မြန်မာ့ အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ အလားအလာ
ပြီးခဲ့တဲ့နှစ်က စလို့ မြန်မာကျပ်ငွေဟာ ခပ်မာမာ ရပ်တည်နေရာ က ဒီလပိုင်းမှာ ပိုလို့သာ မာလာပါတော့တယ်။
ဒီလို ငွေလဲလှယ်နှုန်းက အဓိက ထိခိုက်စေတာကတော့ ပို့ကုန်သမားတွေနဲ့ သွင်းကုန် အစားထိုး လူသုံးကုန်ထုတ်လုပ်သူတွေဖြစ်ပါတယ်။
ဒီနှစ်မှာ ကံကောင်းကြတာကတော့ မြန်မာပြည်ရဲ့အဓိက ပို့ကုန်တစ်မျိုးဖြစ်တဲ့ ပဲအမျိုးမျိုးဈေးက မြင့်တက်လာတော့ ပဲသမားများ ဈေးကောင်းရကြလို့ ငြီးသံတော့ သိပ်မကြားရပါဘူး။ ပဲသမားတွေ နဲ့ အခြားသော ပို့ကုန်တွေဖြစ်တဲ့ ရာဘာ၊ နနွင်းတက် ၊ ပြောင်းဆန် တွေကတော့ ဈေးကောင်းရလို့ ပြဿနာ မရှိကြပေမယ့် ရေလုပ်ငန်းနဲ့ ဆန် အစရှိသည်တို့မှာတော့ အနီးအနားနိုင်ငံများမှ ပို့ကုန်များနဲ့ ဈေးကွက်မှာ မယှဉ်နိုင်ဖြစ်ရပါတယ်။ ပို့ကုန်ပစ္စည်းဆိုတာ ထုတ်လုပ်သူ ( တောင်သူ ၊ မွေးမြူရေးသမား ၊ တံငါ ၊ ကုန်သည် ၊ လယ်သမား ) စတဲ့ ပစ္စည်းပေးသွင်းသူ အခြေခံ လူအများစုကြီး ထံက သူ့အတွက် ကိုက်မယ့်ဈေးနဲ့ ဝယ်ပြီး ပြုပြင်ထုပ်ပိုးလို့ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချကြသူတွေဖြစ်ပါတယ်။ ဒီတော့ သူ့အတွက် ကိုက်မယ့်ဈေးဆို တာကို နိုင်ငံတကာ ငွေကြေးနဲ့ မြန်မာကျပ်ငွေကို တွက်ချက်လို့ ပစ္စည်းပေးသွင်းသူတွေထံက မြန်မာငွေနဲ့ဝယ်ယူကြတာပါ။ ပစ္စည်းပေးသွင်းသူ အခြေခံလူများစုကြီးရဲ့ဝင်ငွေဟာ ပို့ကုန် ဈေးနှုန်း နှင့် ငွေလဲလှယ် နှုန်းတို့နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အခြေခံလူများစုကြီးရဲ့ ဝင်ငွေ ဟာ ပြည်တွင်း ဝယ်လိုအားဖြစ်ပါတယ်။ မြန်မာပြည်လို တိုင်းပြည်တွေအတွက်တော့ ပြည်တွင်းဝယ်လိုအားဟာ လူသုံကုန်းပစ္စည်းများ မှာ ရာခိုင်နှုန်းများများ ရှိနေပါတယ်။ ပြည်တွင်းကုန်ထုတ်လုပ်သူများ ဟာ အဓိကအားဖြင့် တရုပ်နဲ့ ထိုင်းက ထုတ်လုပ်သူတွေကို အဓိကထားယှဉ်ပြိုင်ရတာပါ။ အခြေခံအားဖြင့် တရုပ်လုပ်ပစ္စည်းတောင်မှ ပြည်တွင်းဖြစ်ထက် ပိုပြီး လူကြိုက်တာကြောင့် ပြည်တွင်း ထုတ်ကုန်တွေ ဟာ အောက်ဈေးနဲ့သာ ယှဉ်ပြိုင်မှ အခြေအနေကောင်းတာပါ။
တစ်ဖက်မှာတော့ မြန်မာပြည်မှာ မလိုအပ်ပဲ ကုန်ထုတ်လုပ်စားရိတ်တွေ ကြီးမြင့်နေတာရယ်၊ ( မီး၊ သယ်ပို့စားရိတ် စသည်တို့………. )
ငွေလဲလှယ်နှုန်းက မဖြစ်သင့်တဲ့ နှုန်းနဲ့ မြန်မာကျပ်ငွေက ခိုင်မာနေတာ ရယ်တွေ က
ပြည်တွင်း လူသုံးကုန် နဲ့ စားသောက်ကုန် လုပ်ငန်းတွေကို ရေရှည်မှာ တအိအိနဲ့ ထိခိုက်လာနေတာပါ။
အဲဒီအပြင်မှာ ဈေးကွက် ကို ကြောက်လို့ ပြန်ပြီးတက်နေတဲ့ ( ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်သလိုမျိုး ) အထွေထွေ ကုန်ဈေးနှုန်း က
အပေါ်က ၂ ချက် ကို ထပ်ပြီး တွန်းအားပေးပြန်တာကြောင့် အခြေအနေတွေပိုလို့ဆိုးလာပါလိမ့်မယ်။ဒါ့အပြင်မှာ စောစောကပြောတဲ့ တောင်သူ လယ်သမား စိုက်ပျိုးထုတ်လုပ်သူ လူအများစုကြီးက ငွေလဲလှယ်နှုန်း ကြောင့်ဝင်ငွေနည်းလို့ လာနေချိန်ဖြစ်ပြန်တော့ ဝယ်လိုအားကြောင့်ကျုံ့လာတဲ့ဈေးကွက် မှာ ယှဉ်ပြိုင်နေရသလိုဖြစ်နေပါတယ်။
ဘယ်လိုဖြစ်နေသတုန်းဆိုတော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက်လည်း ဘာမူဝါဒ ဘာပံ့ပိုးမှု မှ မရှိတော့ အကာအကွယ်မဲ့ လုပ်ငန်းတွေကို အိမ်နီးချင်း တိုင်းပြည်တွေက အရှိန်ရပြီးသား အထောက်အပံ့ရနေတဲ့ လုပ်ငန်းများက အလဲထိုးသွားပါလိမ့်မယ်။
အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေပိုတိုးတက်လာဖို့အတွက် စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေချဲ့ထွင်ပေးဖို့၊ ပံ့ပိုးပေးဖို့လိုတယ်လို့ ပြောနေကြတာတွေရှိပေမယ့် ဒီလို လုပ်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေပြည့်စုံမှ၊ ကုန်သွယ်ရေးမူဝါဒ က ခိုင်မာ ပြီး ဖြစ်နိုင်ခြေရှိမှသာ ရပါမယ်။ ကုန်သွယ်ရေးမူဝါဒအကြောင်းပြောပြန်ရင် အကြောင်းမဲ့ ငွေလဲလယ်နှုန်းကို ကြောက်လန့်တကြား ဖိထားလို့မရပါဘူး။ ငွေလဲလှယ်နှုန်းကို မနိုင်မနင်း လွှတ်ပြန်တော့ လည်း ကြောက်ပြီးတက်တဲ့ ပြည်တွင်း ကုန်ဈေးနှုန်းကို လည်း ထိမ်းမရသိမ်းမရဖြစ်ရပြန်တာပါပဲ။
ဒီအခြေအနေမှာ အဖြေကတော့ ခိုင်မာသော မူဝါဒ ချမှတ်ပြီး ဒီမူဝါဒကို အကောင်အထည်ဖေါ်နိုင်မယ်လို့ လူထုက ယုံကြည်ခြင်းခံရသော အစိုးရ ရယ်၊အခြေခံအဆောက်အဦးလိုအပ်ချက်တွေအမြန်ဖြည့်စည်းပေးမယ့် နိုင်ငံတကာ အကူအညီတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေ ဖြစ်လာဖို့ကြာလေလေ မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းတွေ ခံရချက်နာလေလေ နဲ့ ရောဂါပျောက်အောင် ကုသဖို့ ကြာလေလေဖြစ်မှာပါပဲ။