ယခုအပိုင်း(၄)လဲဖြစ်သလို အကျဉ်းချုံးပြီး ဇွတ်အတင်းဇာတ်သိမ်းမည့်အပိုင်းလဲဖြစ်ပါသည်။ ဘဝသည်ကား ရပ်တန့်မနေပါသောကြောင့် Post တွေမှာလဲ ဆက်ရှိနေပါဦးမည့်အကြောင်း..။ (စာရိုက်သူ) ၁။ ကျွန်တော် အကြော်သမား ရှက်စရာတော့ကောင်းပါသည်၊ ရှက်စရာကောင်းသည်ဟုလည်းမထင်မိပါ။ တစ်ချိန်တစ်ခါဆီက ဆင့်ကာပူရသွားရတော့မည်ဆိုစဉ်က အင်းစိန်ဂုံးတံတားအောက်မှ လေဘေးတန်းသို့သွားပြီး သင့်တော်မည်ထင်သည့် နိုင်ငံခြားဖြစ်အဝတ်များအား သူငယ်ချင်းတစ်ယောက်နှင့် သွားရွေးစဉ်ကဖြစ်သည်။ (ဒီလိုမှ ပိုပြည့်စုံမည်ထင်ပါ၏။) အပြန်တွင် ဗိုက်ဆာဆာနှင့် ထမင်းစားချင်သောကြောင့် အနီးအနားတွင် ဝေ့ဝဲရှာလိုက်သောအခါ တစ်ဖက်ရပ်တဲလေးတွင် ဝါးကြမ်းခင်း၊ ဝါးထိုင်ခုံတန်းလေးများဖြင့် ဒန်အိုးပိန်ချိုင့်ချိုင့်များထဲတွင် ရေပေါ်ဆီများများ၊ ရေများများနှင့် အရောင်တောက်တောက်ဖြင့် ချက်ထားသော ဟင်းများကို ရောင်းနေသော ထမင်းဆိုင်ကိုတွေ့မိသည်။ ထိုဆိုင်တွင်ကား အင်းစိန်ဘူတာရုံတွင် ကုန်တင်ကုန်ချလုပ်နေသော အလုပ်သမားများမှာ တစ်ချို့က ပုဆိုးတစ်ထည်တည်းသာ ဝတ်ထားလျက်၊ တစ်ချို့မှာကား အပြာရောင် ဝန်ထမ်းဝတ်စုံ ညိုညစ်ညစ်များကို ဝတ်ဆင်လျက်သား၊ ခုံပေါ်တွင် ခြေထောက်တင်ထိုင်ပြီး ဆိုင်ရှင်မှချပေးသည့် […]