အမျှဝေခြင်းနဲ့ပတ်သတ်၍

ဆန်နီနေမင်းNovember 10, 20111min1605

အင်း မနေ့ညက ကိုယ့်အတွက် အွန်လိုင်းမှာစာရှာရင်းနဲ့ ဒီနေ့နေ့လည်အထိ ခေါင်းစဉ်စဉ်းစားနေရတယ်။ ပါမောက္ခချုပ်က သူတို့နိုင်ငံနဲ့ မြန်မာပြည်အကြောင်း ကွာခြားချက်တွေ သိချင်နေတာကို မနေ့က ခဏခဏပြောတာ ပြန်မှတ်မိတာနဲ့ မထူးပါဘူးလေ။ သီရိလင်္ကာဘာသာရေးပွဲတော်များနှင့်မြန်မာပြည်ဘာသာရေးပွဲတော်များကို ဗုဒ္ဓအလိုကျ ခွဲခြမ်းစိတ်ဖြာခြင်းဆိုတဲ့ ကျမ်းကို ရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ခေါင်းစဉ်ရမရကို လာမဲ့တနင်္လာနေ့မှ ဆရာကို ပြန်မေးရမှာပါ။ လောလောဆယ်တော့ သီရိလင်္ကာအကြောင်းကို အွန်လိုင်းပေါ်မှာ လိုက်လံရှာနေရင်းနဲ့ ကိုယ့်အကျိုးလည်းပြီးအောင် သူများအကျိုးလည်း လုပ်ပေးလိုက်ပါဦးမယ်ဆိုပြီး မေးထားတဲ့မေးခွန်းတွေထဲက အမျှဝေခြင်းအကြောင်းကို ကိုယ်သိသလောက် အမြန်ရေးပေးလိုက်ပါတယ်။

 

မေး။ ။ ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်း အမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်ဝန်းကျင်မှာရှိတဲ့ လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။

ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင် အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။ လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင် စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေ

ရွတ်ရင် ရပါသလားဘုရား။ ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။

 

စုစုဝေ၊ ရန်ကုန်

 

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာကျနစွာ မသိတာက များပါတယ်။ ဒါဟာလည်း သေချာပြောပြတဲ့လူမရှိသလို ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှု အားနည်းနေလို့ပါ။ အဲဒီတော့ ဦးဇင်းသိသမျှကို အကုန်ပြောပြပေးပါမယ်။ နောက် သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။

 

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီး အမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ ဆုတောင်းခြင်း။ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

 

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

 

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘဝမှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေဖူးသည်မဟုတ်လောဟု သတိပေးလို့ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါတယ်။

 

ဒါပြင် ပုညကိရိယဝတ္ထု(၁၀)ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန)ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လို ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေစက်ချ၊ အမျှဝေခြင်းဟာ ကုသိုလ်တစ်မျိုး တိုးပါတယ်။ အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

 

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင် ပြောရမယ်ဆိုရင် အမျှဝေရေစက်ချတဲ့အခါမှာ ရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီးတွေကတော့ ရေစက်ချတဲ့အခါ ရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုသာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲက ရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့် ငါပြုလုပ်တဲ့ကောင်းမှုဟာ ဟောဒီရေလို သန့်ရှင်းကြည်လင်လှတဲ့ ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့် မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့ ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။ ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့ ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။

 

ဒါပြင် ဒီရေဟာ မြေကြီးကိုသွန်းချလိုက်တဲ့အခါ ပြန်ယူလို့မရသလို ငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်း ငါဟာ နှမြှောတွန့်တိုပြန်လည်လိုချင်တဲ့စိတ်မရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသား မုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။ ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များငါမေ့လျော့နေသည်ရှိသော် ကမ္ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချ သက်သေအရာတည်ထားခဲ့အတွက် ငါအားပြန်လည် အမှတ်ရအောင် ကူညီပေးပါစေလို့ စိတ်ထားတတ်အောင် ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်း ဖြစ်ပါတယ်။

 

တကယ်လို့ မိမိက ရေစက်ခွက်ထဲက ရေကို မမြင်ရရင်လည်း ရေစက်ချလို့ ရေလေးကျဆင်းနေတဲ့အချိန်မှာ ခုပြောခဲ့သလို အာရုံပြုပေးပါ။ နောက်တစ်ခုက ရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲ မြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။ ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက် မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာ နှမြှောတွန့်တိုမှုတွေမဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့ အာရုံပြုယူရကြပေါ့။ တချို့ကျတော့လည်း ရေစက်ခွက်မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့ ကိုင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ရေစက်ခွက်ကိုင်ရတာဟာ ကျွန်တော်၊ ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ပေးဝေတဲ့ကောင်းမှုကို အမျှယူကြပါလို့ အမျှယူမဲ့ပုဂ္ဂိုလ်တွေအားလုံးသိအောင် အလှူရှင်များအား ရေစက်ခွက်ကိုင်ခိုင်းတာပါ။

 

ဒါပြင် နောက်တစ်ချက်အဓိကအကျဆုံးအရာက ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာတွေမှာကတော့ အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတာ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

 

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်းတစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်းရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်းရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။ ဒါကတော့ ရေစက်ချရခြင်းရဲ့ အကြောင်းနဲ့ပြုလုပ်ပုံများပါ။

 

ခု မေးခွန်းရှင်သိချင်တာကို ဖြေပေးပါမယ်။ မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။ အမျှဝေတဲ့အခါ နှုတ်ကနေ အသံလေးနည်းနည်းတော့ ထွက်ဆိုတာက ပိုသင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျှဝေတာကိုစောင့်ဆိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေမှာ တချို့က တန်ခိုးရှိကြပေမဲ့ တချို့မှာ တန်ခိုးမရှိကြတော့ မကြားဘဲ ဖြစ်နေမှာစိုးလို့ပါ။ ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို အမျှယူရန် စောင့်ဆိုင်းနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ကို သီးသန့်နာမည်တပ်ပြီး အမျှဝေရင် သူတို့နားနဲ့သေချာမကြားရပေမဲ့ ဒီလူပါးစပ်လှုပ်တာဟာ အမျှဝေတာဖြစ်မယ်လို့ မှန်းဆကာ သာဓုလည်း ခေါ်ဆိုကြပါလိမ့်မယ်။ လူအချင်းချင်းမှာလည်း တချို့စကားတွေကို သေချာမကြားရပေမဲ့ ပြောတဲ့လူရဲ့ ဟန်အမူရာဟာကိုကြည့်ပြီး သူဘာပြောတယ်ဆိုတာကို ရိတ်မိသလိုမျိုး သာဓုခေါ်ချင်တဲ့ပုဂ္ဂိုလ်တွေကလည်း အဲဒီလို ရမ်းဖမ်းမျိုးနဲ့ သာဓုခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိမိအမျှဝေတဲ့အခါမှာတော့ အသံလေး နည်းနည်းပါးပါးတော့ ထွက်ဆိုပေးတာ အကောင်းဆုံးပါလို့ ပြောရပါစေ။

 

သူများတွေတော့ မသိဘူး။ ဦးဇင်းကတော့ ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း အားလုံးအား အမျှဝေပေးတယ်။ ပြီးရင် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း ကောင်ကင်မှာပျံဝဲနေဦးမယ်ထင်ပြီး အမျှအားလုံးကို စုဝေးပေးပါလို့ အဓိဋ္ဌာန်ကာ စုပေါင်းသာဓုခေါ်ဆိုလေ့ရှိပါတယ်။ ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

 

ဒါလေးကလည်း လက်ဆင့်ကမ်းပေးနိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်နေကြလို့လေ။

 

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

5 comments

  • small cat

    November 11, 2011 at 7:10 am

    အမျှဝေခြင်းအကြောင်း သေချာသိလိုက်ရလို့ ကျေးဇူးတင်ပါတယ်ဘုရား၊
    တပည့်တော် ပြန်ပြီးဖြန့်ဝေလိုက်ပါမယ်။

    “ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်နေကြလို့လေ။”

    အများအားဖြင့်တော့ဘုန်းဘုန်းပြောသလိုပါပဲ၊ မိရိုးဖလာဗုဒ္ဓဘာသာတွေကများနေပါတယ်၊
    မိရိုးဖလာလွန် ဗုဒ္ဓဘာသာစာအုပ်ကိုဖတ်ဖူးတဲ့ တပည့်တော်တောင်မှ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်မှာပဲရှိနေပါသေးတယ်။

  • maungmoenyo

    November 11, 2011 at 8:43 am

    စိတ်အာာရုံစူးစိုက်မှု..စေတနာ(၃)တန်အမှန်ပါဝင်မှု….အကျိုးမျှော်ကိုးမှုကင်းမဲ့မှု

  • Shwe Tike Soe

    November 11, 2011 at 8:48 am

    ကျေးဇူးကြီးလှပါတယ်ဘုရား… တပည့်တော်လဲ အဲလို စဉ်းစားဖူးပါတယ်… အခုလို သာဓုခေါ်တာကို ရှင်းရှင်းလင်းလင်းသိလိုက်တော့ ပိုကောင်းသွားတာပေါ့ဘုရား …. အလှူအတန်းနဲ. သာဓုခေါ်တာကို ဖယောင်းတိုင်မီး ဥပမာနဲ. ရှင်းပြတာ အရမ်းကောင်းပါတယ်.. စိတ်ထဲမှာ သေသေချာချာသိသွားပါတယ်.. မသိသူများကိုလဲ ပြန်လည်မျှဝေ ပြောပြလိုက်ပါမယ်ဘုရား…

  • Shwe Ei

    November 11, 2011 at 4:50 pm

    တပည့်တော် မျက်နှာစာအုပ်မှာ ရှယ်ချင်ပါတယ်ဘုရား။ ခွင့်ပြုတယ်ဆိုလို့ ဝမ်းသာပါတယ်။

  • windtalker

    November 11, 2011 at 7:34 pm

    မှန်လှပါ ၊ အခုမှဘဲ အားလုံးရှင်းနေအောင် သိနားလည်သွားပါတယ် ဘုရား
    ကျေးဇူးကြီးမားလှကြောင်းပါ

Leave a Reply