ဟိုး….အရင်လွန်ခဲ့သော ကျွန်တော်၏ ငယ်ရွယ်စဉ်ကလေးဘဝ မမေ့နိုင်တဲ့နေ့လေး တစ်ရက်ကို ပြန်သတိရမိတယ် အဲဒီနေ့က ပတ်ဝန်ကျင်တစ်ခွင်လုံး အုံအုံ့မှိုင်းမှိုင်းနဲ့ မိုးသားတိမ်ရိပ်တွေကလဲ မဲညို့ပြီး အာကာတစ်ခွင်လုံး ထိုးဖောက်မမြင်နိုင်အောင် အုပ်မိုးထားကြတယ်။ မိုးကလည်း ရွာမယ်ဆို သည်းသည်းမဲမဲ ရွာမချဘဲ ကလေးငယ်တစ်ယောက် တန်ဖိုးထား မြတ်နိုးတဲ့ အရုပ်ကလေးတစ်ရုပ် ပျောက်သွားတဲ့အခါ ဝမ်းနည်းပူဆွေး တမ်းတပြီး တအီအီနဲ့ ရှိုက်ကာရှိုက်ကာ ငိူကြွေးနေသလို တစ်စိမ့်စိမ့်နဲ့ တဖွဲဖွဲ ရွာနေတယ်လေ အဲဒီလိုအချိန်မှာပဲ စူးရှထိတ်လန့်ဖွယ် ဥဩသံစူးစူးကိုကြားလိုက်ရတော့ မိုးထဲရေထဲ ဘယ်ကများမီးလောင်ပါလဲလို့ စဉ်းစားနေတုန်း ‘’ ညီလေး ဘာလုပ်နေတာလဲ မြန်မြန် မတ်တပ်ရပ်လေ” ဆိုတဲ့ ကျွန်တော်အစ်ကိုရဲ့ အလော်တကြီး ပြောဆိုသံကိုကြားတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နဲ့ ထရပ်လိုက်ပြီး ကျွန်တော်အစ်ကို ကို ငေးကြည့်မိတာပေါ့။ ဥဩသံတွေ စဲသွားတော့မှ အစ်ကိုကြီးဘာဖြစ်တာလဲလို့မေးမိတယ်။ […]