အောက်ဆိုက်ရှိလား
ရွာသတင်းတွေကိုဝင်ဝင်ကြည့်နေကြတဲ့ ခြကြီး၊ ခြလတ်၊ ခြလေး တွေဖတ်စေချင်လို ့
တင်ပေးလိုက်ပါတယ်…ဖတ်ပြီးရင်တော့ အသိတရားလေးတွေ ရစေချင်ပါတယ်…
( သူများရေးထားတာဖြစ်လို ့မူရင်း Link ကိုဖော်ပြထားပါတယ် )
အောက်ဆိုက်ရှိလား
ပထမဆုံး အလုပ် စဝင်သူတစ်ယောက်ကို သူ့မိတ်ဆွေများက
လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော
နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော
ရှိသေးလား..ဟူသတတ်။
အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ
ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့်
နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို
လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် ကျွန်တော်တို့ပတ်ဝန်းကျင်၌
အောက်ဆိုက်ယဉ်ကျေးမှု ထွန်းကားခြင်း၏ အခြေခံအချက် ဖြစ်သည်။
ထိုဘေးပေါက်ရသောဝင်ငွေကို မည်သူကစ၍ အောက်ဆိုက် ဟုခေါ်သလဲမသိပါ။
အရင်ကတော့ လက်ဖက်ရည်ဖိုးဟု ချိုချိုသာသာ ခေါ်ကြသည်။
ဖြစ်နိုင်သည်မှာ လာဘ်စယူစဉ်က
အမှန်တကယ်လက်ဖက်ရည်ဖိုးလောက်သာ တောင်းခဲ့ကြဟန် တူသည်။
အခုတော့ လက်ဖက်ရည်ဖိုးဟုသုံးနှုံးသူအလွန်နည်းသွားသလို၊
လက်ဖက်ရည်ဖိုးလောက်ဖြင့် ကိစ္စပြီးကြပုံမရတော့ပါ။ ယခုအခါ
လာဘ်ပေးရသည့်အခြေအနေရောက်တိုင်း ‘ ရေလောင်းသည်၊ အာရ်ကေပေးသည်၊
ကန့်တော့သည်၊ အလှူခံထည့်သည်..‘ အစရှိသဖြင့် ပြောလာကြသည်။
ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အောက်ဆိုက်ရှာသူများ
လက်ညှိုးထိုးမလွဲအောင်ရှိနေပါသည်။ အချို့မှာ လစာထက် အောက်ဆိုက်ဝင်ငွေက
အဆပေါင်းများစွာ ပိုရနေတတ်ကြသည်။ သို့သော် မည်သူပဲဖြစ်ဖြစ်
မည်မျှပဲအောက်ဆိုက်ရရ ပတ်ဝန်းကျင်အနေဖြင့် အလွန်ရိုးစင်းစွာ
ဘာသိဘာသာနေလေ့ရှိသည်။
အချို့မိဘများဆိုလျှင် သူတို့သားသမီးက မည်သို့မည်ပုံ အောက်ဆိုက်ရကြောင်း
အရပ်ထဲမှာ တခမ်းတနား ဂုဏ်ယူတတ်သည်။ ဘယ်တုန်းကမျှ အောက်ဆိုက်ရနေသူများကို
အပြစ်မြင်ကြခြင်းမရှိခဲ့။ အဘယ့်ကြောင့်ဆိုသော် အောက်ဆိုက်ရှာခြင်းကို
ကိုယ်ကျင့်တရားပျက်ယွင်းခြင်းအဖြစ် နားလည်ရှုမြင်မှုအားနည်းနေသောကြောင့်ဖြစ်သည်။
ဟိုးယခင်က လာဘ်စားခွင့်ဖန်တီးနိုင်သော အစိုးရဋ္ဌာနများမှာ
လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးပြီး၊ အဆိုပါဋ္ဌာနများတွင်
အလုပ်ရဖို့အရေး တဖန် လာဘ်ထိုးရသေးသည်။ ယခုအခါ
လာဘ်ပေးသူနှင့်လာဘ်ယူသူတို့အကြား ဆက်ဆံရေးသည် ပုန်းလျှိုးကွယ်လျှိုး
တိုးတိုးတိတ်တိတ်မဟုတ်တော့။ ရောင်းသူနှင့်ဝယ်သူအကြားဆက်ဆံရေးလို
သမားရိုးကျဆန်လာသည်။ တစ်ခုမပေးလျှင် တစ်ခုမရသည့်အခြေအနေမျိုးအထိ
ဗြောင်ကျကျ ထင်ပေါ်လာသည်။
ပိုဆိုးသည်က အစိုးရဋ္ဌာနများတွင် လာဘ်ပေးလာဘ်ယူကိစ္စသည်
၎င်းတို့၏လုပ်ထုံးလုပ်နည်းထဲမှာပင် ပြဋ္ဌာန်းထားသလို တရားဝင်ဖြစ်မှန်းမသိဖြစ်လာခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဘေးပေါက်ဝင်ငွေရှာဖွေသောဋ္ဌာနများကို
ရေလျှံသောဋ္ဌာန ( Wet Agencies ) ဟုခေါ်ပြီး၊ ရပေါက်ရလမ်း မရှိသောဋ္ဌာနများကို
ရေခန်းသောဋ္ဌာန ( Dry Agencies ) ဟုခေါ်ကြသည်။ မြန်မာနိုင်ငံမှာတော့ ဆေးရုံ၊
ကျောင်းနှင့် မီးသဂြိုလ်ဌာနမကျန် နေရာတိုင်းလိုလို
လာဘ်စားနေကြပြီဖြစ်သဖြင့် အစိုးရဋ္ဌာနတိုင်းအား ရေလျှံသောဋ္ဌာနဟုခေါ်ရမလိုဖြစ်နေသည်။
အောက်ဆိုက်ရှာခြင်း၏အကြောင်းရင်းကို ရှာဖွေသည့်အခါ
စားဝတ်နေရေးမပြေလည်ခြင်းကိုအဓိကထားပြောကြသည်။ ဆင်းရဲခြင်းကြောင့်၎င်း၊
လစာနှင့်ထွက်ငွေ မလောက်ငှခြင်းကြောင့်၎င်း အောက်ခြေဝန်ထမ်းများ
လာဘ်စားကြရသည် ဟုမှတ်ချက်ချလေ့ရှိသည်။
ထိုသို့ပြောကြကြေးဆိုလျှင် အထက်အရာရှိများ၊ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ
မြိုးမြိုးမြက်မြက် လာဘ်စားသည်ကို မည်သို့သုံသပ်မည်နည်း။ အမှန်တော့
လာဘ်စားသည်မှာ လောဘကြောင့်ဖြစ်သလို၊ မိမိ၏တကိုယ်ရေအကျိုးစီးပွါးကိုသာ
အဓိကထားသည့် အတ္တကြောင့်လည်း ဖြစ်သည်။ တရားမဝင်နည်းလမ်းဖြင့်
မိမိရသင့်ရထိုက်သောအခွင့်အရေးထက် ပိုလိုချင်သူများ ရှိနေသရွေ့
အောက်ဆိုက်ပေးရသည့် သံသရာ လည်ပတ်နေမည် ဖြစ်သည်။
အဂတိလိုက်စားသူတစ်ဦး၏အမြင်တွင် အောက်ဆိုက်ရှာခြင်းသည်
ဘေးထွက်ဆိုးကျိုးနည်းသလောက် အကျိုးအမြတ်များသည်ဟု ယူဆမှာသေချာသည်။
ထိုအလုပ်က ပြောပလောက်အောင် အန္တာရယ်လည်းမရှိ။
အထက်လူကြီးများကိုယ်တိုင်ပါဝင်ပတ်သက်နေသဖြင့် အလုပ်ပြုတ်မှာ မစိုးရိမ်ရ။
ရပ်ထဲရွာထဲ သူသူကိုယ်ကိုယ် လုပ်စားနေကြသောကြောင့် နာမည်ပျက်ကိစ္စဟုလည်း
မသတ်မှတ်နိုင်။ အများမိုးခါးရေသောက်နေချိန်တွင်
ကိုယ်ကိုယ်တိုင်ရေငတ်ပြေဖို့ကြိုးစားခြင်းသည် အာပတ်သင့်သော
အကုသိုလ်မျိုးမဟုတ်ဟု ဆင်ခြေပေးပါလိမ့်မည်။
မိမိအလုပ်ကို သန့်ရှင်းရိုးသားစွာကြိုးစားလုပ်ကိုင်ခြင်းကြောင့်
နာမည်ကောင်းရမှာ မသိမဟုတ် သိကြပါသည်။ သို့သော် အိမ်အပြန်တွင် နာမည်မလို၊
ငွေသာလိုသည်ဆိုသော စိတ်ထားမျိုးကအသာစီးရနေသည်မှာ ဝမ်နည်းဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံသို့လာရောက်လေ့လာသောနိုင်ငံခြားသားများ
မကြာခဏအံ့ဩတတ်ကြသည်မှာ ကြီးမြင့်လှသောကုန်ဈေးနှုန်း၊
မစို့မပို့ရသောလစာများဖြင့် ဝန်ထမ်းတွေ
မည်သို့ရပ်တည်နေထိုင်ကြသလဲဟူသောအချက်ဖြစ်သည်။ လခစားအများစုဘက်
ကြည့်လိုက်သောအခါ နေ့စဉ်ထမင်းနပ်မှန်နေကြသည်။ အချို့ဆိုလျှင်
ခေတ်ကျပ်ကြီးထဲတွင် ပိုပြီးချောင်ချောင်လည်လည် ရှိနေသလို ထင်ရပြန်သည်။
ကုန်ဈေးနှုန်းမည်မျှပင် ကြီးနေပါစေ..အဆင်ပြေအောင်
ကြံဖန်နေထိုင်စွမ်းရှိခြင်း၏နောက်ကွယ်မှာ မောင်းနှင်းအားတစ်ခုတော့
အသေအချာရှိနေသည်။ ထိုလျို့ဝှက်ချက်မှာအခြားမဟုတ်..၊
မိမိတို့၏အိတ်ထောင်ထဲသို့ အချိန်မှန်မှန်ဝင်ရောက်နေသည့်
ဘေးပေါက်ဝင်ငွေများ ဖြစ်သည်။
အစိုးရက ပြည်သူ့ဝန်ထမ်းများကို လစာပေးရုံသာပေးထားသည်။
ထိုပြည်သူ့ဝန်ထမ်များ ကုန်ဈေးနှုန်းနှင့် ကာမိအောင်နေနိုင်ဖို့အတွက်
အပိုဆောင်းပေးရသည့်တာဝန်ကို ပြည်သူများက လာဘ်ပေးခြင်းဖြင့်
ဆက်ထမ်းနေရသည်။ ပြည်သူလူထုအနေဖြင့် ဝန်ထမ်းများ၏စရိတ်ကို
သွယ်ဝှိုက်သောနည်းဖြင့် ကျခံနေရသည်ဟုဆိုနိုင်သည်။
ထို့ကြောင့် ပြည်သူဝန်ထမ်းများသည် အဓိပ္ပါယ်သတ်မှတ်ချက်အရ ပြည်သူ့ဝန်
မထမ်းနိုင်တော့ဘဲ ပြည်သူ့ဝန်ထုပ် ဘဝသို့ကျဆင်းသွားသည်မှာ အံ့ဩစရာမရှိပေ။
တဆက်ထဲ၌ ပြည်သူ့ဝန်ထုပ်များဖြင့်ကြီးစိုးနေသော အစိုးရယန္တာရား
တစ်ခုလုံးမှာ စွမ်းဆောင်ရည်ကျဆင်းလာသလို၊ ယုံကြည်စိတ်ချခံရမှုလည်း
ယုတ်လျော့လာတော့သည်။
ထရန်စပရန်စီအင်တာနေရှင်နယ်လ် အဖွဲ့က နိုင်ငံပေါင်း ၁၈၃ နိုင်ငံအား
အဂတိလိုက်စားခြင်းနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ပြီးနောက်
အကျင့်ပျက်ခြစားမှုသန့်ရှင်းခြင်းအလိုက်အမှတ်စဉ်ပေးသွားသောညွန်းတမ်းတစ်ခုကို
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။
ထိုစာရင်းအရ မြန်မာနိုင်ငံသည် အဆိုပါ ၁၈၃ နိုင်ငံအနက် အမှတ်စဉ် ၁၈ဝ ဖြင့်
အဆိုးရွားဆုံးအဆင့် ရောက်နေ၏။ မြန်မာနိုင်ငံ၏နောက်တွင်
မြောက်ကိုရီယားနှင့် ဆိုမာလိယာနိုင်ငံတို့သာရှိတော့သည်။
လာဘ်ပေးလာဘ်ယူကိစ္စကို ပထဝီအနေအထားဖြင့် စဉ်းစားမည်ဆိုလျှင်
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် လာဘ်အစားဆုံးနိုင်ငံဖြစ်သည်။
တကမ္ဘာလုံးအတိုင်းအတာဖြင့်ကြည့်ပါက အကျင့်ပျက်ခြစားသည့်နိုင်ငံများထဲတွင်
တတိယချိတ်သည်။ အဂတိလိုက်စားသည့်ဘာသာရပ်တွင် ဝါရင့်ဂုရုကြီးများဖြစ်ကြသည့်
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့ဖြင့်အိမ်နီးချင်းအဖြစ် တည်ရှိနေသည်။
စီးပွါးရေးကျင့်ဝတ်ဆိုင်ရာ ချွတ်ချုံကျနေသော
အခြားအင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်ခုကလည်း နယ်စပ်ကုန်သွယ်ရေး မှအစ
နိုင်ငံတော်အဆင့်စီမံကိန်းများအထိ လက်သိပ်ထိုးငွေများဖြင့်လမ်းကြောင်းခင်းထားသည်။
ဘာသာရေးရှုထောင့်မှ ထပ်လေ့လာပါက ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံများထဲတွင်
မြန်မာနိုင်ငံလောက် လာဘ်စားမှု အဆိုးဆုံးနိုင်ငံမရှိ။
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကံငါးပါးကိုထိန်းကြရသော်လည်း လာဘ်စားခြင်းသည်
အာဒိန္ဒဒါနကံအဖြစ် ခိုးမှုမြောက်သည်အထိ အပြစ်ကြီးမှန်း
နှလုံးသွင်းနိုင်သူတွေ ရှားပါးနေပုံရသည်။ ခိုးယူခြင်း၏အကျိုးပေးမှာ
ဆင်းရဲခြင်းဖြစ်သဖြင့် လာဘ်စားနေကြသရွေ့တိုင်းပြည်ဆင်းရဲနေသည်မှာ
ကိုယ်စိုက်သောအပင်ကို ကိုယ်ပြန်ရိတ်သိမ်းကြရခြင်း ဖြစ်သည်။
ယဉ်ကျေးမှုရှုထောင့်မှကြည့်မည်ဆိုလျှင် အာရှဓလေ့များဖြစ်သည့် ကြီးသူကို
ငယ်သူကဂါရဝပြုခြင်း၊ လက်ဆောင်ပဏ္ဍာဖြင့် ကန်တော့ခြင်း၊
ဆွေမျိုးသားချင်းများကို ကြည့်ရှုစောင့်ရှောက်ခြင်းတို့သည်
မြန်မာနိုင်ငံတွင် လိုအပ်သည်ထက်ပိုပြီး ထွန်းကားနေသည်ဟု ဆိုရမည်။
ပုံမှန်ထက် ပိုမိုငွေကြေးစိုက်မြုပ်ထားသော လက်ဆောင်ပစ္စည်းများ၊
မင်္ဂလာလက်ဖွဲ့များသည် အယောင်ဆောင်ထားသော လာဘ်ပေးခြင်းများဖြစ်နေ၏။
မိမိ၏ဆွေမျိုးသားချင်းများ၊ ရင်းနှီးသောမိတ်ဆွေများကိုသာကွက်၍
အခွင့်အရေးပေးခြင်း၊ ရာထူးခန့်ထားခြင်း၊လုပ်ပိုင်ခွင့်များချထားပေးခြင်းတို့သည်လည်း
အနုနည်းဖြင့်အဂတိလိုက်စားကြခြင်းဖြစ်သည်။
နိုင်ငံရေးရှုထောင့်မှ ပြောရလျှင် အဂတိလိုက်စားခြင်းကို
အမြစ်ပါမကျန်ရှင်းလင်းပစ်မည်ဟု ခိုင်မာသောသံန္ဒိဋ္ဌာန်ရှိသည့်
နိုင်ငံရေးသမားများနှင့်အဖွဲ့အစည်းမျိုး မြန်မာနိုင်ငံတွင် အစဉ်အဆက်ထဲကအားနည်းနေခဲ့သည်။
ကုန်လွန်ခဲ့သော စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်ဥပဒေနှင့်
အခြားဥပဒေကဲ့သို့အာဏာတည်သောအမိန့်များသည် အဂတိလိုက်စားခြင်းကို
မည်သို့မျှ မတိုက်ဖျက်နိုင်သည့်အပြင် အလွန်အကျွံအာဏာရှိသူများ၊
လုပ်ပိုင်ခွင့်မတန်တဆ ရသူများကိုသာ မွေးဖွားပေးခြင်း၊အကာအကွယ်ပေးခဲ့ခြင်း
တို့ကြောင့် လာဘ်ပေးလာဘ်ယူကိစ္စ သည်မျှဆိုးရွားစွာအမြစ်တွယ်ခဲ့ရသည်။
အချို့နိုင်ငံများတွင် ပြည်သူလူထုမှာ အကြောင်းကြီးငယ်ရှိတိုင်း
အစိုးရအဖွဲ့အစည်းများကို ငြိုငြိုငြင်ငြင်ဖြင့် လာဘ်ပေးနေကြရသည်။
သံသရာတစ်ကျော့ပြန်လည်လာသောအခါ ထိုပြည်သူလူထုသည်ပင် ရွေးကောက်ပွဲများ၌
အမတ်လောင်းများ အပြိုင်အဆိုင်လာဘ်ထိုးသော မဲဝယ်ငွေများကို မက်မက်စက်စက်
လက်ခံရယူကြပြန်သည်။
ဤသည်မှာ အစိုးရနှင့်ပြည်သူ အပြန်အလှန်လာဘ်ပေးလာဘ်ယူလုပ်ကြခြင်းဖြစ်သည်။
အကျိုးဆက်အနေဖြင့် တန်ဖိုးမရှိသော မဲရွေးချယ်မှုကြောင့်
တန်ဖိုးမရှိသောနိုင်ငံရေးသမားများ အစိုးရယန္တာရားထဲသို့
ရောက်ရှိလာတော့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအနေအထားမျိုးနှင့်
ကြုံလာနိုင်သည့်အန္တာရယ်များ တွေ့ရမြင်ရစပြုလာပြီဖြစ်သည်။
ကျွန်တော်တို့သည် စင်္ကာပူနိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုကို
စံထားပြီးလေ့လာနေသည့်အကြောင်းများ မကြာခဏကြားနေရသည်။ စင်္ကာပူကို
နမူနာယူမည်ဆိုလျှင် အပေါ်ယံရုပ်ဝတ္ထုတိုးတက်မှုမျှလောက်ကိုသာ
ပုံတူကူးယူခြင်းမျိုး မဖြစ်စေဘဲ၊ စင်္ကာပူ၏
လာဘ်စားမှုကင်းစင်အောင်ကြိုးပမ်းချက်များကိုလည်း သင်ယူဖို့လိုသည်။
လွန်ခဲ့သော နှစ် ၅ဝ အတွင်း စင်္ကာပူသည် လာဘ်စားမှုတိုက်ဖျက်ရာတွင် အချက် ၃
ချက် ဟန်ချက်ညီသွားခြင်းဖြင့်အောင်မြင်မှုရခဲ့ပါသည်။
ထို ၃ ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာနည်းဥပဒေများပြဋ္ဌာန်းခြင်း၊
အရည်အချင်းပြည့်ဝန်ထမ်းများ၊သတင်းအရင်းအမြစ်များဖြင့်ဖွဲ့စည်းထားသည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကိုဖွဲ့စည်းခြင်းနှင့် အဆိုပါဋ္ဌာနမှ
နည်းဥပဒေအတိုင်း မျှမျှတတအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
တိုင်းပြည်စီးပွါးရေးတိုးတက်အောင်ပြုလုပ်လိုသောအစိုးရတိုင်းသည်
အဂတိလိုက်စားသည့်အပြုအမူတိုင်းအား မလွဲမသွေတားဆီးကြစမြဲဖြစ်သည်။
အဂတိလိုက်စားခြင်းကို မတိုက်ဖျက်ဘဲ စီးပွါးရေးစီမံကိန်းများရေးဆွဲခြင်း၊
နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ခြင်းတို့သည်
စိတ်ကူးယဉ်အိပ်မက်မက်နေသည်ထက် ဆိုးရွားပါသည်။
အဂတိလိုက်စားခြင်းကို လျှော့ချနိုင်လေ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများလာလေဖြစ်ပြီး၊
ဂျီဒီပီတက်လာသည်အထိ အကျိုးပေးမြန်ပါလိမ့်မည်။
အကျင့်ပျက်ခြစားခြင်းကို ကင်ဆာရောဂါနှင့်တူသည်ဟု တင်စားကြပါသည်။
သို့တိုင် ကုသရန်ဆေးနည်းများစွာရှိနေပါသည်။ အစိုးရတစ်ခုထဲမှာသာ
တာဝန်ရှိသည်မဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပါဝင်ကူညီဖို့လိုအပ်ပါသည်။
ဘယ်နည်းအကောင်းဆုံးလဲဟူသည်မှာ မေးရမည့်မေးခွန်းမဟုတ်ဘဲ၊
ဖြစ်နိုင်ချေရှိသည့်နည်းမှန်သမျှကို အချိန်ပြည့်
လေ့လာသင်ယူကျင့်သုံးရမည်ဖြစ်သည်။ သို့သော် မည်သည့်ဖော်မြုလာများသုံးသုံး
တစ်ဦးတစ်ယောက်ချင်း၏ကျင့်ဝတ်နှင့် စိတ်ဓါတ်ရေးရာအပေါ်မှာ မလွှဲမသွေ
ဗဟိုပြုရပါလိမ့်မည်။
နေ့တဓူဝ အောက်ဆိုက်ရှာခြင်းသည် နေ့စဉ်နှင့်အမျှ
ခိုးယူခြင်းသက်သက်ဖြစ်ပါသည်။ ထို့ပြင် အောက်ဆိုက်များများရသည်ဟု
ကြွားဝါပြောဆိုနေခြင်းမှာ များများခိုးပြီးပြီဟု
ဝန်ခံနေခြင်းလည်းဖြစ်သည်။ အောက်ဆိုက်ရသောဝင်ငွေဖြင့်
အသက်မွေးဝမ်းကျောင်းလုပ်နေသူမှန်သမျှ သူခိုးငတက်ပြားမျက်နှာဖုံးစွပ်၍
မိသားစုကို ရှာဖွေကျွေးမွေးနေသူများဖြစ်သည်။
ထိုသူခိုးများကို ကျွန်တော်တို့မိသားစုထဲမှာ၊
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ခံထားမည်လား၊ ဆန့်ကျင်မည်လား ဆိုသည်မှာ
ကျွန်တော်တို့၏ကျင့်ဝတ်နှင့်စိတ်ဓါတ်ရေးရာအပေါ်မှာမူတည်ပါသည်။
လာဘ်ပေးသူနှင့် လာဘ်ယူသူနှစ်ဦးတွင် ပေးသူဘက်က
စိတ်ဓါတ်ရေးရာဖြင့်ကျားကန်ထားရမည်ဖြစ်ပြီး၊ ယူသူဘက်က ကျင့်ဝတ်ဖြင့်
တောင့်ခံထားရပါလိမ့်မည်။
အကျင့်ပျက်ခြစားမှုကင်းစင်သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ရန် သင်ကိုယ်တိုင်
ခြတစ်ကောင်မဖြစ်ဖို့ လိုအပ်ပါသည်။
သူရိယမျိုး
ကိုးကား။ ။
Corruption Perceptions Index 2011 by Transparency International
Curbing Asian Corruption: An impossible dream? By Jon S.T Quah
Best Practices for Curbing Corruption in Asia by Jon S.T Quah
ှမူရင်း Link https://groups.google.com/group/travelmyanmar/
6 comments
ကိုပေါက်(မန္တလေး)
February 23, 2012 at 1:37 pm
အဲဒီအောက်ဆိုဒ်ကိစ္စက အရင်က အစိုးရဌာနများမှာသာရှိပေမယ့်
အခုအခါ ကုမ္ပဏီဝန်ထမ်းတွေကြားမှာပါ ကူးစက်နေတာကိတော့ အမှန်ပါဘဲ။
thunderstorm
February 23, 2012 at 2:35 pm
ကုမ္ပဏီတွေတင်မကပါဘူး…
မြန်မာပြည်မှာရှိတဲ့ NGO တွေ … INGO တွေမှာလည်း အောက်ဆိုဒ်ကိစ္စတွေ
အနည်းနဲ ့အများဆိုသလိုရှိပါတယ်။
နာဂစ် အပြီးချမ်းသာသွားတဲ့ သူတွေအများကြီးပါ…
ကိုယ်တွေ ့…ကိုယ်တွေ ့…
လယ်ထွန်စက်တွေ… စက်လှေတွေ…
ထောက်ပံ့ရေးပစ္စည်းတွေ အများစုဟာ မသက်ဆိုင်တဲ့သူတွေဆီ
ဘယ်လိုရောက်သွားကြတာလဲ ဆိုတာ သေသေချာချာမသိပေမဲ့
နာဂစ်တာဝန်ကပြီးဆုံးပြီး ပြန်လာတဲ့
အရင်ကဆိုင်ကယ်တစ်စီးလောက်ဘဲရှိတဲ့ အသိ လက်ညွှန်တစ်ယောက်ရဲ ့
သိန်းထောင်ကျော်တန်လုံးအိမ်ချင်းတိုက် အိမ်သစ်ဖွင့်ပွဲကို
သိန်းရာကျော်တန် ဆလွန်းကားကြီးနဲ့ လာဖိတ်တာကြုံခဲ့ဖူးပါတယ်..
(ဒါပေမဲ့ မသွားခဲ့ပါ)
အဲ့ဒီပွဲကို သူနဲ ့တာဝန်အတူယူခဲ့ကြတဲ့ NGO နဲ ့INGO က အချို ့သော
သူများလာရောက် ကောင်းချီးပေးခဲ့ကြပါတယ်…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 23, 2012 at 8:45 pm
အမလေး NGO ကအဲလောက်တောင်စားရသလားဗျာ။ဒီလိုလူမျိုးကတော့တနပ်စားကြံပြီး၊
ဝိုင်းပယ်ခံဘဝအလိုလိုရောက်ရောပေါ့။ကိုမိုးကြိုးပြောသလိုပေါ့……….
ပိုဆိုးသည်က အစိုးရဋ္ဌာနများတွင် လာဘ်ပေးလာဘ်ယူကိစ္စသည်
၎င်းတို့၏လုပ်ထုံးလုပ်နည်းထဲမှာပင် ပြဋ္ဌာန်းထားသလို တရားဝင်ဖြစ်မှန်းမသိဖြစ်လာခြင်းဖြစ်သည်။
kyeemite
February 24, 2012 at 8:27 am
တော်တော်ကောင်းတဲ့ အကျိုးပြုပို့စ် တစ်ခုပါ..တင်ပေးတဲ့…thunderstorm ကိုကျေးဇူးပါ..
တစ်ဦး တစ်ယောက် ကစလို့ ကျိုးစားလိုက်နာသွားကြရမှာမို့ လာဘ်စားမှု့ပပျောက်ရေး သည်
အားလုံးတွင်တာဝန်ရှိပါတယ်…လူတစ်ယောက်ဟာ အနည်းဆုံးတော့ လာဘ်ယူသူမဟုတ်တောင်
လာဘ်ပေးသူတော့ ဖြစ်နေကြလို့ပါ…
mg mg
February 24, 2012 at 9:31 am
သူတို့အပေါ် အပြစ်အားလုံးပုံချနေခြင်းတော့မဟုတ်ပါ၊ အားလုံးမှာတာဝန်ရှိတယ် ဆိုတာလည်းအမှန်ပါ၊ ဒါပေမယ့်“အရင်းစစ်တော့ အမြစ်မြေက”တဲ့ အုပ်ချုပ်တဲ့စနစ်က အဓိကကျသည်ဟုမြင်မိပါသည်။ ပို့စ်မှာပါတဲ့ အကျင့်ပျက်ခြစားမှုနိုင်ငံများစာရင်းမှာပါဝင်တဲ့ နိုင်ငံတွေရဲ့အုပ်ချုုပ်ရေးစနစ်ကိုလိုက်ပြီး အမှတ်စဉ်တွေ ကွာသွားမယ်လို့ထင်မိပါတယ်။
thunderstorm
February 24, 2012 at 1:06 pm
ကိုမောင်မောင်ရေ
အုပ်ချုုပ်ရေးစနစ်ရဲ့အာဏာစက် (သို ့) သက်ရောက်နိုင်စွမ်းကလည်း
အင်မတန်အရေးကြီးပါတယ်..
အဲ့ဒီစာရင်းထဲမှာ မြန်မာက အာဖကန်နဲ ့အတူတူ Rank ၁၈ဝ နဲ ့ Score ၁.၅ ဖြစ်ပြီး
တတိယနေရာမှာပူးတွဲချန်ပီယံပါ
တရုတ်က Rank ၇၅ နဲ ့ Score ၃.၆ ဖြစ်ပါတယ်…
အမေရိကန်က Rank ၂၄ နဲ ့ Score ၇.၁ ၊ ဗြိတိန်က Rank ၁၆ နဲ ့ Score ၇.၈ ဖြစ်ပြီး
နယူးဇီလန်က Rank ၁ နဲ ့ Score ၉.၅ နဲ ့လာဒ်စားမှုအနည်းဆုံးနိုင်ငံအဖြစ်ဖော်ပြထားပါတယ်။
လာဒ်စားမှု ့အနည်းဆုံး ၁ဝ နိုင်ငံထဲမှာထူးခြားချက်ကတော့ အာရှနိုင်ငံတွေထဲမှာ
စင်ကာပူ က Rank ၅ နဲ ့ Score ၉.၂ အဖြစ် ဖော်ပြခံထားရပါတယ်…
ဒါပေမဲ့
ရန်ကုန်က စင်ကာပူသံရုံးမှာ corruption အနည်းအကျဉ်းတော့ရှိနေပါတယ်..
ထားပါတော့ မပြောတော့ပါဘူး…အတွင်းပိုင်းကလူတွေသိကြမှာပါ…
မနက်ဖြန်ညနေတောင်အဲ့ဒီမှာ dinner ရှိသေးတယ်..
ပြောချင်တာက အုပ်ချုုပ်ရေးစနစ်ရဲ့အာဏာစက် (သို ့) သက်ရောက်နိုင်စွမ်းကိုပါ
တစ်ခါတစ်ရံကျတော့ ဝေးလွန်းရင် သေးသေးသွားပြီးမမြင်ရတော့သလို
နီးလွန်းရင်လည်းမမြင်ကြတော့တာတွေဖြစ်တတ်ပါတယ်..