ဗုဒ္ဓ ဓမ္မဂုဏ်ရည် အပိုင်း -၂ (သွက္ခာတ တရားဂုဏ်ရည်)

ariyathitsaSeptember 26, 20121min85

(ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ 27 – 9 – 1999 တွင် ဟောကြားသည့်
” တရားဂုဏ်ရည် ၆-ပါး” တရား downloadမှ ကောက်နှုက်ချက်
www.ariyathitsa.org)

အဲဒီတော့ တရားရှာဖို့ရန် အတွက်ဟာ ဘာနဲ့ရှာကြမတုန်း။ တကယ်တော့ တရားရှာဖို့ အတွက် မှတ်ကလေးတစ်ခုလိုတယ်။ အဲဒါဘာလဲ။ တရားရဲ့ အရည်အချင်းတော်ဟာ တရားရှာဖို့အတွက် ပစ္စည်း ကလေးပဲ။ ဒါကလေးကို ကျုပ်တို့တွေ ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။ ဘုရားရှာဖို့အရည်အချင်းတွေ…‘ သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပါနေယျိကော၊ ပစ္စတံ ဝေဒိတဗ္ဗော၊ ဝိညူဟိ’ နဲ့ ထည့်ပေးလိုက်တယ်။ ဆရာသမား၊ လူကြီး၊ မိဘတွေကနေ ပြီးတော့။ ဒါကို တရားရှာဖို့ ပေတံလေးလို့ မမှတ်ဘူး…ကျုပ်တို့က။ လုံးဝ အသုံးချရ ကောင်းမှန်းမသိဘူး။ ဒါကလေးနော် ကျုပ်က အကြာကြီးပဲ ထပ်ခါတလဲလဲ ပြောနေတာ။ အင်မတန်လည်းပဲ အော်ကျယ်၊ ဟစ် ကျယ်နဲ့ ပြောနေတာ။ ဒါကလေးကို သေသေချာချာကို တခါတည်း နဲ့ကို ရောက်သွားစေချင်လို့၊ ရသွားစေချင်လို့ ထပ်ခါတလဲလဲ ပြောနေ တယ်လို့ မှတ်ပါ။

 

ဆိုလိုတာကတော့ဖြင့် တရားတော်ရဲ့ဂုဏ်တော်ဆိုတာ ဘယ်နေရာမှာမှ အသုံးချဖို့ မဟုတ်ဘူး။ တရားရှာတဲ့အခါမှာ ဒါ.. တရားဟုတ်ပလားဟဲ့…ဒါ.. တရားမ ဟုတ်သေးဘူးလား..ဟဲ့..လို့ တခါတည်း စိစစ်ဖို့ရန်အတွက် ဒီဂုဏ်တော်ကို ခင်ဗျားတို့ ပါးစပ်ထဲ ထည့်ပေးလိုက်တာလို့၊ မြတ်စွာဘုရားက ဟော ကြားပေးလိုက်တာလို့ ဒီလိုပြောရမယ်။ မနေ့က ဘုရားရဲ့ ဂုဏ်တော်ဆိုတာလည်း ဒီနည်းလည်းကောင်း ပဲ။ ဘုရားရဲ့ဂုဏ်တော်ဟာ စီးပွားလာဘ်လာဘတွေ ရှိအောင်ရွတ်ဖို့မဟုတ်ဘူး။ ဟာ..ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိတွေ ရအောင်အတွက် ရွတ်ဖို့မဟုတ်ဘူး။ ဟာ..ဒါဖြင့် ဘာလုပ်ဖို့ ရွတ်ဖို့တုန်းလို့ မေးလို့ရှိရင် အပါယ်မလားအောင် ရွတ်ဖို့လည်း မဟုတ်ဘူး။ ဘုရားရှာတဲ့အခါ မှာ အသုံးချဖို့။ ဘုရားဂုဏ်တော်ဆိုတာ ဘုရားရှာတဲ့အခါမှာ အသုံးချဖို့။ ဘာဖြစ်လို့လဲ။ ဘုရား ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာ မသိလို့ရှိရင် ဘုရားကြီးနဲ့ တွေ့နေတာတောင် ဘယ်လိုလုပ် သိပါ့ မတုန်း။ အဲဒါပေါ့။

ခင်ဗျားတို့လည်း ကြားဖူးနေကြတာပဲလေ။ တခါတည်း ပရဗိုဇ်ကြီးကလေ။ ဘယ်သူလဲ။ ဥပကဆိုတဲ့ ပရဗိုဇ်ကြီးဟာ ဘုရားကနေ တရားရပြီးတဲ့နောက် ပဉ္စဝဂ္ဂီတို့ဆီသွားပြီး တရားဟောတဲ့ လမ်းကြောင်းမှာတွေ့တယ်။ ဘုရား အရည်အချင်းတွေကို သူကသိပြီးသားရှိမနေတော့..ဟော..ဘုရားကို မသိဘူးဗျ။ ဘုရားက သူဟာ ဘုရား ပါပဲလို့ ပြောတာတောင် ‘ ဟုတ်မှာပါပဲ.. ဟုတ်မှာပါပဲ ’ လို့ဆိုတာမျိုုး နဲ့ ပြောင်တောင်တောင်၊ လှောင်တောင်တောင်နဲ့ ပြောသွားတာဗျ။ ဥပေယျ အာဝုသော… ဥပေယျ အာဝုသောနဲ့ အဲသလိုမျိုး ပြောသွားတာဗျ။ ဗမာလိုဆိုရင်တော့ ‘ ဟုတ်ပေမှာပေါ့ .. ဟုတ်ပေမှာပေါ့…’ လို့ ပြောသွားတဲ့သဘော။ သိလည်း မသိဘူး။ ဘုရားကြီးနဲ့ တွေ့နေတောင်မှ ဘုရားအရည်အချင်း မသိ ရင်၊ မသိဘူးဗျ။

 

အဲဒါ ပြောရတယ်၊ မင်းကွန်းမှာ ကျုပ်တို့ကို ကိုးကွယ်တဲ့ သီလရှင်ဆရာကြီးတစ်ယောက်ရှိတယ်။ သူက ကျုပ်ကို မယုံတစ် ဝက်၊ ယုံတစ်ဝက်ကြီးဟာကိုး။ အဲသလို ဆိုတော့ သူ့ကို ကျုပ်က ဘာပြောသလဲ ဆိုတော့ ဒကာမကြီးတို့ကတော့ ကျုပ်ပြောတာတော့ ထားပါတော့လို့၊ ဘုရားကြီးကိုယ်တိုင်က ခင်ဗျား တို့ကို လာပြီး တရားဟောနေလည်းပဲ၊ ဒကာမကြီး..ကျုပ်က ဘုရားကြီးလို့..သူက အဲဒီလိုမျိုး ဝန်ခံပြော တာတောင်မှ…ဘာလာလိမ်တာတုန်း… တော်က ဘုရားကြီးဆိုရင် နားရွက်ကြီးက ပုခုံးကြီးထောက်နေ မှာပေါ့… ဟုတ်လဲမဟုတ်ပဲနဲ့ မပြောနဲ့…..လို့ ဘုရားတောင် ခင်ဗျားတို့က ငေါက်ထုတ်မယ့်သူတွေ..လို့။ အဲသလိုမျိုး ကျုပ်က ပြောရတယ်။ ဘာဖြစ်လို့လဲ။

 

ဘုရားရဲ့ ဂုဏ်ရည်ကို မသိရင် ဘုရားကြီး တွေ့နေလည်းပဲ ဘုရားမှန်းမသိ၊ တရားဂုဏ်ရည် မသိလို့ရှိရင်လည်းပဲ တရားနဲ့ မတော်တဆ တိုက်မိ၊ တို့မိရင်တောင်မှ အဲဒါကို တရားမှတ်မှတ် မပေါင်းနိုင်ဘူး။ တရားမှတ်မှတ် မသိနိုင်ဘူးလို့ ဒီလို ပြောကြစို့။ တရားရှာဖို့ဆိုတာကတော့ ဝေလာမှ ဝေး။ အဲဒီတော့ ခင်ဗျားတို့မှာ တရားရဲ့ဂုဏ်တော်ဆိုတာဟာ ဟိုဟိုဒီတွေ အသုံးချဖို့ထက် တရားရှာဖို့။ တရား ရှာတဲ့အခါမှာ ဘာကို ကိုင်စွဲပြီးတော့ရှာမလဲ။ တရားရဲ့ ဂုဏ်ရည်ကို ကိုင်စွဲပြီးတော့ တရားရှာမယ်။ ဟောဒီ လိုမျိုးကလေး၊ မြဲမြဲကလေး မှတ်ကြဖို့ ဒီလိုပြောချင်တယ်။

 

“သွက္ခာတဂုဏ်ရည်”

 

ကောင်းပြီ။ ဒီလိုဆိုရင် တရားရဲ့ ဂုဏ်တော်တွေကို ဖွင့်ကြရအောင်။ တရားရဲ့ ဂုဏ်တော်တွေမှာ ပဌမဆုံးဂုဏ်တော်ဟာ သွက္ခာတော..သွက္ခာတ။ သွက္ခာတဆိုတာ ဘာတုန်းလို့မေးရင် တကယ်ကတော့ ဘုရားတရား မှန်လို့ရှိရင် ဒါ သွက္ခာတဂုဏ် မြောက်တယ်။ သွက္ခာတဂုဏ်မြောက်တယ်ဆိုတာ သွက္ခာတ ရဲ့ အနက်ကလေးဖွင့်ကြတဲ့ အခါကျတော့ ဘုရားတရားက ဘယ်လို နေလို့ သွက္ခာတလို့ ပြောတာတုန်း ဆိုလို့ရှိရင် ဘုရားတရား မှန်လို့ ရှိရင် အဲဒီတရားကို စကျင့်တယ်။ ကျင့်မလို့ အစပြုလိုက်တယ်။ အဲဒီ အချိန် မှာလည်း ကောင်းရမယ်။ ဆိုလိုတာကတော့ သွက္ခတဂုဏ်က အဲဒါကိုပြောမယ်နော်။ တရားကို စကျင့် တယ်။ စကျင့်တယ်ဆ်ိုကတည်းက တရားက ကောင်းတယ်။ ကျင့်လို့ အလယ်ပိုင်းလောက်ရောက်လာပြီ၊ အဲဒီအခါကျတော့ အဲဒီအခါလည်းပဲ ကောင်းတယ်။ ဒါဖြင့် ကျင့်ပြီးသွားပြီ။ ကျင့်ပြီးသွားတဲ့အခါ ကျတော့ရော ကောင်းသေးရဲ့လားလို့မေးရင် ကျင့်ပြီးသွားလည်း အဲဒီတရားက ကောင်းတယ်။ ဆိုလိုတာ ကတော့ဖြင့် ဘုရားရဲ့တရားမှန်ရင် အဲဒီအတိုင်းဖြစ်တယ်။

 

တကယ့်တရားက ကျင့်နေတုန်း အစလည်း ကောင်းတယ်။ ကျင့် နေတဲ့ အလယ်မှာ လည်းကောင်း တယ်။ ကျင့်နေတဲ့ အဆုံးပြီးတော့လည်းပဲ ကောင်းတယ်။ တရားတော်မှန်လို့ရှိရင်။ အဲဒီတော့ ဘုရား ရဲ့တရားဟာ အဲဒီလိုမျိုး အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကောင်းတဲ့အတွက် ဘုရားတရားမှာ ဒါ အရည် အချင်းတစ်ခုလို့ သတ်မှတ်တယ်။ အဲဒီ အရည်အချင်းကို ပါဠိလိုပြောလိုက်တဲ့အခါကျ၊ သွက္ခာတ– သွက္ခာတ ဆိုတာက အစ၊အလယ်၊အဆုံး သုံးပါးစလုံး ကောင်းတယ်လို့ အနက်အဓိပ္ပာယ် ထွက်တယ်။

 

အဲဒီတော့ ဒါကတရားရဲ့ အရည်အချင်းဆိုတော့ တရားကိုရှာတဲ့ အခါမှာ ခင်ဗျားတို့ ‘စ’ ကျင့်ကြည့်။ သူများက တရား လို့ပြောတဲ့ဟာကို ‘စ’ ကျင့်ကြည့်။ ‘စ’ ကျင့် ကြည့်လိုက်လို့ ကျင့်စမှာ လည်း ကောင်းရဲ့လား။ ကျင့်စမှာဖြင့် ထွက်ပြေးရတော့မလိုပဲ ဖြစ်တယ်ဆိုရင်ဖြင့် အဲဒါ တရားလို့ကို မမှတ်နဲ့။ ဘာဖြစ်လို့လဲဆိုရင် အစမှ မကောင်းတဲ့ဟာကြီးပဲ။ နာလိုက်တာ၊ ကျင်လိုက်တာ၊ ထုံလိုက်တာ ဆိုရင်၊ ကိုက်လိုက် တာဆိုရင်..သွား..။ အဲဒါကတော့ဖြင့် …..ဘာဖြစ်လို့တုန်းဆိုရင် အစရဲ့ကောင်းခြင်း မဟုတ်ဘူးဗျ။ အဲသလိုမဟုတ်ပဲနဲ့ အစကကကို ကိုယ်တိုင်က ကောင်းတယ် ဆိုရင်ဖြင့် ဒါ….သွက္ခာတ ဂုဏ်ပဲ..ရပြီ။ အဲ…ဒါမှမဟုတ်လို့ ရှိရင်လည်းပဲ၊ ကျင့်စတော့ ကောင်းတယ်၊ ကျင့်တဲ့အလယ်မှာရော လို့ မေးရင် ကျင့်တဲ့အလယ်မှာလည်း သိပ်ကောင်းတယ်။ ကျင့်တဲ့ အဆုံးကျတော့ရောလို့ မေးတော့ ကျင့်တဲ့အဆုံးမှာလည်းပဲ ကောင်းတယ်။ ဆိုလိုတာကတော့ဖြင့် ကျင့်ဖို့မခက်ဘူး။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကောင်းတယ်လို့.. ဒီလိုမျိုး ဆိုလိုတယ်ဗျာ။

 

မြတ်စွာဘုရားတရားက သွက္ခာတဂုဏ်မြောက်တယ်ဆိုတာ သွက္ခာတဂုဏ်ဆိုတာ ဘယ်လိုတုန်း လို့ မေးရင် အဲဒီတရားဟာ ကျင့်ဆဲ အစမှာရော၊ အလယ်မှာရော၊ အဆုံးမှာရော သုံးပါးလုံးမှာ ကောင်းနေ တာ ဖြစ်ရမယ်။ ကြည့်စမ်းနော်။ တရားဆိုတာ ဘယ်လောက် ချစ်စရာကောင်းတဲ့ အရာကလေးလဲလို့။ ‘စ’ ကျင့်တုန်း ကတည်းကကို ကောင်းသတဲ့ဗျာ။ စီးပွားရှာရတာဆိုတာတောင်မှ ဒီလိုမဟုတ်ဘူး။ စီးပွားရေးက ရလာတဲ့ နောက်ပိုင်း အဆုံးတော့ ကောင်းတာဖြစ်ပေမယ့် ‘စ’ ရအောင်လုပ်ရသေးတဲ့ အခါမှာတော့ တော်တော်မကောင်းဘူးဗျနော်။ တော်တော်ကျန်းမာဖို့အတွက် ဆေးဝါးတွေတောင် ကြည့်ပါအုံး။ ရောဂါပျောက်အောင်ဆိုပြီးသကာလ ထိုးလိုက်ရတာ၊ သောက်လိုက်ရတာ၊ တခါထဲ ရောဂါပျောက်သွားတဲ့အခါ ကောင်းပေမယ့် အထိုးခံရတုန်းကတော့ ခလေးဆိုရင် ဘယ်ခလေးမဆို မငိုပဲတောင် မနေနိုင် ဘူး။ ဆေးထိုးခံရတယ်ဆိုရင်။ ဆေးသောက်ရမယ်ဆိုရင်လည်းပဲ မငိုတဲ့ခလေးဆိုတာ ခပ်ရှားရှား။ လူကြီးတွေတောင် တယ် .. မသောက်ချင်ဘူး။ ကြည့်စမ်း.. ကျန်းမာရေး ကို ကောင်းသွားအောင်လုပ်ပေးတဲ့ ဆေးဝါးနော်။ ဒါတောင်မှ အဆုံး ကောင်းပေမယ့် အစ မကောင်းဘူး လို့ ဒီလိုဆိုလိုတာ။

 

အတော်များများကတော့ အစရော၊ အလယ်ရော၊ အဆုံး ရော သုံးပါးလုံးကောင်းတယ်ဆိုတာ ရှာမှ ရှား။ မရှိအောင် ရှား။ တစ်ခုတည်းသော မြတ်စွာဘုရားရဲ့ တရားကတော့ ကျင့်စမှာလည်း ကောင်းတယ်။ ကျင့်တဲ့ အလယ်မှာလည်း ကောင်းတယ်။ ကျင့် ပြီးနောက်ပိုင်း အဆုံးမှာလည်း ကောင်းတယ်တဲ့။ အဲဒီတော့နော် …ဒါကလေး သေသေ ချာချာကလေး မြဲမြဲမှတ်ကြ။ သွက္ခာတ…. အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကောင်းတယ်..ဆိုတဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ မြတ်စွာဘုရားတရားဟာ၊ အဲသလိုမျိုးလေး ပဌမတစ်ချက် မြဲမြဲကလေးမှတ်။

 

ဒါကလေးကလဲ မတိုက်ကြည့်ချင်တတ်ကြဘူး။ တိုက်မကြည့်မိတတ်ကြဘူး။ တိုက်မကြည့်ဘူး ဆိုတာက တရားလို့ သူများကပြောရင် အစ၊ အလယ်၊ အဆုံး သုံးပါး လုံး ကောင်းတဲ့ဟာ ဟုတ်ရဲ့လား။ ဒါ..တို့ကြည့်ဖို့အတွက် တာဝန်ရှိပါကလားလို့ မသိဘူး။ မသိတဲ့အတွက် တိုက်မကြည့်ဘူး။ တကယ်ကျင့်စ မှာက ကောင်း ရဲ့လား။ ကျင့်တဲ့ အလယ်မှာရောကောင်းရဲ့လား။ ကျင့်ပြီးနောက်ပိုင်းမှာရော ကောင်း ရဲ့လားဆိုတာမျိုးကို စစ်မကြည့်ကြဘူး။ အဲဒီလို စစ်မကြည့်တဲ့အတွက် အစမှာ ဆိုးဆိုးဝါးဝါးနဲ့ တရား ကျင့်နေရတာတွေလည်းရှိတယ်။ အလယ်မှာ ဆိုးဆိုးဝါးဝါး၊ ကျင့်သားတော်တော် ရသွားပြီးတဲ့ နောက် ပိုင်းကျတော့လည်းပဲ တော်တော့ကို ဆိုးဆိုးဝါး ဝါးနဲ့ မကောင်းနေ တာတွေလည်း ရှိတယ်။ ကျင့်ပြီးနောက် ပိုင်းကျတော့ မဟုတ်တရုတ်နဲ့ မကောင်းနေတာတွေလည်းပဲ ဒီလိုပဲ ရှိတယ်လို့။ ကျင့်ဆဲကျတော့ ကောင်းပြီးသကာလ ကျင့်ပြီးနောက် ပိုင်းကျတော့ အဆုံးမှာ မကောင်းဘူးပေါ့လေ။ တကယ့်မှ မကောင်းဘူးပေါ့။ အဲဒီလိုမျိုးတွေလည်း ရှိတယ်။

 

အဲဒီတော့ ဒါကို ကိုယ်ကနေပြီးတော့ တရားလို့ပြောရတဲ့ ဘယ်အရာကို အဲဒီအရာတွေဟာ တကယ်ပဲ ဒါ..တို့ တရားလို့မှတ် မလား။ ဒါမှမဟုတ်လို့ရှိရင် တရားမ ဟုတ်တာလို့ မှတ်မလား။ တရား မဟုတ်တာကို ပြောလိုက်ကြစို့ဆိုရင် မတရားလို့ပေါ့ဗျာ။ မတရားလို့ မှတ်မလား။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး မကောင်းရင်တော့ တရား မဟုတ်တဲ့ဟာပဲ။ တရားဆိုရင်တော့ ‘စ’ကျင့်တုန်းကလည်းကောင်း ရမယ်။ အလယ်လည်း ကောင်းရမယ်။ အဆုံးလည်း ကောင်းရမယ်။ အဲဒီလိုပေါ့။ အစားအစာတောင် မှနော်… တစ်ချို့အစားအစာတွေက စားခါစက မကောင်းဘူး။ ဥပမာ…ကျုပ်တို့ ငယ်ငယ်တုန်းက ဒညင်း သီး ဆိုပါတော့ဗျာ။ ဒညင်းသီးနဲ့ စားရတော့မယ်ဆိုရင် အမလေး…. ခါးကလည်း ခါးသေး..နံကလည်း နံသေး။ ဒါ ကောင်းတယ်ဆိုပြီးတော့ မြို့သူမြို့သားတွေ…ဒါဘယ်လိုလုပ်ကြတာပါလိမ့်လို့ အောက်မေ့ တယ်ဗျ။ ကျုပ်တို့ မန္တလေးရောက်စက ဒညင်းသီးတွေ ကို ပြုတ်ပြုပြီး တခါထဲ ကျကျနနလုပ်ပြီးတော့ လောင်းတယ ဗျ။ ကျုပ်ရဲ့ အဖော်သူငယ်ချင်းတွေကလည်း ဒညင်းသီးကြိုက် လိုက်ကြတာ။ ကျုပ်ကတော့ ဒါကြီးကြည့်ပြီး ခါးကလည်း ခါးသေး၊ နံကလည်း နံသေး။ ဒါများ ကောင်းတယ်လို့ မြို့သူမြို့သားတွေ ဘယ်လိုများ လုပ်ကြပါလိမ့်လို့ ဒီလိုတောင်အောက်မေ့တယ်။ ဆိုလိုတာကတော့ ကြည့်စမ်းနော်။ စားရ တာကောင်းတယ်ဆိုတဲ့ဟာတောင်မှ အစ မကောင်းချင်ဘူး ဗျ။ နောက်..တော်တော် စားတဲ့အခါကျတော့လည်းပဲ ကြိုက်သွားတော့တာပေါ့ဗျာ။ ဟုတ်ပလား။ အလယ်ကျ ကောင်း တယ်လို့ ဒီလို ပြောရမှာပေါ့။

 

ကြည့်စမ်း။ အစမကောင်းဘူး။ အလယ် ကောင်းတယ်နော်။ တစ်ချို့အရာဝတ္ထုတွေကျတော့ လည်းပဲ အစတော့ကောင်းတယ်။ အလယ်မှာ မကောင်းဘူး။ အစကောင်း တယ်ဆိုတာကတော့ ကြိုက်တယ်ဆိုပြီးတော့ တော်တော်များများစားတယ်။ ဥပမာ…. ကျုပ် မန္တလေး စရောက်တုန်းက ဖါလူဒါကိုတော်တော်ကြိုက်တယ်။ ကိုယ့်တောအရပ်မှာက မရှိသေးတာကိုး။ ဖါလူဒါကြိုက်ပြီး သောက်တာ ကျုပ်ကလည်း လွန်လွန်ကဲကဲကြီးကို သောက်ချလိုက်တာ၊ အဲဒါ သောက်လည်းပြီးသွားရောဗျာ…ဖါလူဒါ ဆိုရင် ကြားလိုက်ရင် ကို ခေါင်းထဲကကို ကိုက်လာတော့တာဗျာ။ ကျုပ်..ဖါလူဒါ ကြောက် သွားတော့တာ ဗျ။ ဆိုလိုတာကတော့ အဆုံးမကောင်းတဲ့ဟာတွေလည်း ရှိတယ်လို့ ဒီလိုပြောရအောင်..နော့်။

 

အလယ် မကောင်းတဲ့ဟာတွေလည်း ပြည့်လို့ပဲပေါ့လေ။ တော်တော်များများ စားလိုက်လို့ရှိရင် အဲဒီ အစား မျိုးဆိုရင်တော့ မကြိုက်တော့ဘူး။ ဝက်သားဟင်းကို ကြိုက် ပါတယ်ဆိုတာတောင်မှ ဝက်သား ဟင်းလည်းပဲ သိပ်စားတာများ သွားပြီဆိုရင် မစားချင်တော့ဘူး ဖြစ်သွားတာ မဟုတ်လား။ အဲ… အဲဒီလို မျိုးလိုပဲ။ ဆိုလိုတာကတော့ဖြင့် အရာဝတ္ထုတွေဟာ အစ၊ အလယ်၊ အဆုံး သုံးခုလုံး ကောင်းတယ်ဆိုတဲ့ ဟာက ရှားတယ်လို့ ဒီလိုပြောရအောင်။

 

အဲဒီတော့.. မြတ်စွာဘုရား တရားကတော့ အစလည်း ကောင်းတယ်။ အလယ်မှာလည်း ပဲ ကောင်းတယ်။ အဆုံးမှာလည်းပဲ ကောင်းတယ်။ အဲဒီလိုု မျိုး ကောင်းခြင်းသုံးဖြာနဲ့ ညီညွတ်မှ တရားတော်လို့ မှတ်ရအောင်။ အဲဒီ ကောင်းခြင်းသုံးဖြာနဲ့ မညီညွတ်ပဲနဲ့ တရားက ကျင့်ပါများတဲ့အခါ ကျတော့ကွာ… ဘာရယ်လို့လည်း မဟုတ်တော့ပါဘူးဟ.. လို့ဆိုသွားရင်ကတော့ အဲဒါ တရားမမှတ်နဲ့။ ကျင့်စတော့ဟေ့..တရားကတော့ ဖျတ်ဖျတ်လူး ခံရတာပဲဟ..လို့ ဆိုရင်လည်း အဲဒါ တရားမမှတ်နဲ့။ ဘာဖြစ်လို့လဲ .. သူအစမကောင်းဘူး။ ကြာတော့ တရားဆိုတာလည်း ရိုးသွားတာပါပဲကွာ … ဘာရယ်လို့ မဟုတ်တော့ပါဘူး ဆိုရင်လည်းပဲ အဲဒါ တရားမမှတ်နဲ့။ အလယ် မကောင်းဘူးလို့ ပြောကြစို့။ နောက်ဆုံး ဘိတ်ကျ ကျင့်ပြီးနောက်လည်း ကျင့်တုန်းကောင်းတာပါပဲကွာ။ ကျင့်ပြီး ကိုယ့်အိမ်ပြန် ရောက်တော့ လည်းပဲ တရားက ကျောင်းပြန်သွား သလိုပါပဲဟ.. လို့ ဆိုရင်လည်း အဲဒါလည်း တရား မမှတ်နဲ့။ အဲဒါ အဆုံးမကောင်းဘူး လို့ အဲဒီလို ပြောရအောင်။

 

အဲဒီတော့ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကောင်းတယ် ဆိုတာ တကယ့်ကို ကောင်းတယ်။ အဲဒီလိုကောင်းမှ တရားတော်ရဲ့ အရည်အချင်း သွက္ခာတ ဂုဏ်နဲ့ပြည့်စုံတယ်လို့ ဒီလို မှတ်ရအောင်။

ဒီ သွက္ခာတ ဂုဏ်လည်းပဲ တော်တော် အလေးထားနည်းကြတယ်ဗျ..နော်။ ခင်ဗျားတို့တော့နော် .. တရားရှာတယ်ဆိုတဲ့အခါမှာ သူများတစ်တွေက တရားလို့ပြော တယ်ဆိုရင် သူ့တရားကို ခင်ဗျားတို့ မကြိုက်တာနဲ့ပဲ၊ ဘယ်ကလာ တရားရမှာလည်းကွာ..အလကား အလေနတောလို့.. မလုပ်လိုက်ကြနဲ့။ အဲ..သူပြောတဲ့ဟာ ကလေးကို ကိုယ်က အားနာပြီးတော့ပဲ ဖြစ်ဖြစ်၊ ကြိုက်ပြီးတော့ပဲ ဖြစ်ဖြစ် အေး…. တရားဆို ကောင်းတာပဲ ဟ .ဒီလိုလည်း မလုပ်လိုက်ကြနဲ့။ ဆိုလိုတာကတော့ သူတို့အပြောများတဲ့ တရားတွေကို စည်းလွတ်၊ ဝါးလွတ် လက်ခံလိုက်တာလည်း မလုပ်နဲ့။ စည်း လွတ်၊ ဝါးလွတ် ငြင်းပယ်လိုက် တာလည်း မလုပ်နဲ့။ စည်းနဲ့ ငြင်းပယ်ပါ။ ငြင်းပယ်စရာကိုလည်းပဲ။ အဲ..လက်ခံရင် လည်းပဲ စည်းနဲ့ လက်ခံ ပါ။ ဘယ်စည်းနဲ့ ငြင်းပယ်၊ ဘယ်စည်းနဲ့ လက်ခံရမတုန်းလို့ဆိုတော့ တရားတော်ရဲ့ ဂုဏ်ရည်လို့ ဆိုတဲ့ ဟာနဲ့ လက်ခံပါ။ ငြင်းပယ်ပါ။ တရားတော်ရဲ့ ဂုဏ်ရည်နဲ့ ကိုက်ညီရင် လက်ခံလိုက်ပါတရားတော်ရဲ့ ဂုဏ် ရည်နဲ့ မကိုက်ညီဘူးဆိုလို့ရှိရင် ငြင်းပယ်လိုက်ပါလို့ ကျုပ်ကပြောရမယ်။ ကောင်းပြီ။ တရားတော်ရဲ့ အစ ဆုံး ဂုဏ်ရည်ဟာ ဘာလဲ။ အစရဲ့ကောင်းခြင်း၊ အလယ်ရဲ့ ကောင်းခြင်း၊ အဆုံးရဲ့ကောင်းခြင်းနဲ့ ပြည့်စုံတဲ့ သွက္ခာတ ဆိုတဲ့ဂုဏ်ရည်နဲ့ ကိုက်တယ်လို့ဆိုရင် အဲဒီတရားကို လက်ခံ လိုက် ပါ။ သွက္ခာတ ဆိုတဲ့ ဂုဏ်ရည်နဲ့ မကိုက်ညီဘူးဆိုလို့ရှိရင် ငြင်းပယ်လိုက်ပါ။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်။ ကြိုက်ပေမယ် လို့လည်းပဲ သွက္ခာတ ဂုဏ်ရည်နဲ့ မကိုက်ညီဘူး ဆိုရင်..အေး…အဲဒါ တရားမဟုတ်ဘူးကွ။

 

ဆိုလိုတာက ကျင့်စမှာ မကောင်းဘူးဆိုရင်ဖြစ်ဖြစ်၊ ကျင့်တဲ့ အလယ်မှာ မကောင်းဘူးဆို ရင်ဖြစ်ဖြစ်၊ ကျင့်ပြီးနောက် အဆုံးပိုင်းမှာ မကောင်းဘူးဆိုရင်ဖြစ်ဖြစ်၊ အဲဒါတော့ ..မင်းဟာက မဟန်သေးဘူးဟ..ဆိုတဲ့သဘောနဲ့ ကြိုက်နေတောင်မှ ငြင်းလိုက်ပါ။ ဒါ စည်းနဲ့ ဝါးနဲ့ ငြင်းတာ။ ဓမ္မဓိဋ္ဌာန်ငြင်းတာ။ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ငြင်းတာမဟုတ်ဘူး။ အဲဒီလိုမဟုတ်ပဲနဲ့ လက်ခံမယ်ဆိုရင်လည်းပဲ ကိုယ်မကြိုက်ရင်တောင် လက်ခံလိုက်ပါ။ ဆိုလိုတာကတော့ဖြင့် သူ့တရားကို သူပြောပြတဲ့အခါမှာ မကြိုက်ဘူး။ ကိုယ့်တရားနဲ့ မကိုက်လို့ မကြိုက်ဘူး။ ကျင့်နေတာတောင်မှလည်း ကျင့်စလည်းကောင်း တယ်၊ ကျင့်တဲ့အလယ်လည်း ကောင်းတယ်၊ ကျင့်ပြီးအဆုံးပိုင်းလည်း ကောင်းတယ်လို့ဆိုလို့ရှိရင် အဲဒီတရားဟာတော့ဖြင့် လက်ခံထိုက်တဲ့တရား ဆိုပြီးတော့ လက်ခံလိုက်ပါ။

 

ကျင့်စမှာလည်း ကောင်းတယ်၊ ကျင့်လယ်မှာလည်း ကောင်းတယ်၊ ကျင့်ပြီးအဆုံးမှာ လည်း ကောင်းတယ်။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကောင်းတယ်လို့ဆိုရင် ဒီတရားကို ကိုယ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အေး…မင်း…တရားတော်ရဲ့ ဂုဏ်ရည် တစ်ချက်နဲ့တော့ ညီညွတ်အောင်ကို ကောင်းတယ်။ ချီးမွမ်းပါ။ တကယ်လို့ ကို်ယ် ကြိုက်နေတဲ့ တရားဖြစ်ပါစေ၊ အစ မကောင်းတာကို တွေ့ရပြီပဲဖြစ်ဖြစ်၊ အလယ်မကောင်းတာ တွေ့ရပြီပဲဖြစ်ဖြစ်၊ အဆုံးမကောင်း တာ တွေ့ရပြီပဲဖြစ်ဖြစ်၊ အစနဲ့ အလယ်နှစ်ခုမကောင်းတာ၊ အစရော၊ အလယ်ရော၊ အဆုံးရော သုံးပါး လုံးမကောင်းတာ တွေ့ရလို့ရှိရင်ကတော့ မင်းဟာ… မင်း တရားကို ငါကြိုက်ပေမယ့် မင်း တရားမကောင်း ဘူး။

ဘာဖြစ်လို့ မကောင်းတာလဲဆိုရင် မင်း..သွက္ခာတ ဂုဏ်တော်နဲ့ မကိုက်ညီဘူး။ သွက္ခာတ အရည်အချင်းမမှီဘူး။ ဘာဖြစ်လို့လဲ။ အစ၊ အလယ်၊ အဆုံးဆိုတဲ့ ကောင်းခြင်းတွေနဲ့ မပြည့်စုံတဲ့ အတွက်ပဲကွာလို့… ငြင်းလိုက်ကြပါ… ဒီလိုဆိုလိုတာ။ ဒီလောက်ဆိုရင်ဖြင့် သွက္ခာတ ဂုဏ်တော့် အကြောင်းကို သိလောက်ပြီိလို့ ထင်တယ်။

 

(ဆက်လက်ဖော်ပြပါမည်။)