တိမ်ချည်တဲ့နွယ်
\
သီချင်းလေးဆိုလွမ်းပြ
လမင်းလေးကို နမ်းပြ
တမ်းတတဲ့သမုဒယစိတ်တွေနဲ့အတူ
မြင့်မြတ်တဲ့အချစ်ဝိဉာဉ်နဲ့
ငါ နင့်ကို မိုးကောင်းကင်ဆီခေါ်သွားချင်တယ်နွယ်……
သပြေညိုရောင် မြေနီလမ်းထဲက
ရွေအိုရောင်အိပ်မက်လှလှတို့
အချို့အချို့သောအကြောင်းတွေဟာ
ဟောင်းနွမ်းလို့မသွားဘဲကွယ်
တလည်လည်နဲ့နောက်ကလိုက်
တိုက်ခိုက်လို့ကောင်းတဲ့အရိပ်
အတိတ်ဟာ တစ္ဆေဖြစ်
အချစ်တွေကိုမွေးဖွား
အသွားထက်ထက်အလွမ်းဟာ
အရမ်းပဲနှိပ်စက်
အိပ်ပျက်ညတွေအသင်္ချေ
ရေ..ရေလို့မရတော့
အချစ်ဆူးစူး
အရူးတစ်ပိုင်းပဲပေါ့ နွယ်…..
ရင်ခုန်ခဲ့တဲ့နေ့တစ်နေ့
မိုးရိပ်ငွေ့တွေဝေ့နေခဲ့
မိုးပွင့်လွှာဇာပုဝါပါးပါး
တံတိုင်းတစ်ချပ်ကြားမှာ
တစ်သက်တာချစ်ရတဲ့ ချစ်သူတစ်ယောက်
လျှောက်လာမယ့်လမ်းမထက်
သူတစ်ကာထက်နေရာဦး
ထူးလည်းထူးခဲ့
ဪ….ရူးလည်းရူးခဲ့ဖူးတယ် နွယ်…..
မိုးငွေ့တို့လွင့်ပြယ်စ
ညှင်းလျှလျှလေပြေကြားမှာ
သင်းမြမြခရေစကားတွေက
အပြည့်အလျှံစီးဆင်း
ရနံ့ခရီးတစ်ခုထွက်
သူမခေါင်းထက်မှာလည်း
ခရေကနေရာယူ
တစ်မူဖြင့်လှပါရဲ့
ခရေကမွှေးထုံ
စကားတွေအစုံစုံနဲ့
ဖုန်ထူထူလမ်းမပေါ်
ခပ်ကြမ်းကြမ်းနေမလွှမ်းခင်
တူယှဉ်တွဲလို့လမ်းလျှောက်
တစ်ဒင်္ဂ တစ်ခဏဆိုပေမယ့်
တစ်ဘဝစာလောက်ပျော်ခဲ့ဖူးတယ် နွယ်…..
ပူလောင်ပြင်းထန်တဲ့
မာန်တင်းတင်းနေမင်းဟာ
မြေနီလမ်းလေးပေါ်ကိုပြုတ်ကျ
တံလျှပ်ရိပ်တွေ တဖိတ်ဖိတ်ထပေါ့
အဲဒီလမ်းလေးပေါ်မှာပဲကွယ်
ထီးကလေးတစ်ချောင်းကိုနှစ်ယောက်အတူမဆောင်း
တစ်ယောက်ကနေပူ
တစ်ယောက်ကနေရိပ်
တဖိတ်ဖိတ်လက်နေတဲ့ တံလျှပ်ကိုခံပြင်း
အံတင်းပြီးဆက်လျှောက်
တောက်…..တော့မခေါက်ဖြစ်ဘူးလေ
နေပူပူလမ်းမပေမယ့်
တမ်းတရတဲ့ချစ်သူနဲ့
အပြစ်မယူလိုက်ပါ
အဲဒီအခါမှာ
အချစ်ဟာ စွမ်းအားကြီး
နေတစ်စင်းဟာ လမင်းဖြစ်
ချစ်ခြင်းဖြင့်အရာရာကိုမေ့
ကြည်မွေ့နေခဲ့ဖူးတယ် နွယ်………
အချိန်တွေဟောင်းလေ
တန်ဖိုးကောင်းလေတဲ့
တကယ်ပဲမှန်နေခဲ့
ရှည်ကြာလာတဲ့အဖြစ်တွေနဲ့
သေချာလာတဲ့အချစ်တွေဟာ
ခိုင်ခိုင်မာမာဖွဲ့စည်း
မျှော်လင့်ချက်တွေ နိုးထ
ဆုံးမ မရတဲ့စိတ်တွေဟာ
မင်းဆီမှာခိုကပ်
အိပ်ပျက်ရက်တွေကိုဖန်ဆင်း
ချစ်ခြင်းကိုမခွဲပါနဲ့ လို့
တေးတစ်စကိုခပ်တိုးတိုးဆိုပြီး
သံသရာခရီးအဆက်ဆက်
အဆင်သင့်ထွက်နိုင်အောင်
ရှောင်သင့်တာတွေရှောင်
ဆောင်သင့်တာတွေဆောင်နဲ့
နင် စိတ်ကျေနပ်အောင်နေပြခဲ့ဖူးတယ် နွယ်……
အိပ်မရတဲ့ညညတွေမှာ
ခဏခဏထထိုင်ပြီး
ကဗျာတွေစာတွေဖွဲ့
ခပ်နွဲ့နွဲ့စကားတွေဟာ
ရင်ခွင်မှာပြည့်လျှံ
နေရာလပ်မကျန်အောင်ပေါ့
အဲဒီ့စကားတွေကိုပဲကွယ်
နှုတ်ဖျားမှာရွေးခြယ်
ပြောမယ်လို့ရည်စူး
ဆူးစူးနေတဲ့ဒဏ်ရာဟာ
ရင်မှာတကယ်ခံခက်
ရက်တွေကရှည်ကြာ
နေလာတာအဓိပ္ဂါယ်မရှိ
စွဲငြိလွန်းတဲ့နှလုံးသား
လွမ်းဖျားတွေလည်း ဖျားခဲ့ဖူးတယ် နွယ်………
”ချစ်ပါတယ်မောင် ” တဲ့
ဒါ လှောင်တဲ့စကားလား
ရင်ထဲမှာလှိုက်ခနဲခုန်
တုန်ခနဲငြိမ့် သိမ့်ခနဲခါ
ပျော်စရာရွင်စရာလွင်ပြင်
ရင်ခုန်သံမတိုးတတိုး
ကိုယ်စီပိုင်စိုးခဲ့တဲ့နေရာ
အကြင်နာရဲ့အနီးအနား
နင်နဲ့ငါ လှည့်လည်သွားလာဖူးတယ် နွယ်….
နှင်းစက်ပွင့်တို့
မိုးစက်ပွင့်တို့
နှလုံးသားထဲမှာတဖွဲဖွဲရွာ
ခရီးတစ်ခုလည်းရောက်ခဲ့ပါပြီဆိုမှ
အခိုက်အတန့်သာခဏလေး
နမ်းရှိုက်ကာမွှေးခဲ့တာလား
ယိမ်းသယောင်နဲ့တိမ်းရှောင်ထွက်
မင်းမို့ ရက်စက်ရက်တယ် နွယ်……
နွယ်ရေ….
ပျင်းရင် သီချင်းဆိုပါ
ပျင်းရင် အင်တာနက်ဝင်ပါ
ဒီထက်ပျင်းနေသေးရင် ချက်တင်းထိုင်ပါ
ဒါပေမယ့်…
အပျင်းပြေဖြစ်ဖြစ်
ငါ့ကိုလာမချစ်ပါနဲ့
တစ်မိနစ်ကြာကြာ
နှစ်မိနစ်ပဲကြာကြာ
နွေးထွေးချိုရှတဲ့အရာ
အချစ်ရဲ့အရသာကိုသောက်သုံး
အရက်ချိုတောင် ငါမုန်းဖူးလို့ပါ နွယ်……
အခုတော့ ငါ့စိတ်တွေက
သတိရတဲ့အခါ မီးခိုးဖြစ်
စိတ်ညစ်တဲ့အခါ တိမ်လိုမျော
ရွက်ကြွေတောမှာ ငေးမောမိသူ
အပူကွယ်စရာ နွယ်တစ်မျှင်
သံယောဇဉ်ဆိုတာနဲ့လည်း ဝေး
အတွေးလှိုင်းတွေရဲ့ ဦးတည်ရာ
နင်ရှိမယ့်နေရာ…..
အို…နင်ရှိတဲ့နေရာတွေပါပဲ နွယ်…..
တစ်နေ့နေ့ တစ်ချိန်ချိန်
ဒို့တစ်တွေ ပြန်ဆုံခွင့်ရမယ်ထင်ပါတယ် နွယ်……
2 comments
kopauk mandalay
May 20, 2010 at 3:42 pm
ကောင်းလိုက်တဲ။ကဗျာ မောင်စိန်ဝင်းတောင်ငိုသွားနိုင်တယ်။
ကောင်းလှောင်.တေး
Rain girl
May 21, 2010 at 2:15 am
ဒီလို ကဗျာကို အရှည်ကြီးရေးနိုင်တဲ့ အတွက်ချီးကျူးပါတယ်ရှင်။ ကဗျာလေးက အရမ်းကိုကောင်းပါတယ်ရှင်။