အင်တာနက်သုံးနိုင်မည့် ကျပ်ငါးသိန်းဖုန်း လျှောက်နိုင်ပြီ

ဂ်စ္စူOctober 31, 20101min1402

အင်တာနက်သုံးစွဲနိုင်မည့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို ယခုလ ၂၃ ရက်မှစတင်၍ နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများသည် ဝ၆ရ နံပါတ်ဖြင့် စတင်သည့်ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့သုံးမြို့လုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။ “ဒီဖုန်းတွေက EVDO စနစ်နဲ့ Data service ကိုသုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော်အတွင်းမှာပဲ ဒါကိုသုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေစမ်းတုန်း၊ ပစ္စည်းတွေတပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှပဲ Data service ကိုသုံးလို့ရမယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ထိုဖုန်းများတွင် အင်တာနက်ချိတ်ဆက်သုံးစွဲလိုသူများအနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ကနဦးမှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀ဝ နှင့် အင်တာနက်သုံးစွဲခအတွက် တစ်မိနစ်လျှင် ၁ဝ ကျပ်နှုန်းပေးဆောင်ရမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို ပြည်ပနိုင်ငံများသို့ သယ်ဆောင်သုံးစွဲနိုင်ရေးအတွက် ပြည်ပ Telecomm Operator များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။ စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို လက်ရှိတွင်ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများတွင် သုံးစွဲလျက်ရှိကြောင်းသိရသည်။ ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို ဇန်နဝါရီ ၄ ရက်မှစတင်ခါ အများပြည်သူသို့ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီး လက်ရှိတွင် ဖုန်းအလုံးရေ
၁၅၀,၀၀ဝ ခန့်ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ရေးသားသူ – ကျော်ဇင်ထွန်း @ELEVEN MEDIA

2 comments

  • ဆူး

    October 31, 2010 at 7:51 am

    network error & problem loading page အတွက် refresh F5 တလုံး အပိုင်သုံး.. မလွဲဧကန်.. ပိုက်ချံတွေတော့ တော်တော် ကုန်မှာဘဲ..

  • naywoonni

    November 1, 2010 at 4:31 pm

    (network error & problem loading page အတွက် refresh F5 တလုံး အပိုင်သုံး.. မလွဲဧကန်.. ပိုက်ချံတွေတော့ တော်တော် ကုန်မှာဘဲ..)ဟုတ်ပါ့မဆူးရေ
    ဒီအတိုင်းဆိုင်မှာသုံးနေရတာပဲကောင်းမယ်ထင်တယ်
    တစ်ဆိုင်မကောင်းရင်တစ်ဆိုင်ပြောင်းလို့ရသေးတယ်။ဟိုဟာကြီးဝယ်ပြီးမှဆိုပြန်ရောင်းရင်လဲရမှာမဟုတ်ဘူး
    ကိုယ့်ဆီမှာသောင်တင်နေရင်………………..

Leave a Reply