ဂဇက် တံခါးစောင့်ကြီး (အောက်တိုဘာ – ၂၈)

black chawNovember 3, 20111min2518

ကျွန်တော် မနေ့က တင်တဲ့ ပို့စ်ထဲမှာ ဂဇက် တံခါးစောင့်ကြီး ပို့စ် ကို ဆက်ရေးသင့်သလားဆိုတာ ဆန္ဒ တောင်းခံ ကြည့်ပါတယ်။ ဘာလို့ဆို သူများရေးထားတာကို ကျွန်တော်က ပိုင်စိုးပိုင်နင်း ဆရာကြီးလိုလိုဘာလိုလိုနဲ့ သုံးသပ်ရလောက်အောင် မင်းကဘာကောင်လဲ လို့ မေးလာရင် အခက်သားလား။

ဟိုတစ်နေ့က မိုးစက်က သူ့ကို ဆရာမ မိုးစက်လို့ သုံးနှုန်းထားသဖြင့် မိုးစက်က ဆရာမမဟုတ်ဘူးနော် လို့ ကွန်းမန့်မှ ပြောပါသည်။ မနေ့က ဆူးကလည်း ဆရာမ လို့ မခံယူဝံ့သေးပါ ဟု ပြောပြန်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော် တို့အားလုံး စာရေးသူများဖြစ်နေကြပါပြီ။ အခကြေးငွေ ရယူသော စာရေးဆရာမဟုတ်တောင် ကိုယ့်အမြင်ကိုယ့်အတွေးကို ဝေမျှနေကြသော စာရေးသူတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ယောင်္ကျားဆိုရင် ဆရာ တတ်ခေါ်ပါသည်။ မိန်းကလေးဆိုလျှင် ဆရာမ တတ်ခေါ်ခြင်းဖြစ်ပါသည်။ မကောင်းသော စိတ်နှင့် ရိပြီးခေါ်ခြင်းမဟုတ်ပါကြောင်း ရွာထဲမှ စာရေးသူ ဆရာ ဆရာမများအား သိစေအပ်ပါသည်။ ကျွန်တော်ကလည်း

ဆရာ ဘလက်ချော ပေပဲ မဟုတ်လားဗျာ နော။

အောက်တိုဘာ ၂၈ ရက် နေ့စွဲဖြင့်တက်လာသောပို့စ်များအား ဖတ်ပြီးပွားထားခြင်း ဖြစ်ပါသည်ခင်ဗျား။

ဒီတစ်ခေါက် ဆရာ ဘီလူးကြီး၏ ကျွန်တော့် ကျေးဇူးရှင် ၂ ကို စဖတ်ဖြစ်ပါသည်။ ဒီအပိုင်း ၂ မှာတော့ ရေမွှေးသည် အဒေါ်ကြီး က ဘီလူးကြီးကို သူတို့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့စည်းရုံးတဲ့ အခန်းရောက်နေပါပြီ။ ကျန်တဲ့ အပိုင်းကတော့ အေးဂျင့်တွေရဲ့ ဆိုးသွမ်းတတ်တဲ့ အကြောင်းလေးတွေကို ထည့်ရေးထားပါတယ်။ ထုံးစံအတိုင်း ကိုးရီးယား ကားလိုလုပ်ထားခဲ့ပြန်ပါတယ်။ ဖတ်လို့တော့ အကောင်းသားဗျ။ ရေမွှေးသည်ကြီးနဲ့ ဘီလူးကြီးရဲ့ ရှေ့ ဆက်လာမယ့် ပတ်သက်မှုကို ကျွန်တော်တကယ်ပဲ စိ်တ်ဝင်စားမိပါတယ် ဘီလူးကြီးရေ။

 

နောက် ဆရာ ကိုပေါက် (မန္တလေး) ၏ ကိုပေါက်လမ်းသလားနေသည် အပိုင်း ၂၁ (ဘီလူးချောင်းရင်ခွင်ထဲသို့အဝင်) ကို ဆက်ဖတ်ပါတယ်။ အောင်ပန်း ကနေ လွိုင်ကော်ကို သွားတဲ့ ခရီးသွားဓါတ်ပုံ အက်ဆေးလေးတစ်ပုဒ်ပါ။ ဖတ်သူပါ ဓါတ်ပုံဆရာနဲ့ တစ်ခါတည်း ပါသွားသလို ခံစားရမှာပါ။ မရောက်ဘူးသေးသူများအတွက် ဗဟုသုတရမယ့် ပို့စ်ကောင်းလေးအဖြစ် ညွှန်းပါရစေဗျာ။

 

ကိုရှုံးလို့ ချစ်စနိုးခေါ်ကြသော ဆရာ ရှုံးနိမ့်မှုများနဲ့ လူ ၏ ကျွန်တော်နဲ့ ဆေးလိပ် ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ မိမိဘဝကို အားမလိုအားမရ ဖြစ်ခဲ့သောကိုရှုံး၊ RIT မှန်းသော်လည်း GTI လောက်နှင့်သာ ကျေနပ်ခဲ့ရသော ကိုရှုံး၊ အဆိုပါ ကိုရှုံး၏ စာပန်းအိမ် Guide ဆရာဘဝတွင် ကျောင်းသားဆိုးများထံမှ စီးကရက်ဗူးများကို သိမ်းဆည်းပြီး ဖျက်ဆီးမပစ်ပါပဲ သေတ္တာထဲထည့်သိမ်းထား မိသော ကိုရှုံး တစ်ယောက် ညဘက်အိပ်မပျော်၍ သဇင်ဆောင်မှ ရည်းဇားဦးလေးအကြောင်း ကို တွေးရင်း တစ်စိမ့်စိမ့်ကြည်နူးနေခိုက် ဆက်ပါဦးမည်ဆိုပြီး တုံးတိကြီးဖြတ်ချသွားပါသည်။ ကိုရှုံး ဟု ဆိုသော်လည်း ဆော်ကြည်ဘဲ ဖြစ်ပုံပေါ်ပါ၏။ ဖတ်ကြည့်ကြပါကုန်။

 

ဆရာသို့မဟုတ် ဆရာမ Nikita ၏ similar body build and similar smile ဆိုတဲ့ ပို့စ်ကတော့ မိုးအောင်ရင်နဲ့ ရဲလေး ဓါတ်ပုံနှစ်ပုံကို ယှဉ်လျက်ပြထားခြင်းသာဖြစ်ပါ၏။ ဘာကိုဆိုလိုချင်တယ်ဆိုတာကို သဘောပေါက်သလိုရှိပေမယ့် စိတ်ဝင်စားဘို့ မကောင်းဘူးလို့ထင်ပါသည်။ အေးလေ မိန်းကလေးတွေ စိတ်ဝင်စားရင်တော့ မပြောတတ်ဘူး။ စကားမစပ် nikita က မိန်းမလား ယောင်္ကျားလားဗျ။

 

ဆရာ Foreign Resident ရဲ့ Voice Journal ရဲ့ ရှယ်ဖွချက်နဲ့ အတွေးများ ပို့စ်ကို ဆက်ဖတ်ဖြစ်ပါတယ်။ အပိုင်း ၃ မှာ pooch မေးထား တဲ့ မေးခွန်းလေးဖြစ်တဲ့ “ဩဇီ နိုင်ငံသားတွေရော အခွန်ကိုဘယ်လိုပေးဆောင်ရလဲ” ဆိုတဲ့ မေးခွန်းလေးကို ဖြေထားတာပါ။

ရွာသားများလည်း ဖတ်တာ ခဏ ရပ်ပြီး ကိုယ့် အတွေးအခေါ် ကိုယ်ပြန် ဆန်းစစ်ကြည့်ကြပါအုံး ။

 ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေ ဆိုတာအလကား ဖြစ်လာတာ မဟုတ်ပါဘူး ။

 အဲလိုပဲ မြန်မာပြည် ဆင်းရဲတာလည်းအစိုးရ တခုတည်း ကွက်ညံ့တာ မဟုတ်ပါဘူး ။

 တိုင်းသူပြည်သားတွေရဲ့ အတွေးအခေါ် အမူအကျင့် တွေလည်း နိမ့်နေလို့ပါ ။

 ပြောရရင် နဲနဲ ဒူ နှင့် များများ ဒူ ပဲကွာပါတယ် ။ အဘ အပါအဝင်ပါ။

ဒီလိုစာသားမျိုးတွေပါဝင်တဲ့ မြန်မာနိုင်ငံ နဲ့ ဩဇီ နိုင်ငံကြားက မိုးနဲ့မြေလောက်ကွာခြားနေပါတဲ့ အခွင့်အရေးတွေ အကြောင်းရေးထားတာပါ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ပြီး အဘFR ပြောတာ ဟုတ်မဟုတ် လေ့လာကြဘို့ ညွှန်းပါရစေ ဗျာ။ မကျေနပ်ရင်လည်း ကွန်းမန့် နဲ့ ပြန်ပစ်ပေါ့ခင်ဗျာ။

Nikita ကပဲ Guess who: it’s Ye Lay ဆိုတဲ့ ပို့စ်ကတော့ ဒိုရေမီအဖွဲ့နဲ့အတူ ရဲလေး ဆိုတဲ့စာသားနဲ့ ဓါတ်ပုံသေးလေး နှစ်ပုံပါ။ ဘာကိုဆိုလိုချင်တာလဲ ကျွန်တော် နားမလည်ပါ။

နောက်ပို့စ်ကတော့ ဆရာကြောင်ကြီး ရေးတဲ့  ဘာဆန်းလဲ No Wonder ဆိုတဲ့ ပို့စ်ကတော့ သေသေချာချာ အားစိုက်ပြီး ဖတ်ကြည့်မှ နားလည်မှာမို့ အပေါ်ယံ ဖတ်မကြည့်စေချင်ပါဘူး။ ကျွန်တော်ရေးခဲ့သော ကုလားအစ်နှင့်မြန်မာအစ် ဆိုတဲ့ ပို့စ်လေး ကို ဖတ်တဲ့ အကြောင်းလေးထည့်ရေးထားတဲ့ အတွက် ဆရာကြောင်ကြီးကို ကျေးဇူးတင်ရပါတယ်။ သူပြောတာက ဒီလိုပါ။

“ကိုနက်ချော မနေ့ကတင်တဲ့ ကုလားအစ်နဲ့ မြန်မာအစ်ပို့စ်မှာ မြန်မာတွေ အလှူလုပ်ရင် နွား၊ ဝက်၊ ကြက် အကောင်များစွာ သတ်ဖြတ်တယ်၊ ဒါကြောင့် မြန်မာတွေက ပိုဆိုးတယ်လို့ စဉ်းစားစရာ ရေးပြထားတယ်။ဆင်းရဲနေတာ ဘာသာတရား ကိုင်းရှိုင်းလို့လား၊ ဘာသာတရား အဆုံးအမကို မလိုက်နာ ကိုယ်လိုရာဆွဲ သုံးနေကြလို့လား တွေးစရာ ဖြစ်ပါတယ်။”

ကျွန်တော့် ကုလားအစ်နဲ့ မြန်မာအစ် ဆိုတဲ့ ပို့စ် က ကြောင်ကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြချင်ပါသေးတယ်။

“အဲဒါပဲလေ.. မြန်မာတွေ ဆင်းရဲတာ မတိုးတက်တာ ဘာသာတရားကြောင့်လား၊ ဘာသာတရား အဆုံးအမကို တကယ်မလိုက်နာလို့လားဆိုတာ တွေ့နိုင်တာပဲ။ ပါဏာတိပါတကံကို နေ့တိုင်းရွတ်နေပြီးတော့ သတ်လိုက်တဲ့ သူများအသက်တွေ၊ ပံ့သကူသားဆိုပြီး ကိုယ့်ကိုယ်ကိုလိမ်နေလိုက်ကြတာ။ ပြောချင်တာ သက်သတ်လွတ် မလွတ်ထက် အပြောတမျိုး အလုပ်တမျိုး ဖြစ်နေပုံကြောင့် တလွဲအကျိုး ခံစားနေရတာကိုပါ။ လူတွေရဲ့ စိတ်ဓာတ်ပျက်ဆီးနေတာကို ဘာသာတရားကို လွှဲမချနဲ့ဗျို့… အင်းပြောရရင် ကြောင်မင်းလွန်ရာကြမယ်၊ သူ့ကံနဲ့သူလာတာ….”

ကြောင်ကြီးရဲ့ ပို့စ် က  ဆင်းရဲနိမ့်ကျနေတာဘာသာတရားကြောင့်လား၊ ဘာသာတရား အဆုံးအမကို မလိုက်နာ ကြလို့လား ဆိုတဲ့ စဉ်းစားစရာတစ်ခုကို ချပြထားပါတယ်။ ပြီးတော့ မကျေမနပ် ရေရွတ်ရင်း ပို့စ်ကို အဆုံးသတ်ထားပါတယ်။

လူလည်း လူအလျောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် စည်းဖောက်မှတော့ မြန်မာတွေ ဘေးရောက်တာ ဘာဆန်းလဲ……။

မိုက်ကယ်ဂျော်နီအောင်ပု နဲ့ ကြောင်ကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်လေးများနဲ့ ဖတ်ဖြစ်အောင် ဖတ်ရမယ့် ပို့စ်လေးတစ်ခုပါ ညွှန်းချင်ပါတယ်ဗျာ။

ဆရာထက်ဝေ ရဲ့ အာဏာရှင်ဆိုတဲ့ ကဗျာလေးကတော့ ရက်စက်သောအာဏာရှင်စံနစ် ကမ္ဘာမှာ ပျက်သုဉ်းပါစေသတည်း ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားတဲ့ အာဏာရှင်တွေ ကျဆုံးနေတဲ့ အကြောင်းရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကဗျာကြိုက်သူတွေ ဖတ်ကြည့်ကြပါ။

ဆရာလေး ဂေ့ အင်ဇာဂီ ၏ ဒေါ့ခ်ထှာ ဖိလစ်ပ်စ် ခေါ်ထလာ နှင့် အင်ထာဗျူး ဆိုတဲ့ ပို့စ်လေးကတော့ Marketing စိတ်ဝင်စားသူတွေ ဒေါင်းလုတ်ဆွဲပြီး သိမ်းရမယ့် ပို့စ် လေးပါ။ ခေါင်းစဉ်တတ်ပုံကတော့ ဖတ်ရတာ တယ်ဟန်မကျလှဘူး ဆရာ ဂေ့ရေ။ ဒီလောက်ပီပီသသကြီး ရေးပြတော့လည်း ဖတ်ရတဲ့ ကျွန်တော်တို့မှာ လျှာခလုတ်တိုက်ပါတယ်ဗျာ။ အသာလုပ်ပါ ဆရာဂေ့ရေ။ အပျော် ပြောတာပါဗျာ။

ဆရာလေး ကိုပေ ခေါ် windtalker ၏ မင်္ဂလာလေးရယ်တဲ့ ဆောင်သောအခါ ပို့စ်လေးမှာ သပ်သပ်ယပ်ယပ် ရှိလှသော ရသဟန် ရေးဖွဲ့မှု တစ်ခု ဖြစ်ပါသည်။ ဝက်သားရောင်းသူ ချစ်ကိုကို နှင့် ပန်းရောင်းသူ ချိုမမ တို့ နှစ်ယောက် မင်္ဂလာဆောင်ဘို့ စီစဉ်နေကြပုံကို ရေးဖွဲ့ထားပါသည်။ ဒေသသုံး ဝေါဟာရလေးတွေကိုလည်း ဗဟုသုတ အနေဖြင့် ထည့်သွင်းထားပေးပါသည်။

( နှစ်လက် = တစ်ရာရင်း၍ ရောင်းပြီး သုံးရာ ရလျှင် နှစ်လက်ကျန် သည် ဟု ဆိုကြသည် ။ )

အေးအေးဆေးဆေး ဖတ်ကြည့်သင့်သော ပို့စ်လေးတစ်ပုဒ်အဖြစ် ညွှန်းချင်ပါသည်။ ကိုးရီးယားကားလို အခန်းဆက် ဆိုပေမယ့် သူ့ ပထမပိုင်းကိုက တော်တော် ရှည်ရှည်လေး ရေးထားပေးတာပါဗျာ။

(ကိုပေရေ ဒါမျိုးလေးတွေ ရေးနိုင်တာ အံ့ဩမိပါတယ်။ တကယ်ကို ဖတ်လို့ကောင်းတာပါ။ ကျွန်တော် ကွန်းမန့် ဝင်မပေးထားတာ စိတ်မရှိပါနဲ့ဗျာ။ အေးအေးဆေးဆေး သေသေချာချာ ဖတ်ပြီးမှ အခုလို ရေးချင်လို့ပါ။ ပို့စ်မှာ ကွန်းမန့် မပေးပေမယ့် ဒီမှာ တစ်ခါတည်း ကွန်းမန့် ပေးလိုက်တာပါ။)

ဆရာလေး မှော်ဆရာ ရဲ့ မှော်ဆရာဓါတ်ပုံရိုက်နေသည် (ဦးကုလားကြီးရဲ့ အသုဘ) ဆိုတဲ့ ပို့စ်လေးကလည်း ကွန်းမန့်ပေါင်း ၃၁ ခုတောင် ချီးမြှင့်ခြင်း ခံရတဲ့ ပို့စ်လေးတစ်ခုပါ။ ခေါင်းစဉ်ပါအတိုင်း ဦးကုလားကြီးရဲ့ အသုဘကို ဗီဒီယို မှတ်တမ်းတင်ပေးရ ခြင်းဖြစ်ပြီး နောက်ခံတေးဂီတ ထည့်သွင်းတာလေးတွေနဲ့ ရယ်စရာဖြစ်အောင်ရေးထားတဲ့ ပို့စ်လေးပါ။ ဖတ်ပြီးပြုံးချင်စရာကွန်းမန့်လေးတွေနဲ့ ဖတ်ဖြစ်အောင်ဖတ်ရမယ့် ပို့စ်လေးပါခင်ဗျာ။

(မှော်ဆရာရေ။ပြီးခဲ့တဲ့ အပတ်က ခင်ဗျားပို့စ်တစ်ခုဖြစ်တဲ့ ကင်မရာကိုင်တဲ့ မှော်ဆရာ ပို့စ်လေးကို သေသေချာချာ ရေးထားပါလျက် ဖတ်တယ်ဆိုတာလေးပဲ ပါသွားတယ်ဗျာ။ ကော်နက်ရှင် နှိတ်စက်တာနဲ့ အသေးစိတ်ပါမသွားတော့ဘူး။ ခွင့်လွှတ်ပါ ဆရာ။)

ဆရာ Charm Boy ရဲ့ Nice Models Photo (X Ray) ကတော့ ဓါတ်မှန်ရိုက်ထားသလို အရိုးတွေပဲမြင်ရတဲ့ ဓါတ်ပုံလေးတွေပါ။

ဆရာ Charm Boy ပဲ ဆက်ညွှန်းထားတဲ့  Steve Job ရဲ့ အကြောင်းကိုရေးထားတဲ့ Steve Jobs by Walter isaacson စာအုပ်လေးကို ဖတ်နိုင်ဘို့ လင့်လေးပေးထားတာပါ။ စိတ်ဝင်စားသူတွေ  ဒီမှာပဲ ယူလို့ရအောင် ကူးပေးလိုက်ပါတယ်။

http://www.mediafire.com/?kdbe3f2874yqp66

ဆရာကိုရင် ရဲ့ သောနုတ္ထိုရ် ငိုချင်း ကတော့ ကဗျာကောင်းကောင်းလေးတစ်ပုဒ်ပါ။ ကဗျာ ကြိုက်သူတွေ ဖတ်ရမယ့် ပို့စ်တစ်ခုလို့ ညွှန်းပါရစေ။

လုပ်ငန်းခွင် အတွေ့အကြုံလေးတွေကို ပြန်ရေးပြနေပါသော ဆရာမ Etone ၏ မမှီလျှင် မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် ၂ ကို ဆက်ဖတ်ဖြစ်ပါသည်။ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ ဘဝကို ရေးပြထားခြင်း ဖြစ်ပါသည်။ မောင်သာရတို့ ခေတ်ကဆိုလျှင် သရုပ်မှန် ဝတ္ထု ဟု ခေါင်းစဉ်တတ်ပါလိမ့်မည်။ ဒါပေမယ့် ဒီလိုအကြောင်းတွေ ရေးလျှင် စာရေးသူ ရဲ့ အမြင်က အရေးကြီးပါသည်ဟု ဆရာမ Etone ကို ပြောပြချင်မိပါ သည်။ ဆရာမ ရေးပြနေသည်များမှာ ဆရာမ နေရာမှ မြင်သောအမြင်တစ်ခုကိုသာ ရေးပြနေသည်ဟု ဆိုချင်ပါသည်။

“သူတို့လေးတွေ ကုတ်ခြစ်စုပြီး လက်ထဲ ပိုက်ဆံရတဲ့အခါ အိမ်ဝိုင်းဝယ်တာမျိုး ခြံဝယ် တာမျိုး လုပ်ပေးတတ်ကြပါတယ် … ။ တစ်ချို့ကလည်း ရွှေတိုရွှေစ (ဆယ့်လေးပဲရည်)က အစ … အခေါက်ရွှေ မီးလင်းရွှေ အကယ်ဒမီရွှေအထိ စုနိုင်ကြတယ် …. ။”

ဆရာမရေ၊ ကျွန်တော် တောင်းဆိုလိုသည်မှာ သူတို့လေးတွေ၏ ဆရာမမမြင်နိုင်သော ဘဝအမော နှင့် သူတို့ဘဝ ကို ယောင့်ရဲ မနေပဲ ဒီထက်ပိုမြင့်တဲ့ နေရာမျိုးရောက်ဘို့ ကြိုးစားနေကြတာမျိုးလေးတွေကို လည်း ရေးပါဦးဟုသာ။ အခုထိတော့ ခေါင်းစဉ် ကို ဖမ်းမမိသေးဟု ဆိုချင်ပါသည်။ ကွန်းမန့်များထဲမှ ကြောင်ကြီး၏ ကဗျာကွန်းမန့်လေးကို အမြည်းအဖြစ်ဖေါ်ပြချင်ပါသည်။

ကမာ္ဘ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကနေ

ဘာမီတွန်နဲ့ ပါရာစီတီမောလ် ပုလင်းလိုက် ထားပေးပါတယ်ဗျ။
နေမကောင်း ချောင်းဆိုး
ဘာမီတွန်မရိုး
ခေါင်းကိုက် နာဖျား
ပါရာစား၊
အသက်လုမြော
နှစ်မျိုးရော၊
ဆရာဝန်အစား
လစာမဲ့နား၊
စစ်ဆေးရေးဝင်
အကိုကြီးရှင်၊
ဂေဇက်မှာကြွား
ဟိုတယ်အလား၊
ကြောင်ကြီးဖော်ထုတ်
ငါးကြော်စုတ်၊
အီးဒုံးအသံတိတ်
ပါးစပ်ပိတ်
ကိုယ့်အသား
ကိုယ်ပြန်ဆိတ်..။

ဆရာအလင်းဆက် ရေးတဲ့ အချစ်ဝတ္ထုတို ဆိုတဲ့ ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ နည်းနည်းလေး အားထည့်ဖတ်ဘို့လိုပါ လိမ့်မည်။ သူကြီး၏ ကွန်းမန့်ကို ဖတ်ပြီး အတွေးတစ်ခု ဝင်မိသည်။ ကျွန်တော်က ဉာဏ်ရည်နိမ့်သည်လေ။ သူကြီး၏ ကွန်းမန့် နှင့် အလင်းဆက်၏ အချစ်ဝတ္ထု နှိုင်းယှဉ်ပြီး ဖတ်ဖြစ်အောင်ဖတ်ကြည့်ပြီး ရွာသူားတွေ နားလည်တာလေးများရှိရင် ကျွန်တော်ဘလက်ချော ကို ပြန်ပြောကြပါဦး ဟုသာ။

ဆရာမ hmee ရဲ့ Nazareth မယ်တော်မာရိအိမ် ကတော့ အခန်းဆက် အစ္စရေး ပို့စ်လေးတစ်ခုပါ။ ဓါတ်ပုံလေးတွေနဲ့ ဗဟုသုတပေးတဲ့ စာလေးတွေကို ပါ ဖတ်ကြရမှာမျိုးပါ။ စာမြည်းလေး ထည့်ပေးပါရစေ။

အစ္စရေးလို့ ဆိုလိုက်တာနဲ့  လူတွေမျက်လုံးထဲ ဘာအရင်ပြေးမြင်လဲဆို သဲကန္တာရ အရင်ပြေးမြင်မိတာပဲ။  တကယ်တော့ တနိုင်ငံလုံး ကန္တာရကြည့် မဟုတ်ပါဘူး။ နိုင်ငံလေးက ငယ်ပေမဲ့ အစုံရှိပါတယ်။  သစ်တောတွေ ဖုံးနေတဲ့ မြင့်မားတဲ့ တောင်တန်းတွေလည်း ရှိသလို   စိမ်းစိုတဲ့ လွင်ပြင်တွေ၊ ရေခဲဖုံးနေတဲ့ တောင်တွေလည်း ရှိပါတယ်။  နိုင်ငံတောင်ပိုင်းကသာ ကန္တာရလွင်ပြင် ဖြစ်ပေမဲ့ မြောက်ပိုင်းကတော့ တကယ်ကို စိမ်းစို လှပတာပါ။  ဟိုး ….မြောက်ဖျားမှာ Hermon ဆိုတဲ့ တောင်မှာ ဆောင်းဆို ရေခဲတွေ ဖုံးနေပါတယ်။  ရေခဲပြင် စကိတ်တွေ ဘာတွေတောင် စီးလို့ရပါတယ်။ 

ဆရာမမှီ ရဲ့ ဒီပို့စ်လေးကတော့ ရွာသူရွာသားတွေ ကို ဗဟုသုတပေးတဲ့ ပို့စ်လေးတစ်ခုအဖြစ် ဖတ်ကြည့်ကြဘို့ ညွှန်းပါတယ်ဗျာ။

ဆရာ ကြောင်ကြီး ၏ မှတ်ပုံတင် မလိုချင်ပါ No Registration ဆိုသည့် ပို့စ်လေးကတော့ မြန်မာနိုင်ငံရေးကို စိတ်ဝင်စားနားလည်ကြသူများ မဖြစ်မနေဖတ်ကြရမည့် ပို့စ် ဖြစ်ပါသည်။ သူကြီး ဦးဆောင်သော ကွန်းမန့်များနှင့် စိတ်ဝင်စားစရာ ပို့စ်လေးဖြစ်ပြီး စိန်ကောင်းကျောက်ကောင်းရောင်းသည့်နေရာတွင် ဆေးရိုးသည် ဘလက်ချော ဝင်မရောတော့ပါကြောင်း။

ဆရာလေးနိဂိမိ၏ မန်းလေးသွားတောလား ၁ ကတော့ လူပျို ဥစ္စပေါ၊ ရုပ်ချော၊ အပြောကောင်း၊ ဆရာနိဂိမိ၏ ဓါတ်ပုံကို ဖေါ်ပြထားပါသဖြင့် ရွာသူတွေ (ရွာသားတွေကတော့ စိတ်ဝင်စားမယ်မဟုတ်ပါ) မဖြစ်မနေ ကြည့်ထား  ရမယ့်ပို့စ်ပါဗျာ။ ဓါတ်ပုံဖေါ်ပြပေးပါသော ဆရာလေးနိဂိမိ ၏ သတ္တိ ကို ဒီနေရာက မှတ်တမ်းတင်ထားပါကြောင်း။

ဆရာ အမတ်မင်းရဲ့ ဒေါ်လာအကြောင်းရေးရင် ဒေါသသံထွေးရတယ် ပို့စ် ကတော့ ဒေါ်လာနဲ့ အက်ဖ်အီးစီနဲ့ မကင်းသူတွေ ဖတ်ကြရမယ့် ပို့စ်လေးပါ။

အခုတလော ရေးအားကောင်းနေပါတဲ့ ဆရာမ Etone ရဲ့ ကထိန်ပွဲတော် ရက်နီး ဈေးမြှင့် အမြတ်ထုတ်မှုများ မ ကြုံရလေအောင် ပို့စ် ကတော့ ပန်ထူးသာ သင်္ဃန်းနှင့် နိဗ္ဗာန်ကုန်ဆိုင်မှ လှူဘွယ်ပစ္စည်းဈေးနှုန်းများကို စာရင်း နှင့် တကွ ဖေါ်ပြပေးထားခြင်းဖြစ်ပါသည်။ အလှူအတန်းလုပ်ဘို့ ဝယ်မည့်သူတွေ ဖတ်ကြပါကုန်။

ဆရာမ pan pan ၏ သက်ရှည်မျိုးနဲ့ တွေ့ဆုံခြင်း ဆိုသည့်ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ မျိုးနဲ့ ရိုးနဲ့ အသက်ရှည်ကြ သည်ဆိုသော ကုလားထိုင်ရောင်းသည့် အဘိုးကြီးကို ဘာလို့ အသက်ရှည်ရတာလဲ ဟု မမေးလိုက်ရ၍ မချင့်မရဲဖြစ်ကျန်ခဲ့တဲ့ အကြောင်းလေးပါ။ ကျွန်တော့်အဖေက အသက် ၈၅ နှစ်ရှိပါပြီ။ ကျွန်တော်တို့ မျိုးရိုးက သက်ရှည်မျိုးများလား၊ အဖေ့ကို ပြန်မေးရပါဦးမည်။ ဖတ်ကြည့်ကြပါခင်ဗျား။

ဆရာ Comegyi ၏ အငယ်အနှောင်းမြို့ ဆိုသည့် မော်ဒန်အရေးအဖွဲ့ ပို့စ်လေးကတော့ မော်ဒန်အရေးအသား နှစ်ချိုက်သူတွေ အတွက် အဆင်ပြေမှာသေချာတယ်လို့ ညွှန်းချင်ပါတယ်ဗျာ။

ဆရာကိုနို ရဲ့ ပခုက္ကူရဲ့ မကြုံစဘူးရေဘေးကတော့ ဓါတ်ပုံသေးသေးလေးတွေနဲ့ စိတ်မကောင်းစရာ ပခုက္ကူရေဘေးအကြောင်း ရေးထားတဲ့ ပို့စ်လေးပါ။ ဖတ်ကြည့်ကြဘို့ညွှန်းပါတယ်ခင်ဗျာ။

ဆရာဘီလူးကြီး ရဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့ ကျုပ်တို့ရဲ့ အနာဂတ်ကတော့ စာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ် မှာ ဈေးရောင်းနေရှာတဲ့ ကလေးတွေရဲ့ ဓါတ်ပုံလေးတွေနဲ့ စိတ်မကောင်းဖြစ်နေတဲ့ ဘီလူးကြီးရဲ့ ညည်းချင်းတစ်ပုဒ်ပါ။ သူက မေးခွန်းလေးမေးထားပါတယ်။

““ ဒီအသက်/ ဒီအရွယ်/ ဒီကလေး နဲ့ သူလုပ်နေတဲ့ ဒီအလုပ်””
ပြီးတော့ ဒီကလေးရဲအနာဂါတ်
တိုင်းပြည်ရဲ့အနာဂါတ်
ကျုပ်တို့ လူမျိုးတွေရဲ အနာဂါတ်
အဲဒီအနာဂါတ်တွေကို ဘယ်လိုပုံဖော်ကြမလဲ  ဒီကလေးကကော
သူ့မှာရည်မှန်းချက်အနာဂါတ်ရှိရဲ့လား
အမိအဘတွေကရော ဒီကလေးရဲ့ ရည်မှန်းချက်အနာဂတ်ကို ဘယ်လိုပုံဖော်ပေးနေကြသလဲ
အမိအဘတိုင်းကရော ကိုယ့်သားသမီးတွေရဲ အနာဂါတ်ကိုဘယ်လိုပုံဖော်ပေးနေကြသလဲ
ဒီကလေး ရဲရည်မှန်းချက်အနာဂါတ်ကရော  ဘာလဲ/ဘယ်လိုလဲ……
ခင်ဗျားတို့ရော ဘယ်လိုရည်မှန်းချက်တွေရှိလဲ ဘယ်လိုအနာဂါတ်တွေရှိလဲ
အဲဒီအနာဂါတ်အတွက် ဘယ်လိုကြိုးစားနေခဲ့ကြသလဲ
ရည်မှန်းချက်ကိုရောက်ပြီးလား….ခင်ဗျားတို့လဲဖြေကြည်ပေးစေချင်တယ်….?

ဖတ်ပြီး ဖြေကြည့်ကြပါကုန်။

ဆရာ ကိုဖက်တီး၏ ဦးဖက်တီးကို ဟောတာမှန်ပါသည် ပို့စ်လေးကတော့ စိတ်ဝင်စားစရာ ကိုဖက်တီးရဲ့ နောက်ကြောင်းပြန် များဖြစ်ပါတယ်။ ကိုဖက်တီးကို ဟောခဲ့ပါသော ဗေဒင်မှန်ကြောင်းကို ကိုဖက်တီး ရဲ့မိန်းမ မျက်ရည်ကျတာလေးနဲ့ တွဲဖတ်ကြည့်ကြပါရန် ညွှန်းပါရစေခင်ဗျာ။

ဆရာ ကိုကိုလူဆိုး ၏ ဆူနာမီထက်ဆိုးတဲ့ ထိုင်းရေဘေးကတော့ စုတ်ပြတ်နေသော ကော်နက်ရှင်ကို စိန်ခေါ်နိုင်မှ ဖွင့်ကြည့်ရမည့် ထိုင်းရေဘေးအကြောင်း ဓါတ်ပုံတွေနဲ့ သတင်းပါဗျာ။ စုစည်းပေးလို့ ကျေးဇူးပါ ဆရာ ကိုကိုလူဆိုး ခင်ဗျား။

ဆရာ ကိုကိုလူဆိုး က ဘန်ကောက်ရေကြီးမှု နောက်ဆက်တွဲ သတင်းများကို အားရပါးရ တစ်ဝကြီးတင်ပေးထားပါသည်။ ကျေးဇူးတင်ပါတယ်ဗျာ။ ကောင်းလေးစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

ဆရာပေါက်ဖေါ် ၏ ရုပ်ပုံထဲက စကားလုံးများ ပို့စ်ကတော့ အခုတလော နာမည်သိတ်ကြီးနေပါတဲ့ ဆရာမ နိုင်းနိုင်းစနေ ရဲ့ ဘလော့ က ကူးလာတဲ့ ထူးခြားတဲ့ ပုံလေးတစ်ပုံပါ။ ရွာသူရွာသားတွေ ကြည့်ဖြစ်အောင်ကြည့် ကြရမယ့် ပုံလေးမို့ အခုချက်ခြင်းသာ ဂိုးပေတော့ဗျို့။

ဆရာ burma လေးရဲ့ ၁၁ တန်းဘာလဲ၊ ဘယ်လဲ ပို့စ်လေးကတော့ ၂၀၁၅ ခုနှစ်လောက်မှာ စတင်မယ့် ၁၁ တန်း ဆိုတဲ့ တိုးချဲ့ အတန်းလေးတစ်ခုအကြောင်းပါ။ ၁၁ တန်းဆိုတော့လည်း ၁ဝ တန်းအောင်တာနဲ့ လူမဖြစ်တော့ဘူးပေါ့ ခင်ဗျာ။

ဆရာ ထက်ဝေ ရဲ့ မပြောဖြစ်ခဲ့သောက ဟိုတုန်းက မပြောရဲတာတွေကို အခုပြောရဲလာကြပြီ ဆိုတဲ့အကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကဗျာကြိုက်သူတွေ ဖတ်ဘို့ပါ။

ဆရာကြောင်လတ်ရဲ့ကြောင်တစ်ကောင်ရဲ့ ခံစားချက်ကတော့ သူများအိမ်ကို မိသားစုနဲ့ခွဲပြီး လိုက်သွားရ ရှာတဲ့ ကြောင်လေးတစ်ကောင်ရဲ့ အိမ်အသစ်မှာ တွေ့ကြုံရတာတွေကို ကြောင်နေရာက ရေးပြသွားတာပါ။ ဖတ်လို့ကောင်းသော ကြောင်လတ်ရဲ့ အရေးအသားကို အေးအေးဆေးဆေး ဖတ်ကြည့်ကြဘို့ ညွှန်းပါရစေဗျာ။

ဆရာလေး မောင်သန်းထွတ်ဦး ၏ ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင် ၂ ကတော့ ကိုယ်တိုင်ဖတ်ကြည့်သင့်တဲ့ ပို့စ်လေးပါခင်ဗျာ။

မောင်သန်းထွတ်ဦးပဲရေးတဲ့ ဘယ်လိုရပ်တည်ရမယ့် ဘဝတွေလည်းကလည်း ကျွန်တော် ဝင်မပွားတော့ပဲ ကိုယ်တိုင်ဖတ်ကြည့်ရမယ့် လက်မ ၆ ချောင်းတိတိ ထောင်ထားတဲ့ ပို့စ်လေးပါဗျာ။ ဖတ်ကြည့်ကြပါ။

အောက်တိုဘာ ၂၈ ရက်စွဲဖြင့် ဖတ်ဖြစ်သည်များကို ပြန်ရေးပေးထားခြင်းဖြစ်ပါသည်။ လိုအပ်သည်များ ရှိပါက

ခွင့်လွှတ်တော်မူကြပါကုန်။

8 comments

  • ဘလောချက်ရေ
    ခင်ဗျားရေးတာလေးကရွာထဲမှာ တကယ်ရှိသင့်တယ်ဗျာ။
    မအားတဲ့သူအချိန်မရတဲ့သူဆိုင်ခင်ဗျားဖတ်ညွန်းလေးကြည့်လိုက်ရင်အိုကေဘဲ။
    ခင်ဗျား သာအရင်ကတည်းကဒါမျုးိလုပ်ပေးခဲ့ရင်
    ဟိုတစ်ခါကလို ကျနော်နဲ့ စာဖတ်သူတစ်ယောက်အပြန်အလှန် ငြင်းကြရမှာမဟုတ်ဘူး။

  • ပေါက်ဖော်

    November 3, 2011 at 4:56 pm

    ကျနော်လဲ မအားဖြစ်နေတာ ဆရာဘလောချက်ရေ..
    ဒါကြောင့်..ဒီလိုပို ့စ်လေးတွေကို.. ဆက်လက်အားပေးလျက်ပါလို ့ပြောပါရစေ
    ရောက်ရောက်ချင်း ဒါလေးစဖတ်မိပါတယ်.
    ရှဲရှဲ..

  • nozomi

    November 3, 2011 at 5:34 pm

    ကိုချောကြီး ရဲ့ ( သူပြောသလိုဆိုရင်တော့ ဆရာချောပေါ့ ) တံခါးစောင့်ပို့စ်တွေ ဖတ်လို့ကောင်းတာ ဖတ်ရတဲ့ ပို့စ် မှာ ဘာပြောထားသလဲဆိုတဲ့ အနှစ်ချုပ် တင် မဟုတ်ပဲ စာရေးသူ ရဲ့ ထင်မြင်ချက် လေးတွေနဲ့ပါ အားဖြည့်ထားလို့ အသက်ပိုဝင်နေတယ်လို့ ထင်မိတာပဲ

    ဆက်လုပ် ဆရာချောရေ

  • weiwei

    November 3, 2011 at 7:25 pm

    ဒါဖတ်ကြည့်လိုက်မှ မဖတ်ရသေးတာတွေ အများကြီးဖြစ်နေတာ တွေ့လိုက်ရတယ် ….
    အခုတလော မအားတာနဲ့ သိပ်မဖတ်ဖြစ်ဘူး … မနက်ဖြန်ကစပြီး အင်တာနက်နဲ့ဝေးရာကို ၂ ပတ်လောက် သွားရအုန်းမှာမို့ ရွာထဲကို ဝင်ဖြစ်မှာမဟုတ်သေးဘူး … ပြန်လာရင် ကိုဘလက်ရဲ့ ဖတ်ပွားကနေပဲ ကောင်းတာတွေရွေးဖတ်ရတော့မှာပဲ …

  • ba gyi

    November 4, 2011 at 11:11 am

    ဘဘုန်းကြီးကျောင်းမှာ၊ နံက်အာရုံဏ် အတွက်၊ ကျောင်းရှိသမျှ ဟင်းတွေပေါင်းပြီးပြန်ချက်ရတယ်၊
    ဟင်းပေါင်းစုံအရသာပေါ့ တထိုင်ထည်းနဲ့ အားလုံးအရသာပါကရော၊ အဲ အဲ လိုလုပ်ပေးသူကို ကပိ္ပယကြီး
    လို့ခေါ်တယ်၊ ခုလည်း မဲချောကြီးကို အမည်လေးတစ်ခုတော့ပေးလိုက်မယ်ဗျား—၊
    မဲ ပ္ပိယ ကြီးလို့—- ချိတ်အရှိုး နဲ့ နော် အားပေးပြီး ချီးမွမ်းလိုက်တာပါ။ တစ်ကယ်ကောင်းသော၊ စာညွှန်း
    အရသာညွှန်းကြီးဖြစ်ပါကြောင်း၊ ဖတ်လိုသဖြင့် ပြန်လည်တောင်းဆိုသူများပါက (သူကြီးမင်းခင်ဗျားတစ်ကြော့
    ပြန် ပို့စ် အဖြစ်) ပြန်တင်ပေးနိုင်လျှင် ကောင်းပေစွတောင်းဟုမေတ္တာရပ်လိုက်ရပါသည်။လေးစားစွာဖြင့်။

  • ဆူး

    November 4, 2011 at 12:13 pm

    ဒီရက်ပိုင်း ဆူးလည်း ရွာထဲမှာ ခဏ တဖြုတ် နားအုန်းမယ်။
    ကွန်မန်းလေးတွေ ကျိုကျိုကျဲကျဲ ပေးမယ်တော့ စိတ်ကူးတယ်။

  • မှော်ဆရာ

    November 4, 2011 at 3:08 pm

    ဆရာ ဘလက်ခင်ဗျား အရင်တုန်းကတော့ ပိုစ်တစ်ခု တင်ပြီးသွားရင် ကွန်မန့် မျှော်ရတယ် ..
    အခုတော့ ဆရာဘလက်ရဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေကိုပါ စောင့်မျှော်နေရပါပြီ …
    နောက်ထပ်လဲ ဒီလို ထင်မြင်ချက်များ ၊ ဝေဖန်ချက်များ ရေးသားနှိုင်ပါစေသတည်း …..

  • etone

    November 4, 2011 at 3:17 pm

    ဟီးဟီး .. အဒူက အဒါပြောယဲ မတိဝူး ဆွေးနွေးချက်ယေးဒွေတောင် နည်းတွားတယိုဘဲနော် …. ။ 🙂

    ဒါနဲ့ နီကီတာက မိန်းမပါ ကိုချောကလက်ရဲ့ … ။ သဘောင်္သီး နဲ့ ဘဲခြံပိုင်တယ် …. အခုတော့ ရုပ်ရှင်တွေရိုက်နေတယ် ….. 😀

Leave a Reply