ဆိုင်းဘုတ်
ငါတို့မြို့လေးက
မြို့နဲ့ဆိုင်းဘုတ်မလိုက်ဘူး
ဆိုင်းဘုတ်အောက်မှာမြို့က
ပြားပြားဝပ်လို့ …….။
ဆိုင်းဘုတ်တွေကလည်းအမျိုးမျိုး
ဘော်ဒါဆောင် ကျူရှင်ဆိုင်းဘုတ်ကနေ
ဗေဒင် ယတြာ ပေးတဲ့ဆိုင်ဘုတ်
အပေါင်ခံတယ် ဆိုတာလဲပါရဲ့
လေထိုး ကျွတ်ဖာ ကွမ်းယာဆိုင် စတိုး
အားလုံးဆိုင်းဘုတ်တွေချည့်
တစ်ည သေချလိုက်ကြည့်မိတော့
ဆိုင်းဘုတ်မှာရေးထားတာတွေဖတ်ရင်း
ငါသက်ပြင်းချလိုက်မိပေါ့ ……။
ရေးထားတဲ့စာသားတွေက
“ပိပိရိရိလိမ်ပေးနေသည်”
“ကျွန်တော့ဆီမှာအလိမ်ခံခြင်းဖြင့်ဂုဏ်ယူပါ”
လာပြန်ပြီနောက်တစ်မျိုး
“တစ်နေ့တာ ပင်ပမ်းထားသမျှ ဤနေရာမှာ အညာခံခြင်းဖြင့် အပမ်းဖြေပါ ”
” ညာတော့ညာတယ် မလိမ်တတ်ဘူး”
အဲ့ဒိလိုတွေချည့်
ဆိုင်းဘုတ်အောက်ဝင်ရောက်သူတိုင်း
အလိမ်(သို့မဟုတ်) အညာအလှိုင်း
မှိုင်းမိသွားတာချည့်ပဲ ။
နေဝန်းနီ
၅-၂-၂၀၁၄
4 comments
kai
February 5, 2014 at 5:38 pm
Sign Board = ဆိုင်းဘုတ်
TNA
February 5, 2014 at 5:41 pm
အော် ဆိုင်းဘုတ်ဆိုလို့ ဟိုအော်ရမဲ့ဆိုင်းဘုတ်လား၊ လမ်းစည်းကမ်းဖောက်တဲ့ဆိုင်းဘုတ်လားလို့။ မြို့ထဲကဆိုင်းဘုတ်တွေကိုး။ အဘနီပြောဒဲ့ဆိုင်းဘုတ်ကိုတော့ဖြင့် ကြောက်တယ်။ :kwi:
Paing Lay
February 5, 2014 at 8:16 pm
ဆိုင်းဘုတ်အများဆုံး နိုင်ငံသည် မြန်မာနိုင်ငံဖြစ်ချေသည် တမုံ့ 😀
ဒညင်းဝက်
February 6, 2014 at 7:50 pm
ဆိုင်းဘုတ်ထောင်ရုံစည်းကမ်းတွေ
ဆိုင်းဘုတ်ထောင်ရုံ စာကြည့်တိုက်တွေ. .
အများကြီးပဲ. . .