ခေတ်ဘုန်းကြီး
ပြောခဲ့သလိုပဲ၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေအပေါ်မှာ
အခုဆယ်စုနှစ်အတောအတွင်း ရိုသေမှုတွေ
အတော်လေး လျော့ရဲလာတာ တွေ့ရတယ်။
ဘုန်းကြီးတွေကို မရိုမသေဆက်ဆံလာပြီး မရိုမသေလုပ်လာကြပြီ။
ဘုန်းကြီးတွေကို မရိုမသေလုပ်တာဟာ သံဃာတော်တွေကို
မရိုမသေလုပ်တာပါဘဲ။
သံဃာတော်တွေကို မရိုမသေလုပ်တာဟာ
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု အားနည်းလာလို့ဘဲ။
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု မရှိတော့လို့ပါဘဲ။
သံဃာတော်တွေအပေါ်မှာ အားကိုးယုံကြည်မှု မရှိတော့တာဟာ
သံဃာ့သရဏဂုံမရှိတော့တာပါဘဲ။
သံဃာသရဏဂုံမရှိရင် ဓမ္မ (တရား) သရဏဂုံ
ဘယ်လိုလုပ် ရေရှည် တည်တံ့နိုင်တော့မလဲ။
ဓမ္မ (တရားတော်တွေ) ကို သံဃာတော်တွေကပဲ တည်တံ့အောင်
ထိန်းသိမ်းစောင့်ရှောက်နေရတာမို့လား။
ဓမ္မသရဏဂုံမရှိတော့ဘူးဆိုရင် ဗုဒ္ဓသရဏဂုံလဲ ကွယ်ပြီပေါ့။
ဆိုတော့ သရဏဂုံသုံးပါးလုံး ပျောက်ကွယ်သွားပြီပေါ့။
ဒီလို သရဏဂုံသုံးပါးပျောက်ကွယ်ရင် ဗုဒ္ဓဘာသာပျောက်ကွယ်တာပါဘဲ။
သရဏဂုံသုံးပါးပျောက်ကွယ်နေတဲ့နေရာကို
ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်တို့နေရာလို့ ခေါ်နိုင်မလဲ။
သရဏဂုံသုံးပါးမရှိတဲ့နိုင်ငံကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာနိုင်ငံလို့ခေါ်နိုင်မလဲ။
လောလောဆယ်အခြေအနေအထိတော့
အင်္ဂလိပ်လိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာရော
မြန်မာလိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာပါ
ထေရဝါဒဗုဒ္ဓဘာသာကို လက်ခံထားသောနိုင်ငံပေါင်း
သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအိုလို့ ငါးနိုင်ငံရှိကြောင့်းဖတ်ရတယ်။
ဒါပေမဲ့
ဒို့နိုင်ငံ ဒီလိုသာရှေ့ဆက်သွားရင် မဝေးတော့တဲ့အနာဂတ်မှာ
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ရမှာ မဟုတ်တော့ပါဘူး။
တနည်းအားဖြင့် ဒို့နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံစာရင်းက အဖြုတ်ခံရတော့မှာ သေချာတယ်။
ဘာဖြစ်လို့လဲ၊
အထက်က ပြောခဲ့သလို ရဟန်းသံဃာတောတွေနဲ့ လူတွေအကြား
အညမညဂါရဝလို့ခေါ်တဲ့ အချင်းချင်းလေးစားမှုတွေ
တဖြေးဖြေးနည်းသထက်နည်းလာလို့ပါ။
ဒီလိုအချင်းချင်းလေးစားမှုတွေနည်းပါးလာတာကလဲ
နှစ်ဦးနှစ်ဘက်မှာ အားနည်းမှုတွေ ရှိနေလို့ဘဲ။
ဟိုးရှေးယခင်တုန်းကတော့ ရဟန်းသံဃာတော်တွေဟာ
လူတွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်ခဲ့တယ်။
စားတာ၊ သွားတာ၊ နေတာ၊ ထိုင်တာ၊
လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာရေး စတာတွေမှာ
ရဟန်းသံဃာတော်တွေက ရှေ့က ဦးဆောင်နိုင်ခဲ့တယ်။
အခုခေတ်ကျတော့ ပြောင်ပြန်ဖြစ်သွားပြီ။
အကိုးကွယ်ခံ ရဟန်းသံဃာများက နောက်လိုက်ဖြစ်ကုန်ပြီ။
ကိုးကွယ်ကြတဲ့ လူများက ရှေ့ဆောင်တွေ ဖြစ်ကုန်ပြီ။
ဆရာ၊ ဒကာ မဟုတ်တော့ဘဲ ဒကာ၊ ဆရာဖြစ်ကုန်ပြီ။
ဒီလိုဖြစ်သွားရခြင်းရဲ့ တစ်ခုသောအကြောင်းက
ဆရာဖြစ်တဲ့ရဟန်းသံဃာတော်များက
ခေတ်နဲ့အညီ မလိုက်နိုင်လို့။
မေးစရာရှိလာတယ်။
ရဟန်းသံဃာတော်ဖြစ်ပြီး ခေတ်နဲ့အမှီလိုက်စရာ လိုလို့လား။
ဒီမေးခွန်းမှာ အဖြေ (၂) မျိုးရှိပါတယ်။
နံပါတ် (၁) အဖြေက
တကယ်တမ်း နိဗ္ဗာန်လိုချင်လို့ ဝတ်လာပြီး နိဗ္ဗာန်သို့ ရှေးရှု
နိဗ္ဗာန်အတွက် တစိုက်မတ်မတ် ကျင့်နေသူအဖို့
ခေတ်အကြောင်းသိဘို့မလို၊ ခေတ်မှီဘို့ မလိုပါဘူး။
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့အရေးတွေဟာ
သူနဲ့မဆိုင်ပါဘူး။ သူနဲ့ဆိုင်တာ နိဗ္ဗာန်ပဲရှိတယ်။
ဒီအတွက် သူသိရမှာက သူ့ရုပ်နဲ့ သူ့နာမ်ကိုပါ။
ဒီလိုသိပြီး သူ့ရုပ်နဲ့
သူ့နာမ်တို့ရဲ့ မမြဲမှုသဘော၊ ဆင်းရဲဖောက်ပြန်မှုသဘော၊ အစိုးမရတဲ့သဘောတွေကို
ဆင်ခြင်နှလုံးသွင်း ရှုမှတ်ပွါးများနေရုံသာဖြစ်တယ်။
နံပါတ် (၂) အဖြေက
ရဟန်းသံဃာတော့ ရဟန်းသံဃာပဲ။
ဒါပေမဲ့ သူ့ရဲ့ ပါရမီ မရင့်ကျက်သေးလို့ပဲပြောမလား။
လူကြားထဲမှာ သူလိုကိုယ်လိုနေနေသူအဖို့တော့
ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့၊ ခေတ်အကြောင်းသိဘို့လိုတယ်။
လူကြားထဲမှာ သူလိုကိုယ်လိုနေသူဆိုတာ
သံဃာ့နာယကဥက္ကဋ္ဌ ရာထူးလိုချင်တဲ့၊ ဘွဲ့ရချင်တဲ့၊ ကားလိုချင်တဲ့၊ တီဗွီလိုချင်တဲ့
စတာ စတာတွေကို လိုချင်တဲ့
မိမိအပါအဝင် ယေဘုယျရဟန်းသံဃာတော်တွေကို ဆိုလိုတာပါ။
ဒီလိုရဟန်းသံဃာတော်များဟာ
ခေတ်စနစ်အခြေအနေကို သိရပါမယ်။
ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်အကြောင်းမသိရင်
ခေတ်လူတွေအကြောင်းမသိရင်
အကိုးကွယ်ခံဖြစ်တဲ့ ခေတ်အကြောင်းမသိတဲ့
ထိုသို့သောရဟန်းသံဃာတော်တွေကို
ဘယ်လိုလုပ် ကိုးကွယ်ချင်ပါ့မလဲ။ လေးစားချင်ပါ့မလဲ။
ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်လူတွေကို ဦးမဆောင်နိုင်ရင်
ထိုခေတ်လူတွေက ဘယ်လိုလုပ် လေးစားမလဲ။ ကိုးကွယ်မလဲ။
လူတွေသုံးတဲ့ခေတ်အသုံးအဆောင်ကိုကျတော့ အကုန်လိုက်သုံးချင်ပြီး
လူတွေလောက်မှ အသိဉာဏ်မရှိရင်၊
လူတွေလောက်မှ စားတာ၊ သွားတာ ပြောတာ စသည်တို့မှာ အဆင့်အတန်းမရှိရင်
ဘယ်လိုလုပ် ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ချင်မလဲ။
ဘုန်းကြီးတွေ့ရင် ဦးသုံးကြိမ်ချဆိုလို့သာ ချလိုက်ရတယ်။
ဦးချရသူအဖို့ ဘယ်လိုလုပ်အားပါမလဲ။
ဘယ်လိုလုပ်အရသာရှိမလဲ။
ဦးချသူ အားပါဘို့၊ ဦးချသူ အရသာရှိဘို့
လူတွေကြားထဲမှာနေနေတဲ့ ဒို့တတွေ (ရဟန်းသံဃာတော်တွေ)
အစစအရာရာအသိရှိဘို့လိုပြီ။ ခေတ်အကြောင်းသိဘို့လိုပြီ။
ခေတ်မှီဘို့လိုပြီ။
ဒီလိုမှ မဟုတ်ရင်ဖြင့် ရဟန်းသံဃာတော်တွေ
နိုင်ငံရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
စီးပွါးရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
လူမှုရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
ဘာသာရေးသမား (ဂေါပက) ကလဲ အသုံးချတာ ခံရပါလိမ့်မယ်လို့ ဆိုချင်ပါကြောင်း။
12 comments
search123
January 20, 2011 at 3:23 am
ရဟန်းသံဃာတော်တွေအနေနဲ့လည်း ဝိနည်းကိုစောင့်ထိန်းမှုတော်တော် အားနည်းလာတာတွေ့ရပါတယ်ဘုရား။
လက်ဖက်ရည်ဆိုင်မှာဘောလုံးပွဲလောင်း၊နှစ်လုံး၊သုံးလုံးထိုး နေကြတဲ့ ရဟန်းသံဃာတွေ အများကြီးပါပဲဘုရား။
ဒါ့အပြင် ဆွေမျိုးထဲကတစ်ယောက်ကျောင်းထိုင်ဆရာတော်ဖြစ်တော့။တစ်မျိုးလုံးနီးပါး ဘုန်းကြီးကျောင်းမှာနေထိုင်၊စားသောက်ကြတာတွေ လည်းတွေ့ရပါတယ်။
အမျိုးသမီး အသုံးအဆောင်တွေပါ ဘုန်းကြီးကျောင်းထဲလှန်းတာတွေ့ရတာ။
တော်တော်ကို အမြင်မတင့်တယ်စရာ ကိစ္စတွေပါဘုရား။
ashinindaka
January 20, 2011 at 4:21 am
ဟုတ်တယ်ဒကာရေ။ တခြားနိုင်ငံက ဗုဒ္ဓဘာသာကျောင်းတွေမှာတော့ ဒီလိုမျိုး မတွေ့ခဲ့ရဘူး။ အတော်အားနည်းနေသေးတာပဲ။ ပြုပြင်စရာတွေချည်းပါဘဲ။
ဂျေ ဂျူ ဝိုင်
January 20, 2011 at 1:50 pm
search123 နှင့် ဆရာတော်ရေ… အမျိုးမျိုးရှိပါတယ်။ အကြောင်းတွေပေါ့။ အကြောင်းရင်းကို မသိဘဲနဲ့ ကိုယ်ထင်တာကို ဆွဲတွေး ဆွဲပြောတာဟာ မကောင်းပါဘူး။
bigcat
January 20, 2011 at 5:02 am
လွန်စွာသင့်မြတ်လှပါ၏ ဆရာတော်ဘုရား။ တပည့်တော် နည်းနည်းထပ်ကွန့်ချင်တာက ဗုဒ္ဓဘာသာရဲ့ အသက်သည် တရားတော်၊ အဲသည့်တရားတော်မှာလည်း သစ္စာလေးပါးသည်သာ တခြားဘာသာများနဲ့ ကွဲပြားမှုကိုပြနိုင်လို့ ပြီးတော့ကျင့်ကြံအားထုတ်မှသာလျင် ပြောလို့မရသော အမေးများသံသယများကို ဖြေရှင်းနိုင်လို့ ရုပ်ဝတ္ထုထွန်းကား လက်တွေ့ဆန်လွန်းသော ယနေ့ခေတ်မှာ ပဋိုပတ္တိသာသနာကို အားပြုသင့်ကြောင်း လျောက်ထားလိုက်ပါရစေ။ တရားမပေါက်တောင် သမာဓိတည်သွားခဲ့ရင် စိတ်အလုပ်ဆိုတာကို သဘောပေါက်ပြီး စပ်စပ်ရာ သီလ သမာဓိ ပညာ အဓိပ္ပါယ်ကို အကြမ်းမျဉ်း သိသွားနိုင်တာမို့ပါ။
ashinindaka
January 20, 2011 at 6:30 am
ဒကာကြောင်ကြီးထပ်လောင်းပြောကြားချက်များလဲ လျော်ကန်လှပါကြောင်း။
etone
January 20, 2011 at 6:53 am
အရှင်ဘုရား .. သံဃာတော်များ ညစာစားတာ ဘယ်လို အပြစ်မျိုး သက်ရောက်တတ်လဲ ဖြေကြားပေးပါ ။ မနေ့က ညဘက် ဆယ်နာရီခွဲလောက်မှာ ဗဟိုလမ်းပေါ်က သူဌေးမင်းလ္ဘက်ရည်ဆိုင်မှာ အသက် ၂၅ နှစ်ခန့် သံဃာသုံးပါး ကြာဇံကြော် ၊ အစိမ်းကြော် များစားနေတာ တွေ့ခဲ့ရလို့ပါ ။ ( အတူပါတဲ့ သူငယ်ချင်းက ဒီအကြောင်း မဖွဖို့ တားသော်လည်း မနေနိုင်သဖြင့် မေးလျှောက်ရခြင်း ဖြစ်ပါတယ် ) ။ မြင်မြင်ရချင်း တပည့်မတော်ကိုယ်တိုင် သံဃာတော်အပေါ်ထားသော အကြည်ညို နည်းနည်းတိမ်းသွားသလို ဖြစ်မိပါတယ်။
ကိုယ်တွေ့ဖြစ်ရပ်တစ်ခု တစ်ခါတည်း လျှောက်တင်ပါတယ် အရှင်ဘုရား ..ညစ်ညမ်းဗီဒီယိုခွေလာဝယ်၊ ကြည့်လျှင်ရော ဝတ်နည်းတော်နှင့်ညီပါသလား ။
bigcat
January 20, 2011 at 7:03 am
နောက်တခါတွေ့ရင် ဓါတ်ပုံခိုးရိုက်ထား အီးတုံးရေ။ အဲဒါတကဲ့သတင်းပဲ။ သဂျီးမင်း ကောင်းကောင်းဆုချ လိမ့်မယ်။ ရွာထဲမှာ ဒါမျိုးဆို ဆွမ်းကြီးဝိုင်းလောင်းဖို့ စောင့်နေတာ တသိန်းလောက်ရှိတယ်ထင်ပါ့။
ashinindaka
January 20, 2011 at 7:22 am
အင်း။ ဘုန်းကြီးတွေ ညစာစားတာ ဘာညာသာရကာကြည့်တာ ဝိနည်းအရ အပြစ်ကြီးမဟုတ်ပါဘူး။
ဒါပေမဲ့ အတော့ကို အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဘုရားရှင်က ကိုယ်နေတဲ့ပတ်ဝန်းကျင်က society က လက်မခံတဲ့လုပ်ရပ်မျိုးကို သူ့ရဲ့ တပည့်ရဟန်းတော်တွေကို လုပ်ခွင့်မပေးဘူး။ ဒီလိုလုပ်ခွင့်မပေးတာကလဲ သဘာဝကျပါတယ်။ ရဟန်းဆိုတာ အနီးနားပတ်ဝန်းကျင်က လူတွေကို မှီခိုနေရတာဆိုတော့ သူတို့ ကြိုက်မှ သဘောကျမှ ဆွမ်းခံလို့ရမှာ စားရမှာမို့လား။ ဘုရားရှင်ရဲ့ စာသားအတိုင်းပြောရရင် ရဟန်းတော်တွေဟာ အပ္ပသန္နာနံ ပသာဒါယ ၊ ပသန္နာနံ ဘိယျောဘာဝါယ –
မကြည်ညိုသေးတဲ့သူ ကြည်ညိုအောင်၊ ကြည်ညိုပြီးသားသူတွေ ပိုပြီး သဒ္ဓါတရားတိုးပါွးလာအောင် ကျင့်ကြံနေထိုင်ရမယ်တဲ့။ ဒါ့ကြောင့် အီးတုံးတွေ့ခဲ့တဲ့ ဦးဇင်းလေးတွေ လုပ်ရပ် မသင့်တော်ဘူးလို့ပဲ ပြောပါရစေ။ ဒါပေမဲ့ အရွယ်ကငယ်သေးတော့ သင့်တော်၏ မသင့်တော်၏ မစဉ်းစားတတ်တာလဲ ပါမယ်ထင်ပါတယ်။ စာတစ်ပုဒ်ဖတ်လိုက်လို့ အဆုံးအမ တစ်ခုရလိုက်လို့ သူတို့လေးတွေ စိတ်ပြောင်းသွားပြီး ပရိယတ်စာပေကို ကြိုးစားကျက်မှတ်ရင် ပိဋကတ်သုံးပုံအောင်ဆရာတော်ကြီးဖြစ်သွားနိုင်သလို ပဋိပတ်တရားကျင့်မယ်ဆိုရင် အရိယာသူတော်စဉ်ကြီးလဲ ဖြစ်သွားနိုင်ပါသေးတယ်။ အသင့်အတင့်နှလုံးသွင်းကြည့်တာပေါ့။
အာဖျံ ကွီး
January 20, 2011 at 7:23 am
အာဖျံကွီးတို.ကတော့ ညစ်ညမ်းခွေကြည့်တဲ့ ရဟန်းကိုလဲ အသာမနေပဲ လူတကာသိအောင် ဆော်ပီးတော့ ရဟန်းတော်တို.ရဲ.လုပ်သင့်လုပ်အပ်သောအရာတွေကို လုပ်နေတဲ့ ရဟန်းတော်တွေကိုလဲ ရှိခိုးပူဇော်မရ်။ ဒါပဲ။
Tettoe Aung
January 20, 2011 at 9:42 am
It’s a ‘catch 22’ situation. Because the Sangha is becoming laxed in their ‘vinaya’; laymen do not have much respect as they should. But as ‘Ashin Zanaka Vivumsa’ said, the real Buddha will be overshadowed by the ‘image’; the Dhamma will be overshadowed by ‘preaching Dhamma’; and Sangha (Ariya Sangha) will be overshadowed by Samudhi Sangha (or Phonegyi). It is not in this era even in the times when Buddha was alive there were those who joined the Sangha for the sake of privileges rather than to attain ‘Nibbana’. It is more than 2500 years since the Buddha has taken ‘pari-nibbana’ and there are no many ‘model Shangha’ to follow, how can some live strictly in accordance with the 227 rules of Vinaya? The Sangha must be like ‘the soil where lay people can sow the seeds of merits’ and what will become of the seeds if the soil were not fertile as it should be. Sometimes it’s the people who corrupted the Sangha. Poppa Sayadaw was corrupted by the military personnel. They used the Sayadaw’s influence to cover up their corruption (in particular those from GE (engineering battlions) until the Sayadaw himself fall into their trap. Didn’t they say there’s nothing new under the sun?
ဆူး
January 20, 2011 at 10:20 am
အီးတုံး ပြောလို့ နောက်တခု ညနေစာစားတယ် ဆိုတာ ဥပုတ် ကျိုးတယ် ပြောရမှာပေါ့နော်…. အရှင်ဘုရား။ ညဘက် အအေးဘုန်းပေးတာ သင့်တော်ပေမဲ့ ဥပမာ အားဖြင့် စတော်ဘယ်ရီ ဖျော်ရည်ဆိုပြီး စတော်ဘယ်ရီ အသီး အလုံးလိုက် ကိုက်စားမယ်ဆို ဥပုတ်ကျိုးတယ်လို့ မြင်မိပါတယ် နောက်ပြီး စတော်ဘယ်ရီဖျော်ရည်လိုမျိုးမှာ နို့နဲ့ ဖျော်ထားတာ ဖြစ်ပြီး အရည်ဘဲ ဘုန်းပေးရင်တောင် နို့ပါတဲ့ အတွက် ဥပုတ်ကျိုးစေတယ်လို့ သိထားပါတယ်။
အထက်က ရေးတဲ့ ပိုစ်ကို ထောက်ခံပါတယ် သာသနာ အတွင်းမှာပင် ချဲ ဓါတ် နတ် ထိုကဲ့သို့ သာသနာ နဲ့ မလျော်ညီတဲ့ ကိစ္စတွေကို လုပ်နေတဲ့ ရဟန်းများကိုပင် လူတွေက လာဘ်လာဘ အတွက် အရမ်းကာရော ကြည်ညိုပြီး သာသနာ နဲ့ အပ်တယ်လို့ ထင်နေကြပါတယ် အရှင်ဘုရား။ သာသနာ နဲ့ မအပ်တဲ့ အလုပ်တွေ လုပ်နေတဲ့ ရဟန်းများကို မအပ်ဘူးလို့ ပြောတဲ့ လူ ရဟန်း စတာတွေကိုတောင် မကြည်လင်တဲ့ အကြည့်နဲ့ ကြည့်ခံရတာမျိုးတွေ ရှိပါတယ်။ နင်တို့ မကြိုက်ရင် မလုပ်နဲ့ ငါတို့ ကြိုက်လို့ လုပ်တာ ဆိုပြီး ပြောချင်တဲ့ မျက်စိမျိုးနဲ့ ကြည့်ကြပါတယ်။
အထူးသဖြင့် လျောက်ချင်တာကတော့ ရဟန်းတွေ လုပ်သင့်တာ မလုပ်သင့်တာ လူတွေ အနေနဲ့ မလှူအပ်တာ မလုပ်သင့်တာ တွေကို ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတ စာပေတွေ အသိပညာဖလှယ်မှုတွေ ပြုလုပ်ပေးသင့်ပါတယ် အရှင်ဘုရား။
ashinindaka
January 20, 2011 at 2:04 pm
ဒီလိုလေး ထိန်းထိန်းသိမ်းသိမ်းရေးပေးခဲ့ပါတယ်။ အမှန်တရားအတိုင်း။ မပြစ်မှာတာကတော့ အကောင်းဆုံးပါဘဲ။ မိလိန္ဒပဥှာစာအုပ်မှာတော့ ရဟန်းဒုဿီလ (သီလပျက်စီးတဲ့ရဟန်း၊ သီလမရှိတဲ့ရဟန်း)ကတောင် လူတွေထက်သာလွန်သေးကြောင်းဖတ်ဖူးပါတယ်။ မှန်ပါတယ်။ လူတွေက လူ့အိမ်မှာ လူကြားမှာနေနေတော့ မကောင်းမှုလုပ်ဖို့ ဝန်မလေးဘဲ (ရဟန်းတွေနဲ့နှိုင်းယှဉ်ရင်) လွယ်ကူပါတယ်။ လွယ်လွယ်ကူကူ လွန်ကျူးလေ့ရှိပါတယ်။ အောက်ကဟာက အဆင်ပြေအောင် အကြောင်းပြန်ထားတဲ့ဟာပါ။
အင်း။ ဘုန်းကြီးတွေ ညစာစားတာ ဘာညာသာရကာကြည့်တာ ဝိနည်းအရ အပြစ်ကြီးမဟုတ်ပါဘူး။
ဒါပေမဲ့ အတော့ကို အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဘုရားရှင်က ကိုယ်နေတဲ့ပတ်ဝန်းကျင်က society က လက်မခံတဲ့လုပ်ရပ်မျိုးကို သူ့ရဲ့ တပည့်ရဟန်းတော်တွေကို လုပ်ခွင့်မပေးဘူး။ ဒီလိုလုပ်ခွင့်မပေးတာကလဲ သဘာဝကျပါတယ်။ ရဟန်းဆိုတာ အနီးနားပတ်ဝန်းကျင်က လူတွေကို မှီခိုနေရတာဆိုတော့ သူတို့ ကြိုက်မှ သဘောကျမှ ဆွမ်းခံလို့ရမှာ စားရမှာမို့လား။ ဘုရားရှင်ရဲ့ စာသားအတိုင်းပြောရရင် ရဟန်းတော်တွေဟာ အပ္ပသန္နာနံ ပသာဒါယ ၊ ပသန္နာနံ ဘိယျောဘာဝါယ –
မကြည်ညိုသေးတဲ့သူ ကြည်ညိုအောင်၊ ကြည်ညိုပြီးသားသူတွေ ပိုပြီး သဒ္ဓါတရားတိုးပါွးလာအောင် ကျင့်ကြံနေထိုင်ရမယ်တဲ့။ ဒါ့ကြောင့် အီးတုံးတွေ့ခဲ့တဲ့ ဦးဇင်းလေးတွေ လုပ်ရပ် မသင့်တော်ဘူးလို့ပဲ ပြောပါရစေ။ ဒါပေမဲ့ အရွယ်ကငယ်သေးတော့ သင့်တော်၏ မသင့်တော်၏ မစဉ်းစားတတ်တာလဲ ပါမယ်ထင်ပါတယ်။ စာတစ်ပုဒ်ဖတ်လိုက်လို့ အဆုံးအမ တစ်ခုရလိုက်လို့ သူတို့လေးတွေ စိတ်ပြောင်းသွားပြီး ပရိယတ်စာပေကို ကြိုးစားကျက်မှတ်ရင် ပိဋကတ်သုံးပုံအောင်ဆရာတော်ကြီးဖြစ်သွားနိုင်သလို ပဋိပတ်တရားကျင့်မယ်ဆိုရင် အရိယာသူတော်စဉ်ကြီးလဲ ဖြစ်သွားနိုင်ပါသေးတယ်။ အသင့်အတင့်နှလုံးသွင်းကြည့်တာပေါ့။