်လေးကို ကိုက်ဖောက်ရန်ကြိုးစားရင်း သူ့အစ်ကိုခေါ်ရာနောက် လက်လေးဆွဲရင်း လိုက်နေရသည်။ သူ့အစ်ကိုကတော့ “ကလေးကို အင်္ကျ ီဝတ်ပေးလိုက်ဦး ဖျားနေဦးမယ်” ဟူသော အဒေါ်ကြီးတစ်ယောက်၏ သတိပေးသံကိုပင် မမှု့အား မျှော်လင့်ချက်မျက်လုံးလေးများက ပိုက်ဆံများ ပြုတ်ကျလာမည့် ဘတ်စ်ကား ပြတင်းပေါက်များကို ကျီးကန်းတောင်းမှောက် ငေးမျှော်ကြည့်ရင်း ပြေးလွှားလျှက်ပင်။

………………..

ထိုနေ့က မိုးကရွာမယောင်နှင့် အုံ့ဆိုင်းဆိုင်းဖြစ်ကာ အိုက်စပ်စပ်နိုင်လှသည်။ အချိန်က မွန်းတည့် ၁၂ နာရီခန့်တွင်ဖြစ်သည်။ ဘုန်းကြီးကျောင်းရှေ့ တွင်လူအချို့ စုရုံး၊ စုရုံးနှင့် ဘုန်းကြီးကျောင်းတွင်းသို့ မျှော်ကြည့်နေကြသည်။ ကလေးအချို့ လည်းလမ်းမထက်တွင် ဆော့ကစားနေကြသည်။ ထိုဘုန်းကြီးကျောင်းက ကျွန်တော်၏ နေအိမ်တိုက်ခန်းနှင့် မျက်စောင်းထိုးဖြစ်သဖြင့် ဝရန်တာမှနေ၍ ဒီလူတွေဘာလုပ်နေကြပါလိမ့်ဟု စူးစမ်းနေမိခြင်းဖြစ်သည်။ သိပ်မကြာခင်မှာပင် ကျောင်းထဲမှ ဘုန်းကြီးတစ်ပါးနှင့် ကိုရင်တစ်ပါးထွက်လာခါ ဆွမ်း၊ ဟင်း အကျန်များဝေပေးလေ၏။ ဤကဲ့သို့တန်းစီ စောင့်ဆိုင်းနေကြသူများမှာ မိသားစုသုံးလေးစုမျှရှိမည်ထင်သည်။ သူတို့ဤကဲ့သို့ ခွင်တည့်နေကြသည်မှာ ကြာလောက်ပြီ ဖြစ်သော်လည်း ထိုနေ့ကမှ ကျွန်တော်သတိထားမိခြင်းဖြစ်သည်။ ထိုမိသားစုများထဲတွင် ကလေးငယ်များကလည်း လသားအရွယ်မှ ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံဆိုဒ်ဆုံပင်။ ဆင်းရဲသည့် မိသားစုများက ကလေးပိုမွေးကြသည်မှာ ဓမ္မတာပေကိုး။ ကလေးငယ်များကတော့ လွတ်လပ်ငြိမ်းချမ်းသည်။ ထိုထဲမှ ကောင်မလေးတစ်ယောက်က လမ်းပေါ်တွင်ရပ်ထားသော ကားတစ်စီး၏မှန်ကို ကြည့်ကာ ဆံပင်တွေကိုသပ်ရင်း အလှပြင်နေလိုက်သေးသည်။ အနာဂါတ်ဟူသောစကားလုံးကို စကားသင်စက သူတို့ သင်ယူလိုက်ကြရဟန်မတူချေ။ သူတို့အတွက် ဘုန်းကြီးကျောင်းတွင် ထမင်းတောင်းရင် ဗိုက်ဝသည်သာ ဖြစ်သည်။

………………..

ဤကဲ့သို့ပင် မီးပွိုင့်၌ ပန်းရောင်းသော ကလေးငယ်များ၊ ကွမ်းယာရောင်းသော ကလေးငယ်များရှိသည်။ အချို့ က ပလတ်စတစ် ကောက်သည်။ ဆယ်ကျော်သက်ဖြစ်စ ဘတ်စ်ကားစပါယ်ယာလေးများလည်းရှိသည်။ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးများကလည်း နို့နံ့မစင်ကြသေး။ အချို့ကမျက်လုံးလေး ကလယ်ကလယ် နှင့် ဘတ်စ်ကားပေါ်တွင် ဇာတ်စုံခင်းထားသော စာရွက်လေးများ လိုက်ဝေကာ ပိုက်ဆံတောင်းကြသည်။ ဘာသာရေးဆိုတာဘာမှန်းမသိခင်ကပင် မိဘတို့၏ အခြေအနေအရပ်ရပ် ကြောင့် ဘုန်းကြီးကျောင်း သို့ရောက်ကာ မိဝေး၊ ဖဝေးနှင့် ဖိုးသူတော်ကတုံးလေးများ၊ ကိုရင်လေးများဖြစ်လာကြသည်။ အချို့သော အမျိုးသမီး ကလေးငယ်များက လူကုန်ကူးခံရရင်း နယ်စပ်ရောက်ကာ ဘဝပျက်ကြသည်။ ယောက်ျားလေးများ က ပညာသင်လို့မဆုံးခင်မှာ သူများခိုင်းဖက် ကျွန်ကလေးများဖြစ်သွားကြသည်။ ဤသည်တို့မှာလည်း ကျွန်တော်သိမြင်ကြားဖူးသမျှ အကြောင်းအရာများသာဖြစ်၍ အခြားသောကလေးသူငယ်ဇာတ်လမ်းမျိုးစုံ ရှိနေနိုင်သည်။ ထုထည်ကြီးမားပြီး ခိုင်ခံ့သောအဆောက်အအုံတစ်ခုအတွက် အုတ်မြစ်ချစဉ်မှစ၍ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကအရေးပါအရာရောက်သည်။ လူသားအရင်းအမြစ်၏အစ ကလေးငယ်တစ်ဦး၊ တစ်ယောက်ကလည်း နိုင်ငံ၏ အုတ်တစ်ချပ်သဲတစ်ပွင့်ပင်။ စကားကြီးစကားကျယ် ဟုကိုယ့်ဟာကိုယ် သတ်မှတ်ပြီးပြောရလျှင် ကလေးများသည် အနာဂါတ်၏ အုတ်မြစ်များ၊ တိုက်အိမ်တစ်ခုလုံးအတွက် အရေးပါသော အုတ်ချပ်ခဲလေးများ ဖြစ်သည်။ အနာဂါတ်ဟူသော စကားလုံးအား သူတို့အတွက်သင်ကြားပေးဖို့လိုပါသည်။ မိဘမဲ့ဂေဟာများရှိပါသည်၊ လူငယ်ဖွံဖြိုးရေးစခန်းများလည်းရှိသလို၊ အခြားအဖွဲ့အစည်းအရပ်ရပ်လည်း ရှိနေပါသည်။ သို့သော် လမ်းမထက်တွင် အုတ်ချပ်ခဲ အများအပြားကျိုးပဲ့နေဆဲဖြစ်ပါသည်။ ကျိုးပဲ့နေသော အုတ်ခဲအစိတ်အပိုင်းအများကို ကောက်ယူစုဆောင်းပြီး တစ်နေရာရာမှာ အကျိုးပြုစေသင့်သည်။ ဘောလုံးကစားသူများအတွက် ဂိုးတိုင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးဆိုင်အမိုးမလန်အောင် အလေးတစ်ခုအနေနဲ့ ကြိုးနဲ့ဆွဲထားဖို့ပဲဖြစ်ဖြစ်ပေါ့။

…ငှက်ငယ်…

www.blogpieces.blog.com

2 comments

  • zaymdy

    October 2, 2011 at 9:19 pm

    ဟုတ်ပါတယ်ဗျာ.. ဒါတွေ.ကို လူမူကယ်ဆယ်ရေးဆိုတည်း နာမည်ရှိတည်း အသင်းက ကြည်.မနေသင်.ပါဘူး သူတို.လေးတွေ.အနာဂါတ်အတွက် ကူညီဖြေရှင်းသင်.ပါတယ်..

  • etone

    October 3, 2011 at 9:46 am

    ရင်နာစရာကောင်းလိုက်တဲ့ ကလေးတွေရဲ့ ဘဝ … တစ်ခါတစ်လေ အရွယ်နဲ့ မမျှအောင် ဘဝကိုရုန်းကန်ရတာ မြင်ရလျှင် စာနာစိတ်နဲ့ မျက်ရည်ဝဲမိတယ် … ။ တစ်ချို့ကလေးတွေဆို … ချိုင်းထောက်လေးနဲ့ .. မီးပွိုင့်မှာ ကားကျို ကားကြား ကွမ်းယာလိုက်ရောင်းရရှာတယ် … ။ 🙁 တစ်ချို့ကလေးတွေဆိုလည်း … သူများကလေးတွေ အိပ်ကောင်းချိန် … ညဉ့်နက်သန်းခေါင်အထိ ဆိုင်က ပန်းကန်တွေ ဆေးရတယ် … ခုံတွေ ပြန်စီရတယ် … ။ စပယ်ယာလုပ်နေတဲ့ ကလေးတွေလည်း မြင်ခဲ့ဖူးတယ် … ။ ကုသိုလ်ကံ မကြောင်းမလှလို့ … အရွယ်တူတွေ စာသင်ချိန် … ဘဝရပ်တည်မှု ခက်ခဲရတဲ့ကလေးတွေမြင်တိုင်း … စိတ်မကောင်းတာက လွဲလို့ … ကျွန်မ ဘာမှ မလုပ်ပေးနိုင်ဘူးလေ … ။
    သူတို့လေးတွေကို ကြည့်ပြီး ကျေနပ်မိတာကတော့ … ဘဝရပ်တည်မှုအတွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေပါပဲ … လက်ဖဝါးဖြန့်ပြီး တောင်းစားတဲ့ ကလေးတွေထက်စာလျှင် … အလုပ်လုပ်နေတဲ့ ကလေးတွေရဲ့ စိတ်ဓါတ်လေးကို ချီးကျူးမိတယ် 🙄

Leave a Reply