တိတ်ဆိတ်နေသော လမ်းပေါ်တွင် စက်ဘီးရွှံကာနှင့် ခြေနင်းမှ တကျွိကျွိမြည်နေသံမှတစ်ပါး အရာရာသည်တိတ်ဆိတ်ငြိမ်သက်လျက်သား။ ငြိမ်သက်ဆို ည ၁၁းဝဝ ကျော်လဲရှိနေပြီဖြစ်သည့်အတွက်ဉာဏ်ကွဲရပ်ကွက်ကြီးသည်ကား မေမြို့၏ အအေးဒဏ်ကြောင့်ထင်၊ အိပ်မောကျနေသယောင်ပင်။ ကိုရင်ရှူံးသည် မျက်မှန်ကို အသာအယာပွတ်လိုက်သည်။ ရေငွေ့များက မှန်ပေါ်တွင် လာရောက်တွဲခိုနေသည့်အတွက် ရှေ့ကိုသဲသဲကွဲကွဲ မမြင်ရပေ။ အိမ်များမှ ဖြာကျလာသည့် အလင်းရောင်များဖြင့် သွားနေကျလမ်းကို ဖြေးဖြေးချင်းဆက်နင်းလာခဲ့သည်။ မန္တလေး-လားရှိူးလမ်းမကြီးပေါ်အရောက်တွင်မတော့ အနည်းငယ် ဆူဆူညံညံရှိလာပြီဖြစ်သည်။ ထိုတော့မှ ကိုရင်ရှူံးလည်း စက်ဘီးကို အသံပေါင်းစုံထွက်အောင် အမြန်နင်းရင်း ဉာဏ်တော ၁၈ လမ်းသို့ ခပ်သုတ်သုတ်လေးနင်းလာခဲ့သည်။ အိမ်မှထွက်လာသည်မှာ အတော်ပင်နောက်ကျနေပြီဖြစ်သည်။ သူတို့တွေ စောင့်နေကြတော့မည်။ သူတို့တွေဆိုသည်မှာ… (ကျွဲ) လွန်စွာလိုက်ဖက်သော နာမည်ပင်ဖြစ်သည်။ အသက်မှာ ၁၆ နှစ်သားသာရှိသေးသော်လည်း လူကောင်မှာ အတော်လေးထွားကျိုင်းလှသည်။ ကြွက်သားများ အပြိုင်းပြိုင်းထနေသောကြောင့် မူရင်းနာမည်ပျောက်ပြီး ချစ်စနိုးဖြင့် […]