ကျွန်တော်ဒီနေ့မနက်လုပ်စရာအလုပ်လေးရှိတာနဲ့ အိပ်ရာကစောစောထခဲ့တယ်။ လုပ်စရာအလုပ်ဆိုပေမယ့် မယ်မယ်ရရမဟုတ်ပါဘူး..။အသိဒေါ်လေးတစ်ယောက်က ရေဦးကိုသွားစရာရှိလို့ ကားဂိတ်အထိလိုက်ပို့ပေးပါဆိုလို့ လိုက်ပို့ပေးရတဲ့အလုပ်ပါ။ အိပ်ရာနိုးနိုးချင်း နိစ္စဓူဝအတိုင်း မျက်နှာသစ်၊သွားတိုက်၊ခြေလက်ဆေးကြော၊ အဝတ်အစားလဲပြီး ကွမ်းတစ်ယာပါးစပ်ထဲကောက်ထည့်ရင်း ဆိုင်ကယ်ထုတ်တယ်… ခရီးသွားမယ့်ဒေါ်လေးရဲ့အထုပ်နဲ့ခြင်းကိုကူသယ်ပေး၊ ခြင်းကိုဆိုင်ကယ်ရှေ့ခြမ်းမှာတင်၊ အထုပ်ကိုတော့ဒေါ်လေးကနောက်ကနေထိုင်ရင်းပေါင်ပေါ်တင်လိုက်တယ်…အားလုံးနေရာကျသွား တော့မှဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်သားထွက်ခဲ့ကြတယ်။ မနက်ခြောက်နာရီလောက်ပေါ့… ကားဂိတ်ကိုလဲရောက်ရော ကားအဆင်သင့်တွေ့တာနဲ့ အန်တီ့ကိုကားပေါ်အထိလိုက် တင်ပေးခဲ့လိုက်တယ်။ ကားထွက်သွားပြီးမှပဲ ကျွန်တော်ပြန်လာခဲ့တယ်။ဆိုင်ကယ်စီးနေရင်း မဟာမြတ်မုနိဘုရားကိုသွားဖူးမြော်ချင်စိတ်ဝင်လာတာနဲ့ ဘုရားဘက်ဦးတည်ပြီးထွက်လာတယ်။ ဘုရားအရှေ့မုဒ်ပရဝုဒ်ထဲမှာ ဆိုင်ကယ်အပ်၊ပန်းဝယ်ပြီး ဘုရားပေါ်တက်လာခဲ့တယ်။ အရမ်းကြည်ညိုစရာကောင်းတဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို အရင်ဆုံးရွှေသင်္ကန်းကပ်၊ ပန်းလှူ၊အားရအောင်ဖူးမြော်ပြီးတော့မှ တောင်ဘက်စောင်းတန်းအတိုင်း လမ်းလျှောက်ရင်း ဟိုငေးဒီငေး၊ဟိုတွေးဒီတွေးနဲ့ အေးချမ်းတဲ့ရင်ပြင်တော်ရဲ့ မြင်ကွင်းနဲ့အထိအတွေ့များပေါ်မှာ နစ်မျောနေမိတယ်။ကိုယ့်အတွေးနဲ့ကိုယ်မျောနေတုန်း နံဘေးနားကနေ ” အစ်ကို….အစ်ကို” နဲခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ စတိုင်ပန်အနက်၊အင်္ကျီအသားရောင်၊ပြုံးချိုနေတဲ့ မျက်နှာပေးနဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ နောက်ပြီးသူ့လက်ထဲကပို့စ်ကဒ်တစ်ခု ကို ကျွန်တော့ကိုထုတ်ပေးရင်း သူဘယ်သူပါဆိုပြီးအရင်ဆုံးစတင်မိတ်ဆက်တယ်။ ကျွန်တော်ကတော့ဘာမှပြန်မပြောသေးဘဲ ပြုံးပြခေါင်းငြိမ့်လိုက်ရင်း သူ့လက်ထဲကပို့စ်ကဒ် ကိုယူကြည့်လိုက်တယ်။သူဟာဗေဒင်နဲ့လက္ခဏာဆရာတစ်ယောက်ပါ။ […]