ဒီမိုကရေစီငြိမ်းချမ်းရေး နှင့် အဓမ္မဝါဒလုပ်ရပ်များ

မ်ိဳးကိုNovember 7, 20111min1009

အောင်ပန်းမြို့မှာ 29.10.2011 စနေနေ့ နှင့် 30.10.2011 တနင်္ဂနွေနေ့ မှာပြုလုပ်ခဲ့တဲ့ သာသနာရေးဆိုင်ရာ ဓမ္မစာပေ ဟောပြောပွဲ အသံဖိုင်ခွေကို နားကြားမိလို့ ဒီ post ကို ရေးဖြစ်တာပါ။

မြန်မာနိုင်ငံသည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ယုံကြည်ရာ ဘာသာတရားများအပေါ် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ပေးထားသောနိုင်ငံဖြစ်ပါသည်။

ယနေ့အစိုးရသစ်သည်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည် ဖော်ဆောင်နေသာ အစိုးရဖြစ်ပါသည်။

လူအမျိုးမျို်း၊ စိတ်အထွေအထွေဆိုသလို  အသိ၊ အမြင်အယူအဆများ မတူကွဲပြားနေကြသည်မှာလည်း မထူးဆန်းပါ။ ထိုမတူကွဲပြားမှုများအပေါ် မတူတာတွေဖယ် တူတာတွေနဲ့ လက်တွဲဆိုတဲ့ “မတူကွဲပြား ရင်ကြားစေ့မူဝါဒ“သာလျှင် ဒီမိုကရေစီ၏ ငြိမ်းချမ်းမှုဖြစ်သည်။

အဆိုပါ ဒီမိုကရေစီ၏ ငြိမ်းချမ်းမှုကို နိုင်ငံတော်အစိုးရသစ်မှ အကောင်အထည်ဖော်ဆောင်နေသည်မှာ တဖြည်းဖြည်းရုပ်လုံးပီလာပြီဟု ဆိုရမလိုဖြစ်ပါသည်။

ထိုကဲ့သို့  ဒီမိုကရေစီ၏ ငြိမ်းချမ်းရေးသို့ “မတူကွဲပြား ရင်ကြားစေ့မူဝါဒ”သဘောမျိုးနှင့် ဦးတည်နေသည့်ကြားကမှ ဘာသာရေးကိစ္စများတွင် အောင်ပန်း ဓမ္မ၊ အဓမ္မဆိုင်ရာ စာပေဟောပြောပွဲသည် ဒီမိုကရေစီ၏ ငြိမ်းချမ်းရေးနှင့် ဖီလာဆန့်ကျင်သလို ဖြစ်နေပေသည်။

ထေရဝါဒဗုဒ္ဓဗုဒ္ဓဘာသာဝင်တချို့ရဲ့ ယုံကြည်ကိုးကွယ်မူသည် တစ်ပါးသူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ထိပါးနေသလိုသဘောဖြစ်နေပေသည်။

ထိုဟောပြောပွဲတွင် ဆရာကြီး ဦးညွန့်မောင် ပြောကြားခဲ့သော “သာသနာတည်တံ့ဖို့အတွက် နှိပ်ကွပ်ရမယ်၊ ပျော့ပျော့လုပ်လို့ မရဘူး” ဆိုသော အပြောအဆိုများသည် ဘာသာရေးဆူပွတ်စေမှုကို ဖြစ်စေသလို ဖြစ်နေပါသည်။ ဗုဒ္ဓဘုရားရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေသလို နိုင်ငံတော်အစိုးရမှ ဦးတည်ဖော်ဆောင်နေသော ဒီမိုကရေစီ၏ ငြိမ်းချမ်းရေးနှင့်လည်း ဆန့်ကျင်နေသလိုဖြစ်နေပါသည်။

ဒါကိုပဲ ဓမ္မစက္ကဦးမောင်မောင်က ဆက်လက်ထောက်ခံပြီး နှိပ်ကွပ်ရေးတရားများပြောကြားသွားခြင်းသည် ဘာသာရေးဆူပူမှုကို ဦးတည်နေပါသည်။

ဦးမောင်မောင်ကတော့ နှိပ်ကွပ်တာမဟုတ်ပါဘူး၊ ကာကွယ်တာပါဟု စကားလွန်သွားမှုအပေါ်မှာ ပြန်ဖာထေးတာကိုလည်းတွေ့ရပါတယ်။

နှိပ်ကွပ်တာပဲဆိုဆို၊ ကာကွယ်တာပဲဆိုဆို ကိုယ့်ရဲ့ ပြုမူ၊ ပြောဆိုမူသည် တစ်ဖတ်သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ထိခိုက်မိမည်ဆိုလျှင် တစ်ဖတ်သူတို့မှလည်း ပြန်လည်ကာကွယ်တုန့်ပြန်ကြလိမ့်မည်ဖြစ်ပေသည်။ မိမိတို့အား ထိခိုက်မှုကို ကာကွယ်မှုသည် တစ်ဖတ်သူတို့အား မထိခိုက်မိဖို့လိုပေသည်။ တစ်ဖတ်သားတို့အား ထိခိုက်လောက်အောက် ပြုပြီး ကာကွယ်တယ်ပြောဆိုခြင်းသည် အမှန်တကယ် ကာကွယ်နေတာလား၊ ဘာသာရေးဆူပူအောင် တိုက်ခိုက်နေတာလားလို့ စိစစ်ကြဖို့လိုပါသည်။

ကိုယ့်ရဲ့ကာကွယ်မှုသည် တစ်ဖတ်သူတို့ကို ထိခိုက်နစ်နာအောင် မဖြစ်မိဖို့လိုပါသည်။ သို့မှသာ ငြိမ်းချမ်းသောဒီမိုကရေစီနှင့်ထိုက်တန်သော ဘာသာရေးကိုးကွယ်မှုဟု ဆိုရမှာဖြစ်ပါသည်။ ဒီဘာသာရေးဖြစ်စဉ်တွေမှာ သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံတော်ရှိ ပြည်သူတို့ ယုံကြည်ကိုးကွယ်နေကြသော ဘာသာ သာသာနာအားလုံးတို့၏ သာသာနာရေးဌာနသာလျှင်ဖြစ်သင့်ပေသည်။ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတစ်ခုတည်းရဲ့ ဝန်ကြီးဌာနမျိုးတော့ မဖြစ်သင့်ပါ။ ထေရဝါဒသာသနာတစ်ခုတည်းကိုသာ ကာကွယ်ပေးရမှာမဟုတ်ပါ၊ ကိုယ့်နိုင်ငံရှိ လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုအားလုံးကို သာတူညီမျှ ကာကွယ်ပေးရမှာဖြစ်ပါသည်။ သို့မှသာ ငြိမ်းချမ်းသော ဒီမိုကရေစီကျကျ ကိုးကွယ်မှုသို့ ရောက်ကြမှာဖြစ်သည်။

ယခုအောင်ပန်တရားပွဲသည် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူတွေက ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (အများအခေါ် မိုးပြာဝါဒ) ယုံကြည်သူတွေအပေါ် နှိပ်ကွပ်ဖို့ အဓိကဦးတည်ဟောပြာချက်များဖြစ်နေပါသည်။ ယနေ့လူအများအသိရဆိုရလျင် အဆိုပါ  ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကိုဖော်ထုတ်သူ မိုးပြာဆရာတော်ရှင်ဉာဏသည် ၁၉၈၃-ခု၊ ဦးနေဝင်း အစိုးရခေတ်ကတည်းက ထေရဝါဒနှင့်မဆိုင်သော သီးခြားဗုဒ္ဓဘာသာအနေနဲ့ နိုင်ငံသိ၊ အင်တာနက်မှတဆင့် ကမ္ဘာသိ ရပ်တည်နေခဲ့သူတစ်ဦးလို့ သိရပါသည်။

အကျယ်ကို   http://www.4shared.com/document/Z4g4E6JA/DHAMMAVIHARRI_NIDAN.htm   ရှိ ဓမ္မဝိဟာရီနိဒါန်းစာအုပ်ကို ဖတ်ရှု၍ သိရှိရပါသည်။

အဆိုပါ မိုးပြာဆရာတော်ရှင်ဉာဏဖော်ထုတ်သည့် ဗုဒ္ဓဘုရား၏ (သူတို့ယုံကြည်ကြသော ကမ္မဝါဒ)တရားအမြင်အတိုင်း ယုံကြည်ကိုးကွယ်ကြသူများကိုလည်း ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုကြပါသည်။ အဆိုပါပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဝင်များသည် ယနေ့အခါ မြန်မာနိုင်ငံတွင်မက ကျန်ကမ္ဘာ့နိုင်ငံများတွင်ပါ ယုံကြည်ကိုးကွယ်နေကြကြောင်း သိရှိရပါသည်။

အဆိုပါ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာအယူဝါဒကွဲများဖြစ်ကြသည့် မဟာယာနဗုဒ္ဓဘာသာ၊ ဇင်ဗုဒ္ဓဘာသာ၊ တိဗက်လာမားဗုဒ္ဓဘာသာတို့ကဲ့သို့  ထေရဝါဒဗုဒ္ဓဘာသာနှင့် မပတ်သက် မသက်ဆိုင်သော သီးခြားဗုဒ္ဓဘာသာ အယူဝါဒကွဲတစ်ခုလို့ သိရှိရပါသည်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုမတူသော ဗုဒ္ဓဘာသာအယူဝါဒကွဲတစ်ခုကို ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ချို့မှ  ဝေဖန်တိုက်ခိုက်သလို ဖြစ်နေခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ထိပါးသလိုမျိုးဖြစ်နေပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာရဲ့ ဗုဒ္ဓတရားအပေါ်ဖွင့်ဆိုနားလည်မှုများသည် ထေရဝါဒနှင့်မကိုက်ညီဟု ယူဆပါက “ထေရဝါဒဗုဒ္ဓဘာသာမှ တာဝန်မယူသောတရားဓမ္မများ၊ (သို့မဟုတ်) ထေရဝါဒဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော တရားဓမ္မများ၊(သို့မဟုတ်) ထေရဝါဒဗုဒ္ဓဘာသာ ဖွင့်ဆိုမှုနှင့်မတူညီသော တရားဓမ္မများ” ဟုသာ သတ်မှတ်သင့်ပါသည်။ ဒီထက်ပိုမိုပြီး တရားမဟုတ်သော (မတရား)အဓမ္မတရားများဟု သတ်မှတ်ခြင်းသည် ဗုဒ္ဓဘာသာအယူဝါဒကွဲ ဘာသာတစ်ခုကို ထိပါးသလို ဖြစ်နေပါသည်။

ထေရဝါဒစာပေများနှင့် မတူတိုင်းသာ အဓမ္မလို့ သတ်မှတ်ကြမည်ဆိုလျင် တရုတ်၊ ကိုးရီးယာနိုင်ငံတို့ရှိ မဟာယာနဗုဒ္ဓဘာသာတို့၊ ဂျပန်နိုင်ငံရှိ ဇင်ဗုဒ္ဓဘာသာတို့၊ တိဗက်လာမားဗုဒ္ဓဘာသာတို့ပါ အဓမ္မတရားဖြစ်နေပါလိမ့်မည်။ ထိုကဲ့သို့သာ အဓမ္မလို့ လုပ်နေကြလျှင် ထိုယုံကြည်ကိုးကွယ်ကြသူများနှင့် ငြိမ်းချမ်းနိုင်ကြမည် မဟုတ်နိုင်ပါ။ တစ်ပါးသူတို့၏ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်သလိုဖြစ်နေပါသည်။

သို့အတွက်ကြောင့် နိုင်ငံတော်၏ သာသနာရေးဆိုင်ရာဝန်ကြီးဌာနသည် ဤနိုင်ငံရှိယုံကြည်ကိုးကွယ်မှုအားလုံး၏ ကိုးစားပြုသောဌာနဖြစ်ပါသည်။  ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူများနှင့် ပစ္စုပ္ပကမ္မဝါဒဗုဒ္ဓဘာသာကိုးကွယ်သူများကြားတွင်း ငြိမ်းချမ်းရေးနည်းအရသာဆောင်ရွက်ပေးဖို့လိုပါသည်။

အတင်းအကြပ်နှိပ်ကွက်ခြင်းဖြင့် ငြိမ်းချမ်းရေးကိုမရနိုင်ကြောင်း သမိုင်းကို ပြန်ကြည့်ရင်သိနိုင်ပသည်။

ကိုယ့်နိုင်ငံသားတွေ၏ ကိုးကွယ်ယုံကြည်မှု အသီးသီးအပေါ်မှာ (ဘက်မလိုက်ပဲ) မိဘကဲ့သို့ ညှိနှိုင်းပြီး ငြိမ်းအေးအောင်ဆောင်ရွက်ပေးမှသာ အစိုးရသစ်လျှာက်လှမ်းနေသော ဒီမိုကရေစီငြိမ်းချမ်းရေးကို ဦးတည်မှာ ဖြစ်ပါသည်။

ထေရဝါဒဗုဒ္ဓယုံကြည်သူများကလည်း တခြားယုံကြည်ကိုးကွယ်မှုများကို မထိခိုက်ကြပဲ သာသာနာပြုကြဖို့နှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာယုံကြည် ကိုးကွယ်သူများကလည်း တခြားယုံကြည်ကိုးကွယ်မှုများကို မထိခိုက်ကြအောင် ကိုယ်ယုံကြည်ရာ သာသနာပြုကြဖို့ သဘောတူ ညှိနှိုင်းပေးခြင်းသာလျှင် ဒီမိုကရေစီငြိမ်းချမ်းရေး ဗုဒ္ဓလမ်းစဉ်သာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုရသော် ဗုဒ္ဓဘာသာတရားကို ထေရဝါဒဗုဒ္ဓဘာသာတစ်ခုတည်းမှ အပိုင်းသိမ်းပိုက်ခြင်းမပြုမှသာ ငြိမ်းချမ်းမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

 

 

9 comments

  • mgmaung

    November 7, 2011 at 6:07 pm

    ဗုဒ္ဓက ဘာကိုမှ မသိမ်းပိုက်ဖို့၊ မစွဲဖို့ ဟောခဲ့တာ/
    အဲဒါ ပစ္စည်းဥစ္စာတင်မက အယူဝါဒကိုပါ မသိမ်းပိုက်၊ မစွဲလန်းသင့်ဘူး /
    အခုက အယူဝါဒသိမ်းပိုက်၊ စွဲလန်းနေကြတာဆိုတော့ ဒိုင်ပွဲရပ်မှပဲ ပြီးမှာ/
    ထေရဝါဒတဲ့၊ ကမ္မဝါဒတဲ့ သိမ်းပိုက်နေမှုတွေကြောင့်ပဲ/
    ကိုယ့်ဟာကိုယ် မှန်နေကြတော့ ခက်နေကြတာပေါ့/
    ဒိုင် နိုင်ငံတော်က ကြားဝင်မှပဲ ငြိမ်းအေးမယ်ထင်ပ/
    ကြားဆိုတာက ဘက်မလိုက်တာပဲ/
    ကို်ယ်သိမ်းပိုက်ထားတာနဲ့ကိုယ်နေ သူများမထိခိုက်ကြေး။

  • ကြောင်လတ်

    November 8, 2011 at 7:48 am

    ဘာသာရေးဆိုတော့ ဝင်မဆွေးနွေးတော့ပါဘူး၊
    သိလည်းမသိလို့ပါ။

  • aye.kk

    November 8, 2011 at 6:32 pm

    မည်သည့်ဘာသာမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အား ခွင့်ပြုမှုရရှိနိုင်မှသာလျှင် ဒီမိုကရေစီလမ်းစဉ်
    သို ့ဖော်ဆောင်ရာရောက်မည်ဟု ယုံကြည်မိပါသည်

  • mggwa

    November 8, 2011 at 7:46 pm

    ဒီလူတွေက တစ်ခါလာလည်းနှိပ်ကွပ်မယ်၊ နောက်တစ်လာလည်းနှိပ်ကွပ်မယ်နဲ့ အရိုင်းစိတ်မကုန်သေးပါဘူးဗျာ။ ကျောက်ခေတ်ကလူတွေကျနေတာပဲ ဟင်း၊

  • realman

    November 11, 2011 at 4:27 pm

    ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေဟာ အမွေဆိုင်ပစ္စည်းဥစ္စာတွေလိုပါပဲ။ ဗုဒ္ဓတရားကို သက်ဝင်ယုံကြည်သူတိုင်နဲ့သက်ဆိုင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ ဘယ်အဖွဲ့အစည်းကမှ အပိုင်သိမ်းပိုက်လို၍ မသင့်ပါ။ ဗုဒ္ဓဟောကြာခဲ့တဲ့ ပါဠိတော် အဟောအပေါ် ကို်ယ့်သိမြင်ဖွင့်ဆိုတာမှ အမှန်ဆိုတာသည် အမွေကို အပိုင်စီးချင်တာပါပဲ၊ ကိုယ်လည်း ကိုယ်နားလည်သလို ဖွင့်ဆိုသလို တစ်ပါးသူတို့လည်း သူတို့ သဘောပေါက်နားလည်သလို ဖွင့်ဆိုခွင့်ဆိုတဲ့ အမွေခွဲဝေပေးမှ သမာသမတ်ကျမှာပေါ့။ ဘယ်သူတွေပဲပြန်ဖွင့်ပြန်ဖွင့် လူတွေက သူတို့ အသုံးတည့်မှ ယူမှာပါ။ ရောင်းမကုန်ပစ္စည်းလို အတင်းထိုးထည့်ပေးနေရတဲ့အရာမျိုးမှ မဟုတ်တာလို့ ထင်မိပါတယ်။

  • maungpeace

    November 11, 2011 at 5:52 pm

    အညစ်အကြေးစင်အောင် ရေနဲ့ဆေးတော့ ရေက မသန့်တဲ့ရေဖြစ်နေတယ်။ ဒါကြောင့်ရေကြောင့်ပဲပြန်ညစ်ပေးသွားရသလို

    ငြိမ်းချမ်းမှုဓမ္မများကို ဖော်ဆောင်ကြတဲ့အခါ အတင်းအကြပ်နှိပ်ကွက်နေခြင်းသည် ညစ်ပတ်တဲ့ရေလိုပဲ။
    အတင်းအကြပ်နှိပ်ကွက်နေလို့ မငြိမ်းချမ်းနိုင်ပါဘူး။
    “သဘောထားကွဲတာ မဆန်းပါ။ သဘောထားကြီးဖို့ လိုတာပါ။
    သဘောထားကြီးမှ ငြိမ်းချမ်းမှာ”

  • mummymoon

    November 12, 2011 at 12:26 pm

    buddha ဟောကြားခဲ့တဲ့တရားတွေ အယူအဆတွေမဟုတ်ပဲ သီးခြားတရားတွေဆိုရင်တော့ buddhism လို့ မခံယူသင့်ပါ– ပစ္စုပန်ကမ္မဝါဒသည် တို့ဘုရားဟောတာ မဟုတ်ရင် ထိုတရားများကို ယုံကြည်သော သူများလည်း တို့ဘာသာဝင်အဖြစ် မခံယူသင့်– သီးခြားတရားတော်အဖြစ်သာ ရှိသင့်တယ်– buddha ဘာသာရဲ့ အရိပ်အာဝါသအောက်က ထွက်ပြီး ကိုယ့်တရားမှန်ကန်ကြောင်း သက်သေပြနိုင်ရမယ်-( မည်သူကိုမျှပုတ်ခတ်လိုခြင်းမဟုတ်– မိမိစိတ်ကူးကို ရေးသားခြင်းသာ)—

  • blank

    November 20, 2011 at 12:10 pm

    ဟန်ဆောင်ခြင်းကို အဓမ္မဟုဆိုလိုကြောင်းသေချာစွာရေးသင့်တယ်လို့ထင်ပါသည်။ တပ်မတော်သား မဟုတ်ပဲ တပ်မတော်သား အဝတ်များဝတ်ဆင်၍ တပ်မတော်သား ဟန်ဆောင်သောသူသည် မှန်ကန်သောတပ်မတော်သား အတွက် အဓမ္မဖြစ်ပါသည်။ ထို့အတူပင် မိုးပြာဂိုဏ်းဆိုသည်မှာလည်း ထေရဝါဒ၏ စကားလုံးအခွံများ (အနှစ်သာရအဓိပ္ပါယ်များကိုယူထားခြင်းမဟုတ်၍) ဝတ်ရုံထားခြင်းကို ဖယ်ခွါလိုက်ပါက ဘဝနေထိုင်နည်းတစ်ခု၊ အတွေးအခေါ်ဂိုဏ်းတစ်ခုသာ ဖြစ်ကြောင်းသေချာသိသင့်ကြပါသည်။ ထိုအတွေးအခေါ်များကို ယုံကြည်ခြင်း၊ လက်ခံနေထိုင်ခြင်းသည် လွတ်လပ်စွာယုံကြည်ခွင့်ဖြစ်သော်လည်း ထေရဝါဒ၏စကားလုံးဝတ်ရုံများကိုတော့ ဖယ်ခွါထားသင့်တယ်လို့ယူဆပါသည်။ မြန်မာနိုင်ငံတွင် မိုးပြာဂိုဏ်းပေါ်ပေါက်လာခြင်းသည် အတွေးအခေါ်များပွင့်လင်းလာခြင်းဖြစ်၍ ကြိုဆိုသင့်သည်မှန်သော်လည်း အခြေခိုင်နေသော ထေရဝါဒအတွေးခေါ်၏ လွမ်းမိုးခံရခြင်းကြောင့် ထေရဝါဒစကားလုံးဝတ်ရုံများ ဝတ်ခြုံမိ၍ အဓမ္မဟူ၍စွပ်စွဲခံရခြင်းဖြစ်သည်ဟုမြင်မိသည်။ ထို့ကြောင့် ပွင့်လင်းစအတွေးအခေါ်များ အဓမ္မဟုစွပ်စွဲမခံရရန် နည်းလမ်းရှာရန်လိုအပ်ပြီး ဘာသာရေးစကားလုံးအခွံများ သုံးစွဲခြင်း (စကားလုံးများ၏ နားလည်ပြီးအသားကျနေသော အဓိပ္ပါယ်များကို အခြားအဓိပ္ပါယ်များနှင့်သုံးစွဲခြင်း) များကိုရှောင်ရှားခြင်းသည်လည်း အတွေးအခေါ်များလွတ်လပ်စွာ ရှေ့ဆက်နိုင်ရန် အချက်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ထို့အပြင်မိမိတို့ အတွေးအခေါ်များကိုလည်း ခိုင်မာပြည့်စုံသော၊ ကျမ်းအင်္ဂံါနှင့်ညီညွှတ်သော စာပေများးပြုစုသင့်တယ်လို့ ထင်ပါတယ်။ သူတပါးအယူအဆများကို ဝေဖန်ခြင်းသည် မိမိအယူအဆကိုတင်ပြခြင်း အပြည့်အစုံမဟုတ်ကြောင်း သတိထားသင့်တယ်လို့ယူဆပါသည်။ ထို့ကြောင့် မိမိအယူအဆကို ပြည့်စုံစွာတင်ပြခြင်းသည်လည်း အတွေးအခေါ်အသစ်များ ရပ်တည်ဖို့ နည်းလမ်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ နိုင်ငံရေးစာများ၊ ဘာသာရေးစာများကိုဖတ်ရာတွင် သတိထားသင့်သည်ထင်သော အချက်တချို့ကိုဖေါ်ပြချင်ပါတယ်။
    ၁။ အဖြောင့်စဉ်းစားခြင်း
    အဖြောင့်စဉ်းစားလိုသူတို့သည် တတ်နိုင်သမျှ စိတ်လှုပ်ရှားမှု အဓိပ္ပါယ်ပါသော စကားလုံးတို့ကို ရှောင်ရှားကာ ဖြစ်ရပ်မှန် စကားများကိုအစားထိုး၍ သုံးစွဲသင့်တယ်လို့ဆိုပါသည်။ အဖြောင့်စဉ်းစားနည်းတွင် စိတ်လှုပ်ရှားမှု အဓိပ္ပါယ် ပါဝင်သည့် စကားလုံးတို့ နည်းနိုင်သမျှ နည်းသင့်တယ်လို့ ဆိုပါတယ်။ ဥပမာ ဒုတိယ ကမာ္ဘစစ် အတွင်းက သုံးစွဲခဲ့သော ဗြိတိသျှ ဒီဝီဇံ တပ်မကြီးသည်ရခိုင်ရိုးမ ကို ကျော်ဖြတ်၍ အောင်မြင်စွာ ဆုတ်ခွါခဲ့သည် ဟူသောစာပိုဒ်တွင် ဆုတ်ခွါသည့် ဖြစ်ရပ်မှန် ကိုပင် အောင်မြင်စွာ ဟူသော ဝိသေသနတပ်၍စာဖတ်သူတို့၏ စိတ်လှုပ်ရှားမှုကို နှိုးဆွခဲ့ပေသည်။ ထို့အတူပင် လုပ်ကြံသည် ဟူသော စကားလုံးနှင့် အဆုံးစီရင်လိုက်သည် ဟူသော စကားလုံးတို့၏ ဖြစ်ရပ်မှန် စကားလုံးမှာ သတ်သည် ဟူ၍ ဖြစ်ပေသည်။ ဖြစ်ရပ်မှန်စကားလုံးများကို စိတ်လှုပ်ရှားမှုစကားလုံးများနေရာတွင် အစားထိုးသုံးစွဲခြင်းဖြင့် ရေးထားသောစာ၏ဆိုလိုချက်ကို မှန်ကန်စွာသိနိုင်ရန် အထောက်အကူဖြစ်တယ်လို့ဆိုပါတယ်။ အဖြောင့်စဉ်းစားနိုင်ရေးအတွက် အားလုံး နှင့် အချို့ ဟူသော စကားလုံး တွဲသုံးမှုသည် အထူးသတိပြုရမည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ရောဘတ်သောင်းလက်စ် က အရက်သေစာပိတ်ပင်ခြင်း နှင့် ပါတ်သက်၍ သူ၏ အတွေ့အကြုံတစ်ရပ်ကို တင်ပြခဲ့သည်။ အရက်သေစာမပိတ်ပင်ရေး အဖွဲ့(ကန့်ကွက်သူအဖွဲ့) ကအောက်ပါအတိုင်း ပိုစတာရေးဆွဲကြသည်။
    လွတ်လပ်မှု ဆုံးရှုံးရခြင်းသည် ကျွန်ဖြစ်ရခြင်းပင် ဖြစ်သည်။
    ထို့ကြောင့် ကန့်ကွက်သူအဖွဲ့ကို မဲထည့်ကြပါ။
    ဖေါ်ပြပါ ဆောင်ပုဒ်ကို ယေဘုယျသုံးသပ်ပါမူ မှန်သယောင် ထင်ရပေသည်။ သို့သော် တကယ်တမ်း အသေးစိတ် စီစစ်ကြည့်သည့် အခါတွင်မူ မိမိလိုရာ ဆွဲတွေးထားကြောင်း တွေ့နိုင်ပါသည်။ ယခု အသေးစိတ်စိစစ်ကြည့်ကြစို့။
    (၁) လွတ်လပ်မှု ဆုံးရှုံးရခြင်း အခြေအနေသည် ကျွန်ဖြစ်ရခြင်းအခြေအနေ နှင့်
    တူညီနိုင်၏။
    (၂) အရာရာကို တားမြစ်ပိတ်ပင် ခံရခြင်းသည် လွတ်လပ်မှုဆုံးရှုံးခြင်း အခြေ
    အနေတစ်ရပ် ဖြစ်၏။
    (၃) ထို့ကြောင့် အရာရာကို တားမြစ်ပိတ်ပင်ခံရခြင်းသည် ကျွန်ဖြစ်ရခြင်း
    အခြေအနေတရပ် ဖြစ်နိုင်၏။
    အထက်ပါအတိုင်း စီစစ်ကြည့်သော် ပေးထားသော အချက်အလက်များသည် ခိုင်လုံသော အတွေးတစ်ရပ်ကို တည်ဆောက်နိုင်ကြောင်း ထင်ရှား၏။ သို့သော် ကန့်ကွက်သူအဖွဲ့၏ တင်ပြချက်မှာ အရက်သေစာ ပိတ်ပင်ခြင်းသာဖြစ်ပေသည်။ အရာရာကို ပိတ်ပင်ခြင်းတွင် အရက်သေစာ ပိတ်ပင်ခြင်း သည်အကျုံးဝင်နိုင်ပါသည်။ သို့သော် အရက်သေစာ တစ်ခု တည်းကိုသာ ပိတ်ပင်တားမြစ်ကြောင်း ကိုမူ မျက်ခြည် မပြတ်သင့်ပေ။ ဤတွင် အားလုံး နှင့် အချို့ ဟူသော အသုံးအနှုန်းတို့၏ အရေးပါပုံကိုမြင်နိုင်ပေသည်။ အရာရာကို ပိတ်ပင်ခြင်းသည် အားလုံးကို ပိတ်ပင်တားမြစ်ခြင်း ဖြစ်သောကြောင့် လွတ်လပ်မှုဆုံးရှုံးခြင်းနှင့် ဆိုင်နိုင်၏။ သို့သော် အရက်သေစာ ပိတ်ပင်ခြင်းကား အချို့နှင့်သာ သက်ဆိုင်ပေသည်။ အရက်သေစာ ပိတ်ပင်ရုံမျှဖြင့် လွတ်လပ်မှုဆုံးရှုံးသည် ဟူ၍ ကောက်ချက်ချရန် မသင့်တော်ပေ။ ထို့နည်းတူ အရက်သေစာပိတ်ပင်ခြင်းကြောင့် ကျွန်ဖြစ်သွားပြီဟူ၍ မဆိုသင့် ၊ မဆိုနိုင် တော့ပေ။ ဤတွင် ကန့်ကွက်သူအဖွဲ့ဝင်တို့၏ အကောက်စဉ်းစားမှုသည် ပေါ်ထွက်လာတယ်လို့ ဒေါက်တာကျော်စိန်၏ ဆောင်းပါးပေါင်းချုပ်မှာ ဖေါ်ပြထားပါတယ်။ ကျနော်တို့ကိုယ်တိုင် မိမိတို့၏လက်ခံထားခြင်းများ၊ ကန့်ကွက်ထားခြင်းများကို ပြန်လည်ဆင်ခြင်နိုင်ပြီး မှန်ကန်သောလွတ်လပ်စွာယုံကြည်မှုဆီသို့ ရောက်ရှိနိုင်၊ တည်ဆောက်နိုင်ကြရန်ဆန္ဒပြုပါတယ်ခင်ဗျာ။

  • True Answer

    November 20, 2011 at 7:05 pm

    မိမိ အယူအဆကို လွတ်လပ်စွာ တင်ပြနိုင်သော်လည်း
    မိမိဝါဒအတွက်
    တခြား ဗုဒ္ဓဘာသာစာပေများကို သရော် ပြစ်တင် ဝေဖန် မှု ကား
    စော်ကားခြင်းပင်ဖြစ်သည်။
    ယနေ့ မိုးပြာဝါဒ ကို တည်ထောင်ရန်ကြိုးစားသူ ဦးဉာဏအနေဖြင့်..
    မိမိဝါဒကို လွတ်လပ်စွာတင်ပြရမည့်အစား
    ထေရဝါဒ စာပေမှ ထင်ရှားသော ကျမ်းကြီးကျမ်းခိုင်များကို ဥပမာ မိလိန္ဒ ပညာကျမ်း၊ ဝိသုဒ္ဓ မဂ် ကျမ်း စသည်တို့ကို ပြစ်တင် သရော်ရေးသားမှုကား ဒီမိုကရေစီငြိမ်းချမ်းရေးအရ သူတပါး၏ ယုံကြည်မှု သက်ဝင်မှုအတွက် ဘာသာရေး စော်ကားမှု ပင်ဖြစ်သည်။

Leave a Reply