နာနာချတဲ့ ဆရာမ

ဆူးOctober 10, 20101min38813



(၁၉၉၆-၉၇) ရတန်းနှစ် အသက်အားဖြင့် ၁၃နှစ် နီးပါးပေါ့.. သမိုင်းဆရာမ ဒေါ်*** ပြောရရင်တော့ တော်တော်အေးတဲ့ ဆရာမ အတန်းထဲကို လာတယ် စာအုပ် တစ်အုပ် ကိုင်လာတယ် ဖွင့်တယ် စာခေါ်တယ် ကျောင်းသူတွေ အားလုံးလိုက်ရေး အပိုစကားမပြောဘူး ပြီးတော့ ပြန်ထွက်သွားတယ်။ နေ့တိုင်း ဒီလိုဘဲ လုပ်တာ.. ဖတ်စာအုပ်မကိုင်ဘူး.. တခါတလေ ဖတ်စာအုပ်ဖွင့်ဖို့ ပြောတယ် ဒီခေါင်းစဉ်.. ဘာညာပြောပြီး စာခေါ် လိုက်ရေး.. ဒါနဲ့ စာသင်နှစ်ကို ဖြတ်ကျော်.. တနေ့ ဖြစ်ချင်တော့ ဆူး က အရှေ့ဆုံးတန်းမှာ ထိုင်ရတဲ့ အလှည့် သုံးယောက်ခုံတန်းမှာ ဘေးနှစ်ယောက်က ကျောင်းပျက်တော့ အရှေ့ဆုံးတန်း သုံးယောက်ခုံ မှာ တယောက်တည်းထိုင်နေတယ်။ ဆရာမ မပွင့်တပွင့်နဲ့ လေလုံးမကွဲတဲ့ အသံလေးနဲ့ ပြောတယ်.. ပါးစပ်လှုပ်တာဘဲ မြင်တယ် သူ့ အနားက ကျောင်းသူတွေကတော့ ဖတ်စာအုပ်ကို ဖွင့်ပြီး ကူးနေတာ မြင်တယ် ဒါနဲ့ သေချာ မသိတော့.. ဘေးလိုင်းမှာ ရှိတဲ့ ကျောင်းသူဆီက နေ ဘာ လုပ်ခိုင်းလဲ မေးမြန်းရန်အတွက် ဟိုလှည့် ဒီလှည့်.. နောက်တော့ ဘာပြောမှန်းကို မသိဘဲ.. နေတော့.. ဆရာမ အနားရောက်လာတယ် ဒါလေးတောင် မသိရကောင်းလား ဆိုုပြီး ခေါင်းကို လာခေါက်တယ် သမီး မသိလို့ မေးနေတာ ဆိုပြီး လက်ကာ လိုက်လို့ ကာလိုက်ရကောင်းလား ဆိုပြီး ခေါင်းကို ထပ်ခါ ထပ်ခါ ခေါက်တယ် အနဲဆုံးတော့ ၅ချက်ရှိမည်။ ဆူး ကလည်း အလွန်ခေါင်းမာသူ ပီပီ မသိလို့ မေးတာကိုလည်း မရှင်းဘဲ ခေါင်းခေါက်တယ် ခေါင်းခေါက်တာကို လာကာ ရကောင်းလားဆိုပြီး ထပ်ချသွားမှတော့ သူ သင်နေတဲ့ စာလိုက်မမှီတော့ဘူး စာခေါ်တာ လိုက်မရေးယုံဘဲ ဆိုပြီး ဘာမှ မရေးဘဲ တချိန်လုံးကို ထိုင်နေသည်။ ခေါင်းခေါက်ခံရတာနဲ့ စာမရေးရတာ တန်တယ်ထင်လို့ မရေးဘဲ နေလိုက်သည်ကို ဆရာမ မကျေနပ် ဒေါပွ နေသည်။ သူအား ကိုယ့်အားပြိုင်သလို ဖြစ်နေသည်။ အတန်းဖော်တွေကတော့ ပွဲကြည့်သလို ကြည့်နေတယ်။ ဆရာမကတော့ သူစာရေးဖို့ တခွန်းမှ မပြောဘူး။ စာခေါ်လို့ ပြီးတဲ့ အချိန် အတန်းတချိန်ပြီးခါနီး ၅မိနစ် လောက်အလိုမှာတော့.. ဇတ်လမ်းက စတာဘဲ.. ဟဲ့.. ဒီကိုလာ.. ခေါ်တော့လည်း သွားလိုက်တာပေါ့.. လက်ဝါးဖြန့်.. ဖြန့်ပေးလိုက်တယ်.. ရိုက်တယ်.. အချက် ၂၀-၃ဝ အသာလေးဘဲ.. သေအောင်တော့ ရိုက်လို့ မရဘူးလို့ မှတ်ထားပြီး လက် လုံးဝ မရုတ်ဘဲ.. လက်ထိုးခံထားတာ.. လက်ကို ရိုက်ရတာ အားမရတော့.. လူကို လည်းချ.. လက်မောင်း အရင်းအထိပါ အရှိုးရာနဲ့.. နာတာတော့ တော်တော်လေး နာတယ်.. အသားဘယ်လောက် နာနာ မျက်ရည်တစက် မထွက်ဘူး.. သူလည်း ရိုက်ရတာ လက်ညောင်းသွားကော.. ထွက်သွားကော.. ပြီးတော့ ကိုယ့်နေရာ ကိုယ်ထိုင်နေတယ်.. နောက်ဆရာမ လာတဲ့ အချိန် လက်ဝါးတွေ နာလို့ စာတောင် မရေးနိုင်ဘူး။ တနေကုန် မထွက်တဲ့ မျက်ရည် အိမ်မှာ အဖေနဲ့တွေ့မှ ငိုတော့တာဘဲ.. အဖေကို ငိုတိုင်တော့ ပညာရေးရုံးကို စာတင်မယ် ဆိုပြီး လုပ်ကော.. အိမ်နားက ဆရာမက သူရှင်းပေးမယ် စာမတင်ပါနဲ့ ဝင်တောင်းပန်တယ်.. နောက်တနေ့.. ဒီဆရာမလေး ချတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ ပုံစံနဲ့.. အတန်းကိုလာတယ်.. ခပ်တည်တည် မျက်နှာ ခပ်တင်းတင်းနဲ့ အဖေကို တောင်းပန်တုန်းက ရုပ်နဲ့များ တခြားစီ.. ဆူး သွားလိုက်တယ်.. သူက သမီးကို ရိုက်တယ်ဆို.. ပြပါအုန်းတဲ့.. ပြလိုက်တယ်.. လက်ဝါးတွေ နီရဲနေတုန်း.. ဆရာမ လာစစ်တာ အရိုက်ခံပြီး တတိယနေ့.. လက်ဖြန်တွေကော လက်မောင်းတွေက အစ အရှိုးရာ ရှိတုန်းဆိုတော့ မျက်နှာတော့ ပျက်သွားတယ်.. ပြီးတော့ လှည့်ပြန်သွားကော.. နောက်တော့ လာပြောတယ် အဲဒီ ဆရာမ သူ နောက်ဒီလို မလုပ်ဖို့ ပြောထားတယ် ဆရာမကလည်း သူလည်း စိတ်မကောင်းလို့ ငိုတယ် ဆိုဘဲ.. လာပြောတယ်.. သူငိုတာ ကိုယ်မမြင်.. သို့သော် ကြားက လာပြောတဲ့ ဆရာမ မျက်နှာထောက်လို့ ငိုတယ်ဆိုတာ ငိုတယ်လို့ သဘောထား လက်ခံလိုက်တယ်.. နောက်ပိုင်း အတန်းချိန်မှာ အဲဒီ ဆရာမ စာလာသင်ရင်.. ဆူးကို မျက်နှာတောင် မကြည့်ဘူး.. ဘာရယ်ကြောင့်ရယ် မသိပါ။..

13 comments

  • timothy

    October 10, 2010 at 7:59 am

    All Burmese friends,
    Please read this incidence diligently and learn what you can out of it. Why our country has to put up with constant oppression of Military Dictatorship? This teacher represent the dictator Than Shwe. The pupils in the classroom who witness the torture without doing anything is comparable to non-interference attitude of Asean Leaders and majority of our people. Until such time we could change our attitude and bad irresponsible non-of-my-business manner, we would never be able to get rid of the Evil System of Military Dictatorship we all hate in our deep heart. Daw Aung San Suu Kyi had educated the public to do their bit and pieces in the liberation struggle for mother country. The choice is for Burmese people to make decisively. BOYCOTT THE ELECTION. or become slave of military dictatorship forever.

    • ဆူး

      October 10, 2010 at 8:07 am

      အားလုံး နားလည်အောင် မြန်မာလို ရေးသင့်တယ်ထင်ပါတယ်။

  • leohero

    October 10, 2010 at 9:58 am

    ဟုတ်တယ် မြန်မာလိုရေးတားတဲ့ သတင်းတစ်ခုကို All Burmese friends,
    Please read this incidence …………. ဆိုပြီးအစချီပြီးရေးသေးတယ် ….. မြန်မာသူငယ်ချင်းများ ကျေးဇူးပြုပြီး …….. ထားပါ မြန်မာလူမျိုးတွေ အားလုံးကိုဖတ်စေချင်တယ်ဆိုရင် မြန်မာလိုပဲရေးပေးသင့်တယ် …..
    အပေါ်က ရေးထားတဲ့အတိုင်းဆို ဆရာမကရိုက်တယ်ဆိုတာ သူ့ကို မရိုသေဘူးထင်လို့ပါ … ဒါပေမယ့် အဲ့လောက်ထိရိုက်တာကတော့ ဆရာမရဲ့အမှားပါ ….. လက်ဖဝါးကိုထောင်လိုက်မယ်ဆို ကိုယ့်ဖက်ကနေကြည့်ရင်တော့ လက်ဖဝါးဖြစ်ပေမယ့် ကိုယ့်အရှေ့ကလူဖတ်ကကြည့်ရင်တော့ လက်ဖမိုးဆိုတာမျိုးပေါ့ …..

    • ဆူး

      October 10, 2010 at 10:21 am

      မျက်နှာ တည့်တည့် လာမှန်တဲ့ ဂဲကို မြင်ရင် ဘယ်လို လုပ်မလဲ.. သက်သက်ကြီး ဖန်တီးပြီး ရှောင်စရာတောင် မလိုဘူး.. အလိုလိုကို ပုံစံ တခုခုနဲ့ ရှောင်လိုက်မှာဘဲနော်.. ခေါင်းခေါက်တဲ့ လက် ရုတ်တရက် ဝင်လာလို့.. လက်ကာမိတာ.. အဆက်မပြတ် ခေါက်စရာ မလိုပါဘူး..
      ထားပါတော့လေ.. အတိတ်က အတိတ်ဘဲ.. မကျေနပ် ဒါတွေကို မေ့ထားတာတောင် ကြာပေါ့..

  • mG

    October 10, 2010 at 1:09 pm

    အင်း…။အဲ့ကျောင်းကို ကျွန်တော်သိတယ်။ကျွန်တော်တို့လည်း ဒီလိုပါပဲဗျာ။ပညာရေးနဲ့ ဒီလိုလုပ်မှုတွေနဲ့ ဘာမှမဆိုင်ဘူးဗျ။ကျွန်တော်ကျောင်းသားဘဝတုန်းကဆိုရင် ကျောင်းက ဆရာ၊ဆရာမ တွေဆိုရင်သိတယ်။ကျွန်တော့ကို မရိုက်နဲ့မအော်နဲ့ လုံးဝမကြိုက်ဘူး။စာနဲ့ပတ်သတ်လာရင်တော့ ကြိုက်သလိုပြောလို့ရတယ်။တနေ့ပေါ့……ကျွန်တော့ကို အင်္ဂလိပ်စာ ဆရာမကအကြောင်းမရှိ အကြောင်းရှာပြီးတော့သူ့ကျူရှင်က ကလေးတွေထက် အမှတ်တာသွားလို့ ကျွန်တော့ကို ရိုက်တယ်လေ။အရိုက်ခံရတဲ့ ပြစ်မှုက — ခုံအောက်မှာ အမှိုက်ရှိနေလို့တဲ့လေ……။အဲ့အချိန်မှာပဲ ကျွန်တော်ကလည်း ဆရာမကို ပြန်ပြီးတော့ တခွန်းပဲမေးလိုက်တယ်လေ…..။”ဆရာမ ကျွန်တော်ခုံအောက်မှာ အမှိုက်ရှိနေတဲ့ ပြသနာဟာ ဆရာမ ရဲ့စာသင်တဲ့နေရာမှာ စိတ်အနှောက်အယှက်ဖြစ်စေလို့လားဗျ။”လို့မေးလိုက်တော့ ဆရာမလည်း ဘယ်လိုဖြေရမှန်းကိုမသိတော့ဘူး။အဲ့မှာပဲ ကျွန်တော် ပြောပြီးတော့ ဆရာကြီးရုံးခန်းဆီကို တန်းတတ်သွားပြီး ဆရာကြီးကို ပြောတယ်။နောက်ဆုံး ဆရာကြီးကလည်း ဆရာမ ဘက်ကပဲပြောပေးတယ်။အမှန်ကိုမပြောဘူး။နောက်ဆုံး ပညာရေးဌာန ကိုစာသင်ပြီးတော့ မြက်မြင်သတ်သေတွေနဲ့ပါ ပေးတွေ့လိုက်တော့ ဆရာကြီးကော၊ဆရာမကော နှစ်ယောက်လုံး သူ့တို့ဆရာဆိုတဲ့ သင်ကြားခွင့် အမိန့်ကို နယ်ပိ်ု့ခံလိုက်ရတယ်။
    မှတ်ချက် ။ ။ ကျွန်တော်တို့လို ကျောင်းသား၊သူ တွေကကျွဲတွေ။နွားတွေ မဟုတ်ဘူးဗျ။လူတွေ လူတွေဗျ။88ရဲ့ကျောင်းသားတွေရဲ့ ချမှတ်ခဲ့တဲ့

    ပညာရေးစည်းမျဉ်းတွေဟာပညာရေးကို အထောက်အပံဖြစ်စေခဲ့တယ်။အရမ်းသဘောကျတယ်။ကျောင်းသား ၊ ဆရာ ညှင်းပန်းမှုတွေ မရှိခဲ့ဘူး။
    စေတနာနဲ့ပညာရေးကို ကိုယ်ကြိုးမငဲ့တင်ကြားပေးခဲ့တဲ့ ဆရာတွေ ပေါ်ပေါက်ခဲ့တယ်။အခုတော့ဗျာ……..။

  • paukpauk

    October 10, 2010 at 1:33 pm

    မတရားတာကို ငုံ့မခံတတ်တာ မှ သတ်တိပါတဲ့။ (computer ကလက်ကွက် နှိပ်မတတ်လို့ပါ။)
    အဲဒါဖြစ်ရပ်မှန်ဆိုရင် ဆူးက တစ်ချိန်မှာ ထူးချွန်ထက်မြက်မဲ့သူ ပါပဲ။
    ဒါတွေဟာ အရင်တုန်းကဆိုရင် လုံးဝ မကြားဖူးခဲ့တဲ့ အရာတွေပါ။
    ကလေးဘဝက ထိခိုက်ခဲ့တဲ့နာကျည်းချက်တွေ ကို ကိုယ့်ရဲ့ အားနည်းချက်အဖြစ် မခံပါနဲ့။
    လောကကြီးကိုလဲ နာကျဉ်စရာမလိုဘူး။
    ကျောင်းသားလောက်မှ ခေါင်းမပြည့်တဲ့ဆရာ တွေ တစ်ခါတစ်ရံ ရှိနေတတ်ပါတယ်။
    ဒါမျိုး များများတင်ပြရဲရမယ်။
    ချေမှုန်းပစ်ရမယ်။
    အရွဲ့တိုက်တဲ့စိတ် အဝင်မခံဘို့ပဲ အရေးကြီးတယ်။

  • zayarsan

    October 10, 2010 at 2:17 pm

    ta choe kate sa tawe..ko.
    ah paw ko …pyan p: tine ma nay nae..bya..
    sar tin tar tawe …bar tawe lae..ma lote nae..
    Chaung p: tot thar …yite…
    say: yone ka…sin lar yin…htet p: yite…
    naut ta kot sin lar yin…naut ta khar yite.
    ah dar ah kg sone pae…

  • unclegyi1974

    October 10, 2010 at 3:04 pm

    မြင်ရတဲ့ကျောင်းကနာမည်ကြီးကျောင်းပါဘဲ ဆရာကြီးကဆရာမဘက်ကလိုက်တာကလဲ မထူးဆန်းပါ
    ဘူး ။ မြန်မာနိုင်ငံမှာကဆရာဆိုရင် မိဘ လိုဘဲသဘောထားတဲ့ဓလေ့က ဟိုးအရင်ကတည်းက
    အမြစ်တွယ်နေတာပါ ကောင်းတဲ့ဆရာ ဆရာပီသတဲ့ဆရာတွေလဲ အများကြီးပါ
    အခုလိုဆရာတွေလဲနေရာတိုင်းရှိပါတယ် အခုလိုဆရာတွေကြောင့်ကျန်တဲ့ဆရာတွေရောနာမည်ပျက်
    ရပါတယ်
    စေတနာ ဝါသနာပါပြီးလုပ်တဲ့ဆရာ
    ငွေကြောင့်လုပ်တဲ့ဆရာ
    ကွာသွားတာနေမှာပါ

  • Gong Zhu

    October 10, 2010 at 6:16 pm

    အဲ့ဒီ ဆရာမက အတန်းပိုင် သူ့နာမည်က ဒေါ်ဒေစီ** ကျောင်းသားတစ်ယောက်က သူ့ကို မကြားတစ်ကြားနဲ့ ဒေစီကျော်လင်း လို့ခေါ်လို့ဆိုပြီး ၁၅ ချက်ရိုက်ထည့်လိုက်တယ်တဲ့ … ရိုက်ခံရတဲ့ကောင်လေးက နည်းနည်းနွဲ့တယ် …

  • bigcat

    October 11, 2010 at 2:26 am

    အများသောအားဖြင့်က ဆရာမတွေက အိမ်မှာအဆင်မပြေခဲ့ကြတာကို ကျောင်းလည်းရောက်ရော အချိုးမပြေတဲ့ကျောင်းသား (ဘယ်သူ့ကိုယ်မှ မရည်ရွယ်ပါ။ကျနော်ကိုယ်တိုင် ငဆိုးတကောင်ဖြစ်ခဲ့ပါသည်) ကြည့်မရတဲ့ကျောင်းသား အပေါ်ကို မသိစိတ်ကနေ ပုံချတတ်လိုက်ကြတယ်။ ရတဲ့လခကနဲ ၊ ပညာရေးစနစ်က ခေတ်နောက်ကျဆိုတော့ ကျောင်းသားတွေ အပေါ်နိုင်ထက် စီးနင်းလုပ်မိတတ်ကြတယ်။ အကယ်၍ အဲဒီဆရာမသာ ခဏခဏ ကျောင်းသားတွေအပေါ် မဆူးကိုလုပ်သလိုမျိုး နိုင်ထက်စီးနင်းလုပ်တယ် ဆိုရင်တော့ ဆရာမကို စုံစမ်းအရေးယူသင့်ပါတယ်။ ဒါမှမဟုတ်ဘဲ တကြိမ်တခါ ဖြစ်တာမျိုးဆိုရင်တော့ ဝန်နှင့်အား မမျှအောင် ဖန်တီးထားတဲ့ ပညာရေးစနစ် ကိုပဲအပြစ်တင်ဖို့သာရှိပါတယ်။ မဆူးစာအရကတော့ ဆရာမအလွန်ပါ။

    ဒါ့ထက်ပို အရေးကြီးတာကတော့ ကျနော်တို့ဒီမိုကရေစီ ဘက်တော်သားတွေဟာ မဆူးလို သတ္တိရှိ မဟုတ်မခံ ရဲဝံ့တဲ့လူမျိုး၊ အထူးသဖြင် မျိုးဆက်သစ် မိန်းခလေးမျိုးကို ဒေါ်စုမရှိတော့ရင် အစားထိုးဖို့ လိုက်ရှာနေတာ ကြာပါပြီ။ အခုတော့တွေ့ပါပြီခင်ဗျား။ ဒါမှဒို့ အန်တီဆူးကွ၊ း)

    • ဆူး

      October 11, 2010 at 2:38 am

      ဆရာမက တစ်ကြိမ်တခါမှားတာဘဲ ဖြစ်ပါလိမ့်မယ်.. သတ္တိဆိုတာ နေရာ တကာ ထားတိုင်းမကောင်းဘူး.. ငယ်ငယ်တည်း တခါတခါ ခေါင်းထောင်ထလာတတ်တဲ့ သတိ္တ ခဏခဏ ချိုးနိမ့်ခံရလို့.. ခေါင်းတောင် မထောင်နိုင်တော့ဘူး.. အမြစ်ပြတ်သုတ်သင်ခံရလို့..

  • ဆူး

    October 11, 2010 at 3:04 am

    ဆရာကြီးနဲ့ ဆရာ ဆိုလို့.. ၁ဝတန်း ဖြေပြီးတော့. တက္ကသိုလ်ကျောင်းကြီးက ရူပဗေဒ အဆောင်မှာ EC ဆိုတဲ့ အတန်းလေး ဖွင့်လို့.. အဲဒီကျောင်းကြီးမှာ တက်ချင်တာနဲ့.. သွားတက်တယ်.. level 3 အထိရှိတာ level 1 စစတက်ချင်းမှာ.. ပြသနာ က စတာဘဲ.. အဲဒီ ကျောင်းက အခပေး ဖွင့်တဲ့ အတွက် ဆရာတွေက အောက်ဆိုက်အနေနဲ့ ခွဲဝေယူကြတယ်။ အတန်းတွေကလည်း များပါ့.. ဦး** ဆိုတဲ့ ဆရာ အသားမဲမဲ ဟိန္ဒူ မျိုးနွယ်ထင်ပါရဲ့.. အဲဒီ ဆရာက အတန်းတွေကို တချိန်တည်းမှာ ၂ချိန် ၃ချိန်ယူထားတယ်.. တခြားဆရာတွေက နောက်ပေါက် သူ့တပည့်ဆိုတော့.. ဘာမှ အသံမထွက်ရဲဘူး.. သူကိုယ်တိုင်ကလည်း စာသင်ရင် ခဏခဏ စာမေးတော့.. အားလုံးက ကြောက်ကြတယ်။ ဖြစ်ချင်တော့ ကွန်ပြူတာ ချိန်တချိန်မှာ.. ဆရာမ ပေါက်စ တယောက်က စာသင်တယ်.. ကွန်ပြူတာ အခန်းက ကျယ်ကျယ်.. သူပြောတာ ထိုင်ရတဲ့ နေရာနဲ့ မကြားရတော့.. ဆရာမ မမှီတော့ဘူး.. ဘာပြောလိုက်တာလဲ.. နဲနဲ ပြန်ပြောပြပေးပါဆိုတော့.. ဆရာမက သူ့ကို ပညာစမ်းတယ်များ ထင်သလားတော့ မသိဘူး.. ပြန်လည်း မရှင်းပြဘူး.. မထွက်တဲ့ အသံ.. အဲလို မေးလိုက်မှ.. အော်ကြီးဟစ်ကျယ်နဲ့.. လူလို ပြောတာပြီး လူလို သင်နေတာ နားမလည်ဘူးလား ဘာလားဆိုပြီး ထအော်ကော်.. ကောင်းကောင်းမေးတာ မဖြေဘဲ ထအော်တော့.. လူဘဲ ဒေါသက ရှိတာပေါ့.. ဒီတော့.. စိတ်တိုပြီး ကွန်ပြူတာ ခုံက ထပြီး ပါမောက္ခရုံးခန်းကို ချက်ချင်းသွားလိုက်တယ်.. ဆရာကြီး သမီး တိုင်စရာရှိလို့ပါ ဆိုကော.. မပြောနဲ့.. ငါပြောမယ်.. ဆရာကြီးက ဘာမှ မမေးဘူး မင်းကတိုင်ရအောင်.. မင်းဘယ်အတန်းကလဲ မင်းလို မိန်းကလေး က ဆရာကို တိုင်တယ်ဘာညာ ဆိုပြီး ဆူကောမင်းလို ကျောင်းသူကို ငါနောက်နှစ်အတွက် မထားဘူး ကျောင်းထုတ်မယ် အဲလိုပြောတယ်.. ၁ဝမိနစ်လောက် သူဆူတာ ခံလိုက်ရတယ်.. သူစကားပြောလည်း ရပ်ကော.. ဆရာကြီး ပြောလို့ ပြီးပြီလား.. ဒါဆို သမီး ပြောမဲ့ ကိစ္စ မပြောရသေးဘူး သမီးပြောလို့ရပြိလား ဆိုပြီး မေးတော့.. အေးပြော.. ဒီတော့.. ဒီလိုရှိတယ် စာမေးတာ မဖြေဘဲ လူလိုပြောတာ နားမလည်ဘူးလား ဆိုပြိး ပြောတယ်.. ဒီစကား ဘယ်အထိ သက်ရောက်သလဲ ဆရာသိပါတယ်။ ဟေ.. ကျောင်းသား မေးတာ ပြန်ဖြေရမှာ ဆရာတာဝန်လေ.. အေး.. ငါကြည့်လုပ်မယ် ဆိုပြီး သွားခိုင်းလိုက်တယ်.. ဘာမှ တော့ထူးမလာဘူး.. ထူးတာကတော့.. အတန်းထဲက ထွက်သွားတော့ ဆရာမက ကြောက်ကြောက်တဲ့ အတန်းကို တာဝန်ယူရတဲ့ ဦး** ကိုသွားခေါ်တယ်.. အမှန်တော့ ဆရာမက ဦး** ရဲ့ တပည့် သူက ၁ချိန်မှာ ၂ခန်း တာဝန်ယူထားလို့.. တခန်းကို တပည့်နဲ့ လွဲထားတာ.. ဆရာကြီးသွားတိုင်တော့.. ၂ခန်း ယူတာ သိကုန်မှာပေါ့.. အဲဒါ ပြသနာ တက်တော့မှာလေ.. ဆရာမက သူဆရာကို ပြေးသွားပြော..ဦး** က ရောက်လာ.. တယ်. အဲဒီ အချိန်မှာ ဆူး အတန်းထဲ ပြန်ရောက်နေပြီ …. အခြား သူ့ တပည့် ဆရာမ နှစ်ယောက်ကို တာဝန်ပေးလိုက်တယ်.. ဆရာကြီးက ခေါ်ခိုင်းတယ် ပုံစံမျိုးနဲ့.. လာခေါ်ခိုင်းတယ် တကယ်ခေါ်ခိုင်းတာ ထင်နေတာ.. သူခေါ်သွားတာက ဆရာကြီး ရုံးခန်းနဲ့ တခြား ခပ်လှမ်းလှမ်းကို.. အခန်းတခန်းကို ဖွင့်ပြီး ထိုင်စောင့်ခိုင်းတယ်.. စောင့်နေရင်းနဲ့ မသင်္ကာတာနဲ့.. ပြန်တော့မယ် လာလည်း မလာဘူးဆိုပြီး အတန်းကို ပြန်တော့.. အတန်းက ပြီးလို့ သူငယ်ချင်းတွေ မျက်နှာ ဇီးရွက်လောက်နဲ့ ထွက်လာတယ်.. သူငယ်ချင်းတွေကတော့ တချို့ တဝက်စကား ပြန်ပြောပြတယ်.. ဦး** ဆိုတဲ့ ဆရာ အတန်းထဲ ကို ရောက်လာပြီး နင့်မကောင်းကြောင်းနဲ့..ဆရာကို ပြန်တိုင်တဲ့ တပည့်ဆိုပြီး စိန်ခေါ်သွားတယ်.. အားလုံးကို ပတ်ဆဲသွားတယ်တဲ့.. ပြန်ပြောပြီး သတင်း ပြန့်ရင် တတန်းလုံး အသေသတ်မယ် ဆိုတဲ့ ပုံစံမျိုး.. အားလုံးက ကြောက်ပြီး တုန်နေကြတယ်.. အမှန်တော့.. တခြားကို ခေါ်ထုတ်ပြီး ဒီစကားပြောတာ တော်တော် သတ္တိနည်းတယ်လို့ ထင်တာဘဲ.. ဘာပဲ ပြောပြော.. ဒီအကြောင်းတွေ အမှန်ဖြစ်လည်း အရှုန်းနဲ့ ရင်ဆိုင်ခဲ့ရတာဘဲ.. ဒီကိစ္စကိုလေ မေ့တောင် မေ့နေတာ.. သင်တန်းပြီးတည်းက မတွေ့တဲ့ သူငယ်ချင်းက ပြန်တွေ့တော့ သူတို့ စိတ်ထဲမှာ အမှတ်တရနဲ့ အဲဒီ ဆရာဆိုပြီး နာမည်ပြောလို့ သတိရတာနဲ့ ဒီပိုစ်တင်လို့ သူငယ်ချင်းတွေ အားပေးလို့ ရေးပေးလိုက်တယ်။ သူငယ်ချင်းတွေ ကြားထဲမှာတော့ ချီးကျူးခံလိုက် ရတာတော့ အမှန်ဘဲ.. နင်တယောက်ဘဲ သတ္တိရှိရှိနဲ့ ပါမောက္ခ ရုံးခန်းမှာ တိုင်ရဲတယ်တဲ့.. အဲဒီ ဆရာကြီးက သူကို တိုင်မယ်ဆို သူဆူတာ အရင်ခံနေရတာနဲ့.. ဘယ်သူမှ မတိုင်တော့ဘူး.. စိတ်ညစ်လွန်လို့..

  • eros

    October 11, 2010 at 6:07 am

    ခက်တယ် ခက်တယ်။ ပြောရရင် ပြောလိမ့်မယ်လူငယ်တွေက ရိုင်းလို့။ ရိုသေစရာကောင်းအောင်နေကပိုကောင်းပါလိမ့်မည်။

Leave a Reply