မွန်မြတ်သောဒါနဆိုတာ

True AnswerJuly 22, 20121min45111

ပြီးခဲ့တဲ့ တနင်္ဂနွေက သံလျင်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို ရောက်ဖြစ်တယ်။ The Voice Weekly ၏ ပင်တိုင်ဆောင်းပါးရှင်အောင်ထွဋ်အဖြစ် လူသိများခဲ့သော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် အသက်(၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ တရားအားထုတ်နေတဲ့ ဘိုးဘွားတွေကို သွားလှူဖြစ်တာပါ။ အဲဒီနေ့မတိုင်ခင်ကတည်းက ဆရာ့ မွေးနေ့၊ မွေးရက်နဲ့ တိုက်ဆိုင်တဲ့အတွက် ဘယ်နေရာကို လှူကြမလဲဆိုပြီး ဆွေးနွေးဖြစ်တယ်။ ကျနော်တို့သဘောကတော့ ဘာသာရေးသက်သက် ဘုရားတည်၊ ကျောင်း၊ သိမ်ဆောက်၊ ရွှေချတာမျိုးထက် တကယ်လိုအပ်နေတဲ့ နေရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ တစ်နည်းအားဖြင့် လူမှုရေးနယ်ပယ်မှာ လှူဖို့ နကိုကတည်းက ဆုံးဖြတ်ထားကြပြီးသား။ ရခိုင်ဒုက္ခသည်တွေကိုလှူမလား၊ ကချင်စစ်ဘေးသင့် ပြည်သူတွေကို လှူမလား၊ မိဘမဲ့ ကလေးတွေကို ကူညီမလား၊ စိတ်ရောဂါကုဆေးရုံကို ထောက်ပံ့မလား၊ မျက်မမြင်ကျောင်းကို ကူညီမလား စသဖြင့် ဆွေးနွေးကြတယ်။ နောက်ဆုံးတော့ ပြီးခဲ့တဲ့အပတ်က သည်ဗွိုက်စ်(The Voice Journal) မှာ ဖော်ပြခဲ့တဲ့ သဘာဝတရားရိပ်သာကို သွားလှူကြဖို့ အားလုံး သဘောတူကြတယ်။

ဒီနေရာမှာ စကားစပ်လို့ တစ်ပြောချင်တာက ကျနော်တို့ တိုက်မှာ ဘာပဲလုပ်လုပ် အများသဘောဆန္ဒနဲ့ ဒီမိုကရေစီနည်းကျကျဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ အများရွေးချယ်တာကို လုပ်တယ်။ ကျနော်တို့မြန်မာတွေအားလုံးက ဒီမိုကရေစီကို လိုချင်ရချင်နေကြတဲ့သူတွေချည်း ဆိုပေမယ့် ကိုယ့်အိမ်မှာ၊ ကိုယ့်အဖွဲ့အစည်းမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာနဲ့ ကိုယ်တိုင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးဖို့ကျတော့ ဝန်လေးကြတယ်။ အာဏာရှင်စနစ်အောက်မှာ နှစ်အကြာကြီးနေခဲ့တော့ ကိုယ်တိုင်လည်း တစ်နေနေရာမှာ အာဏာပြချင်စိတ်၊ အမိန့်နဲ့ အုပ်ချုပ်ချင်စိတ်က မသိစိတ်မှာကော သိစိတ်မှာရောရှိနေတယ်။ အဲတော့ ပါးစပ်က ဘယ်လောက်ပြောပြော၊ စာနဲ့ ဘယ်လောက်ရေးရေး လက်တွေ့မပါဘူး။ အဲတော့ ဒီမိုကရေစီရဲ့သဘောကို လက်တွေ့အားဖြင့် တွေ့ထိခံစားနိုင်တာမျိုး အားနည်းတယ်လို့ ပြောရမယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးခုကို နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးကိုယ်စား ဒီမိုကရေစီနဲ့အညီ ဝေဖန်ထောက်ပြအကြံပြုဖို့ တာဝန်ရှိတဲ့ မီဒီယာတွေဖြစ်နေတဲ့အတွက် သူများကို ပြောဖို့ ကိုယ်တိုင် အရင်လက်တွေ့ကျင့်သုံးဖို့ လိုတယ်မဟုတ်လား။

ရီ(ရယ်)စရာတော့ကောင်းတယ်။ ဒီမိုကရေစီနည်းကျကျ ကျင့်သုံးပြန်တော့ တခါတလေ အဖြေမထွက်ဘူး။ တစ်ယောက်တစ်ပေါက်ဖြစ်ပြီး လိုရင်းမရောက်ဘူး။ အဲဒါနဲ့ တစ်ယောက်ယောက်က ဝင်ဆုံးဖြတ်လိုက်ရတဲ့အခါမျိုးလဲရှိတယ်။ ဒါကလည်း တခါတလေပါ။ အဲလိုဆုံးဖြတ်လိုက်ပေမဲ့လည်း အများစုကတော့ သဘောတူကြတယ်။ သဘောမတူတဲ့သူကတော့ သွားတဲ့နေရာ လိုက်စရာမလိုဘူးပေါ့။ အများအားဖြင့်တော့ အများဆန္ဒနဲ့ ဆုံးဖြတ်ကြတာများတယ်။ အားလုံးကို လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်တာကို အကြံပေးဖို့ ခွင့်ပြုထားတယ်။ ကျနော့်ရုံးအကြောင်း ရှင်းပြရတာ အကြောင်းရှိတယ်။ ကျနော်တို့ တနင်္ဂနွေနေ့က သွားခဲ့တဲ့ သဘာဝတရားရိပ်သာနဲ့ ဆက်စပ်နေလို့ ပေရှည်ပြီး ရှင်းပြနေတာပါ။

နှစ်ငါးဆယ်လောက် အာဏာရှင်စနစ်အောက်မှာ မလူးသာမလွန့်သာ နေခဲ့ရတဲ့ ကျနော်တို့အနေနဲ့ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့ ဆိုတာတွေကို လက်တွေ့မမြည်းစမ်းရခင် စကားလုံးအနေနဲ့ကြားရတာကိုက အရသာ အင်မတန်ရှိတယ်။ တကယ်လက်တွေ့ နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှသာ တန်ဘိုးနားမလည်ကြတာ။ လူ့သဘာဝကလည်း ဒီလိုပါဘဲ။ မရင်ခင်၊ မမြင်ခင်၊ မတွေ့ခင်ကတော့ လိုချင်ရချင်စိတ် သိပ်ကြီးတယ်။ ရလာပြန်တော့ လေးလေးနက်နက် တန်ဘိုးထားရကောင်းမှန်း မသိတော့ဘူး။ ဒါကလည်း ကျနော်တို့အားလုံးရဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်တယ်။ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့၊ လောကနီတိတို့၊ မင်္ဂလာတရားတော်တို့၊ ဗြဟ္မစိုရ်တရားတို့၊ နိုင်ငံရေးသိပ္ပံတို့၊ လူမှုရေးသိပ္ပံတို့၊ ပြည်သူ့ရေးရာအုပ်ချုပ်မှုတို့၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုတို့၊ ပြည်သူ့ရေးရာ မူဝါဒတို့၊ မနုဿဗေဒတို့ စတဲ့ နိုင်ငံသားများ သိသင့်၊သိထိုက်တဲ့ ပညာရပ် (civic education)တွေကို စနစ်ဆိုးကြောင့် ထိတွေ့သင်ကြားခွင့် မရခဲ့ဘူး။ အဲတော့ ကျနော်တို့ မြန်မာတွေ ဒီမိုကရေစီ အမူအကျင့်တွေနဲ့ ဒီမိုကရေစီသဘော တရားရေးရာတွေကို နကန်းတစ်လုံးမှ မသိခဲ့တာ အပြစ်တော့ ပြောလို့မရပြန်ဘူး။

ကျနော်ပေရှည်ပြီး ပြောနေမိပြန်ပြီ။ တခါတလေ ပြောချင်တာတွေများများပြီး လိုရင်းမရောက်ဖြစ်ဖြစ်သွားလို့ မနည်း ထိန်းနေရတယ်။ တိုတိုပြောရရင် ဆရာ့ မွေးနေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုလုပ်ဖို့ သံလျင်က သဘာဝတရားရိပ်သာကို ကျနော်တို့ရောက်သွားကြတယ် ဆိုပါတော့။ ကျနော့်သဘောက လှူတယ်၊ တန်းတယ်ဆိုရင် တကယ်ချို့တဲ့ပြီး လိုအပ်နေတဲ့ နေရာကို လှူချင်တာ။ သဘာဝတရားရိပ်သာသို့ဘရောက်ရောက်ချင်း တိုက်တာ အဆောင်တွေ ဆောက်နေတာရယ်၊ ကားကောင်း ကားသန့်တချို့ရောက်နေတာရယ်မြင်ပြီး နဲနဲတော့ တမျိုးဖြစ်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုတောင် ” ဟ.. ဒီကျောင်းက သူဌေးကျောင်းပါလား” လို့တောင် မှတ်ချက်စကားတစ်ခွန်း မထိန်းနိုင်ဘဲ ပြောလိုက်မိသေးတယ်။ ဆရာတော်ကို ဖူးရပြီး သူရှင်းပြတာကို နားထောင်လိုက်ရတော့မှ ကျနော့်အတွေး ပါးစင်အောင်လွဲသွားမှန်း သိလိုက်ရတယ်။ တကယ်တော့ ဆရာတော်က ကျနော်တို့အဖွဲ့လာမယ်ဆိုတာသိလို့ အရင်ရက်တွေကတည်းက (ကျနော်တို့အကြောင်းမကြားခင်) နေ့ဆွမ်းကပ်ဖို့ ပင့်ထားတဲ့နေရာကို ရိပ်သာဝင်းထဲ မနက်ဆွမ်းခံမကြွဘဲ စောင့်နေတာ။

ဆရာတော်ကို ဦးချပြီး စကားစမြည်ပြောကြတယ်။ ဆရာတော့်ကိုကြည့်ရတာ သက်တော်သိပ်မကြီးသေးတဲ့အပြင် ဗမာဟုတ်ပုံမရဘူး။ (နောက်မှသိရတာ ၄၃နှစ်ပဲရှိပြီး တရုတ်လူမျိုးတဲ့) သူ့ရိပ်သာက စုစုပေါင်း ၇၅ဧကရှိတယ်။ ရိပ်သာဝင်းထဲမှာ တရားအားထုတ်ချင်တဲ့သူတွေကို ဘာစည်းကမ်း၊ ဘာကန့်သတ်ချက်မှမထားဘူး။ တရားစခန်းဝင်ကြေးမကောက်ဘူး။ လူဦးရေ ကန့်သတ်မထားဘူး။ လူအမျိုးအစား ခွဲခြားမထားဘူး။ ဒုလ္လဘရဟန်း၊ တောထွက်ရဟန်း၊ အသက်အရွယ်သိပ်ကြီးသူ၊ ဂီလာန၊ စိတ်ရောဂါရှိသူ ဘယ်သူမဆို အခမဲ့ လာပြီး နေနိုင်တယ်။

ဒါ့အပြင် ခိုကိုးရာမဲ့ မိသားစုလိုက် လာနေတဲ့သူတွေကိုလည်း လက်ခံထားတယ်။ သားထောက်သမီးခံမရှိတော့တဲ့ လူအို၊လူမင်းတွေ၊ သားသမီးအစွန့်ခံ မိအို၊ ဘအိုတွေ၊ အေအိုင်ဒီအက်စ် ရောဂါရှင်တွေကအစ လက်ခံထားတယ်။ အားလုံးကို အခမဲ့နေခွင့်ပြုတဲ့အပြင် ထမင်းပါကျွေးထားတယ်။ ဒါနဲ့တင်မကဘူး။ အကြောင်းကြောင်းကြောင့် အိမ်လခမတတ်နိုင်တော့လို့ နေစရာအိမ်မရှိတော့တဲ့ မိသားစု ၃၀ဝကျော်ကိုလည်း ရိပ်သာနဲ့ ခပ်လှမ်းလှမ်းက ရွာအစွန်မှာ ဆရာတော်ကိုလှူထားတဲ့ လယ်ကွက်တွေထဲမှာ ၁၅ပေပတ်လည် မြေကွက်တစ်ကွက်စီရိုက်ပေးပြီး ကိုယ့်ဘာသာ အိမ်ဆောက်နေစေတယ်။ ဒီရိပ်သာကို တည်ထောင်တာ အခုဆို လေးနှစ်သက်တမ်းကျော်လာပြီ။ လာပြီး ခိုလှုံတဲ့သူက တနေ့တခြား များများလာတော့ ဆရာတော်ခမျာ နားမနေရရှာဘူး။ တရားဟောလို့ ရသမျှ နဝကမ္မငွေအားလုံး ဒီရိပ်သာထဲဘဲ စိုက်ထည့်တယ်။

တချို့ကျတော့လည်း ဆရာတော်ရဲ့ ဝိပဿနာတရားတော်နဲ့ ဆရာတော်ရဲ့ မွန်မြတ်လှတဲ့ အလှူဒါန၊ စောင့်ရှောက်မှု စေတနာ ပါရမီတော်ကို ကြည်ညိုလေးစားလွန်းတာနဲ့ ကျောင်းတိုက်တွေ၊ အဆောင်တွေ ဆောက်ပြီး လှူတဲ့သူကလှူ၊ နေ့စဉ် ဆွမ်းစရိတ်တာဝန်ယူတဲ့သူက ယူ၊ လိုအပ်တဲ့ ပစ္စည်းလေးပါးနဲ့ တခြားစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး ဒါနပြုတဲ့သူကပြုနဲ့ လေးနှစ်သက်တမ်းကို ရောက်လာတယ်။

” ရောက်လာတဲ့သူကတော့ စရိုက်စုံ၊ လူမျိုးစုံပဲ ဒကာကြီးရဲ့။ ဦးဇင်းက သူတို့ကို ဘာစည်းကမ်း၊ ဘာတာဝန်မှ သတ်မှတ်မပေးဘူး။ သူတို့တတွေ ကောင်းတဲ့ ပတ်ဝန်းကျင်၊ ဒါန၊သီလ၊ ဘာဝနာ ပြုတဲ့ ပတ်ဝန်းကျင်ကိုရောက်နေကြပြီ။ ပတ်ဝန်းကျင်ကလူတွေ ကုသိုလ်အလုပ်လုပ်တာ မြင်ပြီး ဘယ်သူမှ တိုက်တွန်းစရာမလိုပဲ ကိုယ်တိုင်စိတ်ပါလက်ပါ လုပ်တာမျိုးပဲ ဦးဇင်းလိုလားတယ်။ တရားအလုပ်လုပ်တဲ့နေရာမှာ အဓိက က စိတ်ရော ကိုယ်ပါ လွတ်လပ်နေဖို့ပဲ။ ရောက်လာတဲ့ လူအားလုံးနီးပါးတော့ ရောက်ပြီး မကြာပါဘူး။ ဝေယျာဝစ္စလုပ်ဖို့ကော၊ တရားအားထုတ်ဖို့ကော၊ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့ကော သူ့အလိုလို လုပ်လာကြတယ်။ ကောင်းတာလုပ်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးထားတော့ ကောင်းတဲ့အလုပ်တွေ ကူးစက်တဲ့သဘောပေါ့။ လူက တစ်ဖြည်းဖြည်းများလာတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်။

အဲဒီအတွက် ဦးဇင်း တရားဟောလို့ရတဲ့ အလှူငွေအားလုံးထည့်သုံးတဲ့အပြင် တစ်ဦးချင်းအလှူရှင်တွေအကူအညီလည်း ရပါတယ်။ လူလည်းများလာ၊ လုပ်စရာတွေလည်းများလာပေမယ့် အခုအချိန်အထိ ငွေကြေးအတွက် ပူပင်ရတာမျိုးမရှိဘူး။ အချိန်တန်တော့ သူ့အလိုလို လှူမယ့်သူ ပေါ်လာတယ်။ ဦးဇင်းကလည်း လှူသမျှအားလုံး ဒီရိပ်သာထဲပဲ ထည့်သုံးနေတယ်။ အခုဆို ဒီမှာ လာတရားအားထုတ်တဲ့သူတွေ များလာတယ်။ ရောက်စတော့ ဘယ်နေတတ်မလဲ။ ဒီမှာက လူစုံတာကိုး။ နောက်တော့ အသားကျသွားကြတယ်။ နိုင်ငံခြားသားတချို့တောင် လာတယ်။ သူတို့က ဒီမှာ သဘာဝအတိုင်း တဲကလေးနဲ့ နေရတာ အားထုတ်ရာတာကို သဘောကျကြတယ်”။

ကျနော်တို့မီဒီယာမိသားစုတွေအားလုံး လုပ်အားခ လစာငွေထဲက စုထားတဲ့ အလှူငွေကို ဆရာတော့်ကို ဆက်ကပ်တယ်။ နဝကမ္မရယ်၊ နေ့ဆွမ်းအတွက်ရယ် ခွဲလှူတယ်။ လှူတဲ့ငွေက မများပါဘူး။ ဒါပေမယ့် ဆရာတော်ရဲ့ မွန်မြတ်လှတဲ့ စေတနာကို ဆရာနေအတွက် ကုသိုလ်ကောင်းမှုအလို့ငှာ တတ်အားသရွေ့ ဖြည့်ဆည်းပေးတဲ့သဘောလောက်ပါ။ တိုက်ဆိုင်တယ်လို့ပြောရမလားမသိဘူး။ တစ်မနက်လုံး နေသာလိုက် မိုးအုံ့လိုက်ဖြစ်ပြီး ရွာဖို့ အရိပ်အယောင်မပြခဲ့တဲ့ မိုးက ရုတ်တရက် ခပ်ဖွဲဖွဲရွာချတယ်။ လှူပြီးတာနဲ့ ၅မိနစ်လောက်နေတော့ ပြန်တိတ်သွားရော။

ဆရာတော်က ကျနော်တို့ အဖွဲ့နဲ့ တော်တော်လေးကြာအောင် စကားပြောတယ်။ ကျနော်တို့သတင်းစာစောင်မှာ တရားရိပ်သာအကြောင်းပါသွားတော့ လူသိပိုများပြီး လှူတဲ့သူရော၊ တရားလာအားထုတ်တဲ့သူရော၊ အကူအညီတောင်းတဲ့သူရော တိုးလာသတဲ့။ ကျနော့်အထင် လောလောဆယ်တော့ နေစရာမရှိလို့ ၁၅ပေပတ်လည် မြေကွက်လာတောင်းတဲ့သူနဲ့ အပြီးလာခိုလုံချင်တဲ့သူတွေပဲတွေ့နေရသလားလို့။ ကျနော်တို့ ထိုင်နေတဲ့အခိုက်မှာတင် အဲလိုလာတဲ့သူတွေ တွေ့နေရတယ်။ ကျနော်တို့ ဆရာတော်နဲ့ စကားပြောနေတုန်းမှာပဲ သံလျင်ပြည်သူ့ဆေးရုံကြီးက အမျိုးသမီး ဆရာဝန်ကြီးရောက်လာတယ်။ သူက အသက်၅ဝကျော်လောက်ရှိပုံပဲ။ သူက ဆရာတော့်ကို အတော်ကြည့်ညိုပုံရတယ်။

ဆရာတော်ကို ဖူးချင်တဲ့ နောက်ထပ်ဧည့်သည်တွေရောက်လာတာရော၊ ဆရာတော် ဆွမ်းဘုန်းပေးဖို့ ကြွရဦးမှာကြောင့်ပါ ကျနော်တို့အဖွဲ့ ရိပ်သာအတွင်းမှာ ရှိတဲ့ သက်ကြီး ဘိုးဘွားတွေကို ပါလာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီမစ်ထုပ်တွေ လိုက်ဒါနပြုဖို့ ထွက်ခဲ့ကြတယ်။ အဆောင်အားလုံးတောင် မနှံ့လိုက်ပါဘူး။ ပေါင်မုန့်နဲ့ ကော်ဖီမစ်ထုတ် ကုန်သွားတယ်။ ကုန်ခါနီးအချိန်မှာ မိုးသားတွေမဲတက်လာပြီး ရွာပါလေရော။ ပထမတော့ ဖွဲဖွဲ။ နောက်သဲလာတယ်။ အဲဒါနဲ့ ဆေးခန်းဖွင့်ထားတဲ့အခန်းမှာ ခဏဝင်မိုးခိုရသေးတယ်။ ဆေးခန်းမှာလည်း ယောဂီသူနာပြုတွေကော၊ ဆေးရုံက သူနာပြုဆရာမကြီးတွေရော၊ မြို့နယ်ဆရာဝန်ကြီးပါ ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာသာနဲ့ သက်ကြီး ဘိုးဘွားတွေကို ဆေးကုသပေးနေကြတယ်။ သူတို့အားလုံး ပိတ်ရက်မှာ လာပြီး စေတနာ့ဝန်ထမ်းကြတာလေ။ ဒီမြင်ကွင်းကို ကျနော်ကြည့်ပြီး တော်တော် ပီတိဖြစ်မိတယ်။

မိုးစဲသွားတော့ ကျနော်တို့ ဆရာတော့်ကျောင်းကို ခဏပြန်တယ်။ ခဏနေတော့ ဆွမ်းခံကြွသွားတဲ့ သံဃာတော်တွေ ပြန်ကြွလာပြီ။ ဆွမ်းစားချိန်လည်းရောက်ပြီ။ သံဃာတော်တွေကို ဆွမ်းစားဆောင်မှာ ကျနော်တို့ ဆွမ်းကပ်ကြတယ်။ ပြီးတော့ အဲဒီမှာပဲ ကျနော်တို့ အဖွဲ့ နေ့လယ်စာစားကြတယ်။ တနင်္ဂနွေနေ့ဖြစ်တော့ ကျနော်တို့ အဖွဲ့နဲ့အတူအခြား အဖွဲ့နှစ်ဖွဲ့လည်းရောက်နေတယ်။ တစ်ဖွဲ့က ရိပ်သာတွင်း ဆောက်လုပ်ရေးနဲ့ ဗာဟီရတွေ လုပ်အားပေး ကူညီဖို့။ နောက်တစ်ဖွဲ့က ဆေးကျောင်းသားတွေ စုပြီး ဘိုးဘွားတွေကို ဆံပင်ညှပ်ပေး၊ ခြေသည်းလက်သည်းလှီးပေးကြတာ။ နောက် သစ်ပင်စိုက်တာ၊ သန့်ရှင်းရေးလုပ်တာတို့လည်း ဝိုင်းကူကြတယ်။ ကျနော့်တို့ အဖွဲ့တွေတောင် ထမင်းမစားခင်က ဝိုင်းကူလုပ်လိုက်ကြသေးတယ်။

သံဃာနဲ့ ဧည့်သည်တွေ ထမင်းစားဆောင်ရှေ့မှာ ပိုလီယိုရောဂါသည် ကလေးနှစ်ယေက်ရှိနေတယ်။ တစ်ယောက်က အသက်လေးနှစ်လောက်ရှိတဲ့ ယောက်ျားလေး။ သူက ထမင်းစားဆောင်နဲ့မျက်နှာချင်းဆိုင် အဆောင်ရဲ့ ဝရံတာ အုတ်ခုံစင်္ကြံလေးပေါ်မှာထိုင်လို့။

နောက်တစ်ယောက်က အသက်ဆယ့်နှနှစ်လောက်ရှိမယ့် မိန်းကလေး။ သူကတော့ ဟောင်းနွမ်းနေတဲ့ ဘီးတပ်ကုလားထိုင်ပေါ်မှာ။ ကျနော်တို့အဖွဲ့ထဲက တစ်ယောက်က ပိုလီယိုကလေးကို ထမင်းခွံ့ကျွေးတယ်။ သူ့ကို ကျနော်တို့ ဓာတ်ပုံရိုက်ကြတော့ အဲဒီကလေးက မျက်နှာချင်းဆိုင် ဘီးတပ်ကုလားထိုင်ပေါ်က မိန်းကလေးကိုလည်း ရိုက်ပေးဖို့ ခြေဟန်လက်ဟန်ပြတယ်။ မိန်းကလေးကလည်း ဓာတ်ပုံရိုက်နေတဲ့ ကျနော့်ကို တစောင်းမော့ကြည့်ပြီး ရွဲ့စောင်းနေတဲ့ အပြုံးလေးနဲ့ ကြည့်နေရှာတယ်။ ကျနော်က သူ့ကိုပါ ရိုက်ပေးတော့ ဟိုကလေးရော သူရော ပျော်လိုက်ကြတာ။

ကျနော့်မှာ မျက်ရည်တောင်လည်မတတ် ကြည်နှုးစိတ်မကောင်းဖြစ်ရတယ်။ ဪ.. ကရိကထနိုင်လွန်းလို့ ဒီမှာလာစွန့်ပစ်ခံရတဲ့ သူတို့တတွေခမျာ သနားစရာကောင်းလှပါလား။ ဒါပေမယ့် သူတို့အိမ်မှာထက်စာရင် သူတို့တတွေကို ရှိတဲ့သူတွေက ဂရုတစိုက်ရှိကြတယ်။ လာတဲ့ဧည့်သည်တွေကလည်း ကြင်ကြင်နာနာ ဂရုစိုက်ကြတော့ ကံဆိုး၊ ကံကောင်းပါလားလို့လည်း တွေးမိတယ်။ သူတို့အိမ်မှာဆို ဒီလို သိုက်သိုက်ဝန်းဝန်း ဘယ်နေရမှာတုန်း။

ကျနော်တို့ ထမင်းစားပြီးတာနဲ့ မရောက်သေးတဲ့ ဘိုးဘွားဆောင်တွေကို လိုက်ကြည့်ကြတယ်။ ရောက်သွားတဲ့အဆောင်က သက်ကြီး အမျိုးသမီးဆောင်။ အဆောင်ဆောက်ထားတဲ့နေရာက တောင်ကမူကြီးကို မြေကြီးတွေတူးဖဲ့ပြီး လမ်းဖို့ဖို့ ရောင်းသွားတဲ့ ကုမ္မဏီပိုင်မြေနေရာ။ အဲဒီကုမ္မဏီက မြေကြီးတွေတူးထားတော့ ချိုင့်ကြီးလိုဖြစ်နေပေမဲ့ အရင်ကတောင်ကမူဖြစ်ခဲ့တော့ ရေဝပ်တာတော့မရှိဘူး။ အဲဒီနေရာမှာ ဆရာတော်က သရက်ပင်တွေ စိုက်ထားတယ်။

အဆောင်ပေါ်ရောက်တော့ အသက် ၁၀၆နှစ်ရှိတဲ့ တရုတ်အဖွားနဲ့တွေ့ရတယ်။ ဆံပင်မရှိတော့တဲ့ ခေါင်းတုံးနဲ့ ခန္ဓာကိုယ်မှာ မှဲ့ခြောက်လေးတွေနဲ့။ ခါးနဲနဲကိုင်းနေပေမယ့် လေသံကမာတုန်း။ နားကလည်း ပါးမှပါးတဲ့။ ကျနော်တို့ရောက်သွားတဲ့အချိန် သွားမရှိတော့တဲ့ ပါးပိန်ခြောက်ခြောက်လေးတွေ လှုပ်စိလှုပ်စိနဲ့ ဘယာကြော် တစ်ခုဝါးနေတယ်။ ကျနော်က ” အဘွား သွားတွေမရှိတော့ ဘယ်လိုဝါးနေလဲ” လိုမေးတော့ ” သွားဖုံးနဲ့ ဖြည်းဖြည်းကြိပ်ချေရတာပေါ့။

ပျော့သွားတော့မှ ထပ်ဝါးပြီး မြိုချတယ်” လို့ဖြေတယ်။ အဘွား အသက်မေးတော့ တစ်ရာ့ခြောက်နှစ်ရှိပြီတဲ့။ ဒီရိပ်သာကို ရောက်တာ လေးနှစ်ရှိပြီ။ ဘယ်နှစ်ဘယ်လက ရောက်တယ်ဆိုတာ အတိအကျပြောပြတယ်။ မှတ်ဉာဏ်ကလည်း အခုထိကောင်းတုန်း။ နားပါးပုံကလည်း ပြောမနေနဲ့။ လိုက်ပို့တဲ့ ဆရာကလေးနဲ့ စေတနာ့ဝန်ထမ်း သူနာပြုအမျိုးသမီးက အခန်းထဲမှာ တိုးတိုးပြောရင်တောင် အဖွားက ကြားသတဲ့။

ကျနော့်အဖွဲ့ကတစ်ယောက်က “တိုးတိုးတိုးတိုးနဲ့ အဖွားအကြောင်း အတင်းပြောရင်ကော ကြားသလား” လို့မေးတော့ ” တိုးတိုးပြောရင် အတင်းပေါ့။ မကြားအောင်ပြောတာ အတင်းလေ။ အဲလိုပြောရင် ဟေ့ ငါ့အကြောင်း ဘာအတင်းပြောနေကြလဲလို့ အော်မေးလိုက်တယ်” လို့ ပြန်ပြောတော့ ကျနော်တို့အားလုံး ပွဲကျသွားကြတယ်။ အခန်းဖော်တစ်ယောက်က “သူအခု ခြင်္သေ့တွေ ဘယ်နှကောင်မှန်းမသိဘူးရထားတယ်။ တနေ့က သူ့အမျိုးတွေလာပြီး ပေးသွားတာ” လို့ဆိုတော့ ကျနော့် အဖွဲ့က တစ်ယောက်က ဘယ်လောက်ကန်တော့သွားလဲ အဖွားလို့ မေးတော့ အဲဒါမဖြေဘူး။ စကားလမ်းလွှဲပြီး တခြားဟာဖြေတယ်။ ” အဖွားကတော်တော်လည်တယ်။ မေးတာမဖြေဘူး” လို့ပြောတော့မှ ” မကျန်းမာရင် ဆေးကုဖို့နဲ့ အားလုံးကို လှူတယ်လေ။ ဆရာတော်ကိုလည်း လှူတယ်” လို့ဖြေတယ်။ ရာကျော်အဖွားနဲ့ ကုတင်ချင်းကပ်လျက် မှာ အိပ်ယာထဲမှာ နဖူးနဲ့ ဒူးတိုက် ခေါင်းငိုက်နေတဲ့ အဖွားကို တွေ့လို့ မေးကြည့်မိတယ်။ အဲဒီအဖွားက ခါးရိုးကျိုးနေတာတဲ့။ သူ့သားသမီးတွေ က နေ့ခင်းအလုပ်သွားလုပ်ကြတဲ့အခါ အိမ်မှာ တစ်ယောက်ထဲ သော့ခပ်ထားခဲ့တယ်။ မလှုပ်နိုင်၊ မထနိုင်တော့ အပေါ့အလေးတွေနဲ့ နံစော်ပြီး တစ်ယောက်ထဲ အဲလို ကျန်ခဲ့ရတော့ စိတ်ပါ ထိခိုက်သွားရှာတယ်။

အဲဒါကို သိလို့ ရိပ်သာကို လာပို့ထားတော့ ဒီအဆောင်ကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ တာဝန်ကျတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးက မရွံမရှာ၊ သုတ်သင်ပြုစုပေးရှာတယ်။ ဒီလို ကိစ္စမျိုး၊ ဒီလိုစေတနာမျိုး တော်ရုံလူ မထားနိုင်၊ မကျင့်နိုင်၊ မလုပ်နိုင်ဘူး။ ကျနော် အဲဒီအမျိုသမီးကို စိတ်ထဲကနေ ဦးအခါခါ ညွတ်ပြီး အလေးပြုခဲ့သလို ပါးစပ်ကလည်း ထုတ်ပြီး ချီးကျူးဂုဏ်ပြုခဲ့တယ်။

ခဏနေတော့ ကျန်တဲ့ အဖွားတွေကို နှုတ်ဆက်ပြီး ခိုကိုးရာမဲ့ (အိမ်ရာမဲ့) နေစရာအခက်အခဲဖြစ်ကာ ဆင်းရဲဒုက္ခရောက်နေကြသော မိသားစုများကို ဆရာတော် မေတ္တာနဲ့ နေခွင့်ပြုထားတဲ့ ၁၅ပေပတ်လည် အိမ်စုတန်းဆီကို ထွက်ခဲ့ကြတယ်။ လမ်းမှာ ငါးထပ်အမြင့် လူမမာများအတွက်သီးသန့်ဓမ္မာရုံဆေးရုံဆောက်ဖို့ မြေတူးထားတာတွေ့ရတယ်။

ဒီနေရာကတော့ စောစောကပြောသလို ရိပ်သာဝင်းနဲ့ သီးခြားတစ်နေရာမှာ ဆရာတော်က နေစရာပဲပေးထားတယ်။ အိမ်ကိုယ့်ဘာသာဆောက်။ စားစရာကိုယ့်ဘာသာသာရှာ။ ရွာတစ်ရွာလိုဖြစ်နေပြီ။

အိမ်ဆောက်စရိတ်မတတ်နိုင်တဲ့သူကိုလည်း ဓမ္မာရုံအဖြစ်ဆောက်ထားတဲ့ တဲတန်းရှည်ကြီးပေါ်မှာ ခေတ္တခိုလုံစေပြီး အိမ်ဘိုး ဒါနပြုသူပေါ်တာနဲ့ ဆောက်ပြီးတဲ့ အိမ်နေရာမှာ ပြောင်းနေစေတယ်။ ကျနော်တို့သွားတော့ အဲဒီဓမ္မာရုံပေါ်မှာ မိသားစု နှစ်စုရှိနေတယ်။ အရင်ကတော့ လေးစုရှိတယ်တဲ့။ World Vision က လာလှူသွားလို့ မိသားနှစ်စုက ထီပေါက်သွားပြီး ကိုယ်ပိုင်အိမ်ရသွားသတဲ့။

အဲဒီနေရာမှာ ရီစရာအဖြစ်တစ်ခုတွေ့သေးတယ်။ တစ်နေရာမှာ တခြားအိမ်တွေနဲ့ မတူဘဲ ကောင်းကောင်းသန့်သန့်၊ ခိုင်ခိုင်မာမာ အိမ်တစ်လုံးတွေ့လို့ မေးကြည့်တယ်။ ဒါ အရင် ဒီကလူတွေ ပြောင်းမလာခင် သူတို့နေခဲ့တဲ့ ရပ်ကွက်က ရပ်ကွက်လူကြီးအိမ်တဲ့။ သူက အရင်နေရာဟောင်းမှာ အိမ်ပိုင်၊ အိုးပိုင်၊ စားနိုင်သောက်နိုင်ပေမယ့် သူအုပ်ချုပ်တဲ့ ရပ်ကွက်က သူနဲ့ ရင်းနှီးနေတဲ့ မိသားစုတွေ၊ အိမ်ထောင်တွေအားလုံးနီးပါး ဒီနေရာကို ပြောင်းလာတော့ အုပ်ချုပ်စရာလူမရှိတော့တာက တစ်ကြောင်း၊ ဒီလူတွေနဲ့ မိသားစုလို ခင်မင်နေတာကတစ်ကြောင်းကြောင့် သူပါလိုက်ပြောင်းလာသတဲ့။ အဲဒီအကြောင်းကို ကြားတော့ ကျနော်တို့အဖွဲ့သားတွေအားလုံး အသံထွက်အောင် အားရပါးရရီလိုက်ရတာလေ။

အချိန်ကလည်း မနည်းတော့တာမို့ ကျနော်တို့အဖွဲ့ ရိပ်သာမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်ကိုင်၊ စီမံခန့်ခွဲပေးနေတဲ့ ဆရာလေးနဲ့ ကျန်တဲ့သူတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ စိတ်ထဲမှာ ဆရာတော်ရဲ့ ကြီးမားလှတဲ့ မေတ္တာစေတနာ၊ ကျယ်ပြောလှတဲ့ ဂရုနာ၊ ကြည်ညိုစရာကောင်းလှတဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို သာဓု အကြိမ်ကြိမ် ခေါ်မိတယ်။ နောက်ထပ် လှူနိုင်သလောက် လှူဖို့လည်း စေတနာသဒ္ဒါစိတ် တဖွားဖွားဖြစ်မိတယ်။ ဆရာတော်ရဲ့ စိတ်စေနာကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ ဒီအကြောင်းရေးဖြစ်တယ်။ တတ်နိုင်သလောက် ဝေမျှပေးရင်း ဆရာတော်ကို အထောက်အပံ့ဖြစ်စေချင်တယ်။ ဆရာတော်ရဲ့ နက်နဲပြီး ရှင်းလင်းလှတဲ့ တရားဓမ္မကိုလည်း ကျနော်နားလည်သလို ပြန်ရေးပြပါအုံးမယ်။ လိပ်စာကတော့ သဘာဝ တရားရိပ်သာ၊ ကျိုက်ခေါက်ဘုရားနဲ့ တာဝတက္ကသိုလ်အကြား၊ သံလျင်မြို့၊ ဖုန်း ဝ၉ ၅၀၈၅၂၁၂၊ ဝ၉ ၇၃ဝ ၃၀၇၃၆ပါ။ လက်တွေ့ သွားပြီး ကိုယ်ထိလက်ရောက် လှူဒါန်း ကုသိုလ်ယူဖို့၊ ပွားများအားထုတ်ဖို့ တိုက်တွန်းချင်တယ်။

(The Voice Journal အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ facebook ဆောင်းပါးမှတဆင့် ကူးယူဖော်ပြအပ်ပါသည်)

To see with more photos pls visit http://realenlightenment.multiply.com/journal/item/66/66

11 comments

  • htoosan

    July 22, 2012 at 11:04 pm

    ကျေးဇူးပါ True Answer ။
    ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများလည်း ပရဟိတ ဘက်လှည့်လာတာ ဝမ်းသာစရာပါ။

  • အရီးခင်လတ်

    July 23, 2012 at 2:55 am

    ဒီ ဆောင်းပါးက
    အစပျိုး ကလဲဖတ်လို့ ကောင်းတယ်။
    အလယ်စာ လဲ ဖတ်လို့ကောင်းတယ်။
    နိဂုံး ကလဲ ဖတ်လို့ကောင်းတယ်။

    ကျွန်မတို့ ဘဝ တွေ ကိုလဲ
    အစပျိုး ကလေးငယ်အချိန်မှာလဲ ကောင်းစေချင်တယ်။
    အလယ်အရွယ် တွေမှာလဲ ကောင်းစေချင်တယ်။
    နေဝင်ချိန်ဘဝ ကျရင်လဲ ကောင်းစေချင်တယ်။

    ဒီလို နေဝင်ချိန် လူကြီး တွေအတွက် ပြုစုပေးတဲ့ နေရာ လေး ကို ဦးဆောင်ပေးသူတွေ၊ လှူဒါန်းသူတွေ၊ ကို လေးစားပါတယ်။
    ဒီလို ကြည်နူး ပီတိဖြစ်စရာ Post လေး ကို မျှဝေပေးလို့ ကျေးဇူးပါ ရှင်။

  • kai

    July 23, 2012 at 4:02 am

    ဘိုးဘွားရိပ်သာလိုဖြစ်နေတာပေါ့…
    အင်မတန်မွန်မြတ်တဲ့.. ဒါနပါ..

    သာဓု.. ၃ကြိမ်ခေါ်ပါကြောင်း..
    ဘာသာရေးသက်သက် ဘုရားတည်၊ ကျောင်း၊ သိမ်ဆောက်၊ ရွှေချတာမျိုးထက် … အဲဒီမှာ.. အဲဒီလိုနေရာတွေမှာ.. မြန်မာတွေ.. လှူကြဖို့လည်း..တိုက်တွန်းပါကြောင်း..
    သာဓု..သာဓု..သာဓု…

  • YE YINT HLAING

    July 23, 2012 at 6:20 am

    အမှန်တကယ် လိုအပ် နေတဲ့ သူတွေ ကို ကူညီ စောင့်ရှောက် ပြုစု တာလောက် လောက မှာ မွန်မြတ်တာ မရှိပါဘူး ။ ဦးကျော် ရဲ့ သီချင်း စာသား တခုကို လည်း ကြိုက်နှစ်သက်မိ လေးစားမိပါ တယ် ။ ” ဆာလောင် သူ ကို ကိုယ့်ထဲ က တဝက် ဝေမျှလိုက် ” တဲ့ ။

  • ကြောင်ကြီး

    July 23, 2012 at 7:13 am

    ဆြာကိုသစ္စာ ပျောက်လို့နေပါလားဗျ၊ ဧကန္န ရွာထဲမှာသောင်းကျန်းနေတဲ့ အဓမ္မဝါဒီတွေကို နှိမ်နင်းဖို့ ပြန်ရောက်လာတာများလား။ ဆောင်းပါးအစပိုင်းဖတ်ပီး ဘယ့်နှယ် ကိုယ့်လူက သွားလေသူဦးနေဝင်းမောင်နဲ့ ဆွေမျိုးနီးစပ်တော်နေသလဲ စဉ်းစားနေတာ အဆုံးကြမှ ဗွိုက်စ်ဂျာနယ်အယ်ဒီတာချုပ် ရေးတဲ့စာဖြစ်နေတာကိုး။ ဒီလိုစာမျိုး ဖတ်ရတာ သိပ်ဝမ်းသာတယ်ဗျာ သာဓု သာဓု သာဓု၊ အရင်တပတ်ဂျာနယ်မှာ ရိပ်သာအကြောင်းပါတယ်ဆိုတော့ အဲဒီစာလည်း ရှိရင်တင်ပေးပါအုံး။ အားလုံး ကုသိုလ်ပွားခွင့် ရတာပေါ့ဗျာ။ ဆရာတော်ကို ဖူးလို့ရတုန်း ဖူးထားကြနော်၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာစလုံးအတွက် အရမ်းအကျိုးများတယ်။ ကျနော်ဘာဝနာပွားတိုင်း အဦးဆုံး ဆရာတော်နဲ့ သဲအင်းဂူဆရာတော်ကြီး ဦးဥက္ကဌတို့ထံ ရုပ်နာမ်နှစ်ပါးကို လှူတယ်၊ ဆရာတော်ကိုလည်း မေတ္တာပို့ပီး သတိရတိုင်းလည် သဘာဝရိပ်သာဆရာတော် (ဆူနာမီ) ဦးဥတ္တမသာရရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်တယ်။ ကျနော်ဘဝရဲ့ ဓမ္မကျေးဇူးရှင် နှစ်ပါးဖြစ်ပါတယ်။ အခွင့်ကြုံတဲ့တနေ့ ကိုယ်တိုင်ကိုယ်ကျ ဆရာတော်ခြေရင်း ဦးခိုက်ပြီး ကျေးဇူးဆပ်ဖို့ ရည်ရွယ်ထားပါတယ်။

    • True Answer

      July 23, 2012 at 4:52 pm

      ကိုကြောင်ကြီးခင်ဗျား-

      ကျွန်တော်လည်း သန်လျင်သဘာဝတရားရိပ်သာမှာ နေပြီး တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီလုပ်နေလို့ အွန်လိုင်းဘက်မလှည့်ဖြစ်တာပါ။

      The voice journal အရင်တပတ်မှာ ပါတဲ့ ရိပ်သာအကြောင်းဆောင်းပါးကို တင်ပေးပါ့မယ်ခင်ဗျာ။

  • mamanoyar

    July 23, 2012 at 9:34 am

    အရမ်းကိုမွန်မြတ်တဲ့ ကုသိုလ်ဖြစ်ပါတယ်ရှင်
    ဖတ်ရတာ ကြည့်ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်

  • မမ အညာသူ

    July 23, 2012 at 9:52 am

    လူတော်တော်များများက အတ္တဟိတအကျိုးကိုပဲလုပ်ကြတာများပါတယ်
    ခုလိုပရဟိတအလုပ်တွေကိုမြင်ရတာတကယ်ကိုလေးစားမိပါတယ်……….

  • shwe kyi

    July 23, 2012 at 11:09 am

    ဆရာတော်ကိုတကယ်ကိုကြည်ညိုလေးစားမိသွားတယ်။ ရည်မှန်းရှိခိုးပါတယ်ဘုရား။
    ကိုယ်တိုင်လှူနိုင်အောင်လည်းကြိုးစားဦးမယ်။ မျှဝေပေးတဲ့ True Answer ကိုလည်းကျေးဇူးပါ။

  • မောင်ပေ

    July 23, 2012 at 11:44 am

    ဆြာသစ္စာရဲ ့နတ်လမ်းညွှန် ပို ့စ်ကိုဖတ်အပြီး ဆရာတော်ကို ကြည်ညိုလေးစားမိတယ်
    အဆင်ပြေတဲ့တစ်နေ ့ကြရင် ဆရာတော့်ကျောင်းကို ရောက်အောင်သွားပြီး လှူဦးမယ်ဗျာ

  • ဆူး

    July 23, 2012 at 5:43 pm

    တကယ်ကောင်းတဲ့ နေရာလေးပါ။
    သန်လျင် သွားတုန်းက ရောက်ခဲ့ဖူးပါတယ်။

    လူတွေက အိုလာတဲ့ အခါ အလုပ်မလုပ်နိုင်တော့ နားခိုရာ တခုတော့ လိုအပ်ပါတယ်။
    နားခိုရာ ရှိပြီးသား လူတွေကလည်း နာလာတဲ့ အခါ ပြုစုဖို့ လူလို အပ်ပါအုန်းမယ်။

    နာ လာတဲ့ အခါ ပြုစုဖို့ လူမရှိရင် သောကများပြီး ဒုက္ခပွားရပါအုန်းမယ်။
    နာ တဲ့ အခါ နားဖို့ အတွက်က အရေးကြီးပါတယ်။

    နာ နေတဲ့ အချိန်အခါ ကိုမှ စေတနာ ရှေ့ထား ခေါ်ပေးထားတဲ့ ဘုန်းဘုန်းရဲ့ စေတနာကိုလည်း ချီးကျူးပါတယ်။

Leave a Reply