လွပ်လပ်စွာပြောဆိုခွင့် နှင့် စောင့်ထိမ်းဖွယ်ရာများ

လင်းဝေMarch 23, 20111min1335

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အကြောင်းပြောမိရင်း နဲ့ ကျင့်ဝတ်ပိုင်းအရ တန်းဖိုးထားမှု ပိုင်းအရ ပြန်လှန်စောင့်ထိမ်းကြဖို့သင့်တာ ဆင်ခြင်တွက်ဆ သင့်တာတွေကို ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်လာဖို့မရှိသေးပေမယ့် ကြိုတင်ပြင်ဆင် ရင့်ကျက်ထားတာကတော့ အမှားလည်းမဖြစ်နိုင်တာမို့ ဖတ်ထားမိတာ မှတ်ထားမိတာလေးတွေ ပြန်လည် ဝေမျှလိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို လူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာ ဖော်ပြထားပါတယ်။ ပြင်သစ်တော်လှန်ရေးကနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဆိုတဲ့ အယူအဆကို စတင် မွေးဖွားပေးခဲ့တာပါ။ ပြင်သစ်တော်လှန်ရေး ကာလမှာ ပြင်သစ် အမျိုးသား လွှတ်တော်က The Declaration of the Rights of Man and of the Citizen, 1789 ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲဒီ ကြေညာချက် အပိုဒ် ၁၁ မှာ အတားအဆီး ကန့်သတ်ချက်များ မရှိဘဲ ဆက်သွယ် ပြောဆိုနိုင်ခွင့်၊ မိမိ အမြင်ကို ထုတ်ဖော် ပြောဆိုနိုင်ခွင့်တွေဟာ လူသား အားလုံးရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီအယူအဆဟာ နောင်မှာ ဒီမိုကရေစီရဲ့ အသွင် လက္ခဏာ တစ်ခု ဖြစ်လာသလို လူ့အခွင့်အရေး ကြေညာစာတမ်း မှာလည်း နိုင်ငံတကာက လိုက်နာ ကျင့်သုံးရမယ့် အချက်တစ်ခု အနေနဲ့ ပါလာပါတယ်။
တကယ်တော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်မှာ အပိုင်းသုံးခု ပါပါတယ်။
တစ်။ သတင်း အချက်အလက်နဲ့ အယူအဆ များကို လွတ်လပ်စွာရရှိနိုင်ခွင့်။
နှစ်။ သတင်း အချက်အလက်နဲ့ အယူအဆများကို လွတ်လပ်စွာ ရှာဖွေနိုင်ခွင့်။
သုံး။ သတင်း အချက်အလက်နဲ့ အယူအဆများကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ဖြန့်ချိနိုင်ခွင့်။
နောက် ပြင်သစ် တော်လှန်ရေး ကာလတုန်းကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုတာကို ပြောဆိုခြင်း Speech ကိုသာ အဓိကထား ရည်ညွှန်း ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိမိ အယူအဆကို ဖော်ထုတ် ပြသနိုင်ဖို့ အတွက် အသုံးပြုတဲ့ မီဒီယာ နည်းလမ်းမှန်သမျှ အကျုံးဝင်တယ်လို့ လက်ခံ လာပါတယ်။ ဥပမာ အနုပညာအရ ပန်းချီကားများ၊ Performance , Installation, Symbol တွေ အားလုံး ပါဝင်လာပါတယ်။ အခု အချိန်မှာတော့ အင်တာနက်လို New Media တွေပါ အကျုံးဝင် လာပါတယ်။
ဒါပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာကို ပြောတဲ့အခါ ဘယ် အတိုင်းအတာ အထိ လွတ်လပ်စွာ ပြောခွင့် ပြုမှာလည်း ဆိုတဲ့ အချက်က ဒွန်တွဲပြီး ပါလာပါတယ်။ အတားအဆီး အကန့်အသတ် မရှိ ပြောခွင့် ပြုမှာလား၊ နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်း အတွက် ထည့်သွင်း စဉ်းစားဖို့ မလိုဘူးလား ဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့ လိုပါတယ်။
မိမိဆန္ဒကို ထုတ်ဖော် ပြသရာမှာ အစိုးရပိုင် ပစ္စည်း၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများကို ဖျက်ဆီးတာမျိုးကို ခွင့်မပြု ပါဘူး။ ဥပမာအားဖြင့် အမေရိကမှာ ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ကာလတုန်းက Peace အမှတ်အသား များကို အများပြည်သူ မြင်ကွင်းတွေ၊ ကျောင်းတွေမှာ ဝတ်ဆင်တာကို ခွင့်ပြုတယ်။ ဒါပေမယ့် ဗီယက်နမ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ စာတွေကို မီးရှို့တာ ကိုတော့ အစိုးရပိုင် ပစ္စည်းကို ဖျက်ဆီးတာ ဖြစ်လို့ လက်မခံပါဘူး။ မီးပွိုင့်ဖျက်တာ၊ အစိုးရဂိုဒေါင် မီးရှို့တာ၊ အစိုးရရုံး မှန်ခွဲတာကို အလွန် ဝါသနာပါတဲ့ ကျွန်တော်တို့ မြန်မာများ သတိပြုဖို့ပါ။
အမေရိကမှာ မပြီးသေးတဲ့ ပြဿနာက အလံ ပြဿနာပါ။ ဗီယက်နမ် စစ်ပွဲကာလမှာ အမေရိကန် အလံကို မီးရှို့တာ၊ တက်နင်းတာတွေ လုပ်တော့ ပြည်ထောင်စု လွှတ်တော်ကရော၊ ပြည်နယ် လွှတ်တော်တွေ ကပါ အလံကို ဖျက်ဆီးရင် အရေးယူဖို့ ဥပဒေတွေ ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးချုပ် ကတော့ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်နဲ့ အကျုံးဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကွန်ဂရက် ကတော့ ဒါကို လက်မခံပဲ တရား ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွှားနိုင်ဖို့ ၂၀၀၆ ခုနှစ် အထိ ရှစ်ကြိမ် ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင် သေးပါဘူး။
ဒါပေမယ့် တရားရုံးချုပ် ကရော၊ အမေရိကန် လွွှတ်တော်ကရော အောက်ပါ အပြုအမူများ ကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ အကျုံးမဝင်ဘူး လို့ သဘောတူ ထားပါတယ်။
တစ်။ မမှန်မကန် လုပ်ကြံအသရေဖျက်မှု။
နှစ်။ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်မှု
သုံး။ အခြားသူ တစ်ဦးကို ထိခိုက်အောင်၊ ငြိမ်းချမ်းမှုကို ပျက်ပြားအောင် ရည်ရွယ်ပြောဆိုမှု
လေး။ ရာဇဝတ်မှု ကျူးလွန်အောင် လှုံ့ဆော်တိုက်တွန်းမှု။
ငါး။ အစိုးရကို ဥပဒေနှင့် မညီသော လုပ်ရပ်များဖြင့် ဆန်ကျင်မှု၊ အစိုးရကို ဖြုတ်ချနိုင်အောင် ဆောင်ရွက်မှု။
ခြောက်။ ရိုင်းစိုင်း ညစ်ညမ်းစွာ ပြောဆိုမှု။
ခုနှစ်။ အများပြည်သူ ကြည့်ရှုရန် မသင့်သော ပြသမှုများ၊ အပြုအမူများ။
ရှစ်။ ဘာသာရေး အရ အခြားဘာသာ တစ်ခုကို ထိခိုက်စေသည့် ပြုမူ ပြောဆိုမှုများ။
ဒါကတော့ အမေရိကန် နိုင်ငံမှာ ကျင့်သုံးနေတဲ့ အချက်များပဲ ဖြစ်ပါတယ်။ ကျန်နိုင်ငံတွေ မှာလည်း ဒီလို ကျင့်သုံးမှုတွေ ရှိပါတယ်။ ဘယ်နိုင်ငံ ရဲ့ဥပဒေက ကြောင်းကျိုး ဆီလျော်တယ်။ ဘယ်နိုင်ငံ ဥပဒေက တမင်သက်သက် ဖိနှိပ်ဖို့ လုပ်ထားတယ် ဆိုတာတွေ ကတော့ တစ်နိုင်ငံချင်း အသေးစိတ် ဆွေးနွေးရမယ့် ကိစ္စ ဖြစ်ပါတယ်။ အခု ပြောချင်တာ ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မိမိဆန္ဒကို ထုတ်ဖော် ပြောဆိုခွင့်ဆိုတာ ကန့်သတ်မဲ့၊ အတားအဆီးမဲ့ မဟုတ်ဘူး။ ဥပဒေကြောင်းအရ ဥပဒေနဲ့အညီ ကျင့်သုံးရမယ့် ကိစ္စ ဖြစ်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

5 comments

  • bigbird

    March 23, 2011 at 10:57 am

    တိတိကျကျမသိသေးသူတွေအတွက် လေ့လာသင့်တဲ့ ပို့စ်တစ်ခုပါပဲ။ကျေးဇူးတင်ပါတယ်။

  • unclegyi1974

    March 23, 2011 at 5:19 pm

    တရားရေးနဲ့လွှတ်တော်စိတ်ဝင်စားဖို့အတော်
    ကောင်းပါတယ် ဒီမှာတော့…..

  • MaMa

    March 24, 2011 at 2:20 am

    လမ်းပေါ်မှာ ဆေးရိုးလှမ်းတာမျိုး၊ လွတ်လပ်ရေးနေ့မှာ လမ်းပိတ်ပြီး အားကစားပွဲလုပ်တာမျိုးတွေလို စည်းကမ်းမဲ့တာ အခွင့်အရေးယူတာနဲ့ လွတ်လပ်တာကို ခွဲခြားသိဖို့ အရင်ဆုံးကြိုးစားရမယ်ပေါ့။

  • manawphyulay

    March 24, 2011 at 3:50 am

    မှတ်သားစရာတွေ အတော်တိုးတဲ့ပိုစ့်ပါပဲ။ အရမ်းကျေးဇူးတင်ပါတယ်နော်

  • zaw min

    March 24, 2011 at 9:04 am

    ကျုပ်တို့ဆီမှာတော့ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူတွေအားလုံး အုပ်နံရံနဲ့သံတိုင်တွေခြားထဲရောက်သွားတာပဲ။မယုံရင် လှည်းတန်းမီးပွိုင့်နားမှာ ပိုစ့်စတာတစ်ခုကိုင်ပီး ငြီမ်းချမ်းစွာဆန္ဒ ထုတ်ဖေါ်ကြည့်ပါလား။။။။။။

Leave a Reply