အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၁၈
မစ္ဆရိယခေါ်သံ J Calling
ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံရုပ်ရှင်ကား၂ကားတင်ပြီးနောက်ဝယ် မြန်မာလူထုအတွက် စိတ်ဓာတ်ရေးရာနှင့်အတွေးအခေါ်ကိုယ်ကျင့်တရားပိုင်း၏ညွှန်ဆရာတဆူဖြစ်သော ရုပ်ရှင်နယ်ပယ်၏အခြေအနေတို့ ပွင့်ပေါက်ထွက်လာသည်။
မတ်လ ၂၃ရက်နေ့က ကျင်းပပြီးစီးခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပြီး ရွာသား/မြို့သားသမုတ်သံများ၊ အပြန်အလှန်စာများ၊ ရုပ်သံများ၊ လျှို့ဝှက်အုပ်စုဖွဲ့ပြောစာများ အားလုံးခြုံငုံသုံးသပ်ကာ လူအများစုကောက်ချက်ချမိကြသည်ကား
ဆိုင်ရာပညာရပ်နယ်ပယ်တွင်ရှိသောသူတချို့ ဣဿာမစ္ဆရိယစိတ်များနေကြသည်ဟူ၍ဖြစ်၏။
တကယ့်အခြေအနေကိုကြည့်ပါ။ ရုပ်ရှင်နယ်ပယ်တွင်အသုံးပြုသည့် ကင်မရာ၊ ဖလင်၊ အသံဖမ်း မီးထိုးစက်ပစ္စည်းများမှသည် ယုတ်စွ အလင်းအမှောင်မီးလုံး။ မိတ်ကပ်သုံးပစ္စည်းများအထိ ပြည်တွင်းဖြစ်မရှိ။ နိုင်ငံခြားမှ မှာယူရပါသည်။
အဆိုပါနိုင်ငံခြားဟူသည် ဆိုင်ရာပစ္စည်များကို ရမ်းသမ်းထုတ်လုပ်ထားခြင်းမဟုတ်။ ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်သူများက အကြိမ်ကြိမ်အခါခါစမ်းသပ် ဈေးကွက်တင် အောင်မြင်ပြီးမှ စီးပွားဖြစ်ထုတ်ရောင်းကြခြင်းဖြစ်သည်။
ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့တွင် ရုပ်ရှင်တခုဖြစ်လာရန်အတွက် ဝတ္တု၊ဇတ်ညွှန်း၊တည်းဖြတ်၊ထုတ်လုပ်၊ရုံတင်၊ဖြန့်ဝေ သာမကငွေကြေးရင်းနှီးမြုတ်နှံမှုအပိုင်းတွင်ပင် လုပ်ထုံး၊ဥပဒေများနှင့် စနစ်တကျရှိသည်။ ရုပ်ရှင်လောကတွင်ထိုထိုထုံးများကို
နတ်သိကြားပေးထားခြင်းဖြင့် မိုးပေါ်မှရခဲ့သည်လည်းမဟုတ်ပါလေ။ ရုပ်ရှင်ပေါ်စ ၁၈၉၅ မှစ၍အဆင့်ဆင့်တိုးတက်ပြောင်းလဲပြင်ယူလာခဲ့သည်ဖြစ်ပါ၏။ ထိုအတွေ့အကြုံတို့မှ ပညာဖြစ်သည်။
ပညာတို့ကိုရောင်းစားသောဌာနတို့ကို တက္ကသိုလ်ကျောင်းဟုခေါ်မည်။ သို့ဆိုပါသော် ကျောင်းထွက်ကျောင်းတက်ပညာသင် ဘွဲ့ရထားသောသူသည် ဆိုင်ရာလုပ်ထုံးလုပ်နည်းသီအိုရီနှင့်အဆက်အသွယ်ရှိသည့် “မြို့သား”ဟုဟူလို။
ရွာပုံပြင်
ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်သော မတ်လ ၂ရရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့”ဟုကင်ပွန်းတပ်ခဲ့သည်။ သို့ဆိုသော် ဂျပန်တွင်ဤသူနေခဲ့စဉ်ကသိကျွမ်းဖူးသော ကမ္ဘာစစ်ပြန်ဟောင်းဂျပန်ကြီးများနှင့်ပြောစကားတချို့ကို ညွှန်းရမည်။ ထိုစဉ်ထိုခေတ်က အာရှကိုတိုက်သိမ်းထားခဲ့သော ဂျပန်ဘုရင့်တပ်အား မြန်မာ၃ကျိပ်တို့သွားခေါ်လာ၍ အင်္ဂလိပ်တို့ကိုတိုက်ထုတ်ပစ်လိုက်သည်ဆိုခြင်းမှာ သူတို့အတွက်ရွာစကား၊ရွာပုံပြင်သာတည်း။
ထို့နောက် မြန်မာမျိုးချစ်တပ်မတော်(PBF)မှ ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်လိုက်ပြန်သည်ဆိုခြင်းလည်း ကိုယ့်ကိုယ်ကိုယ်ဖေါ် မသူတော်ဖြစ်လွန်းနေသည်။
ကမ္ဘာတန်းအဆင့် စစ်ကြီးဖြစ်နေချိန်၌ ရဲဘော်သုံးကျိပ်ခေါ်သော လူ၃ဝမှ(စစ်လက်နက်ပစ္စည်းတခုမျှကိုယ်တိုင်မလုပ်နိုင်ပဲ) စ,စုစည်းတပ်ဖွဲ့ကာ မြန်မာပြည်ဒေသတွင် အင်္ဂလိပ်မဟာမိတ်တပ်ကြီးအား၎င်း၊ ဖက်ဆစ်ဂျပန်ဘုရင့်တပ်ကြီးအား၎င်း
တလှည့်စီငါတို့တိုက်ထုတ်ပစ်လိုက်သည်ဟု ပြောနိုင်ပါ၏လော။
အမေရိကန်တို့မှ ဂျပန်ပြည်သို့အနုမြူဗုံးကြဲချလိုက်၍ စစ်ရှုံးသွားသော ဂျပန်တို့မြန်မာပြည်စစ်မျက်နှာမှ ဆုတ်ပြေးကြသည်မဟုတ်ပါလော။ စစ်နိုင်ခဲ့သောအင်္ဂလိပ်တို့လည်း အင်ပါယာချုံ့ရကာ ကိုလိုနိပြုထားသော တိုင်းပြည်များအားလက်လွှတ်ရ၍ (အလိုအလျှောက်) လွတ်လပ်ရေးပေးခဲ့သည်မဟုတ်ပါလော။ သမိုင်းမှတ်တမ်းအရ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူစစ်သားစာရင်းတွင် အင်္ဂလိပ်စစ်သား ၃၈၃၇၀၀။ အမေရိကန်စစ်သား ၄၀၇၃၀ဝ ၊ ဂျပန်စစ်သား ၂၁၀၀၀၀ဝနှင့် မြန်မာစစ်သားအရေအတွက် ၂၆၀ဝဟုဆိုထားပါသည်။ ထိုစဉ်ကမြန်မာ့တပ်မတော်နှင့် မြန်မာတို့ စစ်ကြီးအတွင်း ဒေသခံအနေနှင့် အတိုင်းအတာတခုအထိ ဟိုဖက်ဒီဖက်တပ်တို့အား အပြန်အလှန်သစ္စာဖောက်၍ကူညီခဲ့သည်ဖြစ်နို်င်ပါသော်လည်း တကယ့် ကမ္ဘာ့စစ်ဖြစ်စဉ်တို့ကို သိတော့ထားသင့်ပါသည်။ သို့ဆိုသော် အားငယ်နှိမ့်ကျနေရမည်မဆိုလို။ လက်စားချေစိတ်လည်းမရှိလင့်။
ရွာသားသည် ရွာသားသာလျှင်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် မြှင့်မမြင်သင့်ပေ။
အောက်မှနေငြား ကြောက်ပြီလားဟု
အင်္ဂလိပ်၊ဂျပန်တို့ကိုတိုက်ထုတ်လိုက်သည်ဟူသောမာန်နှင့် လွတ်လပ်ရေးရပြီးစတွင် ကိုယ်တိုင်ပတ်ကုတ်ကြိုးစားလုပ်ခဲ့ငြား မအောင်မြင်။ အချင်းချင်းသာချကုန်၍ နိုင်ငံရေးစနစ်မျိုးစုံလည်းပြောင်းခဲ့ဖူးပြီ။ မတိုးတက်။ သို့နှင့်လွတ်လပ်ရေးရပြီး နှစ်၇ဝရောက်သော်
ဒုံရင်းဒုံရင်းလျှက်နှင့် အိမ်နီးနားချင်း ချိုင်းနားအားလည်း အကပ်မခံ၊ အိနိ္ဒယနှင့်လည်းမသင့်မြတ်။ ထိုင်းကိုလည်းငယ်နိုင်သဘောထားကာ ကိုယ်ချည်းကျွန်ခံအလုပ်လုပ်ပေးနေရကား အောက်မှနေငြားကြောက်ပြီလား
ကြောက်ပြီလား အတင်းအော်နေသည်နှင့်သာတူတော့သည်။
စူပါပါဝါနိုင်ငံကြီးများအား တန်းတူထားလျှက်ပြော/နေချင်သည်။ ပြည်တွင်းဖြစ်အဖြစ် အပ်ကိုပင်မလုပ်တတ်။
ဣဿာဟူသည် သူတပါး အောင်မြင်လွမ်းမိုးမှုပေါ်ဦးတည်မနာလိုဖြစ်ခြင်းဖြစ်သည်။
မစ္ဆရိယ ဆိုသည်မှာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်၍ ယှဉ်လာသူများကို မနာလိုမုန်းထားခြင်းဖြစ်သည်။ သို့ဖြင့် ဣဿာ မစ္ဆရိယစိတ်တို့လွှမ်းကာ အမျိုးအချစ်ပြလျှက် မွဲဆေးတွင်တွင်ဖေါ်လျှက်သားဖြစ်ချေသတည်း။
ဘိုင်ဘိုင်ချင်းမပွတ်လင့်
ဒုတိယကမ္ဘာစစ်ပြီးသောအခါ ပြာပုံဘဝမှထကြရသည့် စစ်ရှုံး ဂျပန်လူမျိုးတို့သည် စစ်နိုင်သူ အမေရိကန်တို့အား (ရိုင်းရိုင်းပြောရလျှင်)”အဖေ”တန်းခေါ်သည်။ ဂျပန်လူမျိုးသည်သူ၏နေနတ်သားမျိုးနွယ်၊ ဆာမူရိုင်းစိတ်ဓာတ်တို့ကို နှိမ့်ချခဲ့သည်။
အမေရိကန်တို့ဆီမှလေးစားနာယူ ပညာဥစ္စာတို့ကဲ့ယူခဲ့သည်။အမျိုးသားဝတ်စုံကီမိုနိုကိုလွှင့်ပစ်ကာ အနောက်တိုင်းဝတ်စုံကောက်ဝတ်သည်။ စစ်နိုင် အနောက်တိုင်းနိုင်ငံတို့ဆီမှ ယဉ်ကျေးမှု၊ ပညာ၊သညာ
အကုန်ရသလောက်ယူကာ အလုပ်ချည်းဖိလုပ်သည်။
၁၉၆၄ တိုကျိုအိုလံပစ်ကျင်းပနိုင်ချိန်ဝယ် တိုးတက်ခြင်းလမ်းပေါ်နင်းနိုင်ခဲ့ပေပြီ။
သို့နှင့်ယခုကဲ့သို့ ကမ္ဘာ့စီးပွားရေးအတောင့်ဆုံး နိုင်ငံဘဝကိုယူနိုင်ခဲ့သည်။ ထိုလုပ်ထုံးနည်းဟန်ကို ထိုင်ဝမ်။ ဟောင်ကောင်တို့လိုက်ပြီးမူ၍ တောင်ကိုရီးယား၊ ချိုင်းနားလည်းလိုက်ချလာသောအခါ ဆယ်စု၃ခုအတွင်း
ယခုချိုင်းနားပြည်ကြီးကိုမြင်ရပါလေသည်။ ယခုချိုင်းနားစီးပွားရေးအခြေအနေကို အားလုံးသိသည်။
နိုင်သူအား အရှုံးပေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တကယ့်အရှုံးဘယ်မှာရှိအံ့နည်း။
ဘိုင်ဘိုင်ချင်းပွတ်နေကြလျှင်သာ ပို၍မွဲဖို့ရှိမည်။
ပြောင်းပြန်ချည်း
ထိုထိုအခြေအနေတွင် လွန်ခဲ့သော ၁၅နှစ်က ကယ်လီဖိုးနီးယားပြည်နယ်တွင် ဂါဗနာတက်လုပ်သော အာနိုးရွှာဇနေဂါ (ရုပ်ရှင်မင်းသား-ကာယအလှမောင်) ကိုသတိရမိသည်။ သူကိုယ်တိုင်မှာ ဩစတီးယားပြည်ဖွား အမေရိကပြည်တွင်းသို့ပြောင်းခိုလာသူဖြစ်၍ ပြောင်းခိုသူ Immigrant များအပေါ်ဦးစားပေးမည်ဟူ၍ မဲဆွယ်ပွဲများသို့ပင် လိုက်ပါစည်းရုံးပေးခဲ့ဖူးသည်။ တကယ်အာဏာရသောအခါ လွဲချေသည်။
ယခု၂၀၁၆ အမေရိကသမ္မတရွေးပွဲလည်း ထိုနည်းဆင်ဆင်ပင်။ သမ္မတထရမ့်၏ကတော်မယ်လနီယာထရမ့်မှာ ပြောင်းခိုသူဖြစ်သည့်အပြင် အမေရိကနေခွင့်ဗီဇနှင့်ပါတ်သက်၍ များစွာရုန်းကန်ခဲ့ရသည့်အထောက်အထားများရှိရကား
ထရမ့်သမ္မတဖြစ်လာချိန်တွင် ပြောင်းခိုသူများအား စာနာဖြေလျှော့မည်ထင်ခဲ့မိပါ၏။ လွဲပြန်ပါချေသည်။
မြန်မာပြည်တွင်လည်း ထိုထို၎င်း။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်တော်ပြန်မဟုတ်ပါလော။ သို့နှင့်ပြည်တော်ပြန်တို့ခေတ်ရောက်ပြီလောဟု ထင်ခဲ့ဖူးသည်။ လွဲယုံမက ကွဲ၍ပင်ချေတော့သည်။
ပူးတွဲနိုင်ငံသားစနစ် Dual Citizenship
၂ဝရာစုနောက်ပိုင်းဝယ်မြန်မာသန်းချီကာ အဖနိုင်ငံအပြင်ထွက်၍အလုပ်လုပ်ကြသည်။ နယ်စပ်မြို့ရွာများတွင် ကျန်ရစ်သူတို့မှာ ကလေး၊လူကြီးသူအိုများသာဖြစ်သည်ကို ပြေးကြည့်သိနိုင်ပါသည်။
သို့ဆိုသော် မြန်မာတို့ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ကြသည်မှာ ဆယ်စုနှစ်တို့ကျိုးလာ၍ ဒုတိယ၊ တတိယမျိုးဆက်တို့ပင်တိုင်ခဲ့ပြီ။
ယခုတပ်မတော်၏ထိပ်တန်းခေါင်းဆောင်များသည်လည်း ခေတ်ကာလတိုင်းပြည်၏ပညာရေးအခြေအနေကိုသိလျှက်။ ချမ်းသာကြွယ်ဝသူများမှာလည်း သိလျှက် မိမိတို့၏နောက်မျိုးဆက်တို့ကို နိုင်ငံရပ်ခြားပညာသင်ပို့လွှတ်ခဲ့ကြသည်။
အချိန်တို့ကြာမြင့်လာသည်နှင့် ထိုထိုမျိုးဆက်တို့သည် နိုင်ငံရပ်ခြားတွင်အသက်အရွယ်အလျှောက်နီးစပ်ရာတို့နှင့်ပါတနာပြု စုံဖက်ကြသည်လည်းရှိမည်။ သင့်တင့်သောအလုပ်အကိုင်အခွင့်အလန်းဖမ်းဆုပ်၍ ဘဝနောင်ရေးစိတ်အေးရအောင်လုပ်သူများလည်းရှိမည်။ဆိုင်ရာနိုင်ငံ၏နိုင်ငံသားခံယူရခြင်းလည်းရှိပါမည်။ မွေးဖွားကြီးပြင်းခဲ့ရာ အဖတိုင်းပြည်ကိုချစ်ခြင်း/မချစ်ခြင်းနှင့် ဘာမှမဆိုင်။ သက်ရှင်ရပ်တည်နိုင်ရန်အခြေအနေအလိုက်ဆုံးဖြတ်ရသည်သာတည်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထိပ်တန်းခေါင်းဆောင်များ၏သွေးတော်သူများသည်လည်းကောင်း။ ၈၈မျိုးဆက်များသည်လည်းကောင်း။ တိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင်နှင့်သားသမီးများသည်လည်းကောင်း နိုင်ငံခြားအခြေချ နိုင်ငံသားဖြစ်ခြင်း ပညာသင်ခြင်းဟူသည်ထူး၍ဆန်းသောအရာမဟုတ်။ မဟုတ်လျှက်ကယ်နှင့် ထိုထိုအများစုတို့၏ မူလအဖြစ်မှန်ကိုမျက်မှောက်မပြု၊ ပြည်တွင်းကျန်ရစ်သူများသည် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနိုင်ငံရေးလုပ်နေပါသည်ဆိုခြင်းသည် ရိုးသားပါ၏လော။
ဘာကိုဖုံး၍ဝှက်လိုပါသနည်း။ မျိုးဆက်သစ်များအား ပူးတွဲနိုင်ငံသားပေးကာ ပြန်ခေါ်ကြစေလိုသည်။ သင်တို့၏သွေး မြို့သားများရှိပါသည်။ ထိုသို့ပြုပါလျှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်တွင်းကျန်ခေါင်းဆောင်များလည်း ၅၉(စ)မထိမူ၍
သမ္မတရာထူးများသို့ပင်မျှော်မှန်းနိုင်လိမ့်မည်တမုံ့။
မုဒိတာခေါ်သံ Mudita Calling
ပြည်တော်ပြန်သူတို့အပေါ် မုဒိတာစိတ်ထား လက်ကမ်းကြိုနိုင်/မနိုင် လွန်စွာသံသယဖြစ်မိသည်။ ဤသူကိုယ်တိုင် ပြည်တော်ပြန်တို့ ပူးတွဲနိုင်ငံသားရရှိရေးအတွက် မြန်မာပြည်သို့ သွားရောက်ကြိုးစားရာတွင်လည်း ရွာသားတချို့ နှလုံးခါးလျှက်
မနာလိုအပူမီးများရှိသည်ကို တွေ့ခဲ့ရသည်။ တကယ်တော့ ကိုယ်မွေးဖွားကြီးပြင်းခဲ့ရာ အဖနိုင်ငံသို့ ပြန်ခွင့်ဗီဇာယူလျှက် စိစစ်ခံရပြီးမှ ပြန်ကြရခြင်းသည်ပင်လျှင် အံ့ဩစရာဖြစ်ပါ၏။
နိုင်ငံရပ်ခြားတွင်အခြေချ ဆရာဝန်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ မြန်မာနိုင်ငံတွင်ဆေးကုသခွင့်ရရန် ငွေကြေးဆောင် ခွင့်ပြုချက်တောင်းခံရခြင်း၊ အဂျ်င်နီယာများ PE အတွက်ပြန်လျှောက်လွှာတင်ကာ ဂျူနီယာများရှေ့တွင်
ပြန်လည်စိစစ်ခံရခြင်းမျိုးလည်းရှိနေပါသည်။
ပရောဖက်ရှင်နယ်ဖြစ်၍ ဆိုင်ရာပညာဗေဒအလိုက် ဆိုင်ရာဒေသလူမျိုးအခြေအနေတို့နှင့်ပြန်ညှိရန်လိုအပ်ပါသည်ဆိုလေဦး အဆိုပါ အဂျ်င်နီယာ၊ဆေးပညာတို့၏မူလဘူတအသစ်အသစ်တီထွင်မှုများနှင့် ပညာရပ်သည် မြန်မာပြည်ပေါက်
မြန်မာတို့စတင်တီထွင်ထားသည်လည်းမဟုတ်။ မြန်မာပြည်၏အခြေအနေသည် ပြည့်စုံလုံလောက်လွန်းကာ ဆရာဝန်၊ အင်ဂျင်နီယာများလျှံကျပေါများလျှက် ပိုလျှံနေသောပညာရပ်များကိုနိုင်ငံရပ်ခြားသို့ဖြန့်ဖြူးနေသောအခြေအနေလည်းမရှိ။
အခြေခံအဆောက်အအုံတောင့်လျှက် စက်မှုစီးပွားဖွံ့ဖြိုးပြီးတိုင်းပြည်လည်းမဟုတ်။ ထိုထိုအခြေအနေတွင် လုပ်ထုံးစည်းကမ်းတို့ကို များစွာဖြေလျှော့လျှက် တတ်နိုင်သမျှလက်ခံရမည်သာဖြစ်သည်။ မြန်မာ့ဆေးပညာ၊ အင်ဂျင်နီယာရင်း။
သိပ္ပံနည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ အလုံးစုံမှာ ကမ္ဘာတန်းအဆင့်မှ လွန်စွာနိမ့်ကျနေရကား မရှိမာန၊ ပစ္စည်းမဲ့ဒေါသတို့မထားသင့်။ အကုန်သိမ်းကြုံးဆွဲယူကာ အိပ်ထဲကောက်ထည့်ရမည်သာဖြစ်သည်။
မုဒိတာစိတ်ထားကြပါလေ။
ပရိုဟူသည် ဘွဲ့တခုယူနိုင်သည့် သက်တမ်း၄နှစ်နှင့်၎င်းအထက်တွင် ဆိုင်ရာအတတ်ပညာမှရသောဝင်ငွေနှင့် ရပ်တည်နိုင်သောသူဖြစ်ရမည်။
ကြိုဆိုကြပါ။ ထိုပရိုများကို စုစည်းခေါ်ဆောင်ကြပါ။ သို့သော် မတူသည်ကိုတော့မတုပါနှင့်။
ယခုဧပြီလသည် မြန်မာတို့နှစ်သစ်ကူးလ တန်ခူးဖြစ်၏။
ဟိန္ဒူသာသနာမှဆင်းသက်လာသော သင်္ကြန်နှစ်ကူးပွဲကိုပင် မြန်မာမှုပြုလက်ခံရင်း ပွဲတော်ကျင်းပခဲ့သည်မှာ စာပေအထောက်အထားတွေ့ရသော နရသီဟပတေ့ (တရုတ်ပြေးမင်း)(၁၂၅၄-၁၂၈ရ )(တရုတ်သည် Chinese မဟုတ်)
လက်ထက်မှတွက်သော် နှစ် ၇၀ဝကျော်ရှိပါပြီ။ မူလ ဟိန္ဒူနှစ်ကူးထက်များစွာကြီးကျယ်မြန်မာဆန်နေပါလေပြီ။
မြန်မာတို့သည်။ “စုတုပြု”တွင်လွန်စွာတော်ပါ၏။ ကမ္ဘာအရပ်ရပ်ရောက်နေသော ပညာသည်များအား”စု”ကာ “တု”၍ အဖတိုင်းပြည်တိုးတက်ရေးအတွက်”ပြု” နိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ထားအပ်ပါသတည်း။ ။
2 comments
Thint Aye Yeik
March 30, 2018 at 10:52 am
အယ်ဒီတာ့ အာဘော်က… နောက်ဆုံးတော့… ဒီဘူတာပဲ ဆိုက်တာပါပဲလား
:k:
ဇီဇီ
April 4, 2018 at 2:09 pm
အယ်ဒီတာမကောင်း
အာဘော် ခေါင်း