သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်(နေ့သစ်ဝက်ဆိုက်မှာ ဖတ်လိုက်ရလို့ ရွာသားတွေကိုလည်းဖတ်စေချင်လို့ ကူးယူတင်ပြလိုက်ပါတယ်)
ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့မိန့်ခွန်း….
ဒီနေ့ပဲ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာ NLD အထွေထွေအ တွင်းရေးမှူးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန် ပေါ်လစီမိန့်ခွန်းကို သူ့ အဖွဲ့ချုပ်ဝင်တွေဆီကတဆင့် တပြည်လုံးက ဒီမိုကရေစီရေးလိုလား သူတွေကို ချပြသွားတာ ဖြစ်တယ်။
ဒီမိန့်ခွန်းထဲမှာ ကျနော်သတိထားမိဆုံးအချက်က . . .
အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြားပြောပြီးသား ဖြစ်ပါတယ်။
“အပြောင်းအလဲဖြစ်နိုင်မယ့်အခြေအနေ ရောက်နေပြီလို့ ကျမယုံကြည်တယ်။ အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲဟာ ပြည်သူအတွက်အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းက တာဝန်သိသိနဲ့ လေးလေးနက်နက်စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံ မပြောင်းနိုင်ဘူး၊ ဒီပုံစံ၊ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံလုပ်မယ်။ ဟိုအခြေအနေလည်း ဒီပုံစံလုပ်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့အရည်အချင်း အားနည်းတာလို့ ပြောရမှာပဲ ဆိုတဲ့အချက်ပါ။”
ဒီနေရာမှာ မဟာသိပ္ပံပညာရှင် Albert Einstein ရဲ့ ရူးသွပ်မှု (Insanity) ကို အဓိပ္ပါယ်ဖွင့်ထားတဲ့ ကျော်ကြားလှတဲ့ အဆို အမိန့်ကို သူ့မိန့်ခွန်း နားထောင်ရင်းက ပြေးသတိရတယ်။ Einstein u “Insanity ” is doing the same thing over and over again and expecting different results. လို့ မညှာမတာ ပြောခဲ့ဖူးတယ်။
အပြောင်းအလဲဟာ သဘာဝရဲ့ နိယာမထဲက အထင်ရှားဆုံးနိယာမပါ။ ဒါပေမယ့် ၉၉.၉၉ ရာခိုင်နှုန်းသောသူတွေက Change ကို သတိမထားကြပါ။ မလေ့လာလို့လား။ သတိမထားလို့လား ဆိုနိုင်ပါတယ်။ သတိမမူ၊ ဂူမမြင်ဆိုတဲ့ စကားရှိ တယ်မို့လား။ သည်ထက်ပိုပြီး ထဲထဲဝင်ဝင် ပြောရရင် လေ့လာဖို့မလိုတော့ဘူးလို့ မသိစိတ်ကယူဆချက်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ၊ အရိုးစွဲခေါက်ရိုးကျိုးနေတဲ့ အကျင့်စရိုက်တွေ၊ အစွဲအလန်းတွေနဲ့ အကျင့်ပါနေတာတွေကို ကျနော် ကိုယ်တွေ့မို့ ဒါတွေဟာ ဘယ်လောက်အန္တရာယ်ကြီးမှန်း ပြောမပြနိုင်လောက်တတ်ပါ။ အထူးသဖြင့် ငါသိ၊ ငါ တတ် နိုင်ငံရေးသမားများမှာဖြစ်တတ်တဲ့ ဝမ်းတွင်းပါ ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ များနဲ့ အဆင်ပြေညီညွတ်တဲ့ပုံစံများကို ပြုပြင်ပြောင်းလဲပြီး နဂိုရှိရင်းစွဲပန်းတိုင်ကို အရောက်သွားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြောင်းလဲနေတဲ့ ပကတိအခြေအနေများကို ဆုပ်ကိုင်နိုင်စွမ်းရှိရမှာဖြစ်ပြီး Adaptability ရှိရှိ လုပ်ကြ ရမှာ ဖြစ်ပါတယ်။ သည်လို လုပ်ကိုင်နိုင်စွမ်းရှိမှုဟာ ရိုးသားမှု၊ ပြည်သူလူထု အကျိုးလိုလားမှုဆိုတဲ့ စိတ်စေတနာတွေက မြစ်ဖျားခံလာတယ်လို့ ဆိုရင်မမှားပါ။
ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်လို့ ဆိုပါတယ်။ သူ အ မှန်တကယ် ယုံကြည်လို့ ပြောတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဘာကြောင့် သူယုံကြည်ရတာလဲ။ မေးသင့်တဲ့မေး ခွန်းပါ။ အဖြေကတော့ တခုထဲပါ။ ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာပါတဲ့ ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည် လောက် သ တင်းအချက်အလက် မရှိပါ။ Defecto Power ရထားတယ်လို့တောင် ပြောနိုင်ပါတယ်။ ဗမာပြည်လာတဲ့ နိုင်ငံတကာ ထိပ် တန်းအထူးသံတမန်တွေနဲ့ စကားပြော (ဆွေးနွေးရတယ်)၊ အစိုးရရဲ့ နံပါတ်တစ်သမတနဲ့ ညှိနှိုင်း (ဆွေးနွေးရတယ်)။ သူ့ကို မယုံကြည်ဘူး။ သူဟာ အသုံးချခံရတယ်လို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်နေသူ တွေထဲမှာ သူ့လောက် သတင်းအချက်အလက်ရပြီး သူ့လောက် လက်တွေ့ထဲမှာရှိသူတော့ ဘယ်သူမှမရှိတာကို ဘယ်သူ မှ ငြင်းမရပါ။ တကယ်လို့ သူ့ကို အစိုးရကတောင် အသုံးချဖို့ ကြိုးစားခဲ့တယ်ဆိုရင်တောင်မှ ဒီမိုကရေစီလိုချင်တယ်ဆိုသူ တွေက သူ့ကို အသုံးချဖို့ မကြိုးစားသင့်ဘူးလား။ တိုင်းပြည်နဲ့ လူမျိုးအတွက်နော်။ ဘယ်လိုဘယ်ပုံ သူ့ကို အသုံးချမယ် ဆိုတာ စဉ်းစားရမှာက အခြားနည်းနာဆိုင်ရာ ပြဿနာပါ။
ဒေါ်အောင်ဆန်းစုကြည် ပုဂံကို မိသားစုအပန်းဖြေခရီး ထွက်တယ်လည်းဆိုရော ရှစ်လေးလုံးနှစ်ပတ်လည် ကာလမျိုးမှာ ဒါမျိုးလုပ်ရမလားဆိုပြီး ပယ်ပယ်နယ်နယ်ဝေဖန် (ဆဲ) သူတွေ တွေ့ရတော့ အတော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါ တယ်။ အဲသည့် ဝေဖန်သူတွေက တချို့ဆို ဝါရင့် တံဆိပ်တပ်ပေးလို့ရတဲ့ သူတွေပါ။ စစ်အစိုးရကို သွေးတိုးစမ်းပြီး ခရီး ထွက်တာဖြစ်တယ်ဆိုတာ ဘာ့ကြောင့် မစဉ်းစားမိသလဲဆိုတာ အံ့ဩစရာပါ။
အခုလဲ ဇော်ဇော် ဖိတ်တဲ့ဘောလုံးပွဲ သွားကြည့်တယ်ဆိုပြီး မီဒီယာတွေမှာ ကျွက်ကျွက်ညံညံအောင် ဝေဖန် (ဆဲ) ကြပြန် ပြီ။ ဒေါ်အောင်ဆန်းစုကြည် က တကယ့်အပြောင်းအလဲဖြစ်ဖို့ဆိုတာ ဗိုလ်သန်းရွှေ သဘောတူမှရမယ်ဆိုတာ ကောင်း ကောင်းသိလို့ ဗိုလ်သန်းရွှေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဇော်ဇော်နဲ့ ဗိုလ်သန်းရွှေမြေး နေရွှေသွေးအောင် (ဖိုးလပြည့်) တို့ ဆီက တဆင့် ဗိုလ်သန်းရွှေဆီကို Good Will Message ပို့နေတာလို့ မယူဆကြဘူးလား။
ဒီနေရာမှာ သတိထားဖို့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာပါတဲ့ အပြောင်းအလဲဟာ ပြည်သူလူထုအတွက် အ ကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းလူတိုင်းက လေး လေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်ဆိုတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်အပေါ် အယုံအကြည် မရှိဘူးဆိုရင် တာဝန်သိသိနဲ့ ဘယ်အလုပ်အပေါ် ယုံကြည်သလဲဆိုတာ အလုပ် (Alternative Programme) ကိုဖော်ပြပြီး အဲသည့်ဖော်ပြထားတဲ့အလုပ်ကို အားလုံး ဝိုင်းလုပ်လာအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုတာ ဒါပါ။ အထူးသ ဖြင့် တာဝန်မဲ့ဝေဖန်မှု၊ ပြောဆိုမှုတွေကို လုပ်နေကြတာဟာ တချို့၊ တချို့သော ပြည်ပ Blog တွေ Website တွေပါ။ သူ တို့ပြောဆို ရေးသားနေကြတာတွေကြောင့် သူတို့ကို လက်တွေ့ ပကတိဘဝအရ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မ ဟုတ်တာကြောင့် တာဝန်မဲ့ရေးသားနေကြတာ တွေတွေ့ရတော့ အင်မတန် အော့နှလုံးနာ စက်ဆုပ်မိရပါတယ်။ သူတို့နဲ့ စာရင် ကြံ့ဖွတ်အစိုးရရဲ့ ဆင်ဆာအောက်မှာရေးနေရတဲ့ ဂျာနယ်တွေမှာမှ လက်တွေ့ကျတဲ့ ပြည်သူလူထုကို အသိညဏ် ပွင့်စေတဲ့ စာပေမျိုးတွေ့နေရသေးပါလားလို့ တွေးမိပါတယ်။ ဒါကလည်း သူတို့က ပြည်သူနဲ့အတူ တိုက်ပွဲထဲမှာ ရှိနေလို့ ဖြစ်မှာပါ။
တချို့က ပြောကြတယ်။ One Lady Show လို့။ One Lady Show ပဲဖြစ်ဖြစ်၊ One Man Show ပဲဖြစ်ဖြစ် ရှိနေတဲ့ ပက တိအခြေအနေက စရမှာပါ။ တောင် အာဖရိက က မန်ဒဲလားလည်း ပစ်ဘိုသာဒီကလပ်ဆိုတဲ့ ဒီသမတတွေနဲ့ ထောင်ထဲ ကနေပြီး One Man Show လုပ်ခဲ့ရတာပဲ။ ဘဝတူ အကျဉ်းကျ ရဲဘော်တွေရဲ့ နားလည်မှုလွဲမှားတာကို မန်ဒဲလားလည်း ခါးစည်းခံခဲ့ရတာပဲ။ ဒါပေမယ့် တောင်အာဖရိကတိုက်ရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းမှာတော့ မန်ဒဲလား ဟာ မန်ဒဲလား ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။ အဓိပ္ပါယ်က အပြောင်းအ လဲဖြစ်နေပြီလို့ မပြောသေးပါ။ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေကို ဖန်တီးနေတာပါ။ လက်ရှိစစ်အုပ်စုအတွင်းမှာပဲ Moderate သမားတွေနဲ့ Radical သမားတွေ အားပြိုင်နေကြတုန်းပါ။ သည်အချိန်မှာ ဒေါ်စု လုပ်ရမယ့်အရေးအကြီးဆုံး အလုပ်ထဲက တခုက Moderate သမားတွေကို ပိုပြီးအားကောင်းလာစေဖို့ အခြေ အနေဖန်တီးပေးဖို့ မဟုတ်ပါလား။
သည်အချိန်မှာ ဖြစ်တတ်တဲ့တရားအတိုင်း ကိုယ့်ဘက်မှာလည်း Moderate သမားနဲ့ Radical သမားရယ်လို့ နှစ်ပိုင်းကွဲ မှာပါ။ ဒါက သဘာဝပါ။ စစ်စစ်မှန်မှန်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်သိသိလုပ်ကြတဲ့ ဘောင်အတွင်းမှာဆိုရင် ဒါ ဟာ မဖြေရှင်းနိုင်တဲ့ပြဿနာ မဟုတ်ပါ။ အာဖရိက က မန်ဒဲလား တုန်းကလည်း သည်လိုမျိုးကြုံခဲ့ရတာပဲ။ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရတဲ့ ၁၉၄၆ – ၁၉၄ရ ကာလ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ပြီး ဗိုလ်ချုပ် ဘိလပ်ကပြန်လာတော့လဲ ဆန့် ကျင်သူတွေ အများကြီးပါ။ ဗစိန်၊ ထွန်းအုပ်ဂိုဏ်း ဦးစောတို့ကတော့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတာပေါ့။ ဗမာ ပြည်ကွန်မြူနစ်ပါတီက သခင်သန်းထွန်းနဲ့တော့ ကျုံမငေး သခင်တင်မောင် ကတဆင့် ဗိုက်ချုပ်နဲ့ ညှိနှိုင်းမှုတွေရှိတယ် လို့ ဆိုပါတယ်။ စာပေဖခင်ကြီး သခင်ကိုယ်တော်မှိုင်းကတောင် အရင်ဘိလပ်သွား ဇာတ်လမ်းမျိုးဖြစ်မှာပဲလို့ယူဆပြီး ဗိုလ်ချုပ်အောင်ဆန်းကို မင်း ဆရာလား၊ ငါဆရာလားဆိုပြီး ဟောက်သေးတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်က ဆရာရယ် ကျနော့ကို တနှစ်တော့ အချိန်ပေးပါ။ တနှစ်အတွင်း လွတ်လပ်ရေးမရရင် ဆရာပြောသချင်သလို ပြောပါ၊ အခု ဆရာပြော မယ်ဆိုရင် တခြားသူတွေပြောတာနဲ့ မတူဘူး။ အကျိုးသက်ရောက်မှုကြီးတယ်။ (စကားရင်းမဟုတ်ပါ။ မိမိနားလည်သလို ရေးတာ) လို့ တောင်းပန်လို့ ဆရာကြီးက အောင်ဆန်းကို လုပ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။
အခုလည်း ဒေါ်စုကို မယုံလို့ရပါတယ်။ ဒေါ်စုလုပ်နေတာတွေကို မထင်၊ မထင် … လို့ ယူဆလိုက ယူဆလို့ရပါတယ်။ ကျနော်ပြောလိုတာက ဒေါ်စုကို မထောက်ခံရင်တောင်မှ ဒေါ်စုကိုမဆန့်ကျင်ဖို့ပါ။ ဒေါ်စုလမ်းစဉ်ဟာ ပြည်သူလူထု အ တွက် နိုင်ငံအတွက်၊ ဒီမိုကရေစီရေးအတွက် လက်တွေ့မကျတဲ့၊ အကျိုးမရှိနိုင်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုရင် Alternative approach တခုကို တင်ပြပေးဘို့ပါ။ လက်တွေ့ကျဖို့ အများလက်ခံနိုင်ဖို့တော့ လိုပါလိမ့်မည်။ သည်နေရာမှာ ဒေါ်စုကို နိုင်ငံရေးသမားတချို့ မထောက်ခံရင်တောင်မှ ပြည်သူလူထုကတော့ ဒေါ်စုကို ဘဝနဲ့ရင်းပြီး ထောက်ခံကြမှာဖြစ်ပါတယ်။ ဒေါ်စုရဲ့လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် လိုက်ပါကြပါလိမ့်မယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတုံးက စော၊စိန်၊မော် ဂိုဏ်းသားတွေကြုံတွေ့သလိုမျိုး ဒေါ်စု ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားများ ကြုံတွေ့ရပါလိမ့်မယ်။
ကျနော် စာမရေးဖြစ်တာ ကြာပါပြီ။ အကျိုးထက် အပြစ်များမယ်ထင်လို့ပါ။ အခုတော့ ရေးသင့်မရေးသင့် စဉ်းစားရင်း ရေးမှဖြစ်မယ်ထင်လို့ ရေးလိုက်ပါတယ်။ ဒီစာမရေးခင် ဒေါ်စုရဲ့ ဒီမိန့်ခွန်းကို သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာ ထိုက်တယ်လို့ ယူဆတဲ့ တပည့်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များဆီ ပို့ပေးပါတယ်။ ကျနော့် လူငယ်မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်ထဲကတယောက်က ဘာပြောသလဲ၊ ဘာ (Feed back) ပေးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခေါင်းဆောင်ကောင်းပီသတယ်။ ခေါင်းဆောင်ကောင်းပီသတဲ့လူတွေက ရှေ့ကိုဘာလုပ်ရမလဲဆိုတာ မြင်နိုင်တယ်လို့ ပြောပါတယ်။
ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်တပည့်တယောက်ပြောသလို ခေါင်းဆောင်ကောင်းပီသ၊ မပီသဆိုတာ ကိုတော့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စ်စထရို ပြောသလို သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ပြောပါရစေတော့။
မြင်းရည်တက်ဦးသာ
မူရင်း website
http://www.naytthit.net/?p=19686#comment-5531
5 comments
koyinmaung
January 21, 2012 at 1:35 pm
ခုလို နေ့သစ်ကနေ ကူးပြီးတင်ပေးတာကျေးဇူးတင်ပါတယ်
မြန်မာနိုင်ငံမှာအကောင်းဘဲကိုပြောင်းလဲနေပြီဆိုတာယုံကြည်ပါတယ်
ဒေါ်စုရဲ့လုပ်ဆောင်ချက်တွေကိုထောက်ခံပါတယ်………
aungnng87
January 21, 2012 at 3:08 pm
ဒေါ်စုရဲ့လုပ်ဆောင်ချက်တွေကိုထောက်ခံပါတယ်။ ကျမကဒေါ်စုကိုဘယ်မှာစပြီးကြိုက်သွားလဲဆိုရင် ဟိုကောင်ဘယ်သူလဲနာမည်တောင်မေ့နေပြီ။ဂျင်ဝက်လား..။ဒေါ်စုရဲ့အိမ်ထဲခိုးဝင်ပြီးဒေါ်စုကိုဒုက္ခတွေပေးခဲ့ထဲကပေါ့။ အဲဒီငနဲကဒေါ်စုအိမ်ထဲခိုးဝင်ပြီးရောဂါရသလိုလိုဘာလိုလိုလုပ်ပြီးတညနေခဲ့တာ၊ တကယ်ဆိုဒေါ်စုကသူ့ခြံရဲ့လုံခြုံရေးတွေကိုအကြောင်းကြားလို့ရမှာပါ။ဒါပေမဲ့အကြောင်းကြားလိုက်ရင်ဒီငနဲ
အဖမ်းခံရမှာစိုးလို့သူငြိမ်နေလိုက်တာ။အပြစ်ခံယူရစရာရှိရင်သူဘဲခံလိုက်တော့မယ်ဆိုပြီး…။အဲဒီလိုစိတ်ဓါတ် ်မျိုးကိုကြိုက်တာ။ သူ့ကြောင့်သူတပါးကိုအပြစ်မဖြစ်စေချင်တဲ့စိတ်ဓါတ်ပေါ့။ ကိုယ်ကတော့ဒါမျိုးကိုဗုဒ္ဒ(ဗုတ်ဒကိုမရေးတတ်ဘူး)ဘာသာရဲ့စိတ်ဓါတ်လို့ပြောချင်တာဘဲ။ အဲဒါကြောင့်လည်းစဉ်းတော့စဉ်းစားနေတာဘဲ။ ရွေးကောက်ပွဲကျရင်မြန်မာပြည်ပြန်ပြီးမဲပေးဘို့။ ဘယ်သူ့ကိုပေးမယ်ဆိုတာတော့မေးစရာတောင်မလိုဘူးထင်တယ်နော်။ဟုတ်တယ်ဟုတ်။ ဒီမှာအဆင်မပြေလို့
သံရုံးမှာမဲပေးလို့ရတယ်ဆိုလည်းသံရုံးမှာမဲပေးရမယ်။ ဒါဟာနိုင်ငံရေးဘဲ။
ကြောင်ကြီး
January 21, 2012 at 11:21 pm
မှန်ဒယ်ဗျို့.. ဂျင်ဝက်ဆိုတဲ့အကောင် ခိုးဝင်ပြီး ဒေါ်စုကို ဒုက္ခပေးခဲ့တာ တနေ့ကြရင် ဘယ်သူတွေကြံရပါဆိုတာ သိရလိမ့်မယ်။ ဒင်းကို ယက်ထောဆိုတဲ့ အမေရိကန် လွှတ်တော်အမတ် ပြန်လာကယ်ထုတ်သွားတာ ကျုပ်တော့ မသင်္ကာဘူး…။ 😆
kai
January 22, 2012 at 7:27 am
James Henry “Jim” Webb, Jr. (born February 9, 1946) is the senior United States Senator from Virginia. He is also an author and a former Secretary of the Navy. He is a member of the Democratic Party.
==
Webb was traveling to Naypyidaw in order to secure the release of John Yettaw,
Read more: http://www.time.com/time/world/article/0,8599,1916722,00.html#ixzz1k90Vps59
lynnthu
January 22, 2012 at 8:51 am
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်နယ်လ်ဆင်မင်ဒဲလားလမ်းစဉ်အတိုင်းသွားတော့မည်။
ကျွန်တော်တို ့ကရော…………………….