ကြိုးကြာငှက်တို့ ကွန်တော်နှင့်ဝေးရာသို့ ပျံသန်းသွားကြသည်။ ခရမ်းနုရောင်ညသည် ကျွန်တော်ရှိရာသို့ အဝေးတစ်နေရာမှ ပျံသန်းလာသည်။ ကျွန်တော့်အတွက် ထိုင်နေခြင်း၊ ရပ်နေခြင်း၊ သွားနေခြင်းအားလုံးသည် အတည်မကျ။ တစ်နေရာတွင် မိနစ်အနည်းငယ် ထိုင်နေဖြစ်သည်။ ထိုနေရာတွင် ကျွန်တော်မရှိ၊ ထို့ကြောင့်လျှောက်သွားနေမိပြန်သည်။ သွားနေခြင်းများတွင်လည်း ကျွန်တော်မရှိပြန်။ မိတ်ဆွေများကြားသို့ ကျွန်တော်ရောက်သွားခဲသော်လည်း မိတ်ဆွေများနှင့်အတူ ကျွန်တော်မရှိ။ မိတ်ဆွေများနှင့်မတွေ့ဆုံ။ စကြဝဠာထဲမှာ ကျွန်တော်ရှိနေကြောင်းသေချာသေးရဲ့လား။ သူမ၏ နေ့လည်ခင်းသတင်းမုန်တိုင်းပြင်းအားသည် ကျွန်တော်နှင့် ပတ်ဝန်းကျင်အား ရှင်ကွဲကွဲစေခဲ့သည်။ မိသားစု၏ ညနေစာထမင်းစားပွဲသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဟင်းဂျီးများသော ညီမလေး၏ စကားသံများကို မကြားရ။ အစာတောင်းနေကျ ပူစီလေးတွေလည်း အစာမတောင်း (ကျွန်တော်ထင်ပါသည်။ ကြောင်ကလေးတွေရဲ့ အစာတောင်းသံကြောင့် ကျွန်တော့်အာရုံ ပိုမို ရှုပ်ထွေးသွားမှာကို စိုးရိမ်နေ၍ ထမင်းဝိုင်းမစမီကပင် အမေက ကြိုတင်အစာကျွေးခဲ့ဟန်တူပါသည်။) အမှန်မှာ ကျွန်တော်သည် ကြောင်ကလေး […]