“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ” (ကလေးဘဝကမန်းသင်္ကြန်)

“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”
(ကလေးဘဝကမန်းသင်္ကြန်)

(မြူမှောင်ဝေကင်း………တိုင်းပြည်ထောင်ငြိမ်းချမ်းအောင်ဆု…………………..)

မနက်စောစော လမ်းလျှောက်ထွက်တဲ့တစ်ရက် မြူမှုံမှုံလေးကြားထဲနေ အားယူလို့ တိုးထွက်ခါစနေမင်းကလဲမရဲတရဲနဲ့ ကောင်းကင်မှာပန်းဆီရောင်သန်းလို့နေပါတယ်။
လမ်းတလျှောက်မှာရှိတဲ့သစ်ပင်တော်တော်များများကလဲ ရွက်ဟောင်းကြွေလို့
ပုရစ်ဖှုးတွေဝေခါစ။
“ဥဩ ဥဩ ဥဩ” လို့ တွန်လိုက်တဲ့ လွမ်းစရာအသံလေးကလဲမပီဝိုတဝါး။
ဟိုးအတော်ဝေးဝေးကနေ လွင့်လာတဲ့ သီချင်းသံကို ဘာသီချင်းမှန်းမသိဘဲ မသဲမကွဲလေး ကြားနေရတာကလည်းလွမ်းချင်စရာ။
သီချင်းသံလာရာဘက်ကို ကိုယ်က တစ်လှမ်းချင်း တိုးဝင်လာတော့တဖြည်းဖြည်းနဲ့ သီချင်းသံကို ပိုပိုပြီး
ပီပီသသ ကြည်ကြည်မြမြနဲ့ကြားလာရပါတယ်။

“သွန်းခါရေ အေးစေကြောင်းလောင်းတဲ့လုံမေ
ထူးထူးကဲကဲလှကြပါစေ အဆင်ပြေ
မြင်ရသူကြည်နူးလောက်ပေ………………….
ဒီရေပွဲသင်္ကြန်ရေ………………………” ဆိုတဲ့သီချင်းလေးဆုံးလဲသွားရောနောက်တပုဒ်ဆက်လာပါတယ်။

“သင်္ကြန်မယ်များတူးပို့ တူးပို့ တူးပို့မြူးသံသာ……………
မယ်တို့ကိုလဲတူးပို့တူးပို့မာပါစေခင်ဗျာ၊
ပိတောက်တွေဝင်းလျှံရွှေရည်လူး တူးပို့……တူးလဲ့ဝါ…………………….”ဆိုတဲ့သီချင်းသံလေးကိုလဲ
ကြားမိရော လူကသာလမ်းလျှောက်နေတယ် စိတ်ကတော့ ငယ်ကတည်းက ပျော်ခဲ့ရတဲ့ အတိတ်က သင်္ကြန်ဆီကို အလိုလိုရောက်သွားပါတော့တယ်။

(သင်္ကြန်ရေဆိုတာ အန္တရယ်ကင်းတယ် ဆိုတဲ့ ကလေးဘဝကသင်္ကြန်)

ကျွန်တော်တို့ငယ်ငယ်က သင်္ကြန်နားနီးပြီဆိုရင်အဖေက ကြေးပြွတ်တွေကို သိမ်းထားတဲ့နေရာကနေထုတ်၊
မန်းကျီးသီးမှည့်တွေနဲ့ကျွန်တော်တို့ကို ပွတ်ခိုင်းပါတော့တယ်။
ပွတ်ရင်းပွတ်ရင်းနဲ့ညိုညစ်ညစ်ရောင်ကနေ ကြေးပြွတ်ကလေးက အရောင်တွေထွက်လာသလို
ကျွန်တော်တို့စိတ်ထဲမှာလဲ သင်္ကြန်ရောက်ရင် ဆိုတဲ့အပျော်လေးတွေက ရင်ထဲမှာ တလက်လက်ပါဘဲ။

ကျွန်တော်တို့ ငယ်ငယ်တုံးကနေခဲ့တဲ့ 25လမ်း(80-81)လမ်းကြား(အခုအော်တိုဖုန်းရုံးကြီးရဲ့မြောက်ဘက်)
ဆိုတာက မြို့လယ်ခေါင်ပါ ကျုံးနဲ့လဲနီးတာကိုး။
ကလေးဘဝတုံးကတော့သင်္ကြန်တွင်းဆိုရင်ကျုံးဘေးမှာကားတွေလူတွေဆူညံအော်ဟစ်ပျော်ရွှင်နေ ကြတာကို အသံတွေကြားပြီး မြင်သာမြင်နေရတယ် မသွားရပါဘူး။
(ကားတိုက်ခံရမှာစိုးလို့ပါတဲ့)
ဝင်းရှေ့ကလမ်းမမှာ အရပ်ထဲက ကလေးတွေစု။
လူကြီးတွေက ကျုံးရေကန်ကနေစည်ပိုင်းထဲကို ရေတွေခပ်ပေး။
ကလေးတွေက အကြာကြီးနေမှလာတတ်တဲ့ စက်ဘီးတစ်စီးတလေလာတာမြင်ရင်အသံကုန်ပေးလို့
ရေပက်ရအောင် အချက်တွေပြ။
စက်ဘီးစီးသူကရပ်ပေးရင် အသားကုန်ခွက်တွေပြွတ်တွေနဲ့ဝိုင်းပက်။
ထွက်ပြေးရင်မမှီမကမ်းနဲ့လိုက်။
ဒါကို လူကြီးတွေက မြင်ရင် လဲမှာပြုမှာစိုးလို့ တဟဲ့ဟဲ့။
လမ်းလျှောက်သွားသူဆိုရင်လဲ အလွတ်မပေး။
တစ်ခါတလေမျက်စေ့လည်လာတဲ့ သင်္ကြန် ဂျစ်ကားတစ်စီးတလေများဖြတ်သွားရင်
အတော်ကို ဝမ်းသာအားရနဲ့ တဟေးဟေးတဟားဟားနဲ့အော်ရေတွေပက်။
ကားပေါ်ကလူတွေက ကလေးတွေမို့ပြန်စ ယောက်ဖလို့အော်လိုအော်။
(ပြန်တွေးရင်းတောင် ရင်ထဲမှာပျော်လာသလိုပါဘဲ။)
ရေခြောက်သွားရင် အချင်းချင်းပြန်လောင်း။
တစ်ယောက်နဲ့တစ်ယောက်စရင်းနောက်ရင်းနဲ့ရန်တွေဖြစ်။
လူလာပြီဆိုတာနဲ့ရန်ဖြစ်တာတွေရပ်ပြီးရေဆက်ပက်။
အချိန်တွေကြာနှုပ်ခမ်းတွေပြာလို့အေးလာရင် လူကြီးတွေကဇွတ်ခေါ်လို့သိမ်းတော့
မတော်ချင်ဘဲတော်လိုက်ရ။
ကလေးတွေရေကစားလို့ အအေးမိပြီးဖျားမှာစိုးလို့ တစ်ယောက် ယောက်ကများတားရင်
“ဆော့ပေ့စီ တနှစ်မှတစ်ခါရယ် ဘာမှမဖြစ်ဘူး။
စိုပေ့စီ သင်္ကြန်ရေဆိုတာ အန္တရယ်ကင်းတယ် “လို့ကျွန်တော်တို့အဖွားကပြောလေ့ရှိပါတယ်။
ဘယ်လိုဘဲပြောပြော အတော်လေးကိုပျော်ခဲ့ရ မျှော်ခဲ့ရတဲ့ကလေးဘဝကသင်္ကြန်ပါ။

(ဆက်လက်ဖော်ပြပါမည်)

One comment

  • unclegyi1974

    March 29, 2011 at 4:07 pm

    ကိုပေါက်ပြောမှကျွန်တော်တို့ငယ်ငယ်ကအဖေဝယ်
    ပေးခဲ့တဲ့ကြေးပြွတ်တွေလည်းဘယ်ရောက်ကုန်
    မှန်းကိုမသိတော့ပါဖူး
    အခုကကြေးပြွတ်ကိုကလေးတွေပြဖို့
    ဓါတ်ပုံတောင်မရှိတော့ပါဖူး
    ပလပ်စတစ်တွေပဲကြီးစိုးနေတာပါ
    ပတ်ဝန်းကျင်သန့်ရှင်းရေးအနေနဲ့ကြည့်ရင်
    ဟိုတုန်းကကျွန်နော်တို့ကပတ်ဝန်းကျင်
    ထိန်းသိမ်းရေးသမားလို့တောင်ပြောလို့
    ရတယ်နော်

Leave a Reply