ဖားကန့်အကြောင်းနည်းနည်းပြောမယ်

ဖားကန့်ကိုရောက်နေတာကြာပြီ။ ဒါပေမယ့် ပညာစုံပြီလားဆိုရင်လည်း ဘာမှမသိ။ ဘာမှမတတ်သေး။ မြင်မြင်သမျှက အဆန်းတွေချည်း။ မြင့်မားလှတဲ့ မြေစာပုံကြီးတွေ။ တောင်ကြီးတွေကလည်း မြင်လေရာရာ တောင်ကတုံးတွေချည်း။ တကယ်ဆိုရင် ပင်လယ်ရေပြင် မျက်နှာပြင်ထက် ပေ ၁၀၀ရ ပေတာမြင့်တဲ့ ဖားကန့်မှာ ရာသီဥတုက အသင့်အတင့်ရှိရမယ့်အစား ဘာလို့ ပူပြင်းရင်လည်း နေစရာမရှိသလို မို်းရွာရင်လည်း စိတ်ပျက်စရာကောင်းနေခဲ့ရတာလဲ။ သည်ဒေသမှာ နေထိုင်လုပ်ကိုင်စားသောက်နေသူတွေက လူတန်းစားစုံလင်လှတာလည်း တွေ့နေရတာ။ တရုတ်၊ ကုလား၊ဗမာ၊ ရှမ်း၊ ပလောင်၊ ကချင်၊ ကယား၊ ပဒေါင်၊ အို ပြောပြရင် ကုန်မှာတောင်မဟုတ်တော့။ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုတာ သည်ဒေသကိုများ ရည်စူးသီဆိုခဲ့လေသလား ကိုမျိုးကြီးရယ.်လို့ မေးလိုက်ချင်တယ် တကယ်။

ဒေသအစုံအစုံက လူတွေအစုံမို့လို့လားတော့မသိ။ စရိုက်စုံတော့ ပျက်ဆီးခြင်းရဲ့ လမ်းစကိုလျှောက်ဖို့က အလွယ်လေး။ ပိုက်ဆံကို ဖောဖောသီသီဖြုန်းနိုင်တာဆိုလို့ မှော်ဒေသပဲရှိတယ်လို့ပြောလို့ရရင်ရနိုင်တယ်။ ကုန်ဈေးနှုန်းကလည်း ခေါင်ခိုက်နေတာ။ အောက်ပိုင်း(မြန်မာပြည်အောက်ပိုင်းကိုပြောတာ) မှာ ဈေးကောင်းကောင်းမရတဲ့ ဟင်းသီးဟင်းရွက်တွေတောင် ဖားကန့်မှာ ဈေးကောင်းကောင်းရတယ်။ ဂေါ်ဖီထုပ်တစ်လုံး ၁၅၀ဝတဲ့။ အောက်ပိုင်းမှာဆိုရင် တစ်လုံးမှ ၂၅ဝဆို ဗိုက်ပုတ်စားပါလိမ့်။ ပန်းမုန်လာတို့၊ ဖရုံသီးတို့ဆိုရင်လည်း သည်အတိုင်းပဲ။ ကန်စွန်းရွက်ကလည်း ဖားကန့်ရောက်မှာ ရေမြင့်လို့ ကြာသင့်တဲ့အတိုင်း ဈေးကိုကောင်းနေတော့တာ။ အသားဈေးကိုလည်းမမေးလိုက်နဲ့ဦး ။ ဝက်သားက အသားချည်းဆိုရင် ၁၀၀၀၀၊ နံသားဆိုရင် ၇၀၀၀၊ ပေါက်သားဆိုရင် ၈၀၀၀၊ ကြက်ဈေးကတော တစ်ပိဿာကို ၇၀၀၀၊ ငါးဈေးက ၄၅၀၀၊ ကြည့် သည်ဈေးမျိုးကို ကုမ္ပဏီတွေကသာ များများဝယ်စားနိုင်တာပါ။ ရေမဆေးတွေဆိုရင် ရရစားစားနဲ့ လောက်ဌတယ်ဆိုတာ မရှိဘူး။

အစားအသောက်မှမဟုတ်ပါဘူး။ ကျန်တာတွေလည်း သည်အတိုင်းဈေးကြီးတာပါပဲ။ အရက်သောက်မလား၊ မိန်းမလိုက်စားမလား၊ ဘိန်းရှူမလား၊စုံလို့။ ကုန်ပစ္စည်းတွေချည်းရောင်းတဲ့ဈေးရှိသလိုပါပဲ လုပ်ကွက်တွေနားက ရွာတွေမှာလည်း အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းတွေလည်း ဈေးဆိုင်ခန်းတွေလို တန်းစီနေကြတာ။ ပြောတော့ ပြည့်တန်ဆာပပျောက်ရေးလုပ်နေတယ်တဲ့။ ခုလိုမျိုး ဗြောင်တင်ကြီးဖွင့်စားတာကျတော့ ဘာမှလည်း အရေးယူတာမတွေ့ရတော့ အံ့တော့ ဩမိသားရယ်။ ရှောင်တခင်စစ်ဆေးရေးလာရင်တော့ ရှောင်နေကြတာပေါ့။ နောက်တော့လည်း ဒုံရင်းဒုံရင်းနဲ့ HIV,AIDSရောဂါပျံ့ပွားရေးစခန်းကြီးတွေကျနေတာပါပဲ။ ရောဂါနှိမ်နင်းတယ်ဆိုတာ ကြိုတင်ကာကွယ်ရေးကအဓိကမကျဘူးလား။ ဒါကြောင့်ပြောတာ မြင်မြင်သမျှအဆန်းတွေချည်းရယ်လို့။

နောက်တစ်ခုက လေဖမ်းဒန်းစီးသလို အာရုံငြိမ့်ငြိမ့်လေးစီးစေတဲ့ ဘိန်းက ဖားကန့်မှာတော့ ကျောက်စိမ်းတုံးကတောင် ရှာရခက်ဦးမယ်။ သူကတော့ ရှာရတာလွယ်တယ်။ 4 စစ်စစ်ကြီးမဟုတ်တဲ့ အသေးစား ရှူစရာတွေကလည်းများမှများ။ ကုမ္ပဏီမှာလုပ်နေကြတဲ့ စက်သမား၊ ကားသမား၊ ကျဉ်းသား သူနဲ့လွတ်တယ်ဆိုတာ တော်တော် စိတ်ခိုင်လို့။ အဲဒါလေးရှူလိုက်ရင် အလုပ်လုပ်လို့ကောင်းတယ်တဲ့။ ညည မအိပ်ချင်ဘူးတဲ့။ ဖားကန့်သွားပြီး ပိုက်ဆံမပါလာဘူးဆိုတာ အဲသည့်ကောင်ရှုပ်လို့။ အနံ့ကတော့ ရှုူချင်စရာ မွှေးသေးသေး။ ပျက်စီးစေတာလည်း ကြီးကြီးလေး။ ဖားကန့်မှာ ကုမ္ပဏီတွေကလည်း မက်မောလောက်စရာလစာတွေကို ပေးထားတာကလား။ လစာနည်းနည်းပေးတဲ့ ကုမ္ပဏီတွေက ရာသီချိန်ဘောက်ဆူးကို များများပေးတယ်။ လစာများများပေးတဲ့ ကုမ္ပဏီက ရာသီချိန်ဘောက်ဆူး နည်းတတ်တယ်။ တစ်ချို့တစ်ချို့ဆို သိန်းကိုဆယ်ချီရကြတာလေ။ ဒါကြောင့် ငွေကလည်းပေါ လူကလည်းမြောကုန်ကြတာ။ ဒါတောင် ဥရုချောင်းရဲ့ရေက တိမ်နေလို့။နို့မို့ဆိုရင် အကုန်လုံးမြောလောက်ပြီ။ ဥရုချောင်းရဲ့ရေကလည်း ဒူးလောက်တောင်မရှိရှာတော့ပါဘူး။ မြေလန်ရှာစားနေကြသူတွေကြောင့် ဘိုးဘိုးဥရုမှာလည်း မြောင်းပုပ်သာသာရှိတော့တာပါ။ ရေကလည်း ရွှေမျောတွေကြောင့် အမြဲနောက့်ကျိနေတော့တာ ရာသက်ပန် ကော်ဖီရောင်နဲ့ ကောင်းကင်ကများကြည့်လိုက်ရရင် သိပ်ကိုလှနေမလား သိပ်ကို အကျည်းတန်နေမလား တွေးမိသေးတယ်။

ဟိုတန်းကတော့ ချောင်းရေက ကြည်ကြည်လင်လင်ရှိနေခဲ့တယ်ဆိုပဲ။ ဒါတွေကလည်း ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုဖြစ်ခဲ့ပါပြီ။ ချောင်းရေတိမ်နေတော့ အဲသည်မှာ ဒုက္ခရောက်ကုန်ကြတာပဲ။ မိုးတွင်းရောက်ပြီဆိုရင် ရေကြီးရတာနဲ့ သွားရလာရ ခက်ခဲကုန်ရော။ ခု တို့များနေတဲ့ကုမ္ပဏီကနေ ဖားကန့်ကိုရောက်ဖို့ လမ်းလျှောက်တစ်တန်၊ စက်လှေစီးလို့တစ်သွယ်၊ ကယ်ရီစီးလို့တစ်မျိုး သွားရလာရရှာတာ။ သွားလာစရိတ်ကိုလည်းကြည့်ဦး။ စက်လှေခက မမုံရွာကနေ ဆိုင်းတောင်မြို့ထိကို ၂၀၀၀၊ ပြီးရင် ယူမာစက်လေဆိပ်ထိကို ၂၀၀၀၊ ကယ်ရီခက ဖားကန့်ထိကို ၂၀၀၀၊ကဲ အသွားအပြန်တွက်ကြည့်ပေတော့။ လစာထုတ်လို့များ အိမ်ကို ပိုက်ဆံလွှဲဖို့ သွားလာစရိတ်နုတ်လိုက်ရင်ကို ဒင်ပြည့် ကျပ်ပြည့်တော့မှာ မဟုတ်ဘူး။ သည်နှစ်ကတော့ ဥရုချောင်းရေကြီးချက်က ဖားကန့်တောင်မလွှတ်ဘူး။ မြေပြို၊ လူသေ ဖားကန့်မြေလို့ဆိုရတော့မှာပေါ့။

ရာသီချိန်ဆိုရင်လည်း သွားလာစရိတ်ကမသက်သာပါဘူး။ ဒါကြောင့်ဖားကန့်ကို တော်ရုံတန်ရုံဆို မသွားဖြစ်တော့ဘူး။ကုမ္ပဏီကားနဲ့မှ မဟုတ်ရင် ငဝိုင်း ကုန်မယ့်ကိန်းမို့ရှောင်ရတယ်။

သွားရင်းလာရင်းနဲ့ သေသေကျေကျေ ရေမဆေးတွေကိုလည်းတွေ့ရတော့ စိတ်မချမ်းသာပြန်ဘူး။ လောဘကြောင့်လို့ပြောရမလား၊ ဝမ်းရေးကြောင့်လို့ပြောရမလား၊ မျှော့်လင့်ချက်ကြောင့် သတိမထားလို့ ကျောက်တုံးအောက်ရောက်သွားကြတဲ့ ရေမဆေးဘသား ယောကျာ်းတွေ နည်းမှမနည်းတော့ပဲ။ တော်ကြာသေပြန်ပြီ။ တော်ကြာ ခြေထောက်ကို ကျောက်တုံးမှန်လို့။ ဟိုထမ်းပြေးရ သည်ထမ်းပြေးရနဲ့ ကြည့်ရတာ ရင်မောရပြန်ရော။ တစ်ချို့ကလည်း ပျော်လို့။ တစ်ချို့ကလည်း စိတ်ညှစ်လို့။ ဆိုင်ကယ်တွေနဲ့ တစ်မျိုး။ လမ်းလျှောက်တစ်မျိုး မြေစာပုံတွေမှာ ဥဒဟိုသွားလာ ရှာနေကြတာ ကြည့်ရတာ တရားရရစရာကောင်းပါရဲ့။

မိန်းမသားတွေက ဈေးရောင်း ယောကျာ်းသားတွေက ရေမဆေးရှာ။လောပန်ဖြစ်ရေးကလည်း မလွယ်ရေးချမလွယ်။ ရေမဆေးလုပ်ပြီ ကျောက်ဈေးကွက်မှ နားမလည်ရင်လည်း ကောက်ရိုးလောပန်တွေရဲ့ တပတ်ရိုက်မှုကိုခံရဦးမယ်။ ကျောက်အကြောင်းနားမလည်ရင်လည်း ခံရဦးမယ်။ ကိုယ်နဲ့ထိုက်လို့ ကိုယ်စံရမယ်လို့ဆိုပေမယ့် ကိုယ်မအ..ဖို့လိုတဲ့ မှော်လောကကြီးပါ။ သည်ကြားထဲ ကျောက်တုံးမှန်လို့ ယောကျာ်းသားဖြစ်သူတွေ သေဆုံးရရင် ကျန်ရစ်သူ မိန်းမသားတွေဘယ်လို စခန်းသွားကြပါလိမ့်လို့တွေးမိတော့။လွယ်လင့်တကူ တစ်ချို့က ဇိမ်ခန်းရောက်ကုန်ရောတဲ့။ ကောင်းရော။ မထူးဇာတ်ခင်းကြတဲ့နေရာမှာတော့ မိန်းကလေးတွေက ပိုစိတ်ပျော့နေသလားပဲ။ ရေးခဲ့ဖူးတဲ့ အကြောင်းလေးပြန်ပြောချင်တယ်။ ရမက်ရဲ့စေရာတဲ့။

သို့
        မေမေနဲ့ဖေဖေ
            သမီးစာရေးလိုက်တယ်မေမေနဲ့ဖေဖေရေ….
နေကောင်းကျန်းမာပါစေလို့ဆုတောင်းတယ်နော်…။လူကြုံနဲ့အတူသမီးငွေပို့ပေးလိုက်တယ်နော်..။သမီးလေ…မေမေတို့ကိုအရမ်းသတိရတာပဲ..။ သမီးက အခုအရမ်းအဆင်ပြေတယ်…။ အလှကုန်ဆိုင်လည်းဖွင့်ထားတ ာ မေမေ..။ တစ်ခါတစ်ရံ စိတ်ညစ်စရာတွေကြုံလာတိုင်း မေမေဆီကို အပြေးလေးလာချင်တာမေမေရဲ့..။ ဒါပေမယ့်လည်း

ဘဝရဲ့ခရီးကိုလျှောက်လှမ်းနေရချိန်မှာတော့သမီးကြံကြံခံနိုင်ရမယ်မဟုတ်လား..။

         သမီးလေ…အခုဆိုရင် တင့်တောင့်တင့်တယ်နေရပြီလေ ..။ သမီးက ငယ်ငယ်ကတည်းက လှလှလေးနေချင်တာလေ..။ အလုပ်ကြမ်းလည်းလုပ်ချင်ပါဘ ူး..။ဒါကြောင့် ဒီလိုအဝေးမှာ စီးပွားလာရှာတာပေါ့…။ အခုဆို သမီးက အရင်ကနဲ့မတူတော့ဘူး မေမေရဲ့..။ ရွာကိုပြန်လာရင်တောင် ဘယ်သူမှမှတ်မိမယ်မထင်ဘူး..။ သက်တောင့်သက်သာနေနေရတယ်လေ..။ သမီးရဲ့အလုပ်ကလည်း အဆင်ပြေတာကိုး..။ နေ့လည်ဆိုရင်ဆိုင်ကိုသူမျာ းနဲ့ လွဲပြီး သမီးကနားတယ်လေ..။ သမီးကညဘက်ပဲ အလုပ်လုပ်တာမေမေ…။

          သမီးရဲ့ ဆိုင်ကို ယောက်ျားလေးတွေတော်တော်မျာ းများ လာတယ်လေ..။ စိတ်ပူမနေနဲ့ဦးနော် မေမေ..။ သမီးက ကိုယ့်ကိုကိုယ့်တော့ တန်ဖိုးထားပါတယ်..။ သမီး…က ဆယ်တန်းတောင်မအောင်ပေမယ့်…ကိုယ့်တန်ဖိုးတော့မကျအောင် နေပါသေးတယ်.။
သမီးရောက်နေတဲ့ အရပ်ကို မေမေနဲ့ဖေဖေ သဘောမကျမှန်းသိပေမယ့်…စီးပွားရေးက ပြေလည်နေတော့ သည်းခံပါနော်..။ မောင်လေးကိုလည်းစာကြိုးစားလို့…။သူ့ကိုသမီးကျောင်းပြီးအောင်ထားမယ်နော်..။

          ဖားကန့်မြို့ဆိုတာ နာမည်ကြီးပေမယ့်လည်း လူဆိုးလူကောင်းရောမွှေထားတာ ပါ..မေမေရယ်..။ တခြားလူတွေပြောတိုင်းအရမ်း မယုံနဲ့နော်..။ မိန်းကလေးတွေလည်း သူ့အလုပ်နဲ့တော့ သူရှိတာပေါ့..။ သမီးလည်းဘယ်နေချင်ပါ့မလည်း မေမေရယ်..။ မိသားစုအတွက်ပဲဟာ..ပြီးတော့မေမေနဲ့ဖေဖေအတွက်လေ..။ 
           ဒီန ှစ်တော့ပြန်မလာသေးဘူးမေမေ..။ နောက်နှစ်မှပဲပြန်လာတော့မယ ်နော်….။အရမ်းလည်းစိတ်မပူပါနဲ့နော ်…။ သမီးပြန်လာမှမေမေနဲ့ဖေဖေ့အတွက်လက်ဆောင်တွေအများကြီးဝယ်လာခဲ့မယ်နော်….။

          မေမေနဲ့ဖေဖေနေကောင်းကျန်းမာပါစေလို့
                         ဆုမွန်ကောင်းတောင်းလျှက်..
 ချစ်သမီးကြီး         

ဖြူဖြူ

ဟဲ့ဖြူဖြူ…သမီးရေ..ဧည့်သည်လာတယ်..ညည်းနဲ့တဲ့…
ဪ စာရေးကောင်းနေတယ်ဆိုမှ…ဧည့်သည်ကလာသေးတယ်..။ အင်း လုပ်လိုက်ဦးပေါ့ ဖြူဖြူ ညည်းပဲ သက်သက်သာသာ နေချင်စားချင်လှချင်ခဲ့တာက ိုး..။ မေမေတို့များသိရင် ရှက်လို့ ကိုယ့်ကိုကိုယ် သက်သေကြမှာ..။ သူတို့ရဲ့သမီး ဘာတွေလုပ်နေလဲ သိရင်တော့လား..။ လှတာမက်တော့  ညစာခက်တယ်တဲ့…။ ကျွန်မကတော့ အလှမက်လို့ ဘဝပျက်ပြီ..။ သည်အတိုင်း နေရင်တော့ လင်ကောင်းကောင်းရဦးမှာ..။ အခုတော့ ဖားကန့်လို ကျောက်စိမ်းထွက်တဲ့နေရာမျိ ုးမှာ လူမသိ သူမသိ အသွေးအသားတွေကို စတေး အလှအတွက် ပြီးတော့ ဘဝအတွက် အမည်းကွက်တွေလည်း စွန်းကုန်ပြီ..။ သည်လိုလုပ်တာလည်း ကျွန်မပဲ..။

         လူတန်းစားစုံလှတဲ့ မှော်ဒေသမှာ ယောက်ျားတကာရဲ့ ရင်ခွင်ညတိုင်းမှေးစက်နေရေ ပမယ့်လို့ အခကြေးငွေမျိုးမျိုးမြတ်မြ တ်ရတော့လည်း ပန်းလေးကို မွှေးချင်မွှေး ကြူချင်ကြူ ခွင့်ပြုရတော့တာပေါ့..။ ယောက်ျားတကာရဲ့ ရမက်ဇော တဏှာတကြောမှာတော့ ကျွန်မလို့ မိန်းမသားတွေရဲ့ အလှအပ အယုအယတွေကို ထည်လဲပေးရသေးတာလေ..။
          နေပူပူမှာ အလုပ်လုပ် ပင်ပင်ပန်းပန်းရှာစားရတာကု ိ ကျွန်မက အကြောက်ကြီးကြောက်သူပေါ့..။ ဒါကြောင့် အရဲ့စွန့် မြို့တက်အလုပ်လုပ်တာ…။ အစကတော့ ဒီအလုပ်လုပ်ဖို့ ရည်ရွယ်ပါဘူးလေ..။ ဒါပေမယ့်.. ကာရာအိုကေဆိုင်မှာသီချင်းဆ ိုရင် မြေတောင်မြောက်ပေးမယ်ပြောလ ို့ အယုံလွယ်မိတာ..။ ခြေတော်တင်ပြီး စုံကန်လို့ ရောက်မိရောက်ရာရောက်ဆိုပြီ း သူငယ်ချင်းနဲ့လိုက်လာလိုက် တာ…နောက်တော့ အသွေးအသားရောင်းစားဖို့ ဖြစ်သွားရော..။ နောက်တစ်ခုက မေမေတို့ဆီလည်း အရင်ကထက် ငွေပိုပို့ပေးနိုင်တော့ ရမက်ဇောနောက်ကောက်ကောက်ပါေ အာင်လိုက်မိတာ..နောင်ဆိုတာလည်း.ရမယ်မထင်တော့ပါဘူး…။ ဒီကြားထဲ  နာမည်ကြီးနေတဲ့ လေးလုံးရန်ကိုလည်းကြောက်ရေ သးတယ်လေ….။တစ်လတစ်ခါ ဆေးစစ်ရတာလည်းအမော.. ။ အဖြေထွက်တဲ့ရက်ဆိုရင် ရင်တမမနဲ့..။ ဒီအလုပ်လုပ် လုပ်ရင် တစ်နေ့ဒီရောဂါရနိုင်တယ်ဆို တာ..သိသိကြီးပါ..။ဒါကို ယောက်ျားတွေက သူတို့အလိုမလိုက်ရင် မယုံဘူးလား..။ဘာလားညာလားနဲ့ မူးမူးနဲ့ စကားနာထိုးကြပါလေရော..။အင်း…..ဒီလိုနဲ့ပဲ..ညည အလှကိုရောင်းနေရတယ်လေ..။ မေမေကတော့ အလှကုန်ရောင်းတယ်ဆိုလို့ မြင်ယောင်ကြည့်နေဦးတော့မှ ာပဲ…။ ကိုယ့်ကိုကိုယ်တန်ဖိုးထားတ ယ်တဲ့…။ ဟင်းဟင်း…မေမေသိရင် ရင်ကျိုးတော့မှာ…။ရွာကိုလည်း ပြန်ဖို့မတွေးရဲ..။ ဒီလိုပဲ ပျော်တော်ဆက်ရဦးမှာပေါ့…။ အမိုက်မရေ…..ဆက်မိုက်ဦးတော့ ညည်းဘဝနဲ့ညည်းပဲ..။

ဟဲ့ဖြူဖြူ ဒီကောင်မလေး ဘာတွေတွေးနေတာလဲ..ဟိုမှာညည်းဧည့်သည်တွေစောင် ့နေတယ်…။
ညည်းကိုပဲသဘောကြတယ်တဲ့…။ မှာရဦးမယ်နော်…ဒီည အဲဒီအဖွဲ့ကို….ညည်းများများရောင်းရမယ်နော ်…။လောပန်တွေတဲ့…။

            ဟာဟေ့ကောင်တွေ ဒီမှာကြည့်ပါဦး..ဖြူဖြူတဲ့….

နောက်ထပ်စကားတွေ..စကားတွေ…အင်းဖြူဖြူမဟုတ်တော့ပါဘူး…။ အမည်းကွက်နဲ့ တဏှာရမက်ကြောမှာမျောနေတဲ့….အမိုက်မရယ်လေ..။

Tags: မိန်းကလေးများသတိပြုရန်အတွက်

 ကဲ အဲသည်လိုမိန်းကလေးတွေအပြင် အုတ်ရောရော ကျောက်ရောရောမိန်းကလေးတွေပုံကုန်ရော။ တွေ့မြင်ရတာတွေက ယောကျာ်းလေးတွေမှမဟုတ်ဘူး မိန်းကလေးတွေကပါ ရှူစရာရှိတာရှူ ဖျော်ဖြေစရာရှိတာ ဖျော်ဖြေနဲ့ ဒုက္ခတွေများနေလိုက်တာများ……တို့များ အံ့ဩလို့မဆုံး…ဖားကန့်မြေ မဆုံး။

ဖားကန့်မှာ အလုပ်လုပ်နေကြတဲ့ ယောကျာ်းသားတွေကလည်း အိမ်ထောင်နဲ့ဝေးရင် လွှတ်လပ်ရေးရတယ်ထင် စိတ်ထင်တိုင်းကဲနေလိုက်ကြတာများ မမြင်ချင်မှအဆုံး။ အရက်၊ ဘီယာ၊ ဖာ ကင်းနိုင်ရင် လူတော်လို့ပြောရမလား။ ရောဂါကို ငွေနဲ့ဝယ်ယူနေကြတာ။ ကျန်ရစ်သူမိန်းမသားတွေ သိမှသိပါလေစ။ တကယ်တော့ ရောင်းသူဝယ်သူ စည်ကားနေတဲ့ ဒေသကြီးလို့ပြောရင်လည်းရတယ်။ အမျိုးစုံကိုရနေတော့တာကို။ လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး ကျောက်ရှာနေကြတဲ့ ဖားကန့်၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ နေ့မအား ညမနား အလုပ်လုပ်နေတဲ့ ဖားကန့်၊ ညရမက်များ စီးမြောတဲ့ဖားကန့်၊ လူမျိုးစုံတဲ့ဖားကန့်၊ သချင်္ ိုင်းဝကို မြန်မြန်ရောက်စေတဲ့ဖားကန့်၊ လောပန်လောင်းတွေကို မျှောင့်လင့်ချက်ကြီးကြီးပေးတဲ့ဖားကန့်၊ ရေမဆေးတွေ လောဘတက်စေတဲ့ဖားကန့် တကယ်တော့ ပဉ္စလက်အတတ်နဲ့ ပြုစားခဲ့နေရတဲ့ သူတွေ စုပြုံနေတဲ့ဖားကန့်လို့ဆိုလိုက်ရင် များ များသွားမလား။

တို့ကတော့ ဖားကန့်ကိုရောက်ရတာ ကံတရားကြောင့်လိုလည်း မပြောတော့ဘူး၊ စပ်ဆော့တတ်တဲ့ခြေထောက်တစ်စုံကိုပိုင်ဆိုင်ခဲ့လို့ စပ်စပ်စုစုရောက်နေခဲ့တာ ထူးဆန်းတာတွေချည်းမြင်နေရတယ်။ ဒါကိုက ကံကောင်းတာလား၊ ကံဆိုးတာလား သေချာခွဲမသိရသေးဘူး။ မြင်မြင်သမျှ အကြောင်းတွေ ၊ သိသိသမျှအကြောင်းတွေ ရေးနိုင်သလောက်ရေးနေရတာကိုပဲ ပျော်နေမိတာပါ။

ဟော် ခု မိုးတွေရွာနေပြီ။ မကြာခင် လမ်းတွေပျက်တော့မယ်။သွားရလာရ ခက်ခဲတော့မယ်။ ကားတွေသွားမရတော့ဘူး။ ဥရုချောင်းရေကြီးတော့မယ်။ စက်လှေတွေစီးရတော့မယ်။ သံသရာလည်တယ်ဆိုတာ ဒီလိုလားလို့မေးရမလို။ နှစ်တစ်နှစ်ကုန်ဆုံးချိန်ကမြန်သလိုလိုနဲ့ ခုတော့ မိုးကလည်းနောက်ကျနေလိုက်တာ…တိမ်သားမည်းမည်းတွေကို မြင်ချင်လို့တောင် မမြင်ရသေး။ ကမ္ဘာ့ရာသီဥတုကလည်းပျက်ယွင်း မြန်မာ့ရာသီဥတုကလည်း အပျက်ယွင်း ဧရာဝတီတိုင်းမှာ ရေရှားနေတယ်လည်းကြားရတယ်၊ မုန်တိုင်းအန္တရယ်ကိုလည်း နားစွင့်နေရတယ်။ တို့များနေတဲ့ ဖားကန့်ကရော…..မိုးတွင်းမှာ ဘာတွေဖြစ်လာဦးမှာပါလိမ့်……။

3 comments

  • thihayarzar

    June 4, 2010 at 6:39 am

    သနားစရာပါပဲ ဒီလိုအတွေ့အကြုံလေးတွေကိုရေးပြီးတင်တဲ့ သူကိုလည်း ကျေးဇူးတင်မိပါတယ် မဖြစ်မနေမို့သာလုပ်ကြရတာပါ သူနဲ့သူမိဘတွေလည်းသနားပါတယ် မြန်မာနိုင်ငံမှာအလုပ်အကိုင်မကောင်းလိုဒီလိုတွေဖြစ်ကြတယ် ထင်ပါတယ် …. လခတွေကလည်းနည်းတယ်လေ … မြန်မာနိုင်ငံကြီးမြန်မြန်ချမ်းသာပါစေလို့သာဆုတောင်းလိုက်ပါတယ်

  • လင်းဝေကျော်

    June 14, 2010 at 5:42 am

    ကိုသော်ဇင်ရဲ့ဖားကန့် ကို ဖတ်ပြီး
    စိတ်မောမိတာတွေအများကြီးပါပဲ။
    လူတွေရဲ့ဘဝမျှော်လင့်ချက်နဲ့အမောတွေ၊ ပတ်ဝန်းကျင်ရေးရာတွေ၊
    လူတန်းစားပျက်စီးနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း ၊
    အို…. အမြန်ဆုံးနေပြန်ကောင်းပါတော့ အမိမြန်မာရေ………..

  • Thaw Zin Loikaw

    June 17, 2010 at 1:07 pm

    ဟုတ်ကဲ့ ကိုလင်းဝေကျော် ရေ
    ဖားကန့်အကြောင်းတွေကို သည့်ထက်ပိုရေးချင်ပါတယ်
    ကိုလင်းဝေကျော် ဆုတောင်းသလိုပဲ ကျနော်လည်းဆုတောင်းမိပါတယ်

Leave a Reply