ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက်

Wai Aung Chan MyoJanuary 31, 20131min2124

ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက်

(က) သဘာဝနည်း (သမာရိုးကျနည်း) – သဘာဝမှာ သူ့အလိုလိုဖြစ်တည်နေသော အရာများ၊ သတ္တလောကမှ သူ့အလိုလို ဖြစ်တည်နေသော အရာများထံမှ ရှေးကနဦးအစကတည်းက စိုက်ပျိုးသူတို့ ရယူသုံးစွဲနေသောနည်းဖြစ်သည်။ ဥပမာ- နှစ်ချို့နေ သော သစ်ရွက်ဆွေးများ၊ မြေဆွေးများ၊ သတ္တဝါတို့၏ချေးများ၊ သဘာဝအရွက်များမှ သူ့အလိုလို ဆွေးမြေ့နေသော အရာများ စသည်တို့ပါဝင်သည်။ တနည်းအားဖြင့်ဆိုသော် လူသား၏ စိုက်ထုတ်မှုလုံ့လအနည်းငယ်သာဖြစ်စေ၊ လုံးဝမသုံးစွဲသည်ဖြစ်စေ၊ သူ့အလိုလို သဘာဝအတိုင်း ဖြစ်တည်နေသော အရာများကို လူသားတို့မှ အလွယ်တကူ ရယူသုံးစွဲနေခြင်း ဖြစ်သည်။ ဤနည်းကို စိုက်ပျိုးရေးစတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်မှ အေဒီ ၁၉ ရာစုအကုန်အထိ လူသားတို့ ကျင့်သုံးခဲ့သောနည်းစနည် (Traditional Agricultural System) ဖြစ်သည်။ ထိုစိုက်ပျိုးမှုပုံစံသည် ဒေသခံလူမျိုးများမှ မိမိတို့ ဝမ်းစာဖူလုံရေးကို အဓိကထား စိုက်ပျိုးခဲ့သည့်စနစ်ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာသို့ ကူးသန်းရောင်းဝယ်မှုအနည်းငယ်ရှိ သော်လည်း ယနေ့ခေတ်ကဲ့သို့ ကောင်းစွာမဖွံ့ဖြိုးသေးပေ။ ထို့ကြောင့် သဘာဝမှရသော အရင်းအမြစ်များအတိုင်း မပြုမပြင်ဘဲ သူတို့အလိုရှိ စိုက်ပျိုးသီးနှံများအပေါ် အသုံးချကျွေးမွေးခြင်းကို သဘာဝနည်းဟု ခေါ်တွင်ခဲ့သည်။

(ခ) ဓါတုနည်းပညာ – ၁၉၀ဝ မှ ၁၉၇ဝ ကြားကာလသည် စိုက်ပျိုးရေး၏ အသွင်ကူးပြောင်း သောကာလဖြစ်သည်။ တိုးတက်လာသော ကမာ္ဘ့လူဦးရေ၏ စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် နည်းပညာ၏ အကူအညီဖြင့် သမားရိုးကျသဘာဝ စိုက်ပျိုးနည်းစနစ်မှသည် ဓာတုအခြေခံသောစိုက်ပျိုးရေးစနစ် (Chemical Agricultural System) ပေါ်ထွန်း လာသည်။ ဤတွင် စာရေးသူဖော်ပြခဲ့ဖူးသည့် ထိုင်းနိုင်ငံ ချန်ပူရီဒေသမှ ဖြစ်ရပ်အတိုင်း အစပထမှာ သီးနှံများအထွက်တိုးမှုကြောင့် စိုက်ပျိုးသူ တောင်သူများအနေဖြင့် ပျော်ရွှင်မှုများဖြင့် အရင်းတည်ခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသလို ဓာတ်မြေဩဇာသက်သက်ကို နှစ်ကာလကြာရှည်သုံးစွဲမှုကြောင့် ဖြစ်လာသည့်အကျိုးဆက်များစတင်ခံစားခဲ့ရပြီး ဓာတ်မြေဩဇာ ထုတ်လုပ်သူများအနေဖြင့် အကြွေးစနစ်ဖြင့်သော်၎င်း၊ စပါးပေးစနစ်ဖြင့်သော်၎င်း၊ ဓာတ်မြေဩဇာများကို ပုံမှန်ထက် အဆတိုး ကာ သုံးစွဲခိုင်းသော်လည်း အစပိုင်း ၂နှစ် ၃နှစ်သာ ထိရောက်မှုရှိသော်လည်း နောက်ပိုင်းကာလများသည် အထွက်နှုန်း ပို၍ပို၍ ဆိုးဝါးလာသည့်အပြင် မြေဆီလွှာပျက်စီးမှု၊ သဘာဝဝန်းကျင် ထိခိုက်မှု၊ ဓာတုပိုးသတ်ဆေးတို့ကြောင့် ဂေဟစနစ်ပျက်စီးမှု၊ စသည့် ဆိုးကျိုးများစွာ ရင်ဆိုင်လာရာမှ အနည်းစု ကိုယ်ကျိုးကြည့် စီးပွားရေးသမားစိုက်ပျိုးသူများ (ဘယ်သူသေသေ ငတေမာပြီးရော လူများ) နှင့် နဂိုကတည်းက သမားရိုးကျနည်းသာ အသုံးပြုလျက်ရှိသည့် အနည်းစုတောင်သူများသာ ကျန်ရစ် လေသည်။ စိုက်ပျိုးသူတောင်သူအများစုမှာ စက်မှုကဏ္ဍများဆီသို့ ပြောင်းရွှေ့လုပ်ကိုင်သွားကြလေသည်။

(ဂ) ဇီဝနည်းပညာ – ထိုအခြေအနေတွင် ဓါတုနည်းပညာ၏ ဆိုးကျိုးများကို သိမြင်သူပညာရှင်များက တတိယစိုက်ပျိုးရေးစနစ်တခုဖြစ်သော ဇီဝနည်းပညာဖြင့် အသုံးချ သော စိုက်ပျိုးနည်းစနစ်များကို ၁၉၄ဝ အစောပိုင်းတွင် စတင်အသုံးပြုလာခဲ့သည်။ ယင်းစနစ်သည် ဓာတုပစ္စည်းများ လုံးဝအသုံးမပြုသော စနစ်ဖြစ်သည်။ ရှေးယခင် ဓါတုနည်းပညာ အသုံးချရာမှ ဓာတ်မြေဩဇာတို့ အလွန်အကျွံသုံးစွဲရာမှ ရရှိလာသော ကြောက်ခမန်းလိလိ သင်ခန်းစာများက ဓာတ်မြေဩဇာကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သော Pure Organic Farming System ကို ဦးတည်လာစေသည်။ သုံးစွဲသူ စိုက်ပျိုးသူများသာ မက ဝယ်ယူစားသုံးသူများက ၎င်းတို့၏ကျန်းမာရေးကို ဦးတည်သောကြောင့် လက်ခံလာစပြုလာသည်။ သို့သော် ထိုနည်းပညာရပ် ပေါ်ထွန်းလာခဲ့သော ဘေးထွက်ဆိုကျိုးများကား Genetic Modified Object (GMO) ဟုခေါ်သော မျိုးရိုးဗီဇကို ပြုပြင်ထားသောအရာများအနေနဲ့ ဥပမာပြရလျှင် ခရမ်းချဉ်သီးကို မပုပ်မသိုးကြာရှည်ခံအောင် ဗီဇပြုပြင် စိုက်ပျိုးခြင်း၊ တချို့အစေ့ပါသော အသီးများကို အစေ့မလိုချင်၍ အစေ့လွတ်အသီးဖြစ်စေရန် ဗီဇပြုပြင် စိုက်ပျိုးခြင်းစသော ပုံမှန်သဘာဝ ဖြစ်ရိုး ဖြစ်စဉ်မှ သွေဖယ်၍ မျိုရိုးဗီဇများကို အဆန်းထွင် လူ့လောဘလိုရာဆွဲသွင်း နည်းပညာတလွဲအသုံးချရာမှ ရရှိလာသော ဘေးထွက်ဆိုးကျိုးမျာပင်။

သုံးသပ်ချက်

စာရေးသူအနေဖြင့် ဤစိုက်ပျိုးနည်းစနစ် ၃ခုလုံးတွင် ကောင်းနိုးရာရာများကို အသိအမှတ်ပြုလက်ခံခဲ့ပါသည်။ မိမိဒေသဝန်းကျင် မှ ရရှိသော အဏုဇီဝပိုးများသည် ဓာတ်ခွဲခန်းမှထွက်လာသောအဏုဇီဝထက် ၎င်းဒေသဝန်းကျင်မှာ သဟဇာတပိုဖြစ်သည့်အပြင် ၎င်း၏ဝန်းကျင် ဂေဟစနစ်ကို ပိုမိုနားလည် ပိုမိုအကျိုးပြုနိုင်ကြောင်း လက်တွေ့လုပ်ငန်းများအရ သိရှိရသည်။ သို့သော် ထိုဒေသခံ အဏုဇီဝများကို ဒီအတိုင်းအသုံးပြုသည်ထက်စာလျှင် ကြံ့ခိုင်မှုရှိစေရန်နှင့် အဆများစွာတိုးပွားလာစေရန်အတွက် တတိယဇီဝ နည်းပညာကို အသုံးပြုရပေမည်။ ထို့နည်းတူ ဓာတုနည်းပညာရပ်၏ အကျယ်အဝန်း အတိမ်အနက်ကို ကောင်းစွာမလေ့လာဘဲ မဆင်မခြင်သုံးစွဲရာမှ မြေဆီလွှာပျက်စီးယိုးယွင်းမှုကို ကြုံလာရကာ နောက်ပိုင်း လုံးဝမသုံးရဲသည့် အခြေအနေသို့ ဖြစ်လာရခြင်းကို ပြန်လည်ဆင်ခြင်မိ သည်။ ၎င်းမှာသုံးစွဲရမည့် ပမာဏအတိုင်းအဆကိုမသိခြင်း၊ မည့်သည့် ဒြပ်ပေါင်းက ဘယ်အတွက် အသုံးဝင်သည်ကို ကောင်းစွာ နားမလည်ခြင်း၊ ဓာတုမြေဩဇာချည်း သီးသန့်မသုံးဘဲ ဒေသခံအဏုဇီဝများ၊ ၎င်းတို့ကို အားဖြည့်စွမ်းအင်ထပ်ပေါင်းပေးသော ဇီဝ နည်းပညာအကူအညီတို့ဖြင့် ပေါင်းစပ်အသုံးပြုလိုက်သောအခါဝယ် နည်းပညာ ၃မျိုးတို့မှ အကောင်းဆုံးအချက်များပေါင်းစည်းမိ သွားလေသည်။ ၎င်း၏အကျိုးအာနိသင်ကား တမျိုးချင်းစီထက် များစွာသာလွန်ကောင်းမွန်လေသည်။

ယခုခေတ် လူ့အသုံးအဆောင်ပစ္စည်းများသာမက မော်တော်ကား၊ လေယာဉ်၊ ဒုံးပျံများပါမကျန် ခေတ်သစ်နည်းပညာတို့တွင် ခေတ်စားနေသော အသုံးအနှုန်းတခုမှာ Hybrid ဟူသော မတူကွဲပြားတဲ့ စနစ်၂မျိုး(သို့မဟုတ်) ၂မျိုးထက်ပို၍ ပါဝင်သော မျိုးစပ် နည်းပညာရပ်ဖြစ်သည်။ ၎င်း၏ ထောင့်စုံ ကဏ္ဍစုံတွင် တဟုန်ထိုးအသုံးပြုလာရခြင်း၏ အကြောင်းရင်းကို လေ့လာပါက ယခင်ပေါ်ထွက်ခဲ့ဘူးသော နည်းပညာရပ်များစွာတို့အား မွှေနှောက်လှန်လှော၍ အကောင်းဆုံးဆိုသည့်အချက်များကိုသာ ရွေးထုတ်ပြီး စနစ်တကျပေါင်းစပ်ကာ နည်းစနစ်အသစ်များမွေးထုတ်လိုက်ခြင်းပင်။ ထို့ကြောင့် စာရေးသူယူဆမိသလို စိုက်ပျိုးရေး ပညာရပ်တွင်လည်း ယခင်ရှိ နည်းစနစ် ၃မျိုးတို့ထဲမှ အကောင်းဆုံးအချက်များကိုရွေးထုတ်ကာ ပေါင်းစပ်ဖန်တီးထား သော Hybrid Agricultural System တခု ပေါ်ထွက်လာဖို့ရာ အချိန်ကျရောက်နေပြီဖြစ်ကြောင်း လေ့လာမိသမျှ ထုတ်နုတ်တင်ပြလိုက်ပါသည်။

4 comments

  • Mobile

    February 1, 2013 at 1:01 pm

    ကူးယူထားလိုက်ပါ၏ခဗျ။
    စိုက်ပျိုးရေးနှင့် ပတ်သတ်လို့ ဘယ်လိုမြေမှာ ဘယ်အပင်စိုက်လို့ သင်လျော်မည်ဆိုတဲ့
    အကြောင်းလေးတွေကိုသိချင်ပါတယ်။
    မြေကိုစမ်းသပ်ကြည့်လို့ရတဲ့ စက်ရှိပါသလားခင်ဗျ။ ဝယ်ယူလိုကြောင်းပါ။

    • Wai Aung

      February 2, 2013 at 9:30 am

      အဲ့ဒီအပိုင်းက နဲနဲကျယ်ပြန့်တယ်ဗျ
      ကျနော်နောက်ပိုင်း အချိန်ရရင်တော့ တင်ပေးမှာပါ။
      မြေကို soil test လုပ်လို့ရပါတယ်။ Soil pH level ကို တိုင်းလို့ရတယ်။ Moisture တိုင်းလို့ရတယ်။ နေရောင်ပမာဏ နောက် NPK အနဲအများ လေးမျိုး တိုင်းလို့ရတဲ့ စက်ရှိတယ်။ အရင်ကတော့ ၁သိန်းခွဲ ဝန်းကျင်လောက်ရှိတယ်။ ရန်ကုန်မှာဆိုရင်တော့ Chemical ပစ္စည်းရောင်းတဲ့ဆိုင်တွေ ရွှေမတို့၊ အကယ်ဒမီတို့ အဲ့ဒီမှာ မေးကြည့်ပါ။ တခုချင်းဆီ ဥပမာ Soil pH level တိုင်းတဲ့ပစ္စည်းကိုလည်း သီးသန့် ဝယ်လို့ရတယ်။
      နောက်တခုက မြေကြီးထဲမှာရှိတဲ့ N P K တခုချင်းစီရဲ့ ပါဝင်မှု အတိအကျနဲ့ တခြား အနဲလို အာဟာရဓာတ် ဥပမာ Magnesium, Calcium, Sulfur, Boron, စတာတွေကို အသေးစိတ်တိုင်းချင်ရင် ဘုရင်နောင်လမ်းဆုံနားမှာရှိတဲ့ မြေအသုံးချသိပ္ပံဌာနမှာ မြေနမူနာယူသွားပြီး အမယ်တမျိုးစီကို ၁၅၀၀၊ ၂၀၀ဝ ကျပ်နှုန်းနဲ့ ကိုယ်စစ်ချင်သလောက် စစ်ဆေးတိုင်းတာနိုင်ပါတယ်။ ဒီအထဲကမှ ကိုယ့်မြေက ဘာတွေလိုနေသလဲ သိနိုင်ပါတယ်။ အဲ့ဒီစက်ကတော့ ဈေးလဲများတယ်။ ပုဂ္ဂလိက အနေနဲ့ အဲ့ဒီမှာ တမယ်စီ ကိုယ်လိုသလောက် သွားတိုင်းတာက ပိုအဆင်ပြေပါလိမ့်မယ်။

  • နွေဦး

    February 1, 2013 at 5:22 pm

    စိုက်ပျိုးနည်းစနစ်တွေ အဆင့်မြင့်လာတာတော့ကောင်းပါတယ် ။လုပ်သင့်တယ်လို့ဘယ်အချိန် ဆုံးဖြတ်သင့်သလဲပေါ့။
    အဆင်မပြေတဲ့ စပ်မျိုးစပါးတွေကို ပုံစံအမျိုးမျိုး ဖိအားပေးစိုက်ခိုင်း လယ်သမားတွေကြွေးတင်တော့ ထမင်းတနပ်ဘဲစားပြီး ကြွေးဆပ် ကြလို့ ပြော နေရင် ဘယ်လိုကောင်းတဲ့ Hybrid Agricultural system ကိုဘဲ သုံးသုံး အဆင်ပြေမှာမဟုတ်ဘူး.. ။
    ဗမာလယ်သမားတွေက ဟိုအရင်ကထဲက လယ်လုပ်ငန်းကို ကျွမ်းကျင်ခဲ့ကြတာ စိုက်ပျိုးရေးပညာ အကြောင်းပြောရင် “တို့တိုင်းပြည်က ရေခံမြေခံကောင်းတော့ သူများတွေလို တကူးတက စိုက်စရာမလိုဘဲ ငှက် ချီလာတဲ့သစ်စေ့တောင် အပင်ပေါက်ပါတယ်ကွာ”..လို့ အပြောခံရလိမ့်မယ် ။

    • Wai Aung

      February 2, 2013 at 9:11 am

      သိတာကို မျှဝေခြင်းပါ။
      နည်းစနစ်မှာ အားသာချက်တွေ ရှိကောင်းရှိပါမယ်။ သို့သော် ဦးဆောင်တဲ့လူမကောင်းရင်တော့ ဘာမှမတတ်နိုင်ပါဘူး။ အဲ့ဒီကိစ္စက ကျနော့်အလုပ်မဟုတ်ပါ။ ကျနော်က သိတာကို ဝေမျှခြင်းပါ။ ယူတတ်သူ ရကြမှာပါ။
      အဲ့ဒီရေခံမြေခံ ကောင်းတယ်ဆိုတာ ဟိုအရင်ကာလနဲ့ အခုခေတ် နေရာတချို့တလေပဲ ကျန်တော့တာကို သင်သိပါသလား?
      ကျနော်စိုက်ပျိုးသူတောင်သူတွေကြားထဲအထိရောက်ပြီး လေ့လာဖူးပါတယ်။ သူတို့သိတဲ့အသိက အတိုင်းအတာတခုအထိမှန်ပါတယ်။ လိုအပ်နေတာလေးတွေကို ပြုပြင်ပြီး ပိုကောင်းစေချင်တဲ့ စေတနာနဲ့ အခုလို ရေးသားပြီး share ပေးတာပါ။
      ယူချင်တဲ့သူ ရမှာပါ။

Leave a Reply