ခရမ်းနုရောင်ည
ကြိုးကြာငှက်တို့ ကွန်တော်နှင့်ဝေးရာသို့ ပျံသန်းသွားကြသည်။
ခရမ်းနုရောင်ညသည် ကျွန်တော်ရှိရာသို့ အဝေးတစ်နေရာမှ ပျံသန်းလာသည်။
ကျွန်တော့်အတွက် ထိုင်နေခြင်း၊ ရပ်နေခြင်း၊ သွားနေခြင်းအားလုံးသည် အတည်မကျ။ တစ်နေရာတွင် မိနစ်အနည်းငယ် ထိုင်နေဖြစ်သည်။ ထိုနေရာတွင် ကျွန်တော်မရှိ၊ ထို့ကြောင့်လျှောက်သွားနေမိပြန်သည်။ သွားနေခြင်းများတွင်လည်း ကျွန်တော်မရှိပြန်။ မိတ်ဆွေများကြားသို့ ကျွန်တော်ရောက်သွားခဲသော်လည်း မိတ်ဆွေများနှင့်အတူ ကျွန်တော်မရှိ။ မိတ်ဆွေများနှင့်မတွေ့ဆုံ။ စကြဝဠာထဲမှာ ကျွန်တော်ရှိနေကြောင်းသေချာသေးရဲ့လား။
သူမ၏ နေ့လည်ခင်းသတင်းမုန်တိုင်းပြင်းအားသည် ကျွန်တော်နှင့် ပတ်ဝန်းကျင်အား ရှင်ကွဲကွဲစေခဲ့သည်။ မိသားစု၏ ညနေစာထမင်းစားပွဲသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဟင်းဂျီးများသော ညီမလေး၏ စကားသံများကို မကြားရ။ အစာတောင်းနေကျ ပူစီလေးတွေလည်း အစာမတောင်း (ကျွန်တော်ထင်ပါသည်။ ကြောင်ကလေးတွေရဲ့ အစာတောင်းသံကြောင့် ကျွန်တော့်အာရုံ ပိုမို ရှုပ်ထွေးသွားမှာကို စိုးရိမ်နေ၍ ထမင်းဝိုင်းမစမီကပင် အမေက ကြိုတင်အစာကျွေးခဲ့ဟန်တူပါသည်။) အမှန်မှာ ကျွန်တော်သည် ကြောင်ကလေး တွေကို အမြဲတမ်း အစာကျွေးနေကျ၊ ကြောင်ကလေးတွေကို ကျွန်တော်ချစ်သည်၊
ကြောင်ကလေးတွေ စားဖို့ဆိုလျှင် ကျွန်တော်စားသည်ထက်ပင် ပိုကောင်းအောင် ပြင်ကျွေးနေကျ၊ အခုတော့ သူတို့လည်း စောစောစီးစီးစားလို့ဝတော့ အခါတိုင်းလို ကျွန်တော့်အနားမှာ အစာမတောင်းတော့။ ကျွန်တော်သည် ပူစီကလေးတွေအတွက် စိတ်ထိခိုက်နေမိပြန်သည်။
ပူစီကလေးတွေအကြောင်း စဉ်းစားရင်း လက်ထဲမှာ အဆင်သင့် ဖြစ်နေသော ထမင်းလုတ်ကို မစားရသေးမှန်း သတိရသည်။ ထမင်းတလုတ်ကို အစာအိမ်ထဲရောက်အောင် မည်သို့စားရမည်ကို ကြိုးစားရပြန်သည်။ ထမင်းတလုတ်ကိုအစာအိမ်ထဲရောက်သွားဖို့ ကျွန်တော်စားနေသည့်အချိန်သည် သဘာဝမကျစွာ ကြာမြင့်နေခဲ့သည်။ အရသာကို လျှာကသိသည်။ သိစိတ်က သိသည်။ ကျွန်တော့်တွင့်လျှာမရှိ၊ သိစိတ်မရှိ။ ထမင်းဝိုင်းက ထလာတော့ ထမင်းပန်းကန်ထဲမှာ ပထမအကြိမ် ထည့်ထားသော ထမင်းနှင့်ဟင်းများ ဖရိုဖရဲကျန်ရစ်ခဲ့သည်။
အိမ်ရှေ့ခုံတန်းလျားကလေးပေါ်မှာ ထိုင်နေမိသည်။ နေရောင်သည် အနောက်ဘက်တောင်ကုန်းများ၏ နောက်ကျောသို့
ရောက်သွားပြီဖြစ်ကြောင်း သရက်ပင်ထိပ်ဖျားများမှတဆင့်သိလိုက်ရသည်။ သရက်ပင်၊ ရှောက်ပန်းပင်၊ ကွမ်းသီးပင်၊ ကံ့ကော်ပင်၊ ငှက်ပျောပင်တွေနဲ့ သာယာလှပတဲ့ရွာကလေးရေ….၊ အခုတော့ ကိုယ်မရှိတော့ဘူးနော်။ ပြုစားတတ်သောအတတ်၊ မူးယစ်ဆေးဝါး၊ အချစ်၊ အဆိပ်၊ အမုန်း၊ လိပ်ပြာ၊ ပန်းပွင့် ထိုအရာများအားလုံး သူမ မဟုတ်ပါ။ သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည် ကျွန်တော်မဟုတ်၊ ကျွန်တော်သည် သူမဖြစ်သည်။ ကျွန်တော်သည် ကျွန်တော်သာဖြစ်၍ သူမသည် ကျွန်တော်မဖြစ်ဖို့ ကျွန်တော့အနေနှင့် ယခုအချိန်တွင် မည်သို့ ကြိုးစားရမည်မသိသောကြောင့် ထိုင်နေရာမှ ထဖြစ်ပြန်သည်။
အိမ်နောက်ဖေးရှိ မုံညင်းခင်းကို ဖြတ်၍ မြေပဲခင်းရှိရာသို့ လျှောက်လာမိသည်။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေရန် မဟုတ်ပါ။
မြေပဲခင်းဆီသို့ လာခဲခြင်းသာ ဖြစ်သည်။ ညီညီညာညာ စိုက်ပျိုးထားသော မြေပဲပင်တန်းများသည် ကွန်တော့်ရင်ထဲသို့
မြားအစင်းပေါင်းများစွာ အဖြစ် စိုက်ဝင်သွားသည်။ သူမနှင့် တွေ့နေပြန်ပါပြီ။ သူမသည် ကျွန်တော်ဘဝ၏ လယ်ယာမြေတွင် စနစ်တကျထွန်ယက် ရှာဖွေခဲ့သည်ပဲ။ ကျွန်တော်က ကျွန်တော့်မြေပဲခင်းရဲ့အလယ်မှာ ဆောက်ထားတဲ့ ကောက်ရိုးအုံတဲကလေးသို့ သွားနေမိပြန်သည်။
မိုးနှောင်းရက်ပိုင်း….။
မြေပဲခင်းကလေးကို မြေပဲချတုန်းကတော့ သူမလာရောက် ကူညီခဲ့သေးသည်။ သူမ၏ လက်ဖဝါးဘက် လက်ချောင်း အရင်းပိုင်းကလေးများ အသားမာတက်နေကြောင်း မြင်ခဲ့ရသည်။ သူမစိုက်ချခဲ့သော မြေပဲခင်း၏ နေရာများသည် အစိတ်အကျဲ ညီညာလွန်းသည်။ သူမရဲ့ သွားကလေးတွေလိုပါပဲလေ…..။
မြောက်ပြန်လေများ အသံမြည်စွာ တိုက်ခတ်နေကြသည်။ မှောင်ရီပျိုးနေသော ကွင်းပြင်ကို မျက်မှောင်ကုပ်ကြည့်ရင်း အခင်းထဲမှ မြစ်ကမ်းပါးဆီ ထွက်ခဲ့သည်။ သူမ ရေချိုးနေကျ ရေဆိပ်ကလေးရဲ့ ကမ်းပါးရင်းအထိ ဆင်းပြီး သောင်ပြင်ပေါ်မှာ ယက်ကန်ယက်ကန်နှင့် ရေစပ်ကို သွားနေမိသည်။
”ဒုတ်”ဆိုသော အသံနှင့်မရှေးမနှောင်း ”အား”ဟု ခပ်အုပ်အုပ် အော်လိုက်မိသည်။ ခန္ဓာကိုယ်သည် ရှေ့သို့ ယိုင်သွားသည်။ လက်နှစ်ဖက်က သစ်တုံးတစ်တုံးပေါ်သို့ ထောက်လျက်သား ဖြစ်နေသည်။ သောင်ပြင်အလယ်တွင် သောင်တင်နေသော ကျွန်းတုံးကြီးဖြစ်သည်။ နာကျင်သွားသော ခြေထောက်ကြောင့်ကျွန်းတုံးပေါ်တက်ထိုင်မိသည်။ ကျွန်းတုံးပတ်ဝန်းကျင်မှာတော့ လသာသောရက်များတွင် ကလေးများလာပြီး ပေါင်းတင်းဖုတ်စားထားသောကြောင့် မီးသွေးခဲများနှင့် ပြာများ ရှုပ်ပွနေသည်။ မီးသွေးခဲတစ်ခဲကို ကောက်၍ ကျွန်းတုံးပေါ် လျှောက်ခြစ်နေမိသည်။
မကြည်ပြာ….
မမျှော်လင့်ဘဲ သူမနာမည်ကို ရေးခြစ်မိသွားသည်။ နောက်တော့ လက်ထဲမှမီးသွေး ကုန်သည်အထိ
သူမနာမည်ကို ရေးခြစ်နေမိပြန်သည်။ မြစ်ပြင်ဘက် ကြည့်လိုက်တော့ အမှောင်ထုက ကြယ်ပွင့်များအလင်းထက် အားကောင်းနေဆဲပင်။ ကျွန်တော့် အတွက် အဖော်ဆိုလို့ သောင်ပြင်အလယ်မှာ ကျွန်းတုံးကြီးရှိနေဦးမည်။ ကွန်တော်ကရော မိုးရာသီ မရောက်မီမှာပဲ ရေစုန်မျောရမည်လား။
တန်ဆောင်မုန်းလပြည့်ညတုန်းကတော့ ကျွန်တော်နှင့်သူမသည် ကျွန်းတုံးပေါ်မှာ ခဏတာမျှ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ခဲ့ကြသေးသည်။
သည်သောင်ပြင်ကြီးထဲက သဲမှုန်ကလေးတွေရဲ့ အရေအတွက်ထက် ကိုမြင့်အောင်ကို ချစ်တဲ့အချစ်က ပိုမှာပါ၊၊ သူမ၏ တိုးညင်းချွဲနွဲ့လွန်းသော တယောသံကဲ့သို့ စကားလုံးကလေးများသည် ဟိုမှာဘက်ကမ်းရှိ တောင်စဉ်တောင်တန်းများဆီမှ
ရေပြင်ကို ဖြတ်၍ ပျံသန်းလာကြသည်။
ဪ…မကြည်ပြာရယ်၊ မိုးတွေသည်းလွန်းလို့ နောက်ကျိနေတဲ့မြစ်ရေစီးနဲ့များ မျောပါသွားပြီလား။ ကျွန်တော်သည် ညကို နှစ်သက်သလို သူမသည်လည်း ညကိုနှစ်သက်ကြောင်း ပြောခဲ့ဖူးသည်။ နေ့ရဲ့ အလင်းရောင်အောက်မှာ လူအများစုဟာ အပူဒဏ်နဲ့ မငြိမ်းချမ်းနိုင်ပေမယ့် ညရဲ့အမှောင် အောက်မှာတော့ လူအများစုဟာ ငြိမ်းချမ်းနိုင်ကြတယ်။ တူညီတဲ့အလင်းရောင်နဲ့ညဟာ လေးနက်တည်ငြိမ်တဲ့ အတွေးတွေကို မွေးဖွားပေးတတ်တယ်။ ညရဲ့ခြေထောက်တွေဟာ နူးညံ့စွာ လှမ်းရွေ့နေကြတယ်။
ကျွန်တော်ရဲ့ အမှန်တရားဟာ ညပေါ့။ အခုတော့ ညဟာ ပြောင်းလဲခဲ့ပါပြီ။ သူမသည် ညကို နှစ်သက်သည့်အကြောင်း ကျွန်တော့်အကြိုက် လိုက် ပြောခဲ့မှန်း သိခဲ့ရပြီ။ သို့သော်ညသည် သူမမဟုတ်။ ရိုင်းစိုင်းသော မြစ်ရေ၏ ခြေသံများကို မုန်းတီးရင်း ညသည် ခရီးသွားနေသည်။
လှေတစ်စင်းဖြင့် မြစ်တဖက်ကမ်းသို့ ကူးခဲ့၏။ တစ်ဖက်ကမ်းတွင် ကျွန်တော့်ငယ်ပေါင်း သူငယ်ချင်းတစ်ယောက် ရှိသည်။ ထိုသူငယ်ချင်းသည် ယခုအချိန်တွင် လယ်စောင့်တဲပေါ် တစ်ယောက်တည်း ရှိနေမှာသေချာသည်။
တက်သံမကြားရအောင် လှေကို နူးညံ့စွာ လှော်လာသည်။ လှေကလေးက ပေါ့ပေါ့ပါးပါးမို့ တစ်ယောက်တည်းပေမယ့် မပင်ပန်း၊ ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်တော့်အနေနဲ့က ဒီနေရာက ဒီမြစ်ကို ဘယ်အချိန်ဖြတ်ကူးကူး လမ်းမှားစရာအကြောင်းမရှိပါဘူး။ ဒီပတ်ဝန်းကျင်ဆိုတာ ကျွန်တော့် ဇာတိဒေသ၊ နှစ်ပေါင်းနှစ်ဆယ် ဖြတ်သန်းကြီးပြင်းခဲ့ရာပဲ။
မြောက်ပြန်လေများသည် ကျွန်တော်နှင့် လှေကလေးကို ဒေါသကြီးစွာ ဖြတ်ကျော်နေကြသည်။ တဖက်ကမ်းရောက်တော့ စီးလာသော လှေကို ရေစီးတွင် မျှောပစ်လိုက်သည်။ မြွေပါးကင်းပါး စိတ်ချရအောင် လှော်တက်ကို ယူခဲ့ရန် တွေးမိသော်လည်း လှော်တက်ကို လှေဝမ်းထဲတွင် လှမ်းပစ်ထည့်လိုက်မိသည်။ လှေဝမ်းထဲ တက်ကျသံသည် လူခြေတိတ်နေသော ညထဲတွင် ထိတ်လန့်ဖွယ် ဆူညံသွားသည်။
`သွားချင်ရာသွား၊ မျောချင်ရာမျောပေရော့ မကြည်ပြာ…..ရေ`
ကျွန်တော့်အနေနှင့် ရွာရှိရာတဖက်ကမ်းသို့ ခြေဦး မလှည့်ချင်တော့၊ နှစ်ပေါင်းများစွာနေခဲ့သော ရွာကလေးသည် ကျွန်တော့်စိတ်ကို မချော့မြူနိုင်တော့။ ကမ်းပါးပေါ်ရောက်တော့ ပထမဦးစွာ မြေပဲခင်းများကို ဖြတ်ရသည်။ ည၏အသံသည် ငြိမ်းချမ်းစွာ
တိတ်ဆိတ်နေသည်ဟု တွေးထင်ခဲ့ခြင်းသည် မှာယွင်းစပြုလာသည်။ မြွေတွန်သံများကို ကြားရသည်။ ကျွန်တော်ငယ်ငယ်တုန်းကတော့ အကြောက်ဆုံးသတ္တဝါများထဲတွင် မြွေဆိုးများ အပါအဝင်ဖြစ်သည်။ မြွေဆိုးများသည် အသေကောင်ကဲ့သို့ ငြိမ်ဝပ်စွာ ခွေနေတတ်သလို မြားကဲ့သို့ လျင်မြန်စွာ ပေါက်သတ်နိုင်သည်။ အဆိပ်မရှိသော တောမြွေကြီးများပင်လျှင် သတ္တဝါများကို ညှို့ယူဖမ်းစားနိုင်သည်ဟု ကြားဖူးသည်။ ကျွန်တော်သည် ငယ်စဉ်မှစ၍ မြွေကိုကြောက်ရွံ့ကြီးစွာ ကြောက်ရွံ့ခဲ့သည်။
မြွေအသေများကိုပင် ကိုင်မကြည့်ခဲ့။ အခု လယ်ကွင်းများဆီမှ မြွေတွန်သံများကို ကြားနေရသည်။ သို့သော် ကျွန်တော်သည် ယခုအချိန်တွင် မြွေများကို မကြောက်တော့ပါ။ မြွေများ၏ ဘုရင်မ မကြည်ပြာသည် ကျွန်တော့်ကို ညှို့ယူဝါးမြိုခဲ့သည်။
တုန်းခနဲသေစေနိုင်သော အဆိပ်များဖြင့် လျှပ်တပြတ် ပေါက်သတ်ခဲ့သည်။ ရက်စက်လှပတဲ့ မြွေဘုရင်မ မကြည်ပြာရယ်။ ကျွန်တော့် ရင်ခုန်သံတွေ အဆိပ်တက်ခဲ့ရပြီပဲ။
အတွေးအာရုံကို အမှောင်ထဲသို့ စူးစိုက်ရင်း တိုးဝင်လမ်းလျှောက်လာခဲ့သည်။ ချေ(ဂျီ)ဟောက်သံများကို ကျယ်လောင်စွာကြားရသည်။ တောင်ကြောတဖက်ဆီမှ ကျားဟိန်းသံများကို တစ်ချက်တစ်ချက် ပဲ့တင်ကြားရသည်။
ကံအလွန်ဆိုးလျှင်တော့ ရက်စက်စွာ တိုက်ခိုက်တတ်သော တောဝက်များနှင့်ပင်ကျွန်တော်ရင်ဆိုင်ရကိန်းရှိပါသည်။ တောဝက်များ၏ အစာဖြစ်သော စပါးမှည့်ခါစ အချိန်ဆိုတာကို ကျွန်တော်သိသည်။ ကံတရားပေါ့ မကြည်ပြာ၊ အရှုံးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကာယကံရှင်အတွက် နောက်ဆုံးရိုးမယ်ဖွဲ့ ညည်းချင်းဟာ ကံတရားပဲ ရှိတော့တယ်မဟုတ်လား။ သစ်ပင်အမြင့်ကြီးများပေါ်မှ ညဥ့်ငှက်အော်သံများ ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်မှ သင်္ချိုင်းကုန်းကို စဝင်နေမှန်း သိရသည်။ ကျွန်တော့်သူငယ်ချင်းရွာကလေး၏ သင်္ချိုင်းကုန်းဖြစ်၏။ တောသူတောင်သား ဆင်းရဲသားတို့၏ရွာဖြစ်၍ သင်္ချိုင်းကုန်းတွင် အုတ်ဂူများများ မရှိပါ။
တခုတည်းသော ပြာသာဒ် အုတ်ဂူမှာ မနှစ်က ပျံလွန်တော်မူခဲ့သော ဘုန်းတော်ကြီး၏ အုတ်ဂူဖြစ်သည်။ ဝန်းကျင်ထဲတွင် ဝိညာဉ်များ ရွေလျားနေသည်ဟု စိတ်ကထင်နေပြန်သည်။ သူမ ဝိညာဉ်တွေ မပါဘူးလား။ သူမဝိညာဉ်က ခန္ဓာနှင့်အတူ ရှိနေတုန်းပဲ မဟုတ်လား။ ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော့်အနားမှာ သူမ ရှိနေလျှင် ကျေနပ်နေမိမလား။ ဒါပေမဲ့လေ အခုအချိန်ဆို မကြည်ပြာ….
ကျွန်တော့်ခြေထောက်များသည် ထိုးထိုးထောင်ထောင် မြေကြီးခဲများပေါ်သို့ နင်းမိ၏။ မကြာသေးသော ရက်အတွင်းက သဂြိုဟ်သွားသော အသုဘ ဖြစ်နိုင်သည်။ ဘယ်သူများသေတာပါလိမ့်၊ အိမ်ခြေ နည်းပါးလွန်းသော ရွာကလေးတွင် လူတစ်ယောက်ဆုံးပါးလျှင် တရွာလုံးသိကြသည်။ ငှက်ဖျားရောဂါ ထူထပ်သော ဒေသဖြစ်ပြီး တောတောင်ထူထပ်သောကြောင့် လူဦးရေသိပ်မရှိ၊ လူဦးရေလျော့သွားမှာကိုပင် စိုးရိမ်နေရသည်။ အခု မြေပုံပိုင်ရှင်ဟာလည်း ကျွန်တော့်အသိထဲက တယောက်ယောက်ပဲဖြစ်မှာပါ။
ခေါင်ဖျားခက်ခဲလှတဲ့ ရွာကလေးရေ၊ အပြင်ဘက်တစ်နေရာမှာရှိတဲ့ လယ်စောင့်တဲကလေးဆီကို ငါလာနေပါရဲ့ကွယ်။
သင်္ချိုင်းကုန်းအပြင်ဘက်ရောက်တော့ လပြည့်ကျော်ည၏ လခြမ်းသည် အရှေ့ဘက်အရပ်မှ ခရီးစခဲ့ပြီး နှင်းမှုန်များ ကြားမှ ရှည်မျောမျောအရိပ်သည် ကျွန်တော့်ရဲ့တခုတည်းသော အဖော်ဖြစ်နေခဲ့သည်။
မနှစ်တုန်းက သည်ရွာကလေးကို အဖော်စုံစုံလင်လင်ဖြင့် ရောက်ခဲ့သည်။ ရွာကလေးမှ ဘုန်းကြီး ပျံလွန်တော်မူပွဲ ဖြစ်သည်။ ဘုန်းကြီးပျံပွဲတော်သို့ သူမလည်းလာသဖြင့် ရင်ထဲတွင် ကြည်နူးနေမိသည်။ သူကလည်း သူ့အဖော်တွေနှင့် လိုက်ဖက်တဲ့ ဝတ်စုံနှင့် သူမ၏ ကျော့ရှင်းသစ်လွင်သောအလှကို မျက်စိရှေ့မှာ မကြာခဏ မြင်ခွင့်ရနေသည့်အတွက် စိတ်ထဲမှာ ကျေနပ်နေမိသည်။
အဖြူဘက်သို့ ယိမ်းတဲ့သူမရဲ့ လက်မောင်းသားလေးတွေဟာ အဝါရောင်ဖျော့ဖျော့ အင်္ကျီလက်ပြတ်ကလေးနဲ့ သိပ်လိုက်ဖက်သည်။ နှင်းဆီပွင့်ကလေး တွေပါတဲ့ အနက်ရောင် ခပ်များများ အိန္ဒိယပြည်ဖြစ် လုံချည်ကလေးဟာ သူမရဲ့ခြေထောက် က အဖြူရောင်ဖိနပ်ပါးပါးကလေးနဲ့ သိပ်လိုက်ဖက်လွန်းလှသည်။ သူမဟာ ကျွန်တော်နှင့်အတူ ကျွန်တော်တို့ရွာကလေးအတွက် အလှပဆုံး အသည်းနှလုံးတစ်ခု ဆိုတာ ဘယ်သူမှ မငြင်းစေချင်ခဲ့ပါ။
ရွာဘေးမှာ စီးနေတဲ့ တောင်ကျချောင်းကလေးရဲ့ သဲပြင်ပေါ်မှာ သူက အမှတ်တရဓါတ်ပုံ ရိုက်တော့ ကျွန်တော် ရပ်ကြည့်နေမိသေးသည်။ ရေစီးကြောင်းသေးသေးလေးတွေဟာ ကွေ့ကွေ့ကောက်ကောက်နဲ့ မနီးမဝေးက စိမ်းညို့ညို့တောင်တန်းထဲကို စီးဝင်သွားပုံကလေးရယ်..။ရေစီးအားကောင်းတဲ့ ချောင်းရိုးတလျှောက်နေရာ တွေမှာ တပ်ဆင်ထားတဲ့ ဆန်ဖွပ်မောင်းကြီးတွေရယ်၊ တရုတ်စကားပွင့်ဖြူဖြူကလေးတပွင့်ကို ခေါင်းမှာပန်ထားတဲ့ ကြည်လဲ့လဲ့မျက်ဝန်းတွေနဲ့ သူမရယ်..၊ အလှဆုံးမြင်ကွင်းတခုပါ မကြည်ပြာရေ….။
မပြေးပါနဲ့ မကြည်ပြာ။
ချောင်းရိုးတလျှောက် သဲပြင်ပေါ်မှာ အဖော်တွေနဲ့အတူ သူမပြေးသွားဟန်ကို ငေးကြည့်ရင်း ကျွန်တော့်ရင်တွေ တဒိတ်ဒိတ် ခုန်နေခဲ့သေးသည်။ တောင်ကုန်းပေါ်က စေတီကို မကြည်ပြာတို့ ဘုရားဖူးသွားကြသည်။ ဆုတောင်းခဲ့ပါ မကြည်ပြာရေ ၊ သံသရာတစ်ဆုံးမဟုတ်တောင်မှ ဟောဒီတသက်တော့ ကြည်ကြည်နူးနူးနဲ့ အတူတူနေကြရအောင်လို့…။
တောင်ကုန်းပေါ်က စေတီရင်ပြင်ပေါ်မှာ သူမနှင့် နှစ်ကိုယ်တူထိုင်ပြီး စကားပြောချင်တဲ့ဆန္ဒတွေ ရှိနေခဲ့တယ်။ ရှု့ခင်းတွေကလည်း သိပ်လှတယ် မကြည်ပြာရယ်…။ အခုတော့ ခိုးကြောင်ခိုးဝှက် အကြည့်ချင်းဆုံရတာကိုပဲ ကျေနပ်နေရတော့မှာပေါ့..။ အခြေအနေပေးခဲ့ရင်တော့ မကြည်ပြာနဲ့ အနီးဆုံးနေရာကလေးမှာ အမြဲရှိနေချင်ပါတယ်။ တစ်ခါတစ်ရံမှာ မကြည်ပြာသွားတဲ့နောက်ကို အမြဲတမ်း မလိုက်နိုင်ခဲ့ဘူး။ အခင်းထဲမှာ အလုပ်ဆင်းနေရတဲ့အခါ ဆောင်းမီးဖိုအတွက် တောထဲကို ထင်းငုတ်တွေသွားပေါက်တဲ့အခါ ရွာထိပ်က မုံညင်းခင်းထဲ မုံညင်းဖူးသွားခူးတဲ့အခါ အင်းထဲမှာ မရိုးပင်နုတ်တဲ့အခါ…. အခါများစွာပေါ့။
ကျွန်တော်အခင်းထဲ ဆင်းရာက ပြန်လာလို့ (ကျွန်တော့်အိမ်နဲ့) မနီးမဝေးက သူမရဲ့အိမ်မှာ ဆည်းလည်းသံလေး မကြားလိုက်ရရင်၊ အရိပ်ကလေးမှ မမြင်လိုက်ရရင် ကျွန်တော့်မှာမနေတတ်မထိုင်တတ် ဖြစ်နေခဲ့ရတယ်။ မကြည်ပြာက ညနေစာထမင်းချက်ပြီးတိုင်း သူ့အဘိုးအိမ် ဟင်းသွားပို့လေ့ရှိတယ်။ ကျွန်တော်က အိမ်ရှေ့ ခုံတန်းပေါ်မှာထိုင်ရင်း မကြည်ပြာ ဖြတ်အသွားကို စောင့်ပြီး ပြုံးပြနေကျ၊ ပတ်ဝန်းကျင်မှာ လူရှင်းတဲ့ အခါမျိုးတော့ `ဘာဟင်းတွေလဲ` လို့ကျွန်တော်မေးဖြစ်တယ်။ အဲ့ဒီလိုအခါမျိုးတော့ သူမကလည်း `ဟင်းပေါင်း` `ငါးကြော်` `ပဲပြုတ်` စသည်ဖြင့်
ပြန်ဖြေတတ်ပါတယ်။ ဒီအကြောင်းတွေဟာ ကျွန်တော့်တစ်နေ့တာ ဖြတ်သန်းမှု့ထဲက ကြည်နူးစရာအကောင်းဆုံး အဖြစ်တွေဆိုတာ မကြည်ပြာ မသိခဲ့ရဘူးနော်…။
တနေ့နေ့ ဆိုတဲ့ မသေချာလွန်းတဲ့အချိန်တွေကို သတ်မှတ်ခဲ့တာကပဲ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ၊ အမှားတွေနေမှာပေါ့။ ဘယ်လိုလုပ် မေ့ရမှာလဲ မကြည်ပြာရေ..၊ မနေ့တနေ့ကမှ သိခဲ့ကြ၊ မြင်ခဲ့ကြတာလည်း မဟုတ်၊ တရွာတည်းနေ တစ်ရေတည်းသောက်ငယ်ပေါင်းတွေ၊ နားလည်မှုများစွာနဲ့ ချစ်ခဲ့ရသူလို့ ယုံကြည်မိ တဲ့သူတွေပဲ။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်နိုင်တဲ့လူတစ်ယောက်ရဲ့ နောင်တတရားဟာ ဘယ်လောက်များ ခါးသီးမလဲဆိုတာ သူမကိုဘာပြုလို့များ သိစေချင်နေမိပါလိမ့်။ အခု အချိန်ထိတော့ ကျွန်တော်ဟာ မကြည်ပြာ ဖြစ်နေတုန်းပဲဆိုတာ မဆုံးနိုင်တဲ့အတွေးများမှ တစ်ဆင့်သိနိုင်ပါတယ်။
သစ်တုံးကို ထွင်း၍ထစ်ထားသော လှေကားမှတစ်ဆင့် တဲ့ပေါ်တက်သွားတော့ သူငယ်ချင်းက လှေကားထိပ်မှ မီးအိမ်မြှောက်၍ အံ့ဩသည့် အမူအရာဖြင့် ကြည့်နေသည်။
`မြင့်အောင် ဘာအရေးကြီးလို့လဲ`
`ဘာမှ အရေးမကြီးပါဘူးကွာ။ အိမ်မှာမနေချင်တာနဲ့`
တဲပေါ်ရောက်တော့ တဲကပြင်မှ နံရံကိုမှီထိုင်လိုက်သည်။ သူငယ်ချင်းက သူ့အလုပ်ကို ဆက်လုပ်ဖို့ နေရာပြန်ယူသည်။
နှီးဖြာဖို့အတွက် တင်းဝါးတွေကို သပ်လိုက်စိပ်လိုက်လုပ်နေသည်။ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် အတန်ကြာမျှ တိတ်ဆိတ်နေသည်။ လာလမ်းသို့ အချိန်ကြာမြင့်စွာ ငေးမောနေမိရင်း အကြောင်းတစ်စုံတစ်ရာကို ဖွင့်အန်ချင်လာသည်။
`မကြည်ပြာနဲ့ ငါ့ဇာတ်လမ်းဆုံးသွားပြီကွာ`
အဆက်အစပ်မဲ့ ကျွန်တော်ပြောလိုက်မိသည်။ သူငယ်ချင်းက လုပ်လက်စအလုပ်ကိုရပ်ပြီး….
`ဘယ်တုန်းကလဲ`
`ဒီနေ့ နေ့လယ်ပိုင်းမှ..`
`ငါက ကြိုတင်တွက်ပြီးသားပါကွာ၊ မင်းရောက်လာကတည်းက တခုခု ထူးခြားလို့ ဆိုတာသိနေသလိုပဲ။ မင်းလို ရိုးရိုးအေးအေးပုံစံနဲ့ ကြည်ပြာလို ရိုးချင်ယောင်ဆောင်ပြီး ပူလောင်တဲ့မိန်းကလေးတစ်ယောက်နဲ့ ပေါင်းဆုံဖို့ မလွယ်ဘူးဆိုတာ ။ အခုတော့….
`အေးကွာ ငါဘယ်မှာမှ နေလို့မရဘူး။ မင်းဆီမှာနေလို့ရမယ်လို့ မျှော်လင့်ပြီး လာခဲ့တာလည်းမဟုတ်ပါဘူး။
ငါ့အနေနဲ့ အစီအစဉ်မရှိတဲ့ ညထဲကို လမ်းလျှောက်ဖြစ်ခဲ့တာပါပဲ..။`
`မင်းဘယ်လောက် ပြင်းထန်နေမယ်ဆိုတာ ငါသိပါတယ်။ ညအချိန် ငါ့ဆီကို ဘယ်တုန်းကမှ မလာဖူးဘဲ အခုမှ လကွယ်ညမှာ မြစ်ကူး ချောင်းဖျားရောက်လာကတည်းက မင်းမှာ ပတ်ဝန်းကျင်အတွက် စိတ်ခံစားမှု့မဲ့နေပြီဆိုတာ ငါတွေးနိုင်ပါတယ်`
`မကြည်ပြာကို သိပ်ချစ်တယ်ဆိုတာ ပတ်ဝန်းကျင်အားလုံး သိကြပါတယ်ကွာ။ အခုတော့ ရွာထဲမှာ မျက်နှာမပြရဲအောင်ဖြစ်နေရတယ်။ နေ့တစ်နေ့ မနက်မိုးလင်းလာမှာကို ငါက လိပ်ပြာငယ်နေရပြီကွာ.။
မကြည်ပြာ ဘယ်ဘဝရောက်ရောက် ငါကတော့ ချစ်နေမှာပဲ`
`အခု အခြေအနေမှာတော့ ဒီလို မပြောသင့်တော့ဘူးထင်တယ်။ မင်းဒီလိုဖြစ်နေလေ မင်းအတွက် အကျိုးမရှိလေပဲ။ မင်းကတော့ ချစ်လွန်းလို့ အပြစ်မမြင်ပေမယ့် ပတ်ဝန်းကျင်ကတော့ ကြည်ပြာကို တီးတိုးဝေဖန်နေခဲ့ကြတာ မင်းမကြားခဲ့ဘူးမဟုတ်လား။ အဲ့ဒီတော့ ကြည်ပြာ့ကိုဂရုစိုက် ထည့်တွက်မနေနဲ့တော့။ ခံစားမနေနဲ့တော့။ မင်းနဲ့သင့်တော်မဲ့ နောက်တစ်ယောက်ရှာယူ၊ ပတ်ဝန်းကျင်ထဲမှာ ပျော်ပျော်နေပြလိုက်၊ ပြီးရောပေါ့။ မင်းလို ပညာအရည်အချင်းကလည်း အတန်အသင့်ရှိပြီးသား၊ စားဝတ်
နေရေးပြေလည်ပြီး အရိုးခံသဘောရှိတဲ့ လူတစ်ယောက်အတွက် ရွာထဲမှာ ရွေးစရာမိန်းကလေးတွေ ပေါပါတယ်။ ကြည်ပြာထက်သာတဲ့မိန်းကလေးတွေ ရွာထဲမှာအများကြီးပါ။ ရှာပြလိုက်ပေါ့။ ဒီလိုမှ မဟုတ်ရင် အရှုံးတွေ တစ်ခုပြီးတစ်ခု ဆက်ရင်ဆိုင်နေရလိမ့်မယ်။ အရှုံးဘက်က မိုက်ရင်အပိုပေါ့။`
`ဒီလို ပြောလို့ မရဘူးလေ ။ မင်းသိသလို ငါလည်းသိတာပဲ။ အခြားတစ်ယောက် ငါ့လိုဖြစ်ရင်လည်း အဲ့ဒီလူကို အခုမင်းပြောခဲ့တဲ့ စကားမျိုး ငါပြောမိမှာပဲ။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ငါ့ကိုယ်ငါ လျွှတ်ထား ချင်တယ်`
`မင်းစကားတွေကို လက်ခံပါတယ်။ ငါ့ဘက်က ရပ်တည်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ကွာ ငါဘာမှ မတတ်နိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုတဲ့အသိ၊ မကြည်ပြာနဲ့ ငါ့အတွက် သာယာနာပျော်ဖွယ်အသံတွေ ပြန်မရနိုင်တော့ဘူးဆိုတဲ့အသိ၊ ဒီတစ်သက်ဝေးကြမှာ သေချာသွားပြီဆိုတဲ့အသိတွေက ငါ့ကို အပြင်းအထန် ခြောက်လှန့်နေတယ်။ မနက်ဖြန်နဲ့အတူ ပတ်ဝန်းကျင်အားလုံးကို ရင်မဆိုင်ချင်တော့သလိုပဲ။ ချစ်ခဲ့၊ ရင်းနှီးခဲ့ တဲ့အချိန် သံယောဇဉ်တွေက ဘယ်လောက်ချည်နှောင်နေမိသလဲဆိုတာ ငါကိုယ်တိုင်မသိနိုင်ဘူး။`
`ဒီလိုဆိုလဲ ရွာကိုမပြန်နဲ့ဦးပေါ့ကွာ၊ ငါ့ဆီမှာပဲနေ၊ ဒါအရှင်းဆုံးပဲ`
သူငယ်ချင်းက ပြောရင်းဆိုရင်း တဲ့ထောင့်တွင်ထောင်ထားသော ဂစ်တာကို ယူပေးသည်။ စိတ်ကို ဂစ်တာထဲ ထည့်ကြည့်သည်။ တစ်ခါတစ်ခါ စိတ်သည် ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း အာရုံများမှ လွတ်ထွက်သွားကြောင်း သတိပြုမိသည်။ သူငယ်ချင်းက ပုလင်းထဲမှ အရက်ကို ငှဲ့ရင်း ကျွန်တော့်ကို တစ်ခွက်နှစ်ခွက်သောက်ပါဦးလား ဟုပြောသည်။ ကျွန်တော်က ငြင်းလိုက်သည်။ ကျွန်တော်အရက်မသောက်သည်မှာ လများစွာ ကြာခဲ့ပြီ။ ဖန်ခွက်ထဲမှ အရက် အနည်းငယ်ကို ကြမ်းပြင်ပေါ်သို့
လောင်းချလိုက်သည်။ ဆောင်းမီးဖိုမှ မီးစနှင့် တို့လိုက်သောအခါ အရက်က မီးထတောက်နေသည်။ အပြာရောင်လဲ့လဲ့ မီးလျှံများသည် ကျွန်တော့်အာရုံထဲသို့ မကြည်ပြာ၏ မျက်ဝန်းများ အဖြစ် စူးရှစွာ ထိုးဖောက်လာပြန်သည်။ မီးလျှံနဲ့တူတဲ့ မကြည်ပြာရေ၊ ငါ့ရင်ထဲသို့သာ ပြန်လာခဲ့ပါ။
သူငယ်ချင်းက ကျွန်တော့်မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ရင်း ငှဲ့ထားသော အရက်ခွက်ကို ကမ်းပေးသည်။ အလိုက်တသင့်ပင် ယူဖြစ်လိုက်သည်။ တစ်ဆက်တည်း မော့ချလိုက်သောအခါ မီးစကြီးတခု အာခေါင်မှ တစ်ဆင့် လည်ချောင်းတစ်လျှောက် ထိုးဆင်းသွားသည်။ အရက်ရဲ့အရသာဟာ ဘယ်လိုရှိတယ်ဆိုတာ စဉ်းစားခွင့်မပေးတော့တဲ့အချိန်ပေါ့။
`အပူကိုအပူနဲ့ငြိမ်းရတယ်ကွ` ဟု သူငယ်ချင်းကလက်သုံးစကားဆိုသည်။ ကျွန်တော်က အသားခြောက်ကို လက်တဖက်မှ ကိုင်ရင်း နောက် တစ်ခွက်ငှဲ့သောက်လိုက်သည်။ နားထင်ကြောများ သွေးတိုးမြန်လာသည်။ ခန္ဓာကိုယ်သည် ငြိမ်ငြိမ်ထိုင်လျက်ပင် ယိမ်းထိုးလာသလို ထင်ရသည်။ နောက်တစ်ခွက်..တစ်ခွက်…တစ်ခွက် ဒီလိုနဲ့ လောကနိယာမများ ပျောက်ဆုံး၊
ဖြတ်ကူးခဲ့သော မြစ်ရေစီးသည် ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာစီးဆင်း နှလုံးသွေးမြစ်ထဲတွင် သူမ ပါးပြင်မှ သနပ်ခါးမှုန့်များ စီးမျောပါဝင်သွားသလို ခံစားနေရပြန်သည်။ သူမ၏ ကြည်နူးမှုမျက်ရည်များ ဖန်ခွက်ထဲရောက်လာပြန်သည်။ ရင်ခွင်ထဲပိုက်ထားသော ဂစ်တာကို ခပ်ကြမ်းကြမ်း တီးခတ်ရင်း သီချင်းတစ်ပုဒ်ကို အော်ဟစ်သီဆိုမိနေသည်။
`တရားမချနဲ့သူငယ်ချင်း၊ ငါ့ကိုယ်ငါမှ တရားချလို့မရတာ၊ မင်းက ငါ့ကို တရားချလို့ အလကားပေါ့။ ငါ့အကြောင်း ကိုမင်းသိပြီးသားပဲ။ ဝမ်းနည်းကြေကွဲဖွယ် အကောင်းဆုံးညပါ၊ သူငယ်ချင်းက မချိပြုံးနှင့် ကျွန်တော့်ကို ကြည့်နေသည်။ သူငယ်ချင်း၏ ခန္ဓာကိုယ်သည် အာရုံထဲတွင် ဝဲလှည့်နေသည်။ တွေးမိသမျှ အပေါ် မချိနင်ကဲဖြစ်ရင်း သူမ၏ သစ္စာမဲ့ပျော်ရည်များကို ဘယ်နှစ်ခွက်သောက်လိုက်သည်မသိ။ ကျွန်တော့် ရှေ့ရှိ ပုလင်းကို လှမ်းယူဖို့ ကြိုးစားလိုက်စဉ်မှာ ခန္ဓာကိုယ်သည် ဖရိုဖရဲ ပြိုလဲသွားသည်။
ညသည် ခရမ်းနုဝတ်ရုံရှည်ကို ဝတ်ဆင်၍ ကြေကွဲညည်းညူစွာ အိပ်ပျော်သွားခဲ့သည်။
ပေါ်ဦးသစ်
မြင်ကွင်းအနုပညာမဂ္ဂဇင်း
အောက်တိုဘာ ၁၉၉၅
“ချမ်းမင်းအိမ်နှင့်ပေါ်ဦးသစ်တို့၏ “ကမ်းရိုးတန်းငန်းရိုင်းစာအုပ်မှကူးယူဖော်ပြသည်။“