သက်သတ်လွတ်အရေးကြီးလား….။
သက်သတ်လွတ် စားခြင်းအကြောင်းသည် လျော်၏ မလျော်၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ တင်ပြလိုက်ပါတယ်…..။
(၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါသလား…။
သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ် အကျင့်ဟုတ်ခဲ့လျှင် သက်သတ်လွတ် စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။
(၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။
သက်သတ်လွတ်စားရုံသက်သက်နှင့် အပြစ်ကျူးလွန်ရာမရောက်ပါ။ သို့သော် သက်သတ်လွတ်စားခြင်းကို အကျင့်ကောင်း အကျင့်မှန်လို့ ယူဆပြီး ကုသိုလ်တရားဖြစ်စေတယ်လို့ ယူဆရင် မိစာ္ဆဒိဋ္ဌိ ဖြစ်သွားပါသည်။
(၃) သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ မေတ္တာစက်၊ မေတ္တာအာနိသင်ကို ဆန့်ကျင်သော သဘော ရှိမရှိ၊ အထောက်အကူပြုမပြု။
သက်သတ်လွတ်စားခြင်းသည် မေတ္တာစိတ်၊ မေတ္တာအာနိသင်ကို ဆန့်ကျင့်သော သဘောမရှိပါ။ သက်သက်လွတ်စားရုံသက်သက်နှင့်လဲ မေတ္တာစိတ်ကို အထောက်အကူမပြုပါ။
(၄) သက်သတ်လွတ်စားခြင်းသည် ရတနာသုံးပါးနှင့် ဗုဒ္ဓ၏တရားဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်း ဖြစ် မဖြစ်၊ ဓမ္မန ္တရာယ်နှင့် ငြိမငြိ။
သက်သတ်လွတ်စားရုံသက်သက်နှင့် ရတနာသုံးပါး ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်းမဖြစ်ပါ။ ဓမ္မန ္တရာယ်နှင့် မငြိပါ။ သို့သော် သက်သက်လွတ်စားမှ တရားရမယ်၊ မေတ္တာစိတ်ဖြစ်မယ် သက်သတ်လွတ်မစားပဲ မေတ္တာပွားများရင် အလကားပဲ စသော သက်သတ်လွတ်သမားများ၏ စကားများသည် ခလုတ်ကန်းသင်း ဖြစ်ပါတယ် ဓမ္မန ္တရာယ် ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ မစားသင့်တဲ့ အသားကို ပညတ်ထားကတော့ ဒိဠသဒ္ဒါ၊ သုတသဒ္ဒါ၊ ပရိ်သင်္ကတသဒ္ဒါ၊ ဒိဠသဒ္ဒါဆို တာ မျက်စိနဲ့မြင်တဲ့ မြင်သား၊ သုတသဒ္ဒါဆိုတာ နားနဲ့ကြားတဲ့ ကြားသား၊ ပရိ်သင်္ကတသဒ္ဒါ ဆိုတာ ရည်ရွယ်ပြီးသက်တဲ့သားလို့ယုံမှားသံသယရှိတဲ့သား၊ ဒီအသားတွေသာ မစားအပ်တာပါ။ ဒီသဒ္ဒါ သုံးမျိုးကလွတ်ရင် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ ဘုန်းပေးပါတယ်။ နောက်ပြီး သားကြီးဖြစ်တဲ့ (၁)လူသား(၂)ဆင်သား၊(၃)မြင်းသား၊(၄)ခြင်္သေ့သား၊ (၅)ကျားသား၊(၆) ကျားသစ်သား၊(၇) ဝက်ဝံသား၊(၈) ဝံပုလွေသား ၊ (၉) ခွေးသား၊ (၁၀)မြွေသား၊ ဆိုတဲ့ ဆယ်မျိုးလဲမစားအပ်ပါဘူးလို့ ဘုရားဟောပညတ်ရှိပါတယ်။
ဒီပညတ်ချက်တွေကို ထောက်ကြည့်ရင် မြတ်စွာဘုရားသည် သက်သတ်လွတ်မစားပါဟု သိနိုင်ပါသည်။ ဒေသာနာတော်အရ သက်သတ်လွတ်စားပါသည်ဆိုလျင် ကျန်းမာရေးအတွက် စားခြင်းသာဖြစ်ပါသည် စားနိုင်ပါသည် အပြစ်မရှိပါ သို့သော် သက်သတ်လွတ်စားခြင်းအား အကျင့်ကောင်း အကျင့်မြတ် ကုသိုလ်ဖြစ်သည်ဟု ခံယူ၍သာ မစားသင့်ပါ။ ဘာကြောင့်လဲဆိုတော့ အစားအစာသည် ရုပ်တရားမျှသာဖြစ်ပြီး လူတစ်ယောက်ကို အထက်ဘုံနှင့်တကွ နိဗ္ဗာန်လည်း မပို့နိုင်သလို အပါယ်လဲ မကျနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာသုတ်တွင် မေတ္တာရှင်သည် ရသမျှနှင့် ရောင့်ရဲရမည် ကိစ္စနည်းရမည် ပေါ့ပါးသော အသက်မွေးမြူမူ့ ရှိရမည်ဟု ဟောခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းအား မေတ္တာပွားများရန် စားသည်ဟုလည်း ခံယူပြီးမစားသင့်ပါ ဘာကြောင့်လဲဆိုတော့ မေတ္တာဟူသည် သက်ရှိသတ္တဝါတွေ အပေါ်မှာသာ ပွားများ ပို့ရမည်သာဖြစ်သည် သက်မဲ့ဖြစ်သော ထမင်း၊ ဟင်းများပေါ် မေတ္တာပွားများရမည်ဟု မြတ်စွာဘုရားရှင် မဟေားကြားခဲ့ပါ။ သေကြေပျက်စီး၍ ဟင်းအဖြစ်သို့ရောက်နေသော ဟင်းကို မြင်မှ သေလေပြီးသော သတ္တဝါအား သနားခြင်းကို ရှေ့ရှူ့၍ မစားပါဟု ရှောင်ကြဉ်ခြင်းမျိုးသည် တိတ္တိတက္ကဒွန်းတို့၏ ရှောင်ကြဉ်မူ့မျိုးသာဖြစ်သောကြောင့် အယူမှားသော မိစာ္ဆဒိဋ္ဌိသာ ဖြစ်ပါတယ်။ ယခု ကျနောတို့ မြင်တွေ့နေရသည်မှာ သက်မဲ့အပေါ်တွင် မေတ္တာပွားများပြီး သက်ရှိသတ္တဝါများအပေါ်တွင် ညှင်းပန်း နိုပ်စက် မတရားပြုနေသည်ကိုသာဖြစ်သည်။
သက်သတ်လွတ်စားသုံးသူများသည် အကြောင်းအမျိုးမျိုးရှိပါသည် အကျင့်ကောင်း အကျင့်မြတ်ထင်၍စားခြင်း၊ အလိုနည်းခြင်၍စားခြင်း၊ ရွ့ရှာစက်ဆုပ်ဖွယ်ဟု ယူဆ၍စားခြင်း၊ ရောဂါနှင့်မတည့်၍ မိမိကျန်းမာရေးကြောင့်စားခြင်း၊ မျိုးရိုးအလိုက်စားခြင်း သတ္တဝါများအား သနား၍စားခြင်း၊ နတ်ချစ်စေလိုသောကြောင့် နတ်မကြိုက်သောကြောင့်သော်လည်ကောင်း၊ အထက်နတ်များ အကူအညီလိုသောကြောင့်သောလည်ကောင်း စသဖြင့် အကြောင်းများကြောင့် စားပါသည်။ ပြသာနာမရှိပါ လူအမျိုးမျိုးစိတ်အဖုံဖုံ ဖြစ်ပါသည် ပြသာနာရှိနေသည်မှာ သက်သတ်လွတ်စားသမားများသည် မိမိတို့စားခြင်းအပေါ် ဂုဏ်ယူဝါကြွား၍ မစားသူများအာ ပြစ်တင်ရှုံ့ချခြင်း၊ မိမိတို့ စားနေသည်မှာ မြတ်သော အကျင့် ဖြစ်သည် ကုသိုလ်တရားဖြစ်သည်ဟု ခံယူထားခြင်းသာ ဖြစ်သည်။ ယင်းမှာ မှားသော အယူမျျှသာ ဖြစ်ပါသည်။
3 comments
bigcat
August 22, 2010 at 6:37 pm
ပြည့်စုံအောင်တင်ပြပေးထားတဲ့ အတွက်ကျေးဇူးပါ။ နဲနဲလောက် ဆွေးနွေးပါရစေ။ မြတ်စွာဘုရားလက်ထက်က လူအများစုသည် အသားစား သို့မဟုတ် ယခုခေတ်ကဲ့သို့ အသားစားကြူးသူများ ဖြစ်လိမ့်မည်ဟု မထင်ပါ။ ထို့ကြောင့် နေ့စဉ်သတ်ဖြတ်ရသော တိရိစာ္ဆန် အရေအတွက်သည်လည်း နည်းပါလိမ့်မည်။ ဘုရားဘုန်းသောဆွမ်းသည်လည်း နေ့တိုင်း အသားပါမည်မထင်ပါ။ အလှူများတွင်လည်း ယနေ့ခေတ်ကဲ့သို့ ကြက်ဘယ်နှစ်ကောင်၊ ငါးဘယ်နှစ်ပိဿာလို့ တင်ကြိုအော်ဒါမှာသော အကျင့်ရှိမည်မထင်ပါ။ သက်သတ်လွတ်စားခြင်း သက်သက်ဖြင့်ကုသိုလ်မရ၊ သို့သော်မိမိကြောင့်သူတပါး မသေလျင်ကုသိုလ်ရသည်၊ (သို့) အကုသိုလ်မဖြစ်။ ဥပမာ လူတယောက်တောသွားလို့ သူ့ရဲ့အလည်အပတ်ကို အမှီပြု၍ကြက်တကောင်သေရသည်။ သေမဲ့ကြက်ကသေမှာပဲ၊ ဒီနေ့သေလဲ နောက်တနေ့သေမှာပဲဟု ငြင်းလျင်ရပါသည် သို့သော် အဲဒီကြက်သည် သူ့ကြောင့်သေရသည်။ ထို့ကြောင့်သူ့မှာ ကံတခုရသည်။ ထိုသူ၏ အလှည့်ရောက်လျင် ထိုနည်းတူစွာ အသတ်ခံခဲ့ရသောကြက်ူ၏ တိုက်ရိုက်ပယောဂ မပါပဲ တစုံတယောက်ကြောင့် သေရမည်။ ထို့ကြောင့် မိမိအလှည့်ဆိုသည်မှာ မရှိလိုလျင် ကံပြတ်အောင်မလုပ်နိုင်သမျှ သူတပါး ဒုက္ခမရောက်စေရန်ပြုမူ နေထိုင်သင့်သည်။ ဤသည်မှာ သံသရာမှလွတ်မြောက်ရာ မဖြစ်နိုင်သဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရမဟုတ်။ သို့သော် လူအများစု လုပ်နေကြ ဓမ္မတာကံအလုပ်တွေကို လက်ခံနိုင်လျင် သက်သတ်လွတ်စားခြင်းသည်လည်း ငါဆိုသောအတ္တဖြင့်သူတပါးကို ပြစ်တင်ရှုံ့ချသော စိတ်ထားနှင့်မစားသ၍ အများသူငါ ပြုနေကြ ကံအလုပ်များကဲ့သို့ အကျိုးများရန်သာ ရှိသည်ဟုထင်ပါသည်။ အပြန်အလှန်အားဖြင့် သက်သတ်လွတ်စားသူများကို မိမိကိုယ်တိုင်စားစဉ်၊ ဝယ်စဉ်၊လုံ့လပြုစဉ် ဘုရားဟောခဲ့သော စိတ်မျိုးမထားနိုင်ဘဲ ဘုရားဟောနှင့် ကိုင်ပေါက်နေပါက မိမိပြုသောကံသည်သာ မိမိခံစားရမည်ဖြစ်ပါသည်။ ဒါကြောင့် မိမိစိတ်ကို စစ်ကြည့်ပါ။ ငါက အသားစားတာ သတ္တဝါတွေသေလို့ စားတာလား၊ ဒါမှမဟုတ် ငါက အသားစားချင်လို့ စားတာလား။ စိတ်နှစ်ခုမတူသောကြောင် ကံနှစ်ခုလည်း ကွဲပါလိမ့်မည်။
yannainghtun
August 23, 2010 at 5:07 am
စားသောလူကြောင်.ကြက်သေရတာတော.လုံးဝမဆိုင်ပါ……စားသောလူကရောင်းရင်စားမှာပဲ မရောင်းရင်မစားတော.ပါ……
winne
August 23, 2010 at 12:07 pm
ဘာပဲ ပြောပြော စာရေးသူ စုစောင်းတင်ပြမှုကို လက်ခံပါတယ် အသက်ဆိုတာ ကိုယ်မစားတိုင်းမသေတဲ့ သတ္တဝါမရှိပါဘူး။ စားမှ သေကြ ခံစားကြရတာ မဟုတ်ပါဘူး တခုလောက်ပြောချင်တယ် ဆရာဝန်တွေ စမ်းသပ်ခန်းထဲက ကြွက်နဲ့ အကောင်ငယ်လေးတွေ ဘယ်သူမှ သနားဖို့ သတိမရဘူး ဆရာဝန်တွေကတော့ လူတွေ အတွက် အကျိုးများအောင် တနေ့ လူတွေ အများကြီး ကယ်နိုင်အောင် စမ်းသပ်တယ်ပြောတာဘဲ လက်တွေ့မှာတော့ လှောင်အိမ်ထဲက အကောင်ကလေးတွေက ကျန်းမာသန်စွမ်းနေရာကနေ ရောဂါဖြစ်စေတဲ့ အသားစ မျိုးရိုးဗီဇတွေကို ထိုးသွင်းခံရပြီး နေမကောင်းဖြစ်ကြ သူတို့ကိုဆေးတိုက်လိုက်ကြ နေကောင်းသွားလိုက်ကြ ဖြစ်နေတာ။ အမှန်တော့ သူတို့ ကျန်းမာသန်စွမ်းတဲ့ အကောင်လေးတွေပါ။ သူတို့ကို ဘယ်သူက နိပ်စက်ခံနေရတယ်လို့ ပြောကြမလဲ မမြင်မိ သတိတောင်မထားမိကြဘူး။ ပြောချင်တာကတော့ သတ္တဝါတိုင်းမှာ သူကံနဲ့ သူပါလာကြတာဘဲလေ။ ဝေဒနာ ခံစားနေကြတဲ့ သတ္တဝါလေးတွေကလည်း သူတို့ကို စမ်းသပ်တဲ့ ဆရာဝန်တွေ ပြန်ဝင်စားတယ်လို့ကော မပြောနိုင်ဘူးလား။ သံသရာဆိုတာ လည်နေသ၍တော့ အဆုံးမရှိ ဖြစ်လိုက်ပျက်လိုက် ဖြစ်နေကြမှာပါ။ သတ်သတ်လွတ်စားတာကတော့ ကျန်းမာရေးအတွက် ကောင်းပါတယ် သတ်သတ်လွတ်စားလို့ အသေနည်းသွားမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ငါးတွေ လွတ်ထားတဲ့ ဘေးမဲ့ကန်ထဲမှာတောင် တကောင်နဲ့ တကောင် ကိုက်လို့ ဗိုက်ပေါက်သေတာ မြင်ဘူးတာမနဲပါဘူး။ ရှင်ခြင်း သေခြင်းက အတိတ်က ပြုခဲ့ဘူးတဲ့ ကံပေါ်မူတည်နေတာမို့ တရားသူကြီး လုပ်ပေးလို့မရပါဘူး။ အစားတလုပ် မစွန့်နိုင်လို့ သတ်သတ်လွတ်စားတာကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ ထေရဝါဒ နဲ့ သတ်သတ်လွတ် မဆိုင်ပါဘူး မဟာယန နဲ့ ဟိန္ဒူတွေက သာ သတ်သတ်လွတ်စားတာကို ဂုဏ်ယူနေကြတာပါ။ ဒီလို ကိစ္စတွေ အယူအဆတွေနဲ့ ပတ်သတ်ပြီး အမှား အမှန်ထောက်သလို ဖြစ်ရင် အငြင်းပွားပြီး ရန်မီး တွေ ဖြစ်လာနိုင်မှန်းသိပါတယ် သေချာတာကတော့ ထေရဝါဒနဲ့ ရောထွေးတာကို လက်မခံလို လို့သာ ဝင်ပြောခြင်းဖြစ်ပါသည်။