ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

naykhanaingJune 5, 20101min440

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမဝင် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂ဝ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့  အဖမ်းခံရခြင်း ဖြစ်သည်။

ယနေ့ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို လှေပေါ်တွင် တွေ့ရစဉ်(ဓာတ်ပုံ – Manager Online)

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို  တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယင်း အမျိုးသမီး များကိုလည်း တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လှေမောင်းသူ မြန်မာ နိုင်ငံသား ဟု ယူဆရသူ ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယနေ့ တနေ့တည်းမှာပင် ထိုင်း အာဏာပိုင်များက ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် မြန်မာနိုင်ငံသားများ အပါအဝင် လာအိုနှင့် ကိုရီးယား လူမျိုး ၈၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်းထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

အဖမ်းခံရသူများကို တယ်ခိုခန်း၊ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို စီမံချက်ဖြင့် လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လာအို လူမျိုး ၄ရ ဦး၊ မြန်မာပြည်သား ၃ဝ နှင့် ကိုရီးယား လူမျိုး ၅ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထား သည်။

ထို့အပြင် အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်း၍ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး(လဝက)မှ တဆင့် ၎င်းတို့၏ မူယင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို
နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။

ps;သတင်းကောင်းလေမို့မျှလိုက်ပါတယ်နော်

credit:irrawaddy.org