သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။ ၁။ အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း […]