မြန်မာပြည်သတင်းဒိုင်ယာရီ July 2024


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

July 25 ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် -ကိုးကန့်တပ်(MNDAA)က ဒီနေ့မနက် သိမ်းပိုက်နိုင်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီသတင်းဟာ မှန်ကန်မှုမရှိဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တုန့်ပြန်ပါတယ်။


ပညာရည်မြှင့်တင်တဲ့အနေနဲ့ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြား နိုင်ဖို့နဲ့ KG +9 အထိ မဖြစ်မနေ သင်ကြားရေးကို ၂၀၂၁ ကတည်းက မူဝါဒ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ပုဂ္ဂလိကကျောင်းတွေဖွင့်ခဲ့ပေမဲ့ စစ်တပ်ဝန်ထမ်း သားသမီးတွေဟာ အစိုးရအခြေခံပညာကျောင်းတွေမှာသာ အလေးထားတက်ရောက်ကြတာကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကိုကြည့်ရင် စစ်တပ်ကျောင်းနဲ့ အစိုးရကျောင်းတွေကသာ ထိပ်တန်းက ရပ်တည်နေကြောင်းလည်း ပြောပါတယ်။


ဧရာဝတီတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စု များစွာမှာ တပတ်ကျော်ကြာ ရေကြီးရေလျှံနေပြီး လူထောင်ချီ ရေဘေး ရှောင်နေရကာ လယ်ယာစိုက်ခင်းတွေလည်း ရေမြုပ်နေ၊ စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် ဇူလိုင် ၃၀ ထိ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ မိုးရွာသွန်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၅ မှာ အသိပေးထားပါတယ်။

July 24 ။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုခင်ဟွန်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေရဲ့ ပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့တာပါ။
အာဏာသိမ်း ၃ နှစ်ခွဲနီးပါးအတွင်း စစ်ကောင်စီတပ်ဟာ မြန်မာပြည်အနှံ့ နေရာပေါင်း ၂၇၀ လောက်မှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၉၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

July 23 ။ မိုးကုတ်မြို့ကို စစ်ကူသွားတဲ့ မန္တလေးတိုင်းဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်နဲ့အဖွဲ့ဟာ TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ မြို့ကိုအပြီးတိုင် သိမ်းဆည်းထားတာကြောင့် နောက်တန်း ပြန်လှည့်လာခဲ့ရကြောင်း သိရပါတယ်။ တကျော့ပြန် ၁၀၂၇ ရှမ်း-မန်း စစ်ဆင်ရေးမှာ သပိတ်ကျင်းခရိုင်ထဲမှာ ပါဝင်တဲ့ သပိတ်ကျင်း၊ စဥ့်ကူး၊ မိုးကုတ်မြို့တို့ကို TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စဥ့်ကူးမြို့နဲ့ မိုးကုတ်မြို့ကို ရရှိခဲ့ပါ။


ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် အခြေခံစားနပ်ရိက္ခာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးမကောင်းလို့ ဒီလကုန်အထိ ခွင့်ယူထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေက “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိစ္စတွေကို လိုသလိုဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ်ကာလအထိ တာဝန်ယူရန် လွှဲအပ်ကြောင်း” စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

July 22 ။ စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေမှာ ငွေထုတ်မရတဲ့ ပြဿနာကို ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ဖြေရှင်းနေတဲ့ သတင်းတွေအပြီးမှာ အိမ်ခြံမြေဈေးတွေ ထပ်မံမြင့်တက်လာပါတယ်။ အာဏာသိမ်း ၃ နှစ်တာအတွင်း အိမ်ခြံမြေဈေးကွက်အတွင်း ငွေပိုငွေလျှံရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ စုပြုံဝင်ရာက်ခဲ့ရာကနေ အိမ်ခြံမြေဈေး ၂ ဆကနေ ၃ ဆထိ တက်လာကြောင်း သိရပါတယ်။


မန္တလေးမြို့နဲ့ နီးကပ်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို စစ်ရှောင်တွေ အများအပြား ရောက်ရှိနေပြီး မြို့ထဲအထိ စစ်ကူးလာမှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ မန္တလေးမြို့နဲ့ ၅၄ မိုင်ကျော်သာဝေးတဲ့ စဉ့်ကူးမြို့ကို မန္တလေး PDF တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး တနာရီလောက်သာဝေးတဲ့ မတ္တရာမြို့ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

July 21 ။ ပြီးခဲ့တဲ့ အာဇာနည်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေက အာဇာနည်နေ့ အခမ်းအနားတခု တိုးတိုးတိတ်တိတ်ပြုလုပ်ခဲ့ရာ ထောင်၀န်ထမ်းတွေ သိရှိသွားပြီးနောက် အင်းစိန်ထောင်က နိုင်ငံရေးအကျဥ်းသား အများစုအပါအ၀င် အကျဥ်းသား ၆၀၀ နီးပါးကို သာယာ၀တီထောင်နဲ့ ကျိုက်စကောထောင်တွေဆီ ပြောင်းရွှေ့လိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ ခမီ လူမျိုး စစ်ရှောင် ၇ ဦးရဲ့ အလောင်းတွေ တွေ့ရှိခဲ့ရကြောင်း အာရက္ခတပ်တော် အေအေက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ စစ်ရှောင်တွေကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က သတ်ဖြတ်သွားတာလို့ ဖော်ပြထားပြီး မောင်တောမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

July 20 ။ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း မြန်မာပြည်မှာ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၁၇၀ ကျော်ထိ ရှိခဲ့ကြောင်း လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။ အဆိုပါ အစီရင်ခံစာအရ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၀၆ ဦးကို မှတ်တမ်းတင်ထားနိုင်ပေမဲ့ အများစုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက Black Lists ကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး ပြန်ခေါ်လို့ လုပ်ငန်းခွင်ဝင်ခဲ့တဲ့ CDM ဝန်ထမ်းအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့လိုက်ကြောင်း သိရပါတယ်။

July 19 ။ စစ်ကောင်စီဟာ ပြည်တွင်းမှာ US ဒေါ်လာ လိုအပ်ချက်တွေ လျှော့ချဖို့ ပြည်ပနိုင်ငံတွေနဲ့ကုန်သွယ်မှုမှာ ချိုင်းနားယွမ်၊ ထိုင်းဘတ်တွေနဲ့ တိုက်ရိုက်ငွေပေးချေဖို့ ကြိုးစားခဲ့ပြီး အိန္ဒိယနိုင်ငံသုံး ရူးပီးငွေနဲ့ ပေးချေမယ့် စနစ်ကိုပါ စတင် ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုအပိုင်းမှာ အခက်အခဲတွေ ဆက်ရှိနေပြီး ဒေါ်လာငွေကြေးလိုအပ်မှုလည်း လျှော့ချဖြေရှင်းနိုင်တာ မရှိသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။


ချိုင်းနားရဲ့ တောင်းဆိုမှုကြောင့် ကိုးကန့်တပ်ဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကာလကို ထပ်တိုးလိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)စစ်ကော်မရှင်က အသိပေးကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းမှာ မြန်မာပြည်က အမျိုးသမီး ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေရဲ့ ၁၉ ဒသမ ၈ % ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဇွန်အထိ သေဆုံးသူ ၇,၃၂၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။

July 18 ။ မြန်မာပြည်ဟာ ကမ္ဘာမှာ တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲ ပါဝင်နေပြီး စစ်အာဏာသိမ်းပြီးနောက် တီဘီ‌ရောဂါ ဖြစ်ပွားနှုန်း ပိုမြင့်တက်လာကာ ဆေးကုသမှုခံယူခွင့်ရသူ မတိုးတက်လာကြောင့် ကုသမှုမရတဲ့ တီဘီလူနာတွေကတဆင့် တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီဖြစ်နှုန်း ပိုများလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က နှစ်စဉ် တီဘီလူနာရဲ့ ၇၀-၇၅ % လောက် ရှာဖွေကုသမှု ပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး ၂၀၂၁ မှာ တီဘီလူနာသစ်ရဲ့ ၃၃ % (ခန့်မှန်းလူနာ ၁၉၄,၀၀၀ မှာ လူနာ ၆၄,၄၁၀)၊ ၂၀၂၂ မှာ တီဘီလူနာသစ်ရဲ့ ၄၆ % (ခန့်မှန်းလူနာ ၂၅၇,၀၀၀ မှာ လူနာ ၁၁၈,၃၁၁) သာ ရှာဖွေကုသပေးနိုင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ရဲ့ Global TB report အစီရင်ခံစာတွေအရ သိရပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၁၀,၀၀၀ ကျော် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ဆောင်ရွက်နေတဲ့ Posco ကုမ္ပဏီရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း EPC လုပ်ငန်းဆိုင်ရာ US ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိ သဘောတူစာချုပ်ကို China Offshore Oil Engineering ကုမ္ပဏီလီမီတက်(COOEC) က ချုပ်ဆိုရရှိပါတယ်။

July 17 ။ ရှမ်းသီချင်း၊ မြန်မာသီချင်းတွေနဲ့ လူသိများကျော်ကြားတဲ့ ရှမ်းတိုင်းရင်းသား အဆိုတော်ကြီး စိုင်းဆိုင်မောဝ်(အသက် ၇၇ နှစ်)ဟာ ဒီနေ့ ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ကွယ်လွန်သွားပါတယ်။ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ရှမ်းသီချင်းပုဒ်ရေ ၂၀၀ ကျော်နဲ့ မြန်မာသီချင်းပုဒ်ရေ ၁၀၀ ကျော် ရေးဖွဲ့သီဆိုခဲ့သူဖြစ်ပြီး တေးသီချင်းများစွာ ကျော်ကြားရေပန်းစားခဲ့ပါတယ်။


မန္တလေးမြို့က မန္တလေးတောင်ကို အတက်အဆင်းပိတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားပြီး မြို့တွင်းမှာလည်း လုံခြုံရေး ပိုတိုးမြှင့်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးဟာ ဇွန် ၂၅ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၂၀ လောက်သာဝေးတဲ့ မတ္တရာမြို့နယ်အပါအဝင် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ စဉ့်ကူးစတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။


TNLAနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေရာ စကစရဲ့ စခန်းကြီးငယ်ပေါင်း အနည်းဆုံး ၈၀ ကျော် သိမ်းပိုက်နိုင်ထားပါတယ်။

July 16 ။ ကချင်ပြည်နယ်က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးဝှေခါမှော်မှာ ပိဿာချိန် ၃၀၀ နီးပါးရှိ အရည်အသွေးမြင့် ကျောက်စိမ်းတုံးကြီးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က တူးဖော်ရရှိခဲ့ကြောင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေက ပြောပြီး ပြည်တန်တဲ့ ကျောက်စိမ်းကြီးလို့တောင် တင်စားပြောဆိုနေကြပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသရဲ့ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအားလုံးကို KIO အဖွဲ့က ဦးဆောင်ပြီး
လုပ်ငန်းရှင်တွေနဲ့ အကျိုးတူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

July 15 ။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး ထိပ်တန်းမြို့ကြီး ၃ ခုထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာပြည်ရဲ့ ရန်ကုန်မြို့လည်းပါဝင်နေကြောင်း နာမည်ကျော် Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ခရီးသွားလာမှု ဘေးကင်းရေး အဆင့် သတ်မှတ်ချက်တခု ဖန်တီးနိုင်ဖို့ ရာဇ၀တ်မှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ၊ သဘာဝဘေးအန္တရာယ်နဲ့ ဒီဂျစ်တယ်လုံခြုံရေးစတာတွေ အပါအဝင် တွက်ချက်မှု အမျိုးအစား ၇ ခုနဲ့
နိုင်ငံတကာက မြို့ပေါင်း ၆၀ ကို နှိုင်းယှဉ်လေ့လာပြီး ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာပေါ်က ရာဇဝတ်မှုဖြစ်ပွားနှုန်း အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းကို ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု အညွှန်းကိန်းအဖွဲ့အစည်း Global Organization Crime Index က ထုတ်ပြန်ခဲ့ရာမှာလည်း မြန်မာပြည်က နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။


ချိုင်းနားကွန်မြူနစ်ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကို ချိုင်းနားကို တပတ်ကြာ လာ‌ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

July 14 ။ ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်တာ ရက်ပေါင်း ၂၀ ရှိလာပြီဖြစ်ပြီး လားရှိုးတကြောမှာ ကိုးကန့်တပ် MNDAA ၊ မိုးကုတ် – နောင်ချို – သီပေါ တဝိုက်မှာ တအာင်းတပ်(TNLA)နဲ့ မတ္တရာ – စဉ့်ကူးတကြောမှာ ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး)MDY PDF တို့က ဦးဆောင်ပြီး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲများ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ သီတင်း ၂ ပတ်အတွင်း လားရှိုးမြို့ခံ ၂၆ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရထားကြောင်း သိရပါတယ်။


မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲအထိ မြင့်နေကြောင်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။ ပခုက္ကူမြို့မှာ စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲ၊ မြင်းမူမြို့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေ ကျော် မြင့်တက်နေတဲ့အပြင် ချင်းတွင်းမြစ်ရေဟာလည်း မော်လိုက်နဲ့ ဖောင်းပြင်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ၇ ပေခွဲထိ မြင့်တက်နေပြီး ကလေးဝမြို့မှာ ၆ ပေ၊ မင်းကင်းမြို့ မှာ ၅ ပေခွဲထိ မြင့်တက်နေပါတယ်။

July 13 ။ အစိုးရဝန်ထမ်းကနေ CDM လုပ်သွားလို့ အမည်မည်းစာရင်း(Black Lists)ပါနေသူတွေကို အကြောင်းချင်းရာအပေါ် မူတည်ပြီး ပယ်ဖျက် ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်က ၂၀၂၄ ပထမ ၆လ အတွင်း တိုက်ခိုက်မှုတွေမှာ လေကြောင်းတိုက်ခိုက်တာအပြင် ဒရုန်း အသုံးပြု တိုက်ခိုက်တာတွေပါ ပြုလုပ်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းချုပ်က ဖော်ပြပါတယ်။ စစ်တပ်ဟာ ပြည်သူတွေကို ဒရုန်းနဲ့ ၁၀၆ ကြိမ် တိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၅၀ ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၁,၂၄၉ ကြိမ်၊ သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်မှု ၁၁ ကြိမ်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂ ထောင်ကျော် ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။

July 12 ။ စစ်မှုထမ်းစာရင်းကောက်ရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းဖို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နေပြည်တော်မှာ လုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။ အသက်မပြည့်သေးသူတွေရော အသက်ကျော်လွန်သူတွေပါ မပါဖို့ကိုလည်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မှာကြားပေမယ့် မြေပြင်မှာ စစ်မှုထမ်းစာရင်းကောက်တဲ့အခါ ဗဟိုကညွှန်ကြားချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေကြောင်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ပြောပါတယ်။ အသက်မပြည့်ဘဲ စစ်မှုထမ်းဆင့်ခေါ်ခံရလို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့လူငယ်တွေလည်း ရှိနေပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲ မြို့နယ် ငပလီ ကမ်းခြေအနီး က စစ်ကောင်စီရဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်းကို သိမ်းပိုက်နိုင်ပြီလို့ အာရက္ခတပ်တော် အေအေကသတင်းထုတ်ပြန်ပါတယ်။ ခလရ ၅၅ ဟာ သံတွဲ အခြေစိုက် တပ်ရင်းတွေထဲက နောက်ဆုံးလက်ကျန် တပ်ရင်းလည်း ဖြစ်ပါတယ်။

July 11 ။ ရိုးမဘဏ်နဲ့ ရိုးမအုပ်စုတည်ထောင်သူ ဦးသိမ်းဝေ(ခ)ဆာ့ချ်ပန်း – Serge Pun ကို နေပြည်တော်မှာ ထိန်းသိမ်းစစ်ဆေးနေတာ လနဲ့ချီကြာနေပြီလို့ သိရပါတယ်။ဦးသိမ်းဝေကို ရိုးမဘဏ်၊ လှိုင်သာယာမြို့နယ်ထဲက ပန်းလှိုင်အိမ်ရာစီမံကိန်းနဲ့ ဆေးရုံ၊ FMI စီးတီးအိမ်ရာစီမံကိန်းတွေနဲ့ မြန်မာပြည်မှာ လူသိများပါတယ်။


တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး၊ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်နေတာကြောင့် ဖုန်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အားသွင်းခလည်း မြင့်တက်နေပါတယ်။ ဖုန်းတလုံး အားသွင်းခ ကျပ် ၁၀၀၀ ၊ Power Bank တလုံး ကျပ် ၁၅၀၀၊ မီးလုံးတလုံး ကျပ် ၁၀၀၀ နဲ့ တခြား အိပ်သုံးလျှပ်စစ်ပစ္စည်းတွေလည်း ကျပ် ၁၀၀၀ အထက်ပေးပြီး အားသွင်းနေကြရပါတယ်။


“မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက ထိန်းချုပ်လို့မရတော့တဲ့ နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပုံပေါ်တယ်” လို့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။

July 10 ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုများစွာကြောင့် လိုအပ်တဲ့ နေရာတွေမှာ ဆေးဝါး မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အထူးသဖြင့် နာတာရှည် ရောဂါသမားတွေအတွက် ဆေးဝါးများ ဝယ်ယူရ ခက်နေပြီး အခြေခံအိမ်သုံး ဆေးဈေးနှုန်းလည်း သုံးဆကနေ ငါးဆလောက်အထိ မြင့်တက်နေကြောင်း သိရပါတယ်။


တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်း၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်နီပြည်နယ်တို့က စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲတွေ ကြုံနေရတာပါ။ မြန်မာပြည်မှာ ကာကွယ်ဆေး လုံးဝထိုးခွင့်မရတဲ့ ကလေးငယ်အရေအတွက်ဟာ စစ်အာဏာမသိမ်းခင် အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ၃ ဆနီးပါး တိုးလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။


စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်ဈေးနဲ့ ဖိအားပေး ရောင်းခိုင်းတာကြောင့် ရွှေဈေးကွက် အရောင်းအဝယ် ရပ်သလောက် ဖြစ်နေကြောင်း ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။ သတ်မှတ်ဈေးနဲ့ ရောင်းချခိုင်းတာကြောင့် လက်တလော ရွှေဆိုင်တွေဟာ အခေါက်ရွှေ ရောင်းချပေးမူ မရှိ၊ ရွှေအထည် ရောင်းချပေးရာမှာ သတ်မှတ်ဈေးအပေါ်မှာ ပြင်ပပေါက်ဈေးအတိုင်းဖြစ်အောင် အလျော့တွက်လက်ခ ပိုတင်ပြီး ရောင်းချနေကြတာပါ။

\

July 09 ။ မြန်မာပြည်ရဲ့ လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေနေပြီး ကယားပြည်နယ်က အဆိုးရွားဆုံး ကြုံနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “ဆင်းရဲမွဲတေမှုနှင့် မြန်မာအိမ်ထောင်စုစီးပွားရေး – ပျောက်ဆုံးနေသော လူလတ်တန်းစားတခု” အစီရင်ခံစာအရ သိရပါတယ်။ ၄၉ ဒသမ ၇ % ဟာ တရက်ကို ကျပ်ငွေ ၁၅၉၀ အဖြစ် UNDP က သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု အခြေပြမျဉ်းအောက်မှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။


ဗီယက်နမ်၊ ချိုင်းနားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံတွေက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီပံ့ပိုးပေးနေပြီး ချိုင်းနားပိုင် ရေနံတင်သင်္ဘောဟာ ၆ လအတွင်း ၃ ကြိမ် မြန်မာဆိပ်ကမ်း ကပ်ခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က သတင်းထုတ်ပြန်ပါတယ်။

July 08 ။ ဆန်ကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ပဲခူးတိုင်းထဲမှာ စပါးဈေး သိသိသာသာကျသွားပြီး စပါးစိုက်တောင်သူတွေကတော့ အရှုံးပေါ်နေပါတယ်။ ဆန်စျေးတွေ အဆမတန် တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က တာဝန်ရှိသူတွေအပါအဝင် ဆန်ဂိုထောင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ စျေးဝယ်စင်တာ တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ပါတယ်။


ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ ထွက်ခွာမယ့် စစ်ရှောင်ကား ထောင်ချီဟာ မြို့အထွက်လမ်းမှာ ဒီနေ့ထိ ပိတ်မိ သောင်တင်နေပြီး မြို့ထဲမှာ လက်ရှိနေထိုင်လို့ရပေမဲ့ တိုက်ပွဲအခြေအနေ ပိုဆိုးလာရင် ပိတ်မိသွားနိုင်သလို လက်နက်ကြီးတွေကလည်း မြို့ထဲ၊ ရပ်ကွက်တွေထဲကျပြီး နေ့စဉ်ပြည်သူတွေထိခိုက်၊ သေဆုံးတာတွေ၊ နေအိမ်တွေခိုက်တာတွေအပြင် လေကြောင်းဗုံးကြဲလာမှာတွေ စိုးရိမ်လို့ ရှောင်နေခဲ့ကြတာပါ။

July 07 ။ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ ဟာသပညာထူးချွန်ဆုကို သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ မာမီသက်နဲ့ မိုးညိုတို့ ရရှိခဲ့ပြီး ဆုရရှိသူတွေကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Plenary Hall မှာ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ဂါရဝပြု ကန်တော့ပွဲမှာ ပေးခဲ့တာပါ။


မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီစခန်း ၃၆ ခုအထိ သိမ်းယူထားပြီး မိုးကုတ်မြို့ အနောက်ခြမ်းတခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ ရဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း မန္တလေး PDF တာဝန်ရှိသူတွေက ပြောပါတယ်။


စစ်ကောင်စီအနေနဲ့ မန္တလေး-နေပြည်တော်ကို ကာကွယ်နိုင်ဖို့ ကြိုးစားနေရတဲ့အပြင် စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင် မကျရေးကိုလည်း ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

July 06 ။ ဆန်ကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ပဲခူးတိုင်းထဲမှာ စပါးဈေး သိသာစွာ ကျသွားပြီး စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။ ဆန်စျေးတွေ အဆမတန် တက်နေတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)အပါအဝင် ဆန်ဂိုထောင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ စျေးဝယ်စင်တာ
တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့တာပါ။


မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ ချိုင်းနားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ချိုင်းနား ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ဖို့သွားတာလို့ စစ်ကောင်စီပြောခွင့်ရက အတည်ပြုပါတယ်။ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်း ချိုင်းနား မသွားခင် သမ္မတဟောင်း ဦးသိန်းစိန်လည်း ချိုင်းနားကို သွားရောက်ခဲ့ပါတယ်။

July 05 ။ ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရာနဲ့ချီတဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ထိုးစစ်ဆင်နေတဲ့ MNDAA ကိုးကန်တပ်နဲ့ ပူးပေါင်းတပ်တွေဟာ လားရှိုးမြို့ပတ်လည်နဲ့ လားရှိုးမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတာပါ။


ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AAဘက်က ပြီးခဲ့တဲ့ ဇွန်လ အစပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့က အထိတိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ငပလီကမ်းခြေက လူနေအိမ်တွေမှာ ဝင်ရောက် နေရာယူနေတဲ့အပြင် ရခိုင်အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

July 04 ။ ရှမ်းပြည်နယ် နောင်ချိုမြို့နား၊ မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး TNLA ပါတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်စတင်နေချိန်မှာ ဂုတ်ထိပ်တံတားကို သိမ်းယူနိုင်ခဲ့တာပါ။


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ‌တွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က သေဆုံးတာရှိသလို၊ ဒေသခံအရပ်သားတဦးလည်း သေဆုံးကြောင်း သိရပါတယ်။

July 03 ။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇ သိန်းခွဲနီးပါးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်စခန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ မြန်မာပြည် မိုးတွင်းကာလမှာ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး အလုံအလောက် မရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။


မြန်မာတပြည်လုံးအနှံ့မှာ စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်ရှိနေပြီး စစ်တပ်က၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းချိန်ကစလို့ ၃နှစ်ကျော်အတွင်း စစ်ဘေးရှောင်ဦးရေ သန်းနဲ့ချီပြီး တိုးပွားလာကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

July 02 ။ အိမ်ရာချေးငွေသတ်မှတ်ချက်တွေကို ကျော်လွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပါတယ်။ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေးအိမ်ရာနဲ့
အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တို့ဟာ အိမ်ရာချေးငွေဆိုင်ရာ ဗဟိုဘဏ်သတ်မှတ်ထားချက်ထက် ကျော်လွန်ဖောက်ဖျက်ခဲ့ကြောင်း စကစ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေ များပြားလာပြီး ခါးပိုက်နှိုက်တဖွဲ့မှာ ၂ ဦးကနေ ၅ ဦးအထိ ပါဝင်လေ့ရှိကာ ခရီးသွားတွေရဲ့ လက်ကိုင်အိတ်နဲ့ ကျောပိုးအိတ်တွေထဲကနေ ဖုန်း၊ ပိုက်ဆံအိတ်တွေကို အဓိက ပစ်မှတ်ထား ခိုးယူနေကြတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

July 01 ။ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးနိုင်ငံရေး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားတာကို လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် အများဆုံး အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီလည်း ဖြစ်ပါတယ်။


မွန်ပြည်နယ်အတွင်း မြို့နယ်အကုန်လုံးနီးပါးမှာ ဇွန်လအစောပိုင်းကစပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလာပြီး ပေါ့ဆလို့မရကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအတွက် ၁၀၀ % ကာကွယ်နိုင်တဲ့ ဆေးမရှိသေးတာကြောင့် အသက် ၅ လမှ ၉ နှစ်အတွင်း ကလေးငယ်တွေ ဖျား‌နာပါက မပေါ့ဆဘဲ ဂရုတစိုက် စောင့်ကြည့်ဖို့ လိုကြောင်း ဆရာဝန်တွေက သတိပေးထားပါတယ်။

Jun 30 ။ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေကြောင့် ပြည်ပကနေ မြန်မာပြည်ကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးဟာ နေ့စဉ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီတွေလည်း ဝယ်လိုအားနဲ့အတူ ‌ဈေးမြင့်တက်နေခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ စားအုန်းဆီ ရည်ညွှန်းဈေးကလည်း အပတ်စဉ် မြင့်တက်နေပြီး အခုသီတင်းပတ်မှာ တပိဿာကို ကျပ် ၅,၃၉၀ သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့
တပိဿာကို ကျပ် ၁၀,၀၀၀ ကျော် ဈေးပေါက်နေတာတောင် ဝယ်ရခက်နေကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။


မြန်မာပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေဈေး တဟုန်ထိုး ဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီဟာ ရွှေနဲ့ ဒေါ်လာ ဝယ်ရောင်းလုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူပြီး ဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ဒေါ်လာနဲ့ ရွှေဈေးဟာ ပြန်တက်လာခဲ့ပါတယ်။

Jun 29 ။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း လူနေအိမ် အလုံး ၁၀၀ ကျော်ကို တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်မှု အကြောင်းပြချက်နဲ့ ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ချိပ်ပိတ်ခဲ့ပါတယ်။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုဟာ အရပ်သားအိမ်တွေနဲ့ CDM ပညာရေးဝန်ထမ်းအိမ်တွေ၊ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေ ဖြစ်ပါတယ်။


ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအား တက်နေတာကြောင့် မြန်မာပြည်တွင်း ပြောင်းဈေး ဆက်လက်မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တပိဿာကို ၁,၃၀၀ ကျပ် ဝန်းကျင် ရှိရာကနေ လက်ရှိမှာ ၁,၄၅၀ ကျပ်အထိ မြင့်တက်လာတာပါ။ ပြည်တွင်းပြောင်းကို ထိုင်းနိုင်ငံက အများဆုံးဝယ်ယူနေပြီး အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဝယ်လိုအားကောင်းနေကြောင်း သိရပါတယ်။

Jun 28 ။ မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း ကလေးသူငယ် ၈၀၂ ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။ NUG အစိုးရက ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ပြန်ရာမှာ သေဆုံးသူတွေ အားလုံးရဲ့ ၁၁ ဒသမ ၃ % ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးတွေနဲ့ အပြင်အရောင်းဈေး ကွာခြားချက်တွေကြောင့် ရန်ကုန်က ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်နဲ့ လက်ကားဆိုင်ကြီးတချို့မှာ ဆန်အရောင်းတွေ အကန့်မသတ်မရှိ ပိတ်ထားကြောင်း သိရပါတယ်။

Jun 27 ။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုများ ခံထားရတဲ့ စစ်ကောင်စီဟာ စစ်ရေးရာသုံး လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေအတွက် ငွေပေးချေရာမှာ ထိုင်းနိုင်ငံရဲ့ ဘဏ်တွေကို ပိုမို အသုံးပြုလာကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ကုန်သွယ်မှုတွေမှာ မမှန်မကန်တဲ့ ငွေသွင်းငွေထုတ် လုပ်ဆောင်မှုတွေ မတွေ့ခဲ့ရဘူးလို့ ထိုင်းနိုင်ငံအခြေစိုက်
Siam Commercial Bank(SCB)ကလည်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။


ရှမ်း-မန္တလေးအစပ်က မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး လူနဲ့နေအိမ် ထိခိုက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ လက်ရှိမှာ မြို့ပတ်လည်မှာ တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် မြို့ခံတွေ တခြားမြို့နယ်တွေဆီ စစ်ရှောင်လို့မရဘဲ ပိတ်မိနေကြတာပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ လို့ ထုတ်ပြန်ထားတဲ့ အခုထိုးစစ်ထဲ TNLA ပူးပေါင်းတပ်တွေအနေနဲ့ မိုးကုတ်မြိုနယ်ထဲက ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ ဖြူရောင်ကုန်းတွေထိ အသီးသီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Jun 26 ။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှာ တင်ပြခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေကြောင်း ပြောခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာချိန် ကံသုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်ရာလမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တာပါ။


ဧရာဝတီတိုင်းက ရွှေအရောင်းဆိုင်တွေ၊ ရွှေပန်းထိမ်လုပ်ငန်းတွေ ပိတ်သိမ်းနေတာကြောင့် အရောင်းဝန်ထမ်းနဲ့ ရွှေပန်းထိမ် ပညာရှင်တွေ အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရပါတယ်။ စစ်ကောင်စီက ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးတာ၊ ရွှေဈေးချရောင်းဖို့ ဖိအားပေးတာ၊ စစ်အာဏာသိမ်းလို့ ဖြစ်ပေါ်လာတဲ့ ဈေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး ကျဆင်းမှု၊ ဒေါ်လာဈေး မတည်ငြိမ်မှု၊ ဓားပြ၊ လုယက်ခံရမှုတွေ များလာတာကြောင့် ရွှေဆိုင်တွေ ပိတ်သိမ်းနေတာပါ။

Jun 25 ။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ ၃ နှစ်ကျော်အတွင်း မြန်မာပြည်ရဲ့ နယ်မြေ ထက်ဝက်နီးပါးဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။


မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်ပေါင်း ၁၆၉ ခုထိ ရှိလာတာကြောင့် နိုင်ငံရဲ့ ၅၀% လောက်ဟာ အင်တာနက်ဖြတ် တောက်ခံထားရတာဖြစ်ပြီး ဆက်လက် ဖြတ်တောက်ခံနေရကြောင်း Athan- အသံအဖွဲ့ရဲ့ဒါရိုက်တာက ပြောပါတယ်။

Jun 24 ။ ရန်ကုန်မှာ အသစ်ဖွင့်ထားတဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ် ၃ )မှာ EV (လျှပ်စစ်အားသွင်းစနစ်)ကားတွေကို ယာဉ်ဖြတ်သန်းခ မကောက်ခံဘူးလို့ ရန်ကုန်မြို့ခံ ယာဉ်မောင်းတွေက ပြောပါတယ်။ သန်လျင်တံတားသစ် အသုံးပြုခ ကောက်ခံနှုန်းထားတွေကတော့ အိမ်စီးကား ၃ တန်အောက် တစီးကို ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ယာဉ်တွေကို ၁,၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်း ယာဉ်တွေကို
၂,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

Jun 23 ။ စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ အပါအဝင် ဆန်ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းပြီးနောက် ၂ရက်အကြာမှာ ဆန်တွေကို သတ်မှတ်စျေးနဲ့ရောင်းချဖို့ လိုက်လံစစ်ဆေးတာတွေရှိနေပြီး ဆန်ဆိုင်ပိုင်ရှင်တချို့ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်က မြို့နယ်တချို့မှာ ဆန်ဝယ်ရင် လူတဦးကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနဲ့ တန်းစီဝယ်ယူရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ ပြည်တွင်းမှာ ဆန်စျေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီဟာ ‌ရွှေနဲ့ စားသုံးဆီသမားတွေကို ထိန်းချုပ်တဲ့နည်းအတိုင်း ဆန်စပါးလုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူစစ်ဆေးမှုတွေလုပ်နေတာပါ။