Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၂၃”

kaiNovember 24, 20231min5480

နိုဝင်ဘာ၁၅ရက်နေ့က ဆန်ဖရန်စစ္စကို/ဝုဆိုက်ဒ်တွင် ကမ္ဘာ့ထိပ်တန်းဆုံးနိုင်ငံကြီးနှစ်နိုင်ငံ၏ သမ္မတ၂ပါးတွေ့ကြသည်။ တွေ့ဆုံပွဲဖြစ်မြောက်ရန် နှစ်ချီပြင်ဆင်ထားခြင်းဖြစ်ပြီး ကြားမတိုင်မှီက ဆိုင်ရာနိုင်ငံထိပ်တန်းနိုင်ငံရေးသမားများ အပြန်အလှန်ကူးလူသွားလာ အကြိုသဘောတူညီချက်များရယူထားကြပြီးဖြစ်ပါသည်။ သမ္မတနှစ်ဦးတွေ့ကာ ကမ္ဘာသိပြောလိုက်ကြခြင်းဖြင့် အတည်ပြုလိုက်ခြင်းသာ။ သဘောတူချက် အဓိက၃ချက်သာတွေ့ရပြီး နံပါတ်တစ်မှာ အမေရိကားမြေတွင် အမေရိကန်နှစ်စဉ်၁သိန်းကျော်သေဆုံးစေနေသော မူးယစ်ဆေးဖန်တ‌နေယ်/အို့ပီရွိုက်တို့အား ထိမ်းချုပ်ကန့်သတ်ရန်ဖြစ်သည်။
အမေရိကားမြေသို့ ဝင်လားသောအဆိုပါမူးယစ်ဆေးဝါးများ၏အဓိကလမ်းကြောင်းမှာ တောင်ဖက် မက်ဟီကိုပြည်နယ်စပ်မှဖြစ်ပြီး အဆိုပါတောင်ဖက်ပြည်ထောင်များသည် ဘိန်းစိမ်းအား ဓာတုဆေးဝါးဖြင့်ကျားကန်အဆင့်မြှင့်ရာဝယ် လိုအပ်သော ကမ်မစ်ကယ်ကုန်ကြမ်းများအား ချိုင်းနားပြည်မှတင်သွင်းကြရသည်ဖြစ်ပါ၏။ ထိုတင်သွင်းနေမှုကို ထိန်းချုပ်ပေးရန် သမ္မတဘိုင်ဒန်မှ သမ္မတရှီအားတိုက်ရိုက်တောင်းဆိုခဲ့ပြီး အပြန်အလှန်အဖြစ် ချိုင်းနားအနောက်ဖက်ဝီဂါများအရေးအခင်းကြောင့် ၂၀၂၀ကထဲက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော ချိုင်းနားဝန်ကြီးဌာနအောက် သိပ္ပံစမ်းသပ်ဓာတ်ခွဲခန်းတို့အား ဒဏ်ပယ်ဖျက်ပေးမည်ဖြစ်လေသည်။

ဖန်တ‌နေယ်/အို့ပီရွိုက်တို့မှာ မူလဘိန်းစိမ်းအား ကမ်မစ်ကယ်တချို့ဖြင့်ပြုပြင်ချက်လုပ်၍ အဆင့်မြင့်မူးယစ်ဆေးဝါးဖြစ်စေခြင်းဖြစ်ပါသည်။ ဒေတာအချက်အလက်များအရကောက်ရလျှင် ကမ္ဘာတွင် ဘိန်းအထုတ်ဆုံးတိုင်းပြည်၂ခုမှာ အာဖဂန်နစ္စတန်နှင့် မြန်မာပြည်ဖြစ်သည်။ ၂၀၂၂ တွင် အာဖဂန်ပြည်အားအုပ်ချုပ်ထားသော တာလီဘန်တို့၏အထူးအမိန့်အရ ဘိန်းစိုက်ပျိုးမှုအား လျှော့ချပစ်ခဲ့ရာ ကုလသမဂ္ဂအစီရင်ခံစာအရ အာဖဂန်ပြည်၏ဘိန်းထုတ်လုပ်မှု ၉၅%ကျဆင်းခဲ့ပြီဆိုပါသည်။ သို့ဆိုသော် နံပါတ်၂ မြန်မာနိုင်ငံသည် တစ်အဖြစ်ပြတ်ပြတ်သားသား ရပ်တည်နေပြီဖြစ်ရာ အမေရိကားနှင့် ချိုင်းနားတို့၏ မူလအခြေအမြစ်ကို ဖြတ်ထုတ်ရမည့်တိုင်းပြည်သည် မြန်မာပြည်သာ ထီးထီးကျန်သည်။ အပိုဆောင်းအနေဖြစ် မြန်မာသည် ကမ္ဘာ့ကမ်မစ်ကယ်စစ်စစ်ဖြင့်ချက်လုပ်ရသော မသ်သမ်ဖက်သမင်း (ယာဘ/မြင်းဆေး) အထုတ်နေဆုံးတိုင်းပြည်ဖြစ်သည့်အပြင် ကျားဖြန့်ဟုခေါ်သော အွန်လိုင်းအင်တာနက်မှ လောင်းကစားနှင့်လိမ်လည်မှုများ၏ အခြေခံမူလဒေသလည်းဖြစ်နေပြန်သည်။ ကျားဖြန့်ကြောင့်ဘဝပျက်ရသော ချိုင်းနီးစ်များနှင့် အဓမ္မလုပ်အားပေးကျွန်ဖြစ်ရသော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်စသောနိုင်ငံသားများလည်း သောင်းချီရှိနေပေရာ ကမ္ဘာ့ ဒုစရိုက်အမှောင်ဒေသကြီးရယ်ပါ။

1027 1111
အောက်တိုဘာ၂၇နေ့က ၁၀၂၇ဟုအမည်တွင်သော စစ်ဆင်ရေးကြီးစတင်သည်။ စသည်နှင့် မြန်မာတပ်မတော်၏စခန်းများ မြို့များကျကုန်ရာထိရောက်သောစစ်ဆင်ရေးဟုဆိုရမည်။
စစ်ဆင်ရေးပြုသူတို့မှာ မြောက်ပိုင်းညီနောင်မဟာမိတ်ဟုခေါ်ကြသော MNDAAကိုးကန့်အဖွဲ့၊ TNLA တအေင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ULA/AAA ရက္ခိုင့်တပ်တော်တို့ဖြစ်၏၊ EAOsအားလုံးသည် ကိုယ်တိုင်လက်နက်ထုတ်နိုင်သော (KIO/KIA)ကချင်၊ (UWSP/UWSA)ဝတို့နှင့်မကင်းပေ၊ ၁၉၆၁ခုနှစ်တွင်တည်ထောင်ခဲ့သော KIO/KIA ကချင်လွတ်မြောက်ရေးတပ်မတော်သည် ယခုမြန်မာပြည်၏နွေဦးတော်လှန်ရေးတွင် ရှေးဦးဦးဆောင် အဓိကအခန်းကဏ္ဏမှပါဝင်သူဖြစ်ပေရာ ၁၀၂၇တွင် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ NUGလည်းပါဝင်လာပေသည်။ သို့နှင့် PDF ဟုခေါ်သောတပ်ဖွဲ့များနှင့်ပူးပေါင်းတိုက်ပွဲများတိုင်းပြည်အနှံ့ဖြစ်ပွားနေပါသည်။ ဗကပတဖန်လည်တပ် PLA နှင့် မောင်ဆောင်းခ၏ဗမာတပ်BPLA တို့လည်း ၁၀၂၇တွင်ပါဝင်သည်။
PDFမိတ်ဖက်များဖြစ်သော KNDF/KA တို့လည်း 1111 ဖြင့်စစ်ဆင်ရေးအသီးသီးဖေါ်ဆောင်ကြ၏။
စစ်ဆင်ရေးကြီးများနောက်ကွယ်တွင်မည်သူရှိသည် ထောက်ပံ့သည်မသိရသော်လည်း အရေးအကြီးဆုံး စစ်ဆင်ရေးအမည်ပေးစနစ်တွင် အမေရိကားသာသုံးသည့် လ၊နှစ်စနစ်ကိုသုံးထားသည်မှာ ထူးခြားသည်ဖြစ်၏။

“ဖုန်၊ပယ်၊မြီ၊ဝေ၊လျို မိသားစု၅ခု”
မြန်မာ/ချိုင်းနား/ထိုင်းနယ်စပ်ဒေသများတွင် ဒေါ်လာဘီလီယန်ချီငွေဖြင့်လည်ပါတ်နေသော စီးပွားရေးလုပ်ငန်းကြီးများရှိသည်။ လုပ်ငန်းကြီးတိုင်းတွင် လက်နက်ကိုင်တပ်များကိုယ်စီနှင့်အာဏာပါဝါထက်လှသူများပါ။ ယခုကမ္ဘာတန်းမျက်စိအောက်တိုက်ရိုက်ရောက်လာသည်တို့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ရှိ ဖုန်၊ပယ်၊မြီ၊ဝေ၊လျိုမိသားစု ၅ခုဖြစ်ပါ၏။ ၂၀၂၂ကကွယ်လွန်သွားခဲ့ပြီဖြစ်သော ကိုးကန့်တပ်(MNDAA) တည်ထောင်သူ ဖုန်ကြားရှင်၏ နောက်မှခွဲထွက်စွမ်းလာသော မိသားစု ၄ခုတို့ဖြစ်ပြီး ကိုယ်ပိုင်တပ်ကိုယ်စီတွင် ကာစီနိုလောင်းကစားရုံကြီးများ ဟော်တယ်များလည်း ရှိကြ၏။ သူတို့၏ဝင်ငွေမှာ မူးယစ်ဆေးများလော၊ ကျားဖြန့်လော၊ ကာစီနိုလော၊ သယံဇာတ(ကျောက်စိမ်း၊မြေရှား၊သံဖြူ)ရောင်းချငွေလော မည်သူမှသေချာမသိ၊ တရားဝင်အခွန်ဆောင်စာရင်းစစ်လည်းမရှိ။ မြန်မာ့တပ်မတော်နှင့်ကား ပလဲပနံသင့်သူများဖြစ်ပြီး ထိုမိသားစုဝင်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ၊ ဦးစီးအဖွဲ့ဝင်၊ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်၊ နယ်ခြားစောင့်တပ်ဗိုလ်မှုးကြီး၊ ရဲမှုး ပြည်သူ့စစ်ခေါင်းဆောင် စသည်တို့ဖြင့်ခန့်ညားကြလေသည်။ လျိုအားပေါက်(ခေါ်)ဦးမောင်မောင်မှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ချီးမြှင့်သော အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ပင်ရရှိလိုက်ပါသေး၏။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှာ ၂၀၀၉ခုနှစ် MNDAA ဖြိုခွင်းခံရချိန်နှင့် ကျန်မိသားစု၄ခုကို မိတ်ဖက်လုပ်ဆွဲတင်ချိန်တွင် ဒေသစစ်ဆင်ရေးအထူးအဖွဲ့မှုးတာဝန်ယူထားခဲ့သူပါ။
ယခုတွင်မူ သူ၏နိုင်ငံသားချိုင်းနီးစ်များ၏ ဘဝပျက်ထိခိုက်ရသည့်အခြေအနေရောက်လာသဖြင့် ရန်ကုန်ရှိချိုင်းနားသံရုံးမှ မေ ၄ရက်တွင် ကျားဖြန့်လုပ်ငန်းများအား ပြင်းထန်စွာနှိမ်နင်းမည်ဟု ကြေညာချက်ထုတ်ခဲ့သည်။ ထို့နောက်အဖမ်းအစီးအစစ်အဆေးများကြမ်းလာပြီး အောက်တိုဘာ ၁၀ရက် ကျားဖြန့်လုပ်ငန်းမြို့ပြောင်းရွေ့စဉ် ပစ်သတ်ခံရသော ချိုင်းနားနိုင်ငံသားများကိစ္စကြောင့် အဆိုပါဒေသကြီးသည် ချိုင်းနားကွန်မြူနစ်အစိုးရ၏ ရေဒါအောက်သိသာစွာရောက်လာသည်။ ချိုင်းနားမှထုတ်လုပ်သော သြဂုတ်လရုံတင်သည့် No More Bets ရုပ်ရှင်ကားသည် ချိုင်းနီးစ်များအားလူကုန်ကူးမှုနှင့် လောင်းကစားများအကြောင်းရိုက်ကူးထားပြီး အရှေ့တောင်အာရှ(မြန်မာ/ကမ္ဘောဒီးယား)သို့ ချိုင်းနီးစ်များမသွားကြရန်အထိပင် ဆိုရှယ်မီဒီယာများမှ တိုက်တွန်းမှုများဖြစ်ခဲ့သည်။
အမဇုံပရိုင်းမှပြသနေသော Jack Ryan TV Series ၁-၂-၃ ပြီးနောက် ၄တွင် ထိုမြန်မာဒေသကိုအခြေခံ အမေရိကား မက်ဆီကိုပြည်တို့နှင့်ချိတ်ဆက်၍ မူးယစ်ဆေး လက်နက်နှင့် လူကုန်ကူးမှုတို့ကို စီအိုင်အေပါတ်သက်၍ လွှမ်းခြုံဇတ်လမ်းလုပ်ထာားပေရာ အမေရိကား၏ ထိပ်တန်းနိုင်ငံရေးလောကတွင်လည်း မည်မျှ “ပေါက်”နေသည်ကို သတိထားသိနိုင်ပါသည်။
ခြုံ၍ဆိုရလျှင် ချိုင်းနားမှ အဆိုပါမိသားစုဝင်များ (ပြည်ခိုင်ဖြိုးပါတီ-ကုန်းကြမ်းအမတ်ဦးမောင်‌မောင်)အပါအဝင်ပေါင်း၁၁ဦးအား အောက်တိုဘာ ၃ရက်နေ့တွင် ချိုင်းနားပြည်တွင်းယူနန်/ကျိန်းခမ်းခရိုင်ကုန်စည်ပြပွဲအကြောင်းပြ ပြည်တွင်းဖိတ်ခေါ်၍ ဟော်တယ်တွင်းဝင်စီးကာ ဖမ်းဆီးထိန်းသိမ်းလိုက်၏။ ၁၀၂၇စစ်ဆင်ရေးဖြစ်လာသည်။ ဒုစစ်ဦးစီးချုပ်ပင်ချိုင်းနားထံဖမ်းခံထားရသော UWSAမှ မည်သည့်ဖက်မှမပါ ကြားနေမြဲကျေညာသည်။ မြန်မာ့တပ်မတော်နှင့်ဝတပ်မတော်မှ မြန်မာပြည်တွင်းရှိ ချိုင်းနားနိုင်ငံသား/ချိုင်းနီးစ်သောင်းချီကိုဖမ်းဆီးပေး၍ ချိုင်းနားသို့လွှဲအပ်သည်။ ချိုင်းနား၏ဖမ်းဝရမ်းထုတ်ခံထားရသော မြီမိသားစုခေါင်းဆောင် မြီရှောက်ချန်းနှင့် မိသားစုဝင်တို့ကို စစ်ကောင်စီမှ နိုဝင်ဘာ၁၆ရက်နေ့တွင် လောက်ကိုင်မြို့၌ဖမ်းဆီးရာတွင် မြီရှောက်ချန်းသည် ကိုယ့်ကိုယ်ကိုယ်ပစ္စတိုနှင့် သတ်သေသည်ဟုသတင်းထွက်၏။ ကျန်မိသားစုဝင်မြန်မာနိုင်ငံသားများ (ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီကော်ဖျင်)နှင့် မြေးတို့လက်ထိပ်ခြေထိပ်ကိုယ်စီနှင့် ချိုင်းနားရဲ/တပ်ကဖမ်းဆီးထားသည်ကို သတင်းဓာတ်ပုံများတွင် မြင်ကြရသည်။ လောက်ကိုင်မြို့တွင်းသို့ ချိုင်းနားအထူးတပ်ဖွဲ့များကို စစ်အာဏာရှင်အစိုးရမှ တရားဝင်ဝင်ခွင့်ပေးကာ မြန်မာနိုင်ငံသား/ချိုင်းနားနိုင်ငံသားများအား ဖမ်းဆီးခွင့်ပေးသည်။

“ကမ္ဘာ့ကြမ္မာ စူပါပါဝါတို့ဖန်တီး၏”
မြန်မာတို့၏ ဘုရင်စနစ်ပျက်သုဉ်းခြင်း၊ လွတ်လပ်ရေးဆုံးရှုံးခြင်း/ပြန်ရခြင်းအပါအဝင် တိုင်းပြည်နိုင်ငံရေးစနစ်အပြောင်းအလဲများမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ ကမ္ဘာ့စူပါပါဝါကြီးများ၏ ကြိုးဆွဲရာကနေရသည့်အခြေအနေပါ။ ဒုကမ္ဘာစစ်ကြီးတွင် ရှေ့တန်းကမ္ဘာစစ်မြေပြင်ဖြစ် မွမွကြေခဲ့သည်။ ရဲဘော်သုံးကျိတ်မှာ ဂျပန်ဖက်ဆစ်စစ်တပ်အား သွားခေါ်လာခြင်းမဟုတ်ပါ။ ဂျပန်တို့က သူတို့မဟာဗျူဟာအရ ချိုင်းနားပြည်သို့မဟာမိတ်တပ်၏ထောက်ပို့လမ်း ဘားမားရုတ်ဒ်လမ်းကြောကို ဖြတ်တောက်ရန် ပြည်တော်ဝင်လာခဲ့ခြင်းသာ။ လွတ်လပ်ရေးမှာလည်း တိုက်ယူ၍ အင်အားပြ၍ စာချုပ်ချုပ်၍ရခဲ့သည်ဆို၏၊ မဟုတ်ပါ။ ၁၉၄၁ကစူပါပါဝါ အမေရိကားနှင့် အင်္ဂလန်တို့ ချုပ်ဆိုသော အတ်တလန်တစ်ချာတာအရ အင်္ဂလန်ပြည်မှ သူ၏ကိုလိုနီနယ်များအား စွန့်လွှတ်ရမည်ထည့်ချုပ်ထားခြင်းကြောင့်သာ အင်္ဂလိပ်ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးအလိုအလျောက်ရလာကြခြင်းဖြစ်၏။
ယခုလည်း သမိုင်းဘီးတဖန်လည်နေသည်ဖြစ်၏။ စူပါပါဝါတို့ ကတိစကားထားလိုက်ကြပါပြီ။
မြန်မာတို့ မီးစင်ကကြည့်ကြရမည်။ ထိုင်းနိုင်ငံကိုအတုယူသင့်သည်။
၁၉၈၈အရေးတော်ပုံနောက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်ကထဲက အိမ်နီးချင်းချိုင်းနားကို တန်ပြန်ကောင်တာလုပ်နိုင်ရန် ရုရှားဆီသို့ အလုံးစုံပုံ၍ထား၏။ အရာရှိများလည်း ထောင်ချီပညာတော်သင်လွှတ်၍ စစ်ပညာသွားသင်ထားသည်။ မဟာဗျူဟာမြောက်လက်နက်များကိုလည်း ရုရှားဆီမှဝယ်သည်။ ယခုနှစ်နိုဝင်ဘာ ၅-၉ ရက်နေ့က ရုရှားရေတပ်နှင့်လည်း ပူးပေါင်းစစ်ရေးလေ့ကျင့်ထားသည်။ သို့သော်ချိုင်းနားနယ်စပ်မှ တရားဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လာဘ်ယူမှုများဖြင့် ဝင်ငွေသန်းထောင်ချီရနေသော ရွှေဥဥပေးနေသည့်ငန်းကြီးကို မသတ်ဝံ့ဝံ့ဖြင့် ဆုံ့ဆိုင်းခဲ့ရာ ယခုအခြေအနေရောက်နေပြီဖြစ်ပါ၏။

၂၀၂၁ မြန်မာပြည်စစ်အာဏာသိမ်းခံရခြင်း၏ အဓိကအကြောင်းတရားတခုဖြစ်သော ရိုဟင်ဂျာဂျင်နိုဆိုက်အမူတွဲတွင် ဇတ်ဆောင်ရိုဟင်ဂျာတို့မှာ မူလဌာနေ မြန်မာပြည်ပြန်ဝင်ရန် အချိန်လင့်လွန်လာပေပြီ။ သိူ့သော် အစ္စရေး-ဟာမားစ်စစ်ပွဲထ,ဖြစ်လေရာ အစ္စလမ်မစ်နိုင်ငံတို့၏ အာရုံသည် ပါလက်စတိုင်းသို့စုပြုံကျနေချိန်ပါ။ ရုရှားသည် ယူကရိန်းစစ်နှင့်အင်အားပြုန်းတီး ပါတ်လည်ရှုပ်နေ၏။ ချိုင်းနားသည် ထိုင်ဝမ်အရေးအခြေခံကာ ဒေသတွင်းစီးပွားရေးအင်အားကြီး တောင်ကိုရီးယား၊ ဂျပန်တို့နှင့် တန်းနေ၍ တောင်ချိုင်းနားပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ရန် အားစိုက်နေရ၏။ ဤအချိန်ဝယ် အခက်ကိုအချက်လုပ်နိုင်သည့် မြန်မာနိုင်ငံရေးခေါင်းဆောင်တို့လိုပါသည်။အချက်တို့ကိုဖျက် အခက်လုပ်မည့်သူတို့မလို။ လျို၊မြီ၊ဝေမိသားစုဝင်များပြောသလိုဆိုပါမည်၊ “နောက်ဆုံးအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပါစေ။”