ပြောပြစရာတွေ တပုံကြီးရှိသေးတယ် (၁)
Ashinindaka သို့လျှောက်ထားလွှာ ဆိုပြီး မန္တလေးဂေဇက်မှာ
Researcher ဆိုသူ ရေးထားတဲ့ စာတစ်ဆောင်ဖတ်လိုက်ရပါတယ်။
Ashinindaka ရေးတင်လိုက်တဲ့
“ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကာ”း ဆိုတဲ့ Post ကိုဖတ်ပြီး
ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ဆန္ဒကို ဖွင့်ပြောချင်လို့လို့ သူကဆိုပါတယ်။
သူတင်ပြထားတဲ့ အချက်အလက်တွေက အတော့်ကို ကောင်းပါတယ်။
ကိုယ်ရှိခိုးနေတဲ့ဘုန်းကြီး၊ ကိုယ်ကိုးကွယ်နေတဲ့ဘုန်းကြီးကို
သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်စုံစေချင်တာ သဘာဝအင်မတန်ကျပါတယ်။
သူ့ရဲ့ လျှောက်ထားချက်စာပါအရဆိုရင်
သူဟာ ဗုဒ္ဓလမ်းစဉ်ကို စဉ်းစားချင့်ချိန်ပြီးမှ ဝေဘန်ုပိုင်းခြားပြီးမှ
ကြိုက်လို့ နှစ်သက်သဘောကျလို့ လက်ခံယုံကြည်သူတစ်ဦးဖြစ်တယ်လို့ နားလည်မိပါတယ်။
သို့တစေ၊ Researcher နားလည်အောင် ပြောပြစရာတွေ အများကြီးပဲ။
Researcher ဆိုသူရေးထားတဲ့စာကို တစ်ရစ်ချင်း ဖြည်ကြည့်ရအောင်။
ပထမဦးဆုံး အဆိုးမြင်ဝါဒ၊ ဒုက္ခသစ္စာတွေအကြောင်း ပြောကြည့်ကြစို့။
Researcher ဆိုသူအနေနဲ့ ဒုက္ခသစ္စာဆိုတာကို သိပ်နားလည်ပုံတော့ မရသေးပါဘူး။
ဘာပြုလို့လဲဆိုတော့
တခါတရံမှာတော့ ဒုက္ခသစ္စာ ဆိုတာဟာ
အဆိုးမြင်ဝါဒ ( Negative Thinking ) များ ဖြစ်နေမလားလို့သုံးသပ်မိတဲ့
အခါမျိုးလဲရှိပါတယ် လို့ သူရေးထားပါတယ်။
ဆိုတော့ ဘုရားရှင်ဟောထားတဲ့ ဗုဒ္ဓဘာသာစာပေထဲမှာပါတဲ့
ဒုက္ခသစ္စာဆိုတဲ့ အဓိပ္ပါယ်ကို သူ သိပ်နားလည်ဟန်မတူဘူး။
တနည်းအားဖြင့်ပြောရရင် ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်စတဲ့ ကျန်သစ္စာသုံးပါးကို
မဖတ် မလေ့လာမိဘဲ မျက်ခြေပြတ်သွားဟန်တူပါတယ်။
သူ့ လို ဗုဒ္ဓဘာသာကို အဆိုးမြင်ဝါဒလို့ မြင်သူတွေ တပုံကြီးပါဘဲ။
တကယ်တော့ ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒလည်းမဟုတ်ပါဘူး။
အကောင်းမြင်ဝါဒလည်း မဟုတ်ပါဘူး။
အရှိကို အရှိအတိုင်း ပြောတဲ့ ဝါဒသာဖြစ်ပါတယ်။
ဘာဒဿနမှလည်းမပါပါဘူး။ ဟုတ်တယ်လေ။
မွေးခြင်း(ဇာတိ) ရှိရင် သေခြင်း (မရဏ) ရှိတယ်လို့ ဗုဒ္ဓဘာသာက ပြောတယ်။
ဒါလောက်ရိုးစင်းနေတာ။ နားမလည်နိုင်စရာလည်းမရှိဘူး၊ လက်မခံနိုင်စရာလည်း မရှိပါဘူး။
လက်မခံလည်း မွေးလာမှတော့ သေရမှာချည်းဘဲ။ ရှောင်လွှဲလို့ ရကိုမရတာ။
အဖြူကောင်ကို မေးမလား၊ အမဲကောင်ကို မေးမလား။
ဟုတ်တယ် လို့ပဲဖြေမှာပါဘဲ။
ဒီလိုအမှန်နိယာမသဘောတွေကို ဒုက္ခသစ္စာလို့ပြောတာပါ။
ဒါ့အပြင် ဗုဒ္ဓဘာသာက ဒီလိုမျိုးဒုက္ခက လွတ်မြောက်ဖို့ လမ်းစဉ်တွေ ချပြထားပါသေးတယ်။
ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းတရားတွေကိုလည်း ပြောထားပါသေးတယ်။
ဒုက္ခမရှိရာနိဗ္ဗာန်ကိုလည်း ပြောထားပါသေးတယ်။
ဒုက္ခမရှိရာနိဗ္ဗာန်သို့ သွားရာလမ်းကိုလည်း ညွှန်းထားပါသေးတယ်။
ဒုက္ခသစ္စာတစ်ခုတည်းကိုသာ ဗုဒ္ဓဘာသာက ပြောထားလို့ကတော့
ဗုဒ္ဓဘာသာဟာ အဆိုးမြင်ဝါဒပေါ့။
ဒါပေမဲ့ ဒီမှာ ကြည့်လေ။ အမှန်နိယာမသဘောတရားကို လေးမျိုးဟောထားတာ။
ဒါနဲ့စပ်လို့ ဒေါက်တာရာဟုလာရေးထားတဲ့
What the Buddha Taught ဆိုတဲ့စာအုပ်လေးရှိတယ်။
အဲ့စာအုပ်ကို ဆရာကြီးဦးကိုလေး က မြတ်ဗုဒ္ဓဒေသနာဆိုတဲ့အမည်နဲ့ ဘာသာပြန်ထားတယ်။
အဲ့စာအုပ်ထဲမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်လေးက ဒီနေရာမှာ
အံဝင်ဂွင်ကျဖြစ်လိမ့်မယ်ထင်လို့ ကူးထည့်ပေးလိုက်တယ်။
ပထမအရိယသစ္စာ – ဒုက္ခ
ပထမအရိယသစ္စာ (ဒုက္ခအရိယသစ္စာ) ကို အားလုံးသောပညာရှင်တိုင်းလိုပင်
‘ပင်ပန်းဆင်းရဲခြင်း အရိယသစ္စာ’ ဟု ဘာသာပြန်ဆိုလေ့ရှိကြပြီး
ဗုဒ္ဓဝါဒအရဆိုလျှင် လောက၌ နေထိုင်မှုသည်
‘ပင်ပန်းဆင်းရဲမှု’ မျှသာဖြစ်သည်ဟု အဓိပ္ပါယ်ကောင်ယူကြသည်။
ဘာသာပြန်ပုံနှင့် အဓိပ္ပါယ်ကောက်ယူချက်နှစ်ခုစလုံးသည်
ကျေနပ်ဖွယ်မရှိရုံသာမက ထင်ယောင်ထင်မှားပင်ဖြစ်စေသည်။
ဤကဲ့သို့ ကျဉ်းကျဉ်းနှင့် အလွယ်အလွတ်ဘာသာပြန်ခြင်း၊
အပေါ်ယိက အဓိပ္ပါယ်ကောက်ယူခြင်းများအတွက် ဗုဒ္ဓဝါဒသည်
အဆိုးဘက်ကိုသာ ကြည့်တတ်သော မကောင်းမြင်ဝါဒဟု
လူအများအား ထင်မြင်လွဲမှားစေသည်။
ဗုဒ္ဓဝါဒသည် အဆိုးအပျက်ဘက်ကိုသာ တစ်ဘက်သတ်ကြည့်တတ်သော ဝါဒလည်းမဟုတ်၊
အကောင်းဘက် အဖြစ်ဘက်ကိုသာ မြင်တတ်သော ဝါဒလည်းမဟုတ်ကြောင်း
ရှေးဦးစွာ ထုတ်ဖော်ရပေမည်။
လောကနှင့် ဘဝ၏ တကယ်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား
ဗုဒ္ဓဝါဒသည် သဘာဝဓမ္မအတိုင်း ရှုမြင်သောဝါဒဖြစ်သည်ဟုသာ ဆိုရပေမည်။
၎င်းဝါဒသည် အကြောင်းအရာဟူသမျှကို ယထာဘူတကျအောင်
လေ့လာသုံးသပ်သည်။ ဗုဒ္ဓဝါဒသည် စိတ်ကူးယဉ်လောက၌ မေ့လျော့ပျော်ပါးနေစေရန်
မှောက်မှားသော နှစ်သိမ့်မှုကိုလည်း မပေး။
အပြစ်များ အန္တရာယ်များကို တွေးတော၍ စိုးရိမ်သောကရောက်နေအောင်
ခြောက်လှန့်နှိပ်စက်မှုလည်းမပြု။
မိမိ၏ပကတိအစစ်အမှန်ပတ်ဝန်းကျင်လောက၏ အခြေအနေအဖြစ်သနစ်မှန်ကို
အတိအကျ ယထာဘူတကျကျ ပြောပြ၍ လုံးဝလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်
ချမ်းမြေ့ပျော်ရွှင်ရေးကို ရနိုင်ရန် လမ်းညွှန်ပြသပေးသည်။
သမားတစ်ဦးသည် ရောဂါအခြေအနေကို ‘အလွန်စိုးရိမ်ဖွယ်ရှိသည်’ဟု
ချဲ့ထွင်ပြေဆို၍ မျှော်လင့်ချက်မရှိတော့ဟု ထင်မြင်စေ၏။
အခြားသမားတစ်ဦးက မသိမလိမ္မာစွာ ‘မည်သည့်ရောဂါမှ မရှိ၊ ဆေးကုသရန် မလိုပါ’ဟု
ပြော၍ လူနာအား မှောက်မှားသော နှစ်သိမ့်မှုကို ပေး၏။
ပထမသမားအား အဆိုးဘက်ကိုသာ ကြည့်တတ်သူဟူ၍လည်းကောင်း၊
ဒုတိယသမားအား အကောင်းဘက်ကိုသာ ကြည့်တတ်သူဟူ၍လည်းကောင်း ခေါ်ဆိုနိုင်၏။
နှစ်ဦးစလုံးပင် ညီတူညီမျှ ကြောက်မက်ဖွယ် ကောင်းပေသည်။
တတိယသမားကမူ ရောဂါ၏လက္ခဏာကို မှန်ကန်စွာစစ်ဆေး၍
ရောဂါ၏သဘောနှင့် ဖြစ်ခြင်းအကြောင်းကို သိရှိနားလည်သွား၏။
ပျောက်ကင်းအောင် ကုသနိုင်ကြောင်း ရှင်းလင်းစွာ သိမြင်ရကား သတ္တိရှိရှိဖြင့်
ပိုင်နိုင်စွာကုသလေရာ လူနာ အသက်ချမ်းသာလေတော့သည်။
ဗုဒ္ဓသည် တတိယသမားနှင့်တူတော်မူ၍ ကမ္ဘာလောက၏အနာရောဂါများကို
ကုသပေးရန် လိမ္မာကျွမ်းကျင်သော လောကဓါတ်ပညာရှင်သမားတော်ကြီး ဖြစ်တော်မူပေသည်။
ပါဠိစကားလုံး ဒုက္ခ (သက္ကတ – ဒုခ) သည် သာမန်အသုံးတွင်
ဆင်းရဲခံရခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်းပူပန်ခြင်း၊ သို့မဟုတ် ငြိုငြင်ဆင်းရဲခြင်းဟူ၍
ပျော်ရွှင်ခြင်း၊ သက်သာခြင်း၊ မပင်ပန်းခြင်းစသော သုခ၏
ဆန့်ကျင်ဘက်အနက်အဓိပ္ပါယ်ကို ဆောင်သည်မှာ မှန်ပေသည်။
သို့ရာတွင် ဗုဒ္ဓ၏လောကနှင့်ဘဝအပေါ်အမြင်ကို ဖော်ထုတ်ဆောင်သော
ပထမအရိယသစ္စာအဖြစ်ဖြင့် အသုံးပြုထားသည် ဒုက္ခတွင်
၎င်းတို့ထက် နက်နဲသည့်အဓိပ္ပါယ်ရှိ၍ အလွန်ပိုမို ကျယ်ပြန့်လှသောအနက်ကို ဆောင်ပေသည်။
ဗုဒ္ဓ၏ လောကနှင့် ဘဝအပေါ်အမြင်ကို ပထမအရိယသစ္စာ၏ ဒုက္ခတွင်
ဆင်းရဲခံရခြင်းဟူသည့် သာမန်အနက် ထင်ရှားစွာပါရှိကြောင်း ဝန်ခံပါသည်။
သို့ရာတွင် ၎င်းအပြင် ပိုမိုနက်နဲသည့် သဘောများကို ဆောင်သော
ချွတ်ယွင်းခြင်း၊ မတည်မြဲခြင်း၊ ဟင်းလင်းဗလာဖြစ်ခြင်း၊ အနှစ်သာရဒြပ်ကင်းမဲ့ခြင်း၊
စသောအဓိပ္ပါယ်များလည်း ပါဝင်ပေသည်။
ပထမအရိယသစ္စာဖြစ်သော ဒုက္ခစကားလုံး၏ ကျယ်ဝန်းသောအဓိပ္ပါယ်များကို
အပြည့်အစုံခြုံငုံနိုင်သည့် ဘာသာခြားစကားတစ်လုံးကို ရှာဖွေရန် ခဲယဉ်းလှပေသည်။
ထို့ကြောင့် ဆင်းရဲခံရခြင်း၊ နာကျင်ခြင်းစသည်တို့ဖြင့် လွယ်ကူစွာပြန်ဆိုလိုက်၍
အနက်အဓိပ္ပါယ် မပြည့်မစုံ မှားမှားယဃငါးယွင်းဖြစ်စေမည်ထက်
ဘာသာမပြန်ဘဲ ဒုက္ခဟူ၍ပင် သုံးစွဲသည်က ပိုမိုသင့်မြတ်ပေသည်။
ဒုက္ခ ဆင်းရဲခြင်းရှိသည်ဟု ဟောပြောခြင်းဖြင့်
လောကတွင် ပျော်ရွှင်မှုသုခမရှိဟု ဗုဒ္ဓက ငြင်းဆိုတော်မူခြင်း မဟုတ်ပေ။
ရဟန်းများနှင့် ဝတ်ကြောင်များအတွက်ပါ လောကီ လောကုတ္တရာ နှစ်ဖြာသောဌာနများတွင်
ပျော်ရွှင်မှု သုခအမျိုးမျိုးရှိကြောင်း ဗုဒ္ဓက ဝန်ခံတော်မူပေသည်။
ဗုဒ္ဓဒေသနာတော်များစုပေါင်းထားရာ မူလနိကာယ်ငါးရပ် ပါဠိတော်တို့တွင်
အပါအဝင်ဖြစ်သည့် အင်္ဂုတ္တိုရ်နိကာယ်၌ သုခါနိ ဟု
ပျော်ရွှင်ချမ်းမြေ့မှု မျိုးစုံစာရင်းကို ဖတ်ရှုရသည်။
အိမ်ထောင်ဘဝတွင် ချမ်းသာမှု၊ ရဟန်းဘဝတွင် ချမ်းသာမှု၊ ကာမဂုဏ်စည်းစိမ်ချမ်းသာမှု၊
တောထွက်စွန့်စားခြင်း၏ ချမ်းသာမှု၊ ခင်မင်တွယ်တာခြင်း၏ချမ်းသာမှု၊
စွန့်ပစ်ရှောင်ခွါသွားဖြင်း၏ချမ်းသာမှု၊ ကိုယ်ချမ်းသာမှု၊
စိတ်ချမ်းသာမှု စသည်တို့ဖြစ်ပေသည်။
သို့ရာတွင် ၎င်းတို့အားလုံးသည် ဒုက္ခတွင် အကျုံးဝင်ကြသည်ဟု ဆိုထားပေသည်။
အထက်တန်းဘာဝနာလုပ်ငန်းဖြင့်ရအပ်သော သာမာန်လူတို့ နားလည်သည့်
ဒုက္ခ၏အရိပ်အယောင်မျှပင် မယှက်သန်း၊ ကင်းရှင်းသော သုခသက်သက်ဟုပင်
ဆိုနိုင်လောက်သော အလွန်ကြည်လင်သန့်စင်သည့်
လောကုတ္တရာဈာန်အခြေအနေကိုလည်းကောင်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့
ကင်းလွတ်၍ ဥပေက္ခာနှင့်သိမှုသာလျှင်ရှိသော ဈာန်အခြေအနေကိုလည်းကောင်း၊
ထိုကဲ့သို့ အဆင့်အတန်းမြင်းမားလှသည့် လောကုတ္တရာဈာန်အင်္ဂါရပ်များကိုပင်
ဒုက္ခစာရင်းတွင် သွပ်သွင်းထားပေသည်။
မဇ္ဈိမနိကာယ် (မူလနိကာယ်ငါးရပ်အပါအဝင်) ပါ သုတ်တစ်သုတ်တွင်
ထိုထိုဈာန်များ၏ လောကုတ္တရာသုခကို ချီးမွှမ်းပြီးနောက်
၎င်းတို့သည် မတည်မမြဲ၊ ဆင်းရဲဖောက်ပြန်တတ်သည်
(အနိစ္စာ၊ ဒုက္ခာ၊ ဝိပရိဏာမဓမ္မာဟု ဟောကြားထားပေသည်။
ဤ၌ ဒုက္ခဟူသောစကားလုံးကို အတိအလင်း ထင်ထင်ရှားရှား
အသုံးပြုထားကြောင်း သတိပြုကြရပေမည်။
သာမန်အနက်အဓိပ္ပါယ်အရ ဆင်းရဲခြင်းရှိနေ၍ ဒုက္ခဟု ယူရသည်မဟုတ်။
မတည်မြဲသောသဘောဖြစ်၍ ဒုက္ခဟုမှတ်ရသည်။ (ယဒနိစ္စံ၊ တံ ဒုက္ခံ)
ဗုဒ္ဓသည် တကယ်ပကတိတည်ရှိသော အဖြစ်မှန် အခြေအနေမှန်များကို
ယထာဘူတကျစွာ ဆင်ခြင်သုံးသပ်တော်မူသည်။
လောကအတွင်း နေထိုင်ရာ၌လည်းကောင်း၊ ကာမဂုဏ်စည်းစိမ်များနှင့် ခံစားရာတွင်လည်းကောင်း၊
အကြောင်းခြင်းရာသုံးခုကို ရှင်းလင်းစွာ သိနားလည်ထားရမည်ဟု မိန့်မြွက်ခဲ့လေသည်။
(၁) တပ်မက်သာယာခြင်း၊ သို့မဟုတ် ချိုမြိန်ခံစားခြင်း (အဿာဒ)။
(၂) မကောင်းကျိုးအပြစ်၊ သို့မဟုတ် ဘေးအန္တရာယ်၊
သို့မဟုတ် ချမ်းမြေ့နှစ်လိုဖွယ်ရာမဟုတ်ခြင်း (အာဒီနဝ)။
(၃) လွတ်လပ်ခြင်း၊ သို့မဟုတ် ထွက်မြောက်ခြင်း (နိဿရဏ)။
ချောမောလှပ နှစ်လိုဖွယ်ရုပ်ဆင်း ရူပကာယရှိသူတစ်ဦးအား မြင်လျှင်
တပ်မက်စွဲလန်းသည်။ ၎င်းသူကို အဖန်တလဲလဲ တွေ့မြင်လိုသည်။
တွေ့မြင်ရတိုင်းလည်း သာယာနှစ်သိမ့်ကြည်နူးသည်။
၎င်းအခြင်းအရာကို တပ်မက်သာယာခံစားခြင်းကို အဿာဒဟုခေါ်၍
ကိုယ်တွေ့မျက်မြင်ရှိဖူးကြသည့် အကြောင်းမှန်တစ်ရပ်ဖြစ်ပေသည်။
သို့သာယာကြည်နူးစွာ တပ်မက်ခံစားခြင်းသည် အစဉ်ထာဝရတည်မြဲသော
အကြောင်းကိစ္စများ မဟုတ်ပေ။
ထိုနည်းတူ ထိုချောမောလှပသူနှင့် ၎င်း၏နှစ်လိုဖွယ်သော ရုပ်ဆင်းရူပကာယတို့သည်လည်း
ကြာရှည်တည်မြဲနေကြမည်မဟုတ်ပေ။ အခြေအနေပြောလဲသွားသဖြင့်
၎င်းသူအား မမြင်မတွေ့နိုင်လျှင် ယခင်ခံစားခဲ့ရသော သာယာနှစ်သိမ့်မှုမျိုး
မခံစားရတော့သဖြင့် ဝမ်းနည်းပက်လက်ဖြစ်ရတော့သည်။
ကြောင်းကျိုးမဆင်ခြင်နိုင်၊ စိတ်ကယောင်ချောက်ချားဖြစ်ကာ မိုက်မဲဖောက်ပြန်သော
အပြုအမူများကိုပင် ပြုမိကောင်း ပြုမိပေလိမ့်မည်။
ဤအချင်းအရာမှာ မကောင်းကျိုးအပြစ် (ဝါ) ချမ်းမြေ့နှစ်လိုဖွယ်ရာမရှိခြင်း
(ဝါ) ဘေးအန္တရာယ်ထူပြောခြင်းစသော (အာဒီနဝ)သဘောဆောင်ခြင်းဖြစ်ပေသည်။
ဤအချင်းအရာသည်လည်း ကို်ယ်တွေ့မျက်မြင်ခံစားဖူးကြသည့်
အကြောင်းမှန်တစ်ရပ်ပင်ဖြစ်ချေသည်။
ယခု ၎င်းပုဂ္ဂိုလ်အား တပ်မက်စွဲလမ်းခြင်းမရှိဘဲ လုံးဝသံယောဇဉ်တွယ်တာမှု ကင်းသွားလျှင်
လွတ်လပ်မှုရသည်ဟု ဆိုရ၍ အချုပ်အနှောင်မှ ထွက်မြောက်ခြင်း (နိဿရဏ) ဖြစ်ပေသည်။
မည်သည့်လောကီကာမဂုဏ်စည်းစိမ်ခံစားရတွင်မဆို
ဤအကြောင်းခြင်းရာ သုံးခုနှင့် အမှန်တကယ် တွေ့ကြုံရပေမည်။
အထက်ပါအချက်အလက်များကို ထောက်ရှု၍
အကောင်းဘက်ကိုသာ ကြည့်ရှုခြင်း၊ အဆိုးဘက်ကိုသာ ကြည့်ရှုခြင်းစသောပြဿနာများ
ပေါ်ပေါက်စရာမရှိဘဲ လောကသဘာဝကို ပြည့်စုံစွာနှင့် ယထာဘူတကျစွာ သိရှိနားလည်ရန်
လောက၏ ပျော်ရွှင်ခံစားမှုများသာမကဘဲ ပူဆွေးဒုက္ခများနှင့်တကွ
၎င်းတို့မှ လွတ်လပ်မှုအကြောင်း အားလုံးတို့ကို ဆင်ခြင်သုံးသပ်ကြရပေမည်။
16 comments
draungkyawkyawoo
April 1, 2011 at 3:25 am
မှတ်သား သွားရပါတယ် ဘုရား ။
bigcat
April 1, 2011 at 4:32 am
အခြားဘာသာ အရေးပါသူတဦးက ခင်ဗျားတို့ ဗုဒ္ဓဘာသာရဲ့အားနည်းချက်က အပျက်ကို ရှုတာလို့ ပြောကြောင်း အသိတဦးက ပြောဖူးပါသည်။ တကယ်လည်းအပျက်ကိုမြင်မှသာ ဝိပဿနာ မည်ပါသည်။ သို့သော် သေသေချာချာ အားမထုတ်ဘူးသူများ၊ ကံမပါသူများက စာတွေး တွေးသည်။ ပါရမီရှင်များ သားပစ်မယားပစ် သာသနာ့ဘောင်ဝင်သွားတဲ့အခါ အတ္တကြီးသည်၊ ကျန်ရစ်သူမိသားစု ဒုက္ခရောက်ရသည်ဟုလည်း မြင်သူများအများ ရှိပါသည်။ အမှန်တကယ်ရှိသောဓမ္မ သစ္စာတရားကို လူမှုပြု လူလိုတွေး ပစ္စုပ္ပန်သာစဉ်းစားကြ၍ သံသရာဝဋ်ဒုက္ခကို သုခထင်ကြပါကြောင်း မိမိအမြင်ကို လျောက်ထားပါသည် အရှင်ဘုရား။
researcher
April 1, 2011 at 4:37 am
အရှင်ဘုရား အခုလို အကျယ်တဝင့် ပြန်လည်ရေးသားပေးတာကို တပည့်တော် ကျေးဇူးတင်ပါတယ်ဘုရာ့။ တပည့်တော် ဒုက္ခ သစ္စာ အပြင် ကျန်တဲ့ သစ္စာ (၃) ပါးကိုလဲ အထိုက်အလျောက်ဖတ်ဖူးပါတယ်ဘုရာ့။ အရှင်ဘုရားတို့လိုသာ ထဲထဲဝင်ဝင် ကိုယ်တိုင်မကျင့်ကြံဘူးပေမယ့် လူပညာရှိ၊ ရဟန်းပညာရှိတွေ ရေးထားတဲ့ စာအုပ်တွေမှာ သစ္စာ (၄) ပါး အကြောင်းကို ရှင်းပြထားတာတွေ ဖတ်ဖူးပါတယ်ဘုရာ့။ အရှင်ဘုရားပြောသလို ပကတိ အမှန်တရားတွေကို ဖေါ်ထုတ်ထားတယ် ဆိုတာကိုလဲ တပည့်တော်လက်ခံပါတယ်ဘုရာ့။ အဲဒီမှာမှ ဒုက္ခသစ္စာဆိုတာအပေါ်မှာ တခါတခါ ဘဝမကျချင်သလိုဖြစ်တာပါဘုရာ့။
မွေးဖွားခြင်းရှိရင် သေခြင်းရှိတယ်ဆိုတာကို တပည့်တော်လက်ခံပါတယ်။ အရမ်းကိုပဲ ရိုးစင်း၊ ရှင်းနေတဲ့ ကိစ္စပါ၊ အရှင်ဘုရားပြောသလိုပဲ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး ။ ဒါကို ရင်ဆိုင်ရဲအောင်၊ ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရမှာလို့လဲ တပည့်တော်က ခံယူထားပါတယ်ဘုရာ့။ ရင်မဆိုင်နိုင်တာ၊ ရင်မဆိုင်ရဲတာက တကဏ္ဍပါဘုရာ့၊ လောကဓံတရား (၈) ပါးကို ရင်ဆိုင်သလိုမျိုးပေါ့။ အဲဒီလို မွေးဖွားလိုက်၊ သေဆုံးလိုက် ဆိုတာကြီးကို အကြိမ်ကြိမ် မကြုံတွေ့ချင်တော့ဘူးဆိုရင်တော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ နည်းတွေအတိုင်း လိုက်နာကျင့်ကြံပြီ လည်နေတဲ့ သံသရာစက်ဝိုင်းကို ရပ်သွားအောင်လုပ်လို့ရတယ်ဆိုတာကိုလဲ လက်ခံပါ တယ်ဘုရာ့။ ဒီနေရာမှာ မွေးဖွားခြင်း၊ သေဆုံခြင်း ဆိုတာတွေကို ဒုက္ခလို့သတ်မှတ်တာကို တပည့်တော်က ဘဝင် မကျတာပါဘုရာ့။ ဒါတွေကို တပည့်တော်က သုခလို့လဲမသတ်မှတ်ပါဘူးဘုရာ့။ အရှင်ဘုရား ရှင်းပြသလိုပဲ ဒါတွေကို ဒုက္ခတွေ၊ သုခတွေလို့ မသတ်မှတ်ပဲ ပကတိဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေလို့ပဲ လက်ခံထားတာပါဘုရာ့။
ဒီနေရာမှာ ဒုက္ခဆိုတဲ့ ပါဠိစကားလုံးရဲ့ အဓိပ္ပါယ်က လာရှုပ်နေတာဖြစ်ကြောင်း အရှင်ဘုရားရှင်းပြလို့ တပည့်တော် သိပါပြီဘုရာ့။ Internet ကို အဓိပ္ပါယ်ဖွင့်ဆိုတာမှာ ကျစ်လစ်လွယ်ကူရှင်းလင်းတဲ့ စကားလုံးနဲ့ ပြည့်စုံအောင် မဖေါ်ပြနိုင်တော့ Internet ဆိုတာကို သိပ်နားမလည်၊ မရှင်းလင်းသလိုမျိုးပါပဲ။ သိသလိုလိုနဲ့ မသိဖြစ်ရပါတယ်။ Internet သုံးနေတဲ့သူကတော့ မသုံးဘူးတဲ့သူထက်စာရင် Internet ဆိုတာကို ပိုသိရှိနားလည် ရှင်းပြနိုင်တာပေါ့။ အခုလဲ အဲဒီလိုပါပဲ တကယ်ထဲထဲဝင်ဝင် လေ့လာဆည်းပူး ကျင့်ကြံနေတဲ့ သူက ရှင်းပြတော့ ရှင်းသွားပါတယ်ဘုရာ့။ တပည့်တော်က ဒုက္ခဆိုတာ ဆင်းရဲခြင်းလို့ နားလည်ထားတော့ စိတ်ထဲမှာ တခါတခါ ဘဝင်မကျ ဖြစ်ရတာပါဘုရာ့။ အရှင်ဘုရားရေးထားသလို ဒုက္ခဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ဆင်းရဲခြင်း ဆိုတာအပြင် ကျစ်လစ်၊ ထိမိတဲ့ စကားလုံးတွေနဲ့ ဖေါ်ပြရန်ခက်ခဲတဲ့ အဓိပ္ပါယ်တွေ ရှိသေးတယ်ဆိုရင်တော့ ဒုက္ခသစ္စာဆိုတာ ကို တပည့်တော်လက်ခံပါတယ်ဘုရာ့။
အခုလိုမျိုး တပည့်တော်စိတ်ထဲမှာ တခါတခါ ဘဝင်မကျ ဖြစ်နေတဲ့ အကြောင်းအရာတခုကို အရှင်ဘုရားက ဘဝင်ကျအောင်ရှင်းပြနိုင်တဲ့ အတွက် အရှင်ဘုရားကို အထူူးပဲ ကျေးဇူးတင်ရှိပါတယ်ဘုရာ့။ နောင်လည်း ဘာသာတရားနဲ့ပတ်သက်ပြီး တပည့်တော် ဘဝင်မကျတာတွေကို ကြုံရင်ကြုံသလို အရှင်ဘုရားထံ လျှောက်ထား မေးမြန်းချင်ပါတယ်ဘုရာ့။
ashinindaka
April 1, 2011 at 7:28 am
ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ နားရှုပ်စရာတွေတွေ့က မေးပါ။ ရပါတယ်။
weiwei
April 1, 2011 at 4:14 pm
သစ္စာ လေးပါးကို တပြိုင်နက် သိနားလည်နိုင်တဲ့ အချိန်တစ်ခုရှိပါတယ် ..
နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့အချိန်ဖြစ်ပါတယ် …
စာတွေဖတ်ရုံနဲ့ သစ္စာကို မသိနိုင်ပါဘူး … တကယ် တရားအားထုတ်မှသာ ခန္ဓာသိဖြင့် သိနိုင်ပါတယ် ..
တပည့်တော် ငယ်စဉ်ကထဲက စိတ်ထဲစွဲနေတဲ့ ဆရာတော့်စကားတစ်ခုရှိပါတယ် ..
သစ္စာလေးချက် တပြိုင်နက် သိချက်ဘယ်သို့နည်း … ?
နိဗ္ဗာန်ဝင်ကာ ကြွင်းသစ္စာ မှန်စွာသိဖို့တည်း …
maungmoenyo
April 2, 2011 at 4:51 am
သမုဒယ ဆိုတဲ့အကြောင်းကြောင့် ဒုက္ခ ဆိုတဲ့ အကျိုးကိုရပါတယ်။ အဲ့ဒီအကျိုးကို သက်ရှိတိုင်းမဖြစ်မနေခံစားကြရပါတယ်။ ဒါပေမဲ့ အဲ့ဒီအကျိုးကိုပယ်နိုင်တဲ့ (တနည်း) လျောနည်းစေနိုင်တဲ့ အကျိုးဖြစ်ရပ်တခုရှိပါတယ်။ နိဂျောဓပါ။ ဒုက္ခအပေါင်းတို့၏ချုပ်ရာနိဗ္ဗာန်လို့ဆိုတာလူတိုင်းကြားဘူးကြပါလိမ့်မယ်။ အဲ့ဒီနိဗ္ဗာန်ဆိုတဲ့ အကျိုးကိုရနိုင်တဲ့နည်းကိုဂေါတမဗုဒ္ဓ လို့မည်တဲ့ မဟာလူသားကသက်သေထူပြဆိုခဲ့တယ်။ မဂ္ဂင်(၈)ပါးပါ။ သမုဒယ နဲ့ ဒုက္ခ၊ မဂ္ဂ နဲ့ နိဂျောဓ တို့ကအပြန်အလှန်ဆက်စပ်နေတဲ့ အကျိုးနဲ့အကြောင်းတွေပါ။ ဗုဒ္ဓဟောသမျှ တရားအစုံတို့ ဒီ သစ္စာ (၄) ပါးနဲ့ချုပ်ပါတယ်။
ဒီမှာဆွေးနွေးကြသူတိုင်း ဒီပရမတ် တွေကို ထုံးလိုကြေ ရေလိုနှောက်ပြီးဆိုတာ၊ ဖတ်ကြည့်မိသလောက်စာသွားစာလာတွေ အရထင်ရှားပါတယ်။
ကိုယ်သိသမျှကိုကိုယ်အချင်းချင်းသာမက၊ ကျန်စာဖတ်သူတွေ နားလည်သည်ထက်နားလည်၊ ရှင်းလင်းသည်ထက်ရျင်းလင်းအောင် ရှုထောင့်စုံက ဆွေးနွေးပြနိုင်ကြရင် ပိုမကောင်းပေဘူးလား…။
padonmar
April 2, 2011 at 1:31 pm
{အထက်တန်းဘာဝနာလုပ်ငန်းဖြင့်ရအပ်သော သာမာန်လူတို့ နားလည်သည့်
ဒုက္ခ၏အရိပ်အယောင်မျှပင် မယှက်သန်း၊ ကင်းရှင်းသော သုခသက်သက်ဟုပင်
ဆိုနိုင်လောက်သော အလွန်ကြည်လင်သန့်စင်သည့်
လောကုတ္တရာဈာန်အခြေအနေကိုလည်းကောင်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့
ကင်းလွတ်၍ ဥပေက္ခာနှင့်သိမှုသာလျှင်ရှိသော ဈာန်အခြေအနေကိုလည်းကောင်း၊
ထိုကဲ့သို့ အဆင့်အတန်းမြင်းမားလှသည့် လောကုတ္တရာဈာန်အင်္ဂါရပ်များကိုပင်
ဒုက္ခစာရင်းတွင် သွပ်သွင်းထားပေသည်။
မဇ္ဈိမနိကာယ် (မူလနိကာယ်ငါးရပ်အပါအဝင်) ပါ သုတ်တစ်သုတ်တွင်
ထိုထိုဈာန်များ၏ လောကုတ္တရာသုခကို ချီးမွှမ်းပြီးနောက်
၎င်းတို့သည် မတည်မမြဲ၊ ဆင်းရဲဖောက်ပြန်တတ်သည်}
အရှင်ဘုရား၊အပြုသဘောနဲ့ ထောက်ပြပါရစေဘုရား၊ျမှားရင်လည်းခွင့်လွှတ်ပါ၊
ကောင်းသထက်ကောင်းစေချင်လို့ပါဘုရား၊
အရှင်ဘုရားဆိုလိုတာ စတုတ္ထဈာန် နဲ့ ပဉ္စမဈာန် ကို ဆိုလိုမယ်ထင်ပါတယ်ဘုရား၊
အဲဒါ လောကီစိတ်တွေပဲ မဟုတ်ပါလား၊
ဒါကြောင့်မြတ်စွာဘုရားက ဒုက္ခသစ္စာထဲထည့်တယ်လို့ သဘောပေါက်ထားပါတယ်.
လောကုတ္တရာ တရား၉ပါး ဖြစ်တဲ့ မဂ်စိတ်မှာရှိတဲ့ မဂ္ဂင်တရားကိုယ် ၈ပါါး(မဂ္ဂင် ၈ပါး)က မဂ္ဂသစ္စာ။
ကျန်တဲ့ မဂ်စိတ္တုပါဒ်၂၉+ဖိုလ်စိတ္တုပါဒ် ၃ရ ကသစ္စာဟူသောအရေအတွက်မှလွတ်တယ်လို့ သင်ခဲ့ရပါတယ်၊
လောကုတ္တရာ တရားတွေကိုတော့ ဖောက်ပြန်တယ်ဆိုပြီး ကဲ့ရဲ့ဖွယ်မရှိလို့ထင်ပါတယ်ဘုရား၊
တပည့်တော်မှားရင်လည်း သည်းခံပြီးပြင်ပေးပါဘုရား
ashinindaka
April 2, 2011 at 2:10 pm
Padonmar ပြောသလိုမျိုး ထောက်ပြသလိုမျိုးဟာတွေ ကိုရင်ပေါက်စဘဝ ညတွေတုန်းက နေ့စဉ်နီးပါး အော်ခဲ့ဘူးပါတယ်။
ဒီပို့စ်စာသားကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်) ဘာသာပြန်ထားတဲ့ မြတ်ဗုဒ္ဓဒေသနာထဲက ဒီနေရာနဲ့ အံဝင်ဂွင်ကျဖြစ်လို့ ကူးထည့်ပေးလိုက်တာပါ။ ကူးထည့်ပေးလိုက်တယ်လို့ ပို့စ်ထဲမှာ ရေးထားပါတယ်။
မူရင်းက Even the very pure spiritual states of dhyana (recueillement or trance) attained by the practicer of higher meditation, free from even a shadow of suffering in the accepted sense of the word, states which may be described as unmixed happpiness, as well as the state of dhyana which is free from sensations both pleasant (sukha) and unpleasant (dukkha) and is only pure equanmity and awareness – even these very high spiritual states are included in dukkha. ပါ။
Walpola Rahula, What the Buddha Taught, P. 18, Unwin Brothers Ltd, Old Woking, Surrey, 1978
ဆရာကြီးဦးကိုလေးက {အထက်တန်းဘာဝနာလုပ်ငန်းဖြင့်ရအပ်သော သာမာန်လူတို့ နားလည်သည့်
ဒုက္ခ၏အရိပ်အယောင်မျှပင် မယှက်သန်း၊ ကင်းရှင်းသော သုခသက်သက်ဟုပင်
ဆိုနိုင်လောက်သော အလွန်ကြည်လင်သန့်စင်သည့်
လောကုတ္တရာဈာန်အခြေအနေကိုလည်းကောင်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့
ကင်းလွတ်၍ ဥပေက္ခာနှင့်သိမှုသာလျှင်ရှိသော ဈာန်အခြေအနေကိုလည်းကောင်း၊
ထိုကဲ့သို့ အဆင့်အတန်းမြင်းမားလှသည့် လောကုတ္တရာဈာန်အင်္ဂါရပ်များကိုပင်
ဒုက္ခစာရင်းတွင် သွပ်သွင်းထားပေသည်။}
လို့ဘာသာပြန်ထားတာပါ။
မြတ်ဗုဒ္ဓဒေသနာ ဘာသာပြန်စာအုပ် စာမျက်နှာ ၃၁ မှာပါ။ ပဒုမ္မာအနေနဲ့ တိကျတဲ့အဖြေရရင် စဉ်းစားလို့ရရင် အကြောင်းပြန်ပေးပါအုံး။
ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းပြန်ကြည့်လိုက်ပါအုံးမယ်။
bigcat
April 20, 2011 at 4:35 am
http://dhammadownload.com/MP3Library/TheeInnGuSayadaw/MP3D05/015-D05-TheeInnGuSayadawUOakKaHta-ZenAhBainNyan.mp3
သဲအင်းဂူဆရာတော်ဟောသော တရားတခုတွင် လောကုတ္တရာဈာန်နှင့် စပ်လျဉ်း၍တွေ့ရသောကြောင့် အသံဖိုင်လင့်ခ်ကို ဝေမျှလိုက်ပါသည်။ အသံဖိုင်၏ ၃/၄ လောက်တွင် လောကုတ္တရာဈာန်အကြောင်း ပါသည်။ စာနှင့်တော့ တူချင်မှတူပါလိမ့်မည်၊ သို့သော် လက်တွေ့ပေါက်မြောက်သူ၏ ပြောကြားချက်ဖြစ်သောကြောင့် နားထောင်၍ မမှားနိုင်ပါ။ နားလည်သလောက် အတိုချုပ်ရင် ရုပ်၊နာမ်နှစ်ပါး တိုက်ဆိုက်တိုင်းမှု ဝေဒနာကို ဆင်ခြင်ရင်း ရုပ်၏အစဉ်ဖောက်ပြန်ခြင်းကို နာမ်ကအစဉ်ထိတွေ့ခြင်းသာ ဖြစ်သည်။ ဖောက်ပြန်တယ်၊ ခံစားတယ် ဟူသော ရုပ်နာမ် သာမညလက္ခဏာ ပစ္စုပ္ပန်ဆတ်ဆတ်ခလေးသာ ကျန်တော့သည်။ ၎င်းကိုပင် ကာယသတိပဌာန်ဟု ပညတ်တပ်သည်။ ထိုသို့ ဖောက်ပြန်ခံစား ဖောက်ပြန်ခံစားဟု တည်နေခြင်းဖြင့် အကုသိုလ်စိတ်များကို လောင်ကျွမ်းစေ၍ လောကုတ္တရာဈာန် ဖြစ်နေသည်။ ယင်းသို့ အကြောင်းသတ်ပြီး အကျိုးကိလေသာများ တဆက်တည်း ပျက်နေခြင်း သဘာဝလက္ခဏာကို မြင်သည့်အခါ ကာယနုပဿနာ ဖြစ်သွားသည်။
padonmar
April 2, 2011 at 3:35 pm
တပည့်တော်တို့က သင်တဲ့စာကို ကျက်မှတ်တဲ့အဆင့်သာရှိတော့ စဉ်းစားရုံနဲ့တော့ အဖြေမထွက်လောက်ပါဘုရား။
ဆရာကြီးစာအုပ်ပြပြီး ဆရာတော်တွေမေးကြည့်ပါအုံးမယ်ဘုရား၊
ashinindaka
April 3, 2011 at 4:59 am
even these very high spiritual states ကို ဆရာကြီးက လောကုတ္တရာဈာန်အင်္ဂါရပ်များကိုပင် လို့ ဘာသာပြန်မိသွားတာက နည်းနည်း ပြဿနာဖြစ်သွားတယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလေးတွေ ဖတ်ရင်း ရေးရင် သိလိုက်ရတာ အကျိုး အင်မတန်များလို့ ကျေးဇူးတင်မိတယ်။
bigcat
April 2, 2011 at 6:41 pm
လောကီဈာန်နှင့် လောကုတ္တရာဈာန် ဟူ၍နှစ်မျိုးကွဲပြားမှုရှိပါသလား သို့တည်းမဟုတ် ရဟနာ္တအဆင့် စိတ်တည်ငြိမ်မှု သမာဓိကို လောကုတ္တရာဈာန်ဟု ပညတ်သဘောပြောခြင်း ဖြစ်ပါသလား အရှင်ဘုရား။
သဲအင်းဂူ ဆရာတော်ဘုရားကြီး၏ တရားတပုဒ်တွင် ဈာန်ကို စိတ်တည်ကြည်ခြင်း အဘိညာဉ်ကို စိတ်ပြောင်းနိုင်ခြင်းလို ပြောတာနာဖူးပါသည်။ စာလိုတော့ ဟုတ်ချင်မှဟုတ်ပါမည်။ ပညတ်သဘောကို စဉ်းစားရန် ပြောခြင်းလို့ နားလည်ပါသည်။ ဆရာတော်က လူတိုင်းဈာန်ရတယ်။ ဈေးရောင်းသူက ကုန်ပစ္စည်းအပေါ် စိတ်စူးစိုက်၊ ဖဲသမားက ဖဲချပ်အပေါ် အာရုံပြုကြတာကို ပြောပါသည်။ ဈာန်ရတိုင်း မြေလျှိုးမိုးပျံ အဘိညာဉ်တန်ခိုး မဖြစ်ဘဲ အကြားအမြင်ပေါက် ပု၊တိ၊အာ အစွမ်းသာ နောက်ပိုင်းပုဂ္ဂိုလ်များ အဖြစ်များသည်ဟု နားလည်ပါသည်။ ဆရာတော်ကြီးက သူလည်း အဘိညာဉ်ရဖို့ ကြိုးစားတာပဲ၊ နောက်ဆုံးအဆင့်မှာ လန် လန်ကျသွားတယ်လို့ ဆိုပါသည်။ ရှေးပါရမီ မဖြည့်မပြည့်ခဲ့လျင် မရနို်င်ဟု ထင်ပါသည်။ လောကုတ္တရာဈာန်သည် အဘိညာဉ်မဖြစ်သော ဈာန်သမာဓိဖြင့် အရိယာများ စိတ်သွင်းနေခြင်းဖြစ်မည်ဟု ထင်ပါသည်။ သဲအင်းဂူနည်းသည်လည်း အာနာပါနဈာန်စိတ်ဖြင့် ဖြစ်ပျက်ကို ရှုသည်ဟု ပညတ်တပ်ပြောနို်င်သည်။ ဤကဲ့သို့ ပညတ်အားဖြင့်ပြောခြင်းမှန်ပါက ဒုက္ခသစ္စာထိုက်ချင်မှ ထိုက်ပါလိမ့်မည်။ မြတ်စွာဘုရားတောင် ပရိနိဗ္ဗာန်ပြုခါနီးတွင် စတုတ္ထဈာန်စိတ်ဖြင့်တလှည့် ဝေဒနာရှုမှတ်ခြင်းဖြင့်တလှည့်စီ သည်းခံကျော်ဖြတ်သွားသည်။ အကြောင်းမှာ ခန္ဓာဝန်ကြီးသည် အလွန်လေးလံသောကြောင့်ဟု မှတ်သားဖူးပါသည်။ အရှင်ဘုရားထံမှ မှတ်ချက်ကို သိလိုပါသည်။
မိုက်ကယ်ဂျော်နီအောင်ပု
April 2, 2011 at 7:27 pm
ဒုက္ခသစ္စာကို အဆိုးမြင်တဲ့သဘောရှိတာကို
ရှင်းနေကြရာကနေ
ဈာန်သမာပတ်တွေ နိဗ္ဗာန်တွေဆီကိုရောက်ကုန်ပြီ
အဝိဇ္ဇာမှ ဝိဇ္ဇာ သို ့ဆိုတဲ့စာအုပ်မှာလားမသိဘူး ဖတ်ဘူးတယ်
ခုပြောနေကြတဲ့ ဈာန်တို ့နိဗ္ဗာန်တို ့ဆိုတာကို လိုခြင်လွန်းနေတာကိုက
မူမမှန်တဲ့သဘောမှာရှိနေတယ်ဆိုတာကို ပြန်ဆင်ခြင်တယ်ဆိုတာကို ရေးထားတာကိုဖတ်မိတယ်
တစ်နေ ့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ ့
၂၄။ ကာမခြောက်မျိုး တရားတော် (၈-၁၂-၁၉၅၉)
ကိုနာကြည့်မိတော့
တစ်ခုခုကို နားလည်သလိုရှိလာတယ် ပြန်ပြောလို ့တော့မတတ်ဘူး
ဆိုခြင်တာက တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေကတော့တူဘို ့သိပ်မလွယ်ဘူး
အထူးသဖြင့် ဘဝကိုဒုက္ခလို ့မြင်လာဘို ့ဆိုတာ တော်တော်မလွယ်ဘူးထင်တယ်
တစ်ခါတစ်လေကြရင်လည်း ခပ်လွယ်လွယ်လေးဘဲတွေးကြည့်မိတယ်
လူ ့ဘဝဆိုတာ
စားလိုက် သောက်လိုက် အိပ်လိုက်ပါဘဲ
ဒီနေရာမှာ သတိထားမိတာက အသိတရားလေးပါဘဲ
ဆိုကြပါစို ့
လိုခြင်မှု ့တစ်ခုခုတွက် ကြိုးစားအားထုပ်ကြ အပင်ပမ်းခံကြ
နောက်ဆုံးကြတော့ ဘာမှကိုမဟုတ်ဘူး
ပစ္စည်းဥစ္စာ လိုခြင်မှုတွေတွက်
သတ်နေဖြတ်နေကြတာ
ထမင်းစားပြီးဗိုက်တင်းသွားတဲ့ခါ ဘာများထူးဆန်းသေးလို ့လဲ
ကြက်သားဝက်သားနွားသား 🙂
အစားအသောက်တွေဟာလည်း စားပြီးဗိုက်တင်းတော့ အေးတာဘဲ
ကားတွေစိန်တွေရွှေတွေရပါပြီတဲ့
ကဲခုနေ
ဖျားနာတဲ့ဝေဒနာတစ်ခုဝင်လာပြီဆိုပါဆို ့
ဝေဒနာကို သတိထားမိတဲ့အချိန်မှာ
ဒီဥစ္စာပစ္စည်းတွေဆိုတာ အချဉ်းနှီးပါလားလို ့မြင်မိပြန်ပါရောလား
ပြောရရင်တော့ အောလပုံဘဲ ဘဒ္ဒ န္တတို ့ရေ
padonmar
April 7, 2011 at 7:41 pm
မစိုးရိမ်စာသင်သား ဆရာတော်ရဲ့ အဖြေပါဘုရား၊
လောကုတ္တရာ ဈာန်စိတ်တွေဟာလည်း ဥပါဒ်၊ဌီ၊ဘင် မှ မလွတ်တဲ့အတွက် ဒုက္ခသစ္စာမှာ ထည့်ထားဟန်တုပါတယ်တဲံ့၊
နိဗ္ဗာန်အာရုံပြုုတဲ့ စိတ်တွေဟာ ပဏီတ သိမ်မွေ့မွန်မြတ်လွန်းလို့ သစ္စဝိမုတ် လို့ သုံးရတာပါတဲ့၊
တကယ်တော့ ဖြစ်တည်ပျက်တွေပါပဲတဲ့၊
ashinindaka
April 8, 2011 at 12:29 am
ဦးဣန္ဒာစရိယ တွေးထင်တာလဲ အနီးစပ်ဆုံးမှန်ကန်ပါတယ်။ ဒီလိုတွေး ဒီလိုယူလိုက်တော့လဲ အဆင်ပြေသွားတာပေါ့လေ။ အင်္ဂလိပ်ဝါကျထဲမှာတော့ နည်းနည်းလေး ဘာသာပြန် ရောစပ်သွားပုံပေါက်တယ်။ ဆရာကြီးဦးကိုလေး သက်ရှိထင်ရှားရှိနေသေးရင်တော့ ဟန်ကျမှာနော်။ ဒါမျိုးအခြားတနေရာမှာလဲ အဆင်မပြေဖြစ်ဘူးတယ်။
char too lan
April 20, 2011 at 1:21 pm
(မေး) အရှင်ဘုရား၊ ရဟန်းသံဃာတော်တို့အား အောက်ပါပစ္စည်းများ လှူဒါန်းနိုင်ပါသလား။
(က) ငွေထုတ်ချက်လက်မှတ်၊ ငွေလွှဲစာ၊ တံဆိပ်ခေါင်း။
(ခ) ထီလက်မှတ်၊ ငွေစုလက်မှတ်၊ အသက်အာမခံစာချုပ်။
(ဂ) စာတိုက်မှ မန်နီအော်ဒါနှင့် ပို့လှူသောငွေ။
(ဖြေ)
(က) ချက်လက်မှတ်၊ ငွေလွှဲစာတို့သည် ငွေမဟုတ်သေးသောေြကြာင့် လှူရုံကား လှူကောင်းမည်ဟုထင်၏။
သို့သော် အလှူခံရသော ပုဂ္ဂိုလ်ကမူ ထိုလက်မှတ်ဖြင့် ကိုယ်တိုင်လည်း ငွေမထုတ်နိုင်၊ ကပ္ပိယကိုလည်း သွား၍ ထုတ်ပါချေဟု မစေခိုင်းနိုင်၊ မိမိမှာ ချက်လက်မှတ် ငွေလွှဲစာရရှိကြောင်းမျှကိုသာ ကပ္ပိယအား ပြောနိုင်၏။ ထိုသို့ ပြောသည့်အတွက် ကပ္ပိယလုပ်တတ်သူ လူဝတ်ကြောင်က ထိုလက်မှတ် (ထိုစာကို) ယူ၍ ငွေထုတ်ပြီးလျှင် -တပည့်တော်အထံ မည်၍ မည်မျှတန်သော၊ အပ်သော ပစ္စည်းကို တောင်းခံတော်မူပါ-ဟုလျှောက်မှ ထိုပစ္စည်းကို တောင်းခံကောင်းသည်။ တံဆိပ်ခေါင်းကိုကား လှူကောင်း၏ဟုသာ အယူရှိ၏။
(ခ) ထီလက်မှတ်၊ ငွေစုလက်မှတ်၊ အသက်အာမခံစာချုပ်များလည်း ချက်လက်မှတ်နှင့်သဘောသွားအတူဟုပင် ယူဆပါသည်။
(ဂ) မန်နီအော်ဒါနှင့် ပို့လှူသောငွေ၌ မိမိနာမည်ကို လက်မှတ်ထိုးရုံကား ထိုးကောင်း၏=ဟု ယူဆပါသည်။ ငွေကိုမူ မခံယူကောင်းပါ။ ကပ္ပိယကိုလည်း ယူထားလိုက်ပါဟု မပြောကောင်းပါ။ မန်နီအော်ဒါရောက်လာကြောင်း ကိုသာ ပြောပြ၍ ကပ္ပိယလုပ်တတ်သူက ယူပြီးလျှင် (သို့မဟုတ် စာပို့လုလင်က ကပ္ပိယထံပေးသွားလျှင်) ထိုကပ္ပိယက အခြားငွေ ထုံးစံအတိုင်းလျှောက်မှသာ အပ်သောပစ္စည်းကို သုံးစွဲကောင်းပါသည်။
အမှာ။ ။ ဤ (၈) နံပါတ်မေးခွန်းများ၏အဖြေမှာ ကျမ်းစာတို့၌ တိုက်ရိုက်မပါသောကြောင့် မိမိယူဆချက်ကိုသာ ဖြေလိုက်ပါသည်။ အခြားသော ဝိနည်းဓိုရ်ဆရာတော်များကိုလည်း လျှောက်ထားပါလေ။
မူရင်း – http://knowledge.dhammaransi.com/index.php?option=com_content&view=category&id=25&Itemid=53