ဘဝက အိပ်မက်အလား
်
တိတ်ဆိတ်နေရမဲ့ဆောင်းည
ခွေးတွေကအူလွန်းလှတယ်
ငါကတော့
လူခြေတိတ်တယ်အထင်နဲ့
စိတ်ကူးတွေ ဖြန့်ကျဲထားလိုက်တာ
ကောင်းကင်ပေါ်က ကြယ်တွေနဲ့အပြိုင်ပေါ့……….။
တစ်ချို့ အလင်းမှိန်နေတဲ့ကြယ်လို
ငါ့စိတ်ကူးတစ်ချို့ကမှိန်လို့
ငါ့စိတ်ကူးတစ်ချို့ကလင်းလက်လို့
အိပ်မက်တွေ အိပ်မက်တွေ
ငါ့အိပ်မက်တွေပေါ့……။
ညအချိန် လူခြေတိတ် အမှောင်ရိပ်မှာ အနှောက်အယှက် ကင်းကင်းနဲ့
စိတ်ကူးအိပ်မက်တွေ
ဈေးချခင်းနေတာ
လက်ငင်းကြုံနေရတဲ့ပြဿနာလည်းပါရဲ့
လက်တွေ့ဘဝနဲ့ကင်းကွာတာလည်းပါရဲ့
ဒါပေမဲ့ ကိုယ့်စိတ်ကူးထဲမှာအိပ်မက်နေတာ
ဆင်ဆာဆိုတာလည်းမရှိပေဘူးပေါ့
အဲ့ဒိတော့ အိပ်မက်မက်နေရတာက
အကုသိုလ်ကင်းတယ်
လက်တွေ့ဘဝမှာလိုမဟုတ်ပေဘူး…..
အို….ဆောင်းည အသင်ထွက်မပြေးပါနဲ့ဦး
ငါ့အိပ်မက်ဘဝလေးကို မဖျက်ဆီးလိုက်ပါနဲ့ဦး
ပြောမရတဲ့ဆောင်းညက
ငါ့အိပ်မက်တွေကို တိုက်ချ
အာရုဏ်ဆည်းဆာကို တံခါးဖွင့်ပေးပြီး
သူအိပ်ခန်းထဲပြန်ဝင်သွားပါလေရော
ငါ့မှာသာ အိပ်မက်ဈေးဗန်းနဲ့
နံနက်ခင်းတစ်ခုကို
ကသုတ်ကရက်ဖြတ်သန်းလိုက်ရပေါ့…..။
ဂန္ဓဝင်မဆန်တဲ့အိပ်မက်တွေ
ဝယ်မဲ့သူမရှိလို့လေ…….။
နေဝန်းနီ
၄-၂-၂၀၁၄
၂၁း၁ဝ
3 comments
အရိပ်စစ်
February 5, 2014 at 8:28 pm
ဝယ်ပါဘူး
လက်ဆောင်တောင်းမှာ…ခ်ခ်
ဒညင်းဝက်
February 6, 2014 at 11:19 pm
ဒီ ကဗျာလေး စကားလုံးတွေ လှလိုက်တာ
အားကောင်းလိုက်တာ
ဒညင်းဝက်
February 7, 2014 at 6:56 pm
” အိပ်မက် ဈေးဗန်း ” ဆိုတဲ့ စကားလုံးလေးကို ချစ်လိုက်တာဗျာ