(၁) စကိုင်းနက်က လာတဲ့ မြန်မာကားတစ်ကား ကြည့်ပြီး တွေးလိုက်မိတဲ့ အတွေးဗျ။ ထုံးစံအတိုင်း လွတ်လပ်ရေးမရသေးလို့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ကားခင်ဗျ။ တော်လှန်ရေးကားပေါ့ဗျာ။ ကြည့်နေရင်း တစ်ခု စဉ်းစားမိတယ်ဗျ။ ဒီလို နယ်ချဲ့တော်လှန်ရေးကားတွေကို အမြဲတမ်းရိုက်နေတာ ဘာကို ရည်ရွယ်ပါသလဲ။ ဆိုပါစို့ဗျာ။ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး အတွက်လား။ အဲဒီတော်လှန်ရေးကားတွေကို ကြည့်ပြီး မျိုးချစ်စိတ်ဓါတ်တွေ ပိုတိုးလာကြပါသလား။ ကျွန်တော်တို့ နိုင်ငံကို နယ်ချဲ့ခဲ့တဲ့ နိုင်ငံတွေက အင်္ဂလန်ရယ် ဂျပန်ရယ်ပေါ့ဗျာ။ အဲဒီ အင်္ဂလန်နဲ့ ဂျပန်ကို ငါတို့ ရန်သူဆိုပြီး ထာဝရ အတေးအမှတ်ထားဖို့ လိုပါသလား။ မြန်မာလူမျိုးတွေကိုယ်တိုင်ကရော အဲဒီ ဂျပန်တို့ အင်္ဂလိပ်တို့ကို ခါးခါးသီးသီး မုန်းတီးတဲ့စိတ် ဖြစ်နေကြပါသလား။ မုန်းတီးနေဖို့ရော လိုအပ်ပါသလား။ တစ်ခုသတိပြုမိတာက မြန်မာတော်လှန်ရေးကားတွေကိုကြည့်ပြီး ဂျပန်တို့ အင်္ဂလိပ်တို့ကို မုန်းတီးတဲ့စိတ်မဖြစ်မိဘူးဆိုတာပါပဲ။ […]