မေတ္တာရှင် ရွှေပြည်သာ နှင့် ရှင်ဣန္ဒြာစရိယာဘိဝံသ တို့၏ ဓမ္မ အဓမ္မ အငြင်းပွားမှု(၄)

uzinDecember 27, 20111min1070

ယခုဆက်ပြီး မေတ္တာရှင်ရွှေပြည်သာရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၃)ကို မစိုးရိမ်စာသင်သား ဝေဖန်ထားမှုဟာ (၁) တရားမျှတမှု ရှိသလေား၊ မရှိဘူးလား၊ (၂) ဝေဖန်သူ ကိုယ်တိုင် ဗုဒ္ဓဘုရား ဓမ္မပုံရိပ်ကို ဖူးတွေ့ခွင့် ရပြီးပြီလား၊ မရရှိသေးဘူးလား၊ (၃) မေတ္တရှင်ရဲ့ တင်ပြချက်ဟာ ဘာကြောင့်မှားတယ်၊ မှန်တယ် ဆိုတာတွေကို ဗုဒ္ဓဘုရား တရားဓမ္မနဲ့ လေ့လာကြည့်မှာ ဖြစ်ပါတယ်။
တစ်ခုကြိုတင်ပြောချင်တာကတော့ ဝေဖန်မှုကို တစ်ဆင့်ဝေဖန်မှုပြုတဲ့ သည်စာတမ်းမှာ ဗုဒ္ဓဘုရား ဟောကြားထားသော တရားဓမ္မများဖြင့် လူသားလောက ငြိမ်းချမ်း ရေးကိုပဲ ရည်မျှော်ဝေဖန်မှာကို နားလည်လက်ခံထားကြဖို့ ဖြစ်ပါတယ်။
ကဲ ဝေဖန်မှု စလိုက်ကြရအောင်။
နံပါတ်(၁)က မေတ္တာရှင် ရွှေပြည်သာရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၃) စာမျက်နှာ(၁)မှာ ဖော်ပြထားသော “ဘယ်ဓာတ်က မာတာလဲ။ ပထဝီဓာတ်က မာတာပါဘုရား။ အေး၊ အဲဒါမှ သမ္မာဒိဋ္ဌိ အသိ၊ မှန်ကန်တဲ့ အသိ၊ ယောဂီတို့ ဆရာကောင်းနဲ့ မနာကြားရလို့ရှိရင် ဒီအသိတစ်လုံး သိဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ မခဲယဉ်း ဘူးလား။ ခဲယဉ်းပါတယ်ဘုရား”ဆိုတဲ့ စကားကို မစိုးရိမ်စာသင်သားက အောက်ပါအတိုင်း တုံ့ပြန် ထားပါတယ်။
ဖြေသူကလည်း “လား”ဆိုတိုင်း လိုက်မှန်နေတာပဲကိုး။ လား စီးနေတာလား မသိ။
ကဲ ကြည့်တော်မူကြပါဗျာ၊ မစိုးရိမ်စာသင်သားရဲ့ တုံ့ပြန်ချက်ဟာ “ရန်ပွဲ”တွေ ဖိတ်ခေါ် နေခြင်းမှတစ်ပါး အခြားဘာများ ဖြစ်နိုင်ဦးမှာလဲ။ ဆဲတယ်ဗျာ။ လားစီးနေတာလား မသိဆိုတာ “ –ီး ”စားနေတာလား မသိလို့ ပြောတာမဟုတ်လား။ မစိုးရိမ်စာသင်သားရဲ့ သည်စကားသံဟာ လောကလူသားတို့အတွက် “အန္တရာယ်ကင်း ပရိတ်တော်”ရွတ်ဖတ် ပူဇော် နေတာမဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ ဒါဖြင့် မစိုးရိမ်စာသင်သား မေတ္တာသုတ် ပရိတ်တော် ပွားများရမှာကို သူ့ဦးနှောက်ထဲမှာ ရှိနေတဲ့ ကိလေသာဗိုင်းရပ်စ် ပိုးတွေက အသိမှန် ဦးနှောက်ကို ဖောက်စားပြီး မေတ္တာသုတ်ပရိတ်တော်အစား ဒေါသကိလေသာဗိုင်းရပ်စ်ပိုး ခုန်ထွက်လာတာများလား။ ဒါက စာရေးသူ့အတွေးပါ။
သည်လိုစဉ်းစားကြည့်တာက မစိုးရိမ်စာသင်သားဟာ ရဟန်းတော်တစ်ပါး ဖြစ်နေလို့ ယောင်ယောင်မှားမှား ထွက်သွားတာများလားလို့ တွေးလိုက်မိလို့ပါ။ ရဟန်းတော် တစ်ပါး ဖြစ်ပေမယ့် တရားဓမ္မကို မှန်မှန်ကန်ကန် မကျင့်ရင် သည်လိုပဲ ဖြစ်မှာပါ။ မစိုးရိမ်စာသင်သားဟာ ရဟန်းတစ်ပါးဖြစ်တာကတော့ သေချာပါတယ်။ သူဟာ ဝေဖန်ရေး ဆောင်းပါးပေါင်း သုံးရာကျော် ရေးထားတာလို့ ကြားသိရပါတယ်။ သူဝေဖန်ရေး ဆောင်းပါးတွေ ဘယ်လိုများ ရေးထားသလဲဆိုတာ နောက်များမှ ဖတ်ကြည့်ရမယ်။
သူ့ဦးနှောက်က ကိလေသာဗိုင်းရပ်စ်ပိုးအပြည့်နဲ့ ဆိုတော့ ဗုဒ္ဓဘုရား ဟောကြားတဲ့ “အဆင့်မြင့် လူ့ဂုဏ်ရည်သိက္ခာ တည်ဆောက်မှု တရားတွေ” ဘယ်လိုရေးသလဲ ဆိုတာ တွေးပြီး အံ့ဩနေမိပါတယ်။ ကိလေသာဗိုင်းရပ်စ်ပိုးတွေ ဖြန့်ဝေနေတာကိုပဲ အဓမ္မဝါဒ ဖော်ထုတ် တိုက်ဖျက်တယ်လို့ မှားယွင်းမြင်နေကြတာ ဖြစ်နိုင်ပါတယ်။
ယခုကြည့်ပါ။ မစိုးစာသင်သား ဆဲရေး ပုတ်ခတ်နေပါတယ်။ ဒါ အဓမ္မဝါဒ ဖော်ထုတ်တာလား၊ အဓမ္မဝါဒထွန်းကားအောင် လုပ်နေတာလား၊ သူ့လုပ်ရပ်က စကားပြောနေပါတယ်။ ယခုသူဆဲတာက လူတစ်ယောက်ကို ဆဲရေးပုတ်ခတ်တာ မဟုတ်ပါဘူး။ လူအများကို ဆဲရေးပုတ်ခတ်တာဖြစ်ပါတယ်။ ဆဲရေး ပုတ်ခတ်ခြင်း ခံရသူတွေဟာ သာန်လူတွေ မဟုတ်ကြပါဘူး။ တရားဓမ္မ နာကြားနေကြသူတွေ ဖြစ်ပါတယ်။ တရားနာပရိတ်သတ်အများ ဖြစ်နေပါတယ်။ သည်တော့ ဗုဒ္ဓဘာသာ လောကကြီး ဘာဖြစ်နေပြီလဲလို့ မေးရတော့မယ်။ စာတတ်ပေတတ် ရဟန်းတော်တစ်ပါးက တရားနာ ပရိတ်သတ်ကို ဆဲရေးစော်ကားခြင်းပြုတဲ့ အမှုဟာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းမှာ ဒါပထမဦးဆုံး ပြုတဲ့ အမှု ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် မစိုးရိမ်စာသင်သားရဲ့ “စိစစ်ချက်စာတမ်း”ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားပါတယ်။ ဒါကို ကြားသိတော်မူကြတဲ့ ရဟန်းတော်များနဲ့ သံဃအဖွဲ့အစည်း အဆင့်ဆင့်မှာ “တားဆီးရန်” တာဝန်ရှိပါတယ်။ သည်လို တားဆီးရန် တာဝန်ရှိတဲ့အတိုင်း ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ သံဃအဖွဲ့အစည်း အဆင့်ဆင့်မှ မဆောင်ရွက်ကြတော့ဘူး ဆိုရင် “ဗုဒ္ဓဘုရား သာသနာတော်ကြီး ရေတိမ်နစ်တာ”ကို အားလုံး လက်ပိုက်ကြည့်နေကြပြီလို့ မှတ်ယူရတော့မှာပါ။
“အဆင့်မြင့် လူ့ကိုယ်ကျင့်သိက္ခာကို တည်ဆောက်ရမဲ့ ရဟန်းတော် တစ်ပါးက သာမာန် မနုဿဓမ္မထက် နိမ့်တဲ့ ဖရုဿဝါစာ အကုသိုလ်ကို အရှက်မဲ့စွာ ပြောဆိုတာဟာ ရဟန်းကောင်းတို့ရဲ့ အကျင့် မဟုတ်ပါဘူး”။ မစိုးရိမ်စာသင်သားဟာ မေတ္တရှင်ရဲ့ အောင်မြင်တဲ့ တရားပွဲတွေအပေါ် “မနာလို ဝန်တိုမှု၊ ဣသာမစ္ဆရိယတရား ကမ္မဋ္ဌာန်း”ကို အနုလုံပဋိလုံ ပွားများစီးဖြန်းနေပုံ ရပါတယ်။ ကုသိုလ်တရားဖြစ်စေ၊ အကုသိုလ်တရားဖြစ်စေ တရားဆိုတာ ပွားရင် များလာမှာပါ။ ယခု မစိုးရိမ်စာသင်သား ပွားတာဟာ အကုသိုလ်တရား ဆိုတော့ အကုသိုလ်တွေ ပွားသည်ထက် ပို၍သာ ပွားလာမှာပါ။ မစိုးရိမ်စာသင်သား ဦးနှောက်ထဲက ကိလေသာဗိုင်းရပ်စ် ပိုးတွေကလည်း ကြီးမားသည်ထက် ကြီးမားလာမှာပါ။ လောကကြီးရဲ့ မငြိမ်းချမ်းကြောင်းတွေကလည်း ပိုမိုကြီးမားသည်ထက် ကြီးမားလာမှာပါ။ ဒါကို မစိုးရိမ်စာသင်သား ပြင်နိုင်အောင် ကြိုးစားပါ။ မစိုးရိမ်စာသင်သားရဲ့ ဦးနှောက်မှာ ကိလေသာ ဗိုင်းရပ်စ်ပိုး အပြည့်ရှိနေတာကို သတိပြုရန် လိုအပ်မှာ ဖြစ်ပါတယ်။
ကဲ မစိုးရိမ်စာသင်သားရဲ့ ဝေဖန်ချက်ကို ကြည့်ကြရအောင်။
“၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျှော်ပါသည်။ အဘယ်ကြောင့်ဆိုသော် xxxx”။
ကဲ စာရှုသူ အသင်ဘယ်လို သဘောရပါသလဲ။ မစိုးရိမ်စာသင်သားရဲ့ အပြုအမူဟာ ဘာနဲ့ တူနေပြီလဲ၊ သည်လို ဝေဖန်ရေးလုပ်တာမျိုး တွေ့ဖူးပါသလား။ ပထမ ဆဲရေးခြင်း အမှုပြုတယ်။ ပြီးတော့ ကြက်ခြေခတ်တယ်။ ဒါ အစ္စလန်အစွန်းရောက်တွေရဲ့ အပြုအမူကို ပုံတူ ကူးချနေတာပါ။ မစိုးရိမ်စာသင်သားပြုမူနေတဲ့ အမှုကို ကြည့်ပြီး သူဟာ ကိုယ့်ကံကို မစီမံ နိုင်သူအဖြစ် ကျရောက်ခံနေရပြီဆိုတာ တွေ့ရတယ်။ သူဟာ တရားအမှားကို အမှန်သို့ ရောက်အောင် ပြင်ပေးလိုသော စိတ်ထက် သူ့ရင်ထဲမှာ မေတ္တာရှင်အပေါ် ထားရှိသော ကိလေသာမီး တောက်လောက်နေမှုကပဲ လွန်ကဲနေပါပြီ။ အမုန်း ကိလေသာမီးကြောင့် မေတ္တာရှင်ကို ဂုဏ်ရည်သိက္ခာကျအောင် ဖျက်ဆီးတယ်။ ဖျက်ဆီးပြီးတော့ သူလုပ်လိုက်ရတဲ့ အလုပ်အပေါ် ကျေနပ်သဘောကျနေတယ်။ “ငါ မှ ငါ”ဆိုပြီး နထင်သွေးရောက် နေတယ်။ “လက်မ တစ်ထောင်ထောင်”ဖြစ်နေတယ်။ သည်စိတ်ဟာ မေတ္တာရှင်ဆရာတော်ရဲ့ အသံ မကြားရသေးတဲ့အခါ “ငုတ်မြုတ်”နေလိမ့်မယ်။ မေတ္တာရှင် ဆရာတော် ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ ဘယ်လိုဖျက်ဆီးရမလဲဆိုတဲ့ စိတ်ရိုင်းတွေ ဝင်လာတယ်။ သည်စိတ် ဝင်လာတဲ့အခါ ဖျက်ဆီးစရာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဖျက်ဆီးပါတော့တယ်။ သူဟာ တောက်ပတဲ့ ဓမ္မကထိက ကြယ်တွေ ဖျက်ဆီးခြင်း မကောင်းမှု သံသရာထဲမှာ နစ်မျှော နေပါပြီ။ သည်အမှုဟာ မကောင်းမှန်း သိပေမယ့် သူရပ်လို့ မရဖြစ်နေပါပြီ။ သည်တော့ မစိုးရိမ် စာသင်သားရဲ့ ”အရိုင်းအပြုအမူများ”အပေါ် ထပ်ဆင့်ဝေဖန်ခြင်း မပြုလိုတော့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အရိုင်းအပြုအမူများဟာ သူနဲ့အတူ ဖက်တွယ်ရှင်သန်နေမှာ ဖြစ်ပါတယ်။