“မကျစကောင်း ကျစကောင်း “
“ မကျစကောင်း ကျစကောင်း”
တစ်ရက် ကိုအောင်မောင်းရယ် ကျနော်ရယ် ကိုဆန်းရယ် လက်ဖက်ရည်ဆိုင် အတူထို်င်ဖြစ်ကြပါတယ်။
ကျနော် လက်ဖက်ရည်ဆိုင်ကိုအလာ နေပူပူမှာ မျက်မှန်မတပ်ဘဲဆိုင်ကယ်စီးလာတော့ မျက်စေ့ထဲကိုဖုန်ဝင်တာရော လေတိုးတဲ့အရှိန်နဲ့နေအပူရှိန်ကြောင့်ပါမျက်ရည်ပူတွေကျလာပါတယ်။
ကျနော်မျက်ရည်ကျတာကို လှမ်းကြည့်နေတဲ့ ကိုဆန်းက ပြုံးစေ့စေ့နဲ့ မုတ်ဆိတ်တိုနံ့နံ့ကို ပွတ်နေတာမြင်တော့
သူ့မှာပြောစရာရှိနေပြီဆိုတာကို ကျနော်ရိပ်မ်ိလိုက်ပါတယ်။
သူ့ဘာသာသူဆိုရင် စကားတစ်ခွန်းစဘို့ ခက်ပေမယ့် ပြောပြီဆိုရင် အရှည်ကြီးပြောပြတတ်တဲ့ ကိုဆန်းအကြောင်းကို သိနေတဲ့ကိုအောင်မောင်းက “ကိုဆန်း ဘာတွေများတွေးမိလို့ ပြုံးနေပြန်တာလဲ”လို့မေးလိုက်တော့ ထုံးစံအတိုင်း
မေးစေ့လေးကို လက်နဲ့ပွတ်ပြီး “ခင်ဗျားမျက်ရည်ကျတာမြင်တော့ ဒီတစ်ခေါက် ခရီးမှာကြုံခဲ့တာလေးကို သွားသတိရလိုက်လို့ပါ။ ဒီလိုဗျ…………”လို့အစချီပြီး သူ့အတွေ့အကြုံလေးကိုပြောပြပါတော့တယ်။
{ ပြီးခဲ့တဲ့လက ကျနော့်ဆရာက အလုပ်တစ်ခုကိုလက်ခံထားလိုက်တယ်။
အလုပ်ကတော့အကြွေးဟောင်းတွေလို်က်တောင်းပေးရတဲ့အလုပ်ဗျ။
ကုမ္ပဏီတစ်ခုက သူတို့ရဲ့နယ်ကုန်သည်တစ်ချို့ဆီက ကုန်ကြွေး မရတာတွေ အတော်လေးများနေတာရယ်
ငွေမသွင်းတဲ့ရက်ကြာနေတဲ့ ကုန်သည်တွေလဲ ရှိနေတယ်ဆို တော့ အဲဒီကုန်သည်တွေရှိတဲ့မြို့ကိုလိုက်သွားပြီး တော့
အဲဒီအကြွေးတွေကို ပြန်တောင်းပေးရမယ့်အလုပ်ကို လက်ခံထားတာဗျာ။
ငွေပေးရင်ပေး မပေးရင် ဘယ်လိုပုံစံနဲ့ပေးမယ်ဆိုတာ စာချုပ်ချုပ်ထားပေါ့။
သူတို့ပေးစရာရှိတယ်ဆိုတာကို ဝန်ခံတဲ့လက်မှတ်ထိုးခိုင်းပြီး သေချာအောင်လုပ်ထားတဲ့သဘောပါ။
တစ်ခါတစ်လေကြုံတတ်တာကဒီလိုငွေကြန့်ကြာနေတဲ့ကုန်သည်တွေနဲ့ငွေကောက်တဲ့ဝန်ထမ်းကြားမှာ
ဖြစ်တတ်တာလေးပေါ့။
ကုန်သည်က ကုန်ဘိုးငွေချေပြီးသား ဒါပေမယ့် ငွေကောက်တဲ့ဝန်ထမ်းက ကြားထဲက ဖြတ်သုံးထားရော။
ဒီကုန်သည်ကလဲ ငွေကြာနေကြဆိုတော့ ပိုင်ရှင်က မရိပ်မိ မသိဘူးပေါ့။
နောက်လူလွှတ်တောင်းမှ ပေးပြီးသားငွေကို ကိုယ်ခို်င်းထားတဲ့ဝန်ထမ်းကဖြတ်သုံးထားတယ်ဆိုတာ သိရပါတော့တယ်။
ဒီအကြောင်းကိုသိတဲ့ ဝန်ထမ်းတွေကလဲ အချင်းချင်းဆိုတော့ ဖုံးထား ဖိထားတာမျိုးလဲ ရှိတတ်ပြန်တော့ ပိုသေချာအောင် ကြားလူကို ထပ်ခို်င်းတဲ့သဘောလဲ ပါပါတယ်။
သူတို့ရည်ရွယ်ချက်ကတော့ သူတို့ငွေပြန်ရရင်ပြီးတာပါဘဲ။
အားလုံးမပေးနိုင်တောင်မှ အချို့အဝက်ပြန်ရမယ်ဆိုရင်တောင်မှ ညှိနိုင်းမူ့နဲ့လက်ခံပေးရမယ်ပေါ့။
အားလုံးပြန်မရတောင်မှ တဝက်လောက်ပြန်ရတယ်ဆိုရင်ကို သူုတို့ဘက်ကလက်ခံမယ်ဆိုတော့ ညှိနိုင်းလို့ရတဲ့သူလဲညှိရတာပေါ့။
ကုန်သည်ဆိုတော့လဲ ရုံးရောက်ဂါတ်ရောက်မဖြစ်ချင်ပါဘူး။
သံသရာမရှည်ချင်ဘူး ညှိလို့ရရင်ညှိ။
အဆုံးစွန်ညှိမရဘူးဆိုမှ တရားစွဲမယ်ဆိုတဲ့အဆင့်ရောက်တာကိုးဗျ။
ဒီတစ်ခေါက်ကျနော်သွားရတဲ့အပိုင်းက ရှမ်းပြည်တောင်ပိုင်းကို
တစ်မြို့ဝင်တစ်မြို့ထွက် သွားရတာပါ။
ဒီအလုပ်ကလဲ အဝင်ရခက်တဲ့အလုပ်လို့ပြောရင်လဲမမှားဘူးဗျ။
လူတစ်ယောက်ကို ထီပေါက်တဲ့အကြောင်းသွားပြောတာ မှ မဟုတ်တာ။
ကြာနေတဲ့ငွေကို ရအောင်သွားတောင်းရတယ်ဆိုတော့ မျက်နှာတော့ ပူတာပေါ့ဗျာ။
အဲတော့ မျက်နှာကို အချိုဆုံးထားလို့ ပြောရတော့တာပေါ့။
တကယ်ပြောရရင်တော့ မျက်နှာပူသလို ကိုယ်ချင်းလဲစာပါတယ်။
လူ့ဘဝမှာ အခက်အခဲ ဆိုတာ မတူညီတဲ့ပုံစံနဲ့လူတိုင်းလူတိုင်းအပေါ်မခေါ်ဘဲရောက်လာတတ်တာကိုး။
တစ်ချို့ကြတော့လဲလောင်းကစားကြောင့် ၊
တစ်ချို့ကြပြန်တော့ လဲ အိမ်ထောင်အရေးအဆင်မပြေလို့
တစ်ချို့ကြတော့လဲ ခေတ်စားနေတဲ့ စုကြေးကြောင့်၊
တစ်ချို့ကြတော့လဲ မလုပ်တတ်လို့၊
တစ်ချို့ကြတော့လဲ ကျန်းမာရေးကြောင့် ၊
တစ်ချို့ကြပြန်တော့လဲအရင်းအနှီးနည်းတာကြောင့်၊
တစ်ချို့ကလဲ ဆိုင်ငှားဖွင့်နေတဲ့အိမ်ကရောင်းလိုက်တော့ နေရာပျောက်သွားတာကြောင့်၊
ဇာတ်လမ်းကတော့စုံနေအောင်တွေ့ခဲ့ကြားခဲ့ရတာပေါ့။
အဆင်မပြေဘူးဆိုမှတော့ လည်း ဘာမှ အဖတ်ဆယ်လို့မရတာများပါတယ်။
အဲဒီလိုဆိုတော့လဲဆိုင်ပြုတ်သူလဲပြုတ် ၊ဆိုင်မပြုတ်ပေမယ့်လဲ ယဲ့ယဲ့လေးနဲ့ဟန်မပျက်ဆက်လုပ်နေသူလုပ်နဲ့ အစုံပေါ့။
သွားတောင်းလို့ အကုန်ပေးလိုက်သူလဲရှိ၊
တောင်းတောင်းပန်ပန်နဲ့အချို့အဝက်ပေးသူလဲရှိ၊
အခက်အခဲတွေရှိနေလို့ ဒီလောက်နဲ့ကြေအေးပေးပါလို့ တောင်းပန်သူလဲရှိ၊
မာန်ချီလို့မောင်းထုတ်မယ့်ပုံချိုးတဲ့လူလဲရှိ။
ရုံးသွားရအောင်လို့ ခပ်တည်တည်နဲ့ပြောလိုက်မှ လက်မှတ်ထိုးပေးသူလဲရှိ၊
ရှိရက်သားနဲ့သက်သက် မပေးချင်လို့ ညစ်ထားတဲ့လူလဲရှိ၊
လာမတောင်းလို့မပေးတာဆိုတဲ့အထက်စီးလေသံနဲ့ အကုန်ပေးလို်က်သူလဲရှိ၊
ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်တာကို အဆင်ပြေအောင် လုပ်ပေးခဲ့ရတော့တာပေါ့။
အဓိက က သူ့ဆီကို ကျွံထားတဲ့ငွေကို ပြန်ရချင်တာကိုးဗျ။
ကျနော်ကလည်း အမြဲတမ်းလုပ်နေကျ ကြုံနေကျ အလုပ်ကို လုပ်တယ်ဆိုတော့ စိတ်ထဲမှာအလုပ်သဘောကလွဲလို့ ဘာမှမရှိတာများပါတယ်။
ဒါပေမယ့်ဒီတစ်ခေါက်တော့ ဟတ်ထိလာတဲ့အဖြစ်အပျက်ကလေးတစ်ခုကြုံလာခဲ့ရတာ။
အဲဒီအမျိုးသမီး နာမယ် ကမအေးမူ လို့ဘဲဆိုပါတော့။
သူမှာက သမီးလေး သုံယောက်မွေးထားတယ်။
ကိုးတန်းတစ်ယောက် ခုနှစ်တန်းတစ်ယောက် ငါးတန်းတစ်ယောက်။
သူ့အိမ်ထောင်ဘက်က နောက်ဆုံးသမီးလေးမွေးအပြီးမှာ ဟိုဘက်နိုင်ငံမှာအလုပ်သွားလုပ်တာ ခုချိန်ထိဘာသတင်းမှ
မကြားရတော့ တစ်ယောက်ထည်းရုန်းကန်ရတော့တာပေါ့။
အရင်ကတော့ ဈေးထဲမှာ ကုန်စုံဆိုင်ကလေးဖွင့်ထားခဲ့ပါသတဲ့။
ကျနော်အလုပ်လက်ခံထားတဲ့ ကုမ္ပဏီအရောင်းကားကနေပြီး သူ့ဆိုင်မှာပြန်ရောင်းတဲ့ပစ္စည်းတွေကို ယူရောင်းတာပေါ့။
အစကတော့ သူလဲ သိပ်အရောင်းရကြီး မဟုတ်ပေမယ့် သူ့ဟာနဲ့သူလည်ပါတ်လို့နေ ကလေးသုံးယောက်နဲ့
စားလောက်သောက်လောက်အဆင်ပြေနေပါသတဲ့။
မနှစ်ဆောင်းတွင်းမှာသူ့အမေကနေမကောင်းဖြစ်တော့အမေကိုပြုစုနေရတာကတစ်ဖက် ကလေးတွေစားရေးသောက်ရေးကတစ်ဖက်ဆိုင်ကလဲမဖွင့်တစ်ချက်ဖွင့်တစ်ချက်ရှိတဲ့ငွေလေးနဲ့ နေ့ပြန်တိုးပေးစားနေရရော။
သူ့အမေ ဆုံးသွားလို့ ဆိုင်ကိုဖိဖိစီးစီးလုပ်မယ်ဆိုပြန်တော့ငှားဖွင့်နေတဲ့ဆို်င်လေးကသူ့ထက်ပိုပေးနိုင်သူုကို ဘဲငှားလိုက်တော့ဘုံပျောက၊ရှိတာလေးကို အထုပ်ဖြည်စားတော့ အရင်းပါပျောက်တဲ့ဘဝကို ရောက် သွားပြန်ရော။
သူအဲလိုဆိုင်ပိတ်လိုက်ရတော့ သူက တစ်ဆင့်အကြွေးပြန်ပေးထားတဲ့သူတွေဆီကလဲ ပြန်တောင်းလို့ရသလို
တောင်းမရတဲ့သူတွေက ပိုလို့များပါသတဲ့။
အဲလိုဖြစ်သွားတော့သူကအင်္ဂလိပ်စာကိုတော်တော်လေးကျွမ်းကျင်တာကိုသိတဲ့မိတ်ဆွေတွေက ကျုရှင်ပြဘို့ဝိုင်းတိုက်တွန်းကြပါသတဲ့။
ဒါနဲ့ဘဲ သူ့မိတ်ဆွေတွေရဲ့ကလေးတွေကို စာသင်ပေးတဲ့အလုပ်ကို ပြောင်းလုပ်နေပြန်ပါရော။
စစချင်းတော့ အိမ်မှာတင်မနက်တစ်ချိန်ညနေတစ်ချိန်သင်ပေးနေတာအဆင်ပြေလို့ပေါ့။
အဲစာသင်လာတာ နည်းနည်းလေးကြာတော့ သူငှားနေတဲ့အိမ်ရှင်က အိမ်လူအဝင်အထွက်ရှုပ်တယ် ဆိုပြီး
အိမ်မှာ စာမသင်ရဘူးဆိုပြီး ကန့်သတ်လိုက်ပြန်ရော။
အဲတော့ သူ့တပည့်လေးတွေထဲက လက်သင့်ခံပေးတဲ့ အိမ်တစ်အိမ်မှာစုပြီး သင်ရတော့အရင်လောက်ကျောင်းသားက မများပြန်ဘူး။
စာသင်ဘို့နေရာပေးတဲ့အိမ်နဲ့ဝေးတဲ့ကလေးက မလာနိုင်သလို သူကလဲ ဆိုင်ကယ်မစီးတတ် ဘာမစီးတတ်ဆိုပြန်တော့လဲ
နှစ်နေရာထက်ပိုပြီးလဲ သွားမသင်နိုင်ပြန်ပါဘူး။
အဲတော့သူရှာလို့ရတဲ့ငွေက မိသားစုစားလောက်ရုံ အမေ့ဆေးဘိုးလေး ပေးနိုင်ရုံလောက်ဘဲရပါသတဲ့။
အဲလိုဖြစ်သွားတော့ သူဆိုင်မပိတ်ခင်က ယူထားတဲ့ အကြွေးလေးတွေ မပေးရသေးတာလဲရှိနေပြန်ပါတယ်။
လာတောင်းတဲ့သူဆိုတော့လဲအဆင်ပြေတဲ့အခါပေးလိုက် လာမတောင်းတဲ့သူကျတော့လဲ ဒီအတိုင်းဘဲနေလိုက်ပါသတဲ့။
ကျနော်ကိုတော့ နက်ဖြန် မနက်ဆယ့်တစ်နာရီလောက်ပြန်လာပါ။
သူရစရာရှိတာလေးတွေရယ် ကျုရှင်လခလေးတွေရယ်ကောက်ပြီးပေးလိုက်မယ်ဆိုပြီး ချိန်းလိုက်ပါတယ်။
ကျနော်သူနဲ့တွေ့ပြီးစကားပြောကြည့်တော့ မန်းလေးတက္ကသိုလ်ကနေ ကျောင်းပြီးထားတယ်ဆိုတာရယ်
ကျနော်ညီမ တစ်ဝမ်းကွဲနဲ့မေဂျာတစ်ခုထဲ အတူနေခဲ့တယ်ဆိုတော့ စကားပြောရတာ သိပ်မစိမ်းသလိုဖြစ်သွားပါတယ်။
နောက်နေ့သူချိန်းတဲ့အချိန်လောက်တော့ ကျနော်သူ့အိမ်ကိုနောက်တစ်ခေါက်ထပ်သွားရတာပေါ့။
ဒါပေမယ့်ကျနော်တစ်ကယ်ရောက်တဲ့အချိန်က ဆယ်တစ်နာရီခွဲလောက်မှနောက်ကျပြိးရောက်သွားပါတယ်။
သူ့အိမ်အဆင်အပြင်ကတော့ တစ်ချိန်က စီးပွားရေးကောင်းခဲ့ပေ့မယ် အခုအချိန်မှာတော့ အဆင်မပြေဘူးဆိုတာ
ကို မြင်သာစေတဲ့ အချက်ကတော့ အိမ်ထောင်ပရိဘောဂတွေပါဘဲ။
အဘိုးတန်တွေဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဟောင်းနွမ်းနေပြီး အသစ်မလဲနို်င်တဲ့အနေအထားလေးပါ။
ကျနော်ရောက်တော့ ကော်ဖီရယ် ဒေသထွက်စားစရာလေးတွေနဲ့ဧည့်ခံရင်း ရှေးဟောင်းနှောင်းဖြစ်
တွေပြောဖြစ်ကြတယ်ပေါ့။
ကျောင်းနေတုန်းက သူ့မိဘများကလဲ အရာရှိဖြစ်တာကြောင့် အဆင်ပြေပြေနေခဲ့ရကြောင်း၊
မန်းလေးတက္ကသိုလ်တက်နေစဉ်ကာလမှာလည်း ကျနော်ညီမတွေနဲ့ပျော်ပျော်ပါးပါးနဲ့နေခဲ့ရတဲ့အကြောင်း၊
သူ့အိမ်ထောင်ကျတဲ့အချိန်မှာလဲ သူ့အမျိုးသား ရဲ့ လုပ်ငန်းကလဲ အဆင်ပြေ သူ့ကုန်စုံဆိုင်လေးကလဲ
ဝင်ငွေဖြောင့် သားသမီးပွားစီးတာကလဲ အဆင်ပြေဆိုတော့ ပျော်ရွှင်ခဲ့ရတဲ့အကြောင်း၊
သူ့အမျုးိသားကသူများတွေအဆွယ်ကောင်းတော့ မြန်မြန်ချမ်းသာအောင်ဆိုပြီးတစ်ဖက်နိုင်ငံမှာသွားအလုပ်လုပ်မယ်ဆိုတာ တားမရလို့သွားတဲ့အချိန်ကစလို့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေပျောက်ဆုံးခဲ့ရကြောင်း၊
စီကာပါတ်ကုန်းပြောပြနေရင်း သူ့မျက်ဝန်းမှာ မျက်ရည်တွေသီသီဝေ့လို့နေပါတယ်။
စကားပြောကောင်းနေတုန်း နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီအဟောင်းကြီးက တစ်ဒေါင်ဒေါင်တဒင်ဒင်နဲ့
ဆယ့်နှစ်ချက်မြည်တဲ့အခါမှာ တော့ သူက
“ကလေးတွေထမင်းစားပြန်လာတော့မယ်၊
ခါတိုင်းဆိုထမင်းချိုင့်ယူသွားကြတာလေ၊
ကျောင်းနဲ့အိမ်က အတော်လေးတော့လှမ်းတယ်၊
မြို့ထဲကျောင်းက စရိတ်ကြီးတော့ ဝေးပေမယ့်လဲ မတတ်နိုင်ဘူး။
မနက် ကျောင်းမသွားခင် သမီးတွေက ထမင်းစားပြန်လာမယ်၊မေမေဘယ်မှမသွားနဲ့လို့ပြောသွားတာ”
” ကဲသမီးတွေမလာခင်အလုပ်ကိစ္စဖြတ်လို်က်ရအောင်” လို့ပြောပြီး
သူပေးစရာကျန်တဲ့ငွေထဲက တစ်ဝက်ကိုပေးလိုက်ပြီး နောက်ကျန်ငွေကိုတော့ တစ်လတစ်ကြိမ်
လဆန်းရက်ရောက်တိုင်းမှန်မှန်လွှဲပေးပါမယ် သုံးလအတွင်းအပြီးပေးပါမယ် ဆိုပြီး စာချုပ်မှာလက်မှတ်ထိုးပေးပါတယ်။
အဲဒီလိုလက်မှတ်ထိုးနေတဲ့အချိန် “ဒီဘဝမျိုးရောက်မယ်လို့ ဘယ်တုံးကမှ မတွေးမိဘူး အကိုရယ်”လို့ပြောရင်း
မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတော့ ကျနော်တောင်ရင်ထဲမှာတောင် ဝမ်းနည်း သွားသလိုပါဘဲ။
လူတစ်ယောက်ရဲ့ မလိုချင်ဘဲလက်ခံရတဲ့ ရှုံးနိမ့်မူ့ကိုစောင့်ကြည့်နေရတဲ့ ဒုက္ခကလဲသိပ်တော့ မလွယ်လှဘူးရယ်။
လက်မှတ်လဲထိုးပြီးရော” သမီးတွေနဲ့တော့ တွေ့သွားပါအုံးနော်”လို့ပြောတာနဲ့ကျနော်လဲဆက်ထိုင်နေရတော့တာပေါ့။
ခဏနေတော့ တဝုန်းဝုန်းနဲ့ပြေးလာတဲ့အသံကြားရပေမယ့် တံခါးဝရောက်လို့ လူစိမ်းလဲမြင်ရော
တိကနဲရပ်သွားပါတယ်။
ကလေးတွေလဲရောက်ရော “ဒါမေမေ တို့ကျောင်းတုံးက ရိုက်ထားတဲ့ဓါတ်ပုံထဲက အန်တီမာရဲ့ အကိုလေ”
လို့မိတ်ဆက်ပေးတော့ လိမ္မာယဉ်ကျေးတဲ့ကလေး သုံးယောက်က လက်ကလေးပိုက်ပြီး
“မင်္ဂလာပါဦးဦး”လို့နုတ်ဆက်ပါတယ်။
“ဘာလို့ဒီလောက်တောင်ပြေးလွှားလာကြတာလဲ မေမေ့ကို ဘာလိုစောင့်ခိုင်းတာလဲ”လို့မေးတော့
အကြီးမလေးကလက်ထဲမှာကိုင်ထားတဲ့အထုပ်ကလေးကိုမြှောက်ပြပြီး” အရည်ပျော်သွားမှာစိုးလို့ပါမေမေရဲ့”
လို့ချစ်စရာအသံလေးနဲ့ပြန်ပြောလိုက်ပါတယ်။
“ကဲ ကဲ ထမင်းမြန်မြန်စား ကျောင်းပြန်သွားရအုံးမှာ အဝေးကြီးရယ် ”လို့ပြောတော့ ထမင်းစားခန်းထဲပြေးဝင်သွားပြီး
ညီအမသုံးယောက် ထမင်းစားဘို့ပြင်ကြတဲ့အသံတွေကြားရပါတယ်။
ခဏနေတော့ အလတ်မလေး က ပုဂံလေးတစ်လုံးကိုင်လာပြီး
“မေမေဘို့” ဆိုပြီးလာပေးတော့
“ဘာတွေလဲသော်သော် ဒီမှာဦးဦးနဲ့စကားပြောနေတုန်းလေ”လို့ပြောတော့
“မေမေကြိုက်တဲ့ ပဲရေခဲသုတ်လေ ၊မြန်မြန်စား အရည်ပျော်သွားလိမ့်မယ်နော်၊
သမီးတို့ က မေမေစားရအောင်ဝယ်လာမှာမို့ ဘယ်မှမသွားနဲ့လို့ မနက်ကမှာခဲ့တာရယ်”လို့ပြောနေတုံး
ကျနော်ရှေ့ကမှန်ထဲမှာ ထမင်းစားခန်းပေါက်ဝကနေကြည့်နေတဲ့ ခေါင်းလေးနှစ်လုံးက
သူ့အမေကိုစားဘို့ ခေါင်းဆတ်ပြီး အသံတိတ် အချက်ပြနေတာမြင်ရပါတယ်။
မအေးမူကပဲသုတ်ကိုမွှေပြီးပါးစပ်ထဲကိုတစ်ဇွန်းထည့်လိုက်မှ ရပ်နေတဲ့သမီးကလဲထမင်းစားခန်းကိုဝင်၊
ထမင်းစားခန်းအဝကနေ ကြည့်နေတဲ့ခေါင်းလေးတွေလဲပျောက်သွားပါတယ်။
ကလေးတွေကို မမြင်ရတော့မှ
“ကျမ သမီးတွေကို မုန့်ဘိုးမပေးနိုင်တာကြာပြီ။
ကျမလဲ သွားရည်စာ မစားတာကြာပြီ။
ဟိုတစ်နေ့က သမီးတွေ အဝတ်စလေး တွေနဲ့ အရုပ်ကလေးတွေလုပ်နေကြတာ
ပြန်ရောင်းရင်တစ်ခုကို သုံးရာရတယ်ပြောတာ။
ကျမကတောင် အပိုအလုပ်တွေလို့ပြောသေးတယ်။
အဲဒီပိုက်ဆံနဲ့ကျမကြိုက်တဲ့ပဲသုတ်ဝယ်လာကြတာနေမှာ”လို့ပြောရင်းမျက်ရည်တွေကျလာပြန်ပါလေရော။ သိပ်မကွာဝေးတဲ့သူနဲ့ကျနော်ကြားမှာထိုင်နေရင်းကွာခြားသွားသလိုအမြင်တွေဝါးလို့ အဝေးကြီးလို့တောင်ထင်လာမိပါတယ်။
အစောကကျတဲ့မျက်ရည်နဲ့အခုကျတဲ့မျက်ရည်မျက်ရည်ခြင်းတူပေမယ့်ခံစားမူ့ခြင်းတော့ အများကြီးကွာမယ်လို့ထင်တာဘဲဗျာ။ }
ကိုဆန်းက အရှည်ကြီးတစ်ဆက်ထဲပြောပြီး မောသွားတဲ့ပုံနဲ့သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။
သူ့မျက်နှာကတော့ အခုဘဲလောလောလတ်လတ် ကြုံ တွေ့နေရသလို ခံစားချက်တွေမပျောက်သေးတဲ့မျက်နှာပေးနဲ့ပေါ့။
ကျနော်ကြားဘူးတဲ့ သီချင်းတစ်ပိုင်းတစ်စလေး တောင်ပြန်သတိရလာပါတယ်။
“ပြုံးပျော်ရင်လဲ ကျတဲ့မျက်ရည် ဝမ်းနည်းရင်လဲကျတဲ့မျက်ရည်” ပါတဲ့။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(4-10-2011)
15 comments
windtalker
October 4, 2011 at 6:42 pm
အေးမူ
ဆွေးပူ
ဘေးလူ
မထွေးကူနိုင်ရှာ
ကြိုးစား
ကူးခတ်
ဘဝလှိုင်းအလယ်
ရုန်းကန်နေဆဲ
blackchaw
October 4, 2011 at 6:58 pm
နားလည်မှုမရှိတဲ့ အိမ်ရှင်ပဲ၊ စာသင်တာပဲ မဟုတ်တာလုပ်တာမှ မဟုတ်တာ။
သမီးလေး သုံးယောက်နဲ့ ဆက်လျှောက်ရမယ့် ဘဝက ရင်လေးစရာကြီးပဲ ကိုပေါက်ရယ်။
ပေါက်ဖော်
October 4, 2011 at 7:35 pm
အသည်းငယ်လို ့လားမသိ..
ဖတ်ရတာ..ရင်ထဲ မကောင်းလှ….ဘူး ဆြာပေါက်ရဲ့..
zaymdy
October 4, 2011 at 8:11 pm
ဒီစာလေး ဖတ်ရင်းနဲ. ရင်တဲ.ဆို.ပြီး မျက်ရည်တောင် ဝဲမိတယ်ဗျာ… ကျွန်တော် အကို တောက ကိုကြီးကြွက်လို. လူမျိုးဆို တစ်ခါတည်း အဲအိမ်မှာနေပြီး သူသမီးလေး သုံးယောက် ပညာသင်ပေးဖို. အရေးတွေးပူလို. မနှေးကူကာ …….
ဆူး
October 4, 2011 at 8:27 pm
ဘဝတွေကလည်း တယောက်တမျိုးစီပဲနော်.. ပုံစံမျိုးစုံနဲ့ ဒါကြောင့် ဇတ်လမ်းတွေ မျိုးစုံ မရိုးနိုင်အောင် ထွင်ပြီး ဝတ္တုရေးကြတာ..
weiwei
October 4, 2011 at 8:38 pm
ပျော်နေကြတဲ့ မိသားစုပုံစံကို မြင်ယောင်မိပါတယ် ….
အဓိကက သမီးတွေ လိမ်မာနေတာမို့ နောင်တစ်ချိန်မှာ အဆင်ပြေတဲ့မိသားစုလေးဖြစ်လာမှာပါ …
naywoonni
October 4, 2011 at 9:00 pm
ဘဝဆိုတာ တစ်ဖြောင့်ထဲ သွားတဲ့ မျဉ်းတစ်ကြောင်းမှမဟုတ်တာ…။
hmee
October 4, 2011 at 9:17 pm
ဖတ်ပြီး စိတ်ထဲမကောင်းဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးက ဘယ်တော့မှ ထမင်းမငတ်လောက်ဘူး။ ကြုံရာ ကျရာ ဘဝကို ရင်ဆိုင်ရဲတယ်။ သူများ အကြွေးကိုလည်း နိုင်သလောက် ကျေအောင်ဆပ်ချင်စိတ်လည်း ရှိလို့ ဘယ်တော့မှ လူ့အောက်မကျနိုင်ပါဘူး။ သမီးလေးတွေကလည်း လိမ္မာတော့ အရွယ်ရောက်လာရင် အားကိုးရမှာပါ။
MaMa
October 4, 2011 at 9:55 pm
ခိုင်မာတဲ့ အကြောင်းအရာကို ကောင်းကောင်းစီကုံးပြလိုက်တာ ရင်ထဲကို နင့် သွားတာပဲ။ မှီ ပြောသလိုပဲ အဲဒီ အမျိုးသမီးရဲ့ ခိုင်မာပြီး ဖြောင့်မတ်တဲ့ စိတ်ဓာတ်နဲ့ လိမ္မာတဲ့ သမီးကောင်းလေးတွေကြောင့် အနာဂတ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။ ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
amatmin
October 4, 2011 at 11:14 pm
ကိုယ်တိုင် ဒီအဖြစ်မျိုးဆန်ဆန်ကြုံဖူးတွေ့ဖူးပေမဲ့ နှစ်ကြာတော့လဲ မေ့သလိုတောင်ဖြစ်နေပေါ့..
ကိုပေါက် ဇာတ်လမ်းပြန်ဖတ်လိုက်ရမှပဲ အဲဒီလိုကာလအတွင်း..
မိဘတွေဘယ်လိုစိတ်တွေနဲ့ရုန်းကန်လှုပ်ရှားခဲ့ရလည်းဆိုတာ
ခေါင်းထဲတရေးရေးပြန်ရောက်လာတယ်..
ဒါလဲအဖြစ်မှန်ပဲဆိုတာကိုခံစားလို့ရနေတာ ကို..
မိသားစုတွေ အချင်းချင်းအပြန်အလှန် ငဲ့ညှာမှုတွေရှိနေသရွေ့..
အနှေးနဲ့အမြန်ပဲပြီးပြည့်စုံတဲ့မိသားစု..ကောင်းမွန်တဲ့အနာဂတ်တွေရလာမှာပါ..
TTNU
October 4, 2011 at 11:25 pm
ဓါတ်ပုံတွေရိုက်လည်းလှပါပေ့၊
စာတွေရေးလည်း ရသ မိမိရရ ပေးတတ်ပါပေ့၊
စာဖတ်သူ ငိုချင်ရက် လက်တို့တတ်ပါပေ့။
pooch
October 4, 2011 at 11:57 pm
လေးပေါက် ရေ … အနော့်အသဲလည်း ငယ်တယ်ဗျ …. ဒါမျိုးဖတ်ရင် စိတ်ထဲ တမျိုးကြီးပဲ…..
ကြောင်ကြီး
October 5, 2011 at 11:59 am
နောက်မလို့ဟာ တောင်မနောက်နိုင်တော့ဘူး။ ဒီလိုပါပဲ ဘဝဆိုတာ ပုံသေတွက်လို့မရပါဘူး။ ကောင်းရာကနေ ဆိုးသွားသလို ပြန်ကောင်းလာနိုင်တာပဲလေ။ လုကံ ဝကံ ခြင်ထောင်မပြဲသ၍ပေါ့။
manawphyulay
October 5, 2011 at 2:08 pm
တစ်ယောက်ထဲရုန်းကန်ရတာ တော်တော်ကိုမလွယ်တဲ့ဘဝပါ။ ခုတော့ သားသမီးသုံးယောက်အတွက် ရှေးဆက်သွားနေတဲ့ဘဝက ရင်လေးစရာပေမယ့် သားသမီးလေးတွေက လိမ်မာလို့ အမေအတွက် စိတ်အေးရသေးတယ်နော်…
pan pan
October 5, 2011 at 2:50 pm
ဘဝဆိုတာ အမြဲတမ်းလည်း နိမ့်မနေဘူး
အမြဲတမ်းလည်း မြင့်မနေဘူးတဲ့ (ကျွန်မအဒေါ် ပြောပြောနေတာပေ့ါ)
လေးပေါက်ပိုစ့်ကိုဖတ်တာ ပိုစ့်ပြီးတော့ သက်ပြင်းရှည်ကြီးချလိုက်ရတာ
စိတ်ထဲမကောင်းလို့ မောနေတုန်းပဲ
ဘယ်လိုအခက်အခဲပဲကြုံကြုံ မိသားစုဝင်တွေ ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးမယ် ကြိုးစားမယ်ဆိုရင်
ဒီအခက်အခဲတွေ ကျော်လွှားနိုင်မှာပါ