ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီခြင်းမရှိသည့် လမ်းဖြတ်သန်းခကောက်ခံသည့်စခန်းများကို လမ်းမကြီးများဆိုင်ရာဥပဒေ နည်းဥပဒေများဖြင့် အရေးယူမည်

klnJune 15, 20101min773

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိ၊ လိုက်နာခြင်းမရှိသည့် လမ်းဖြတ်သန်းခကောက်ခံနေသည့် စခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းမကြီးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သတင်းရရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တည်ဆောက်ထားသည့် လမ်းများ၊ တံတားများတွင် သတ်မှတ်ထားသော ယာဉ်နှင့်ကုန်တန်ချိန်များထက် ပိုမိုတင်ဆောင်လာသော ယာဉ်များကို လမ်းဖြတ်သန်းခ ကောက်ခံနေသည့်စခန်းများ၊ ဝန်ပိုတန်ပိုဂိတ်များက တန်ပိုကြေးကောက်ခံ၍ ဖြတ်သန်းခွင့်ပြုနေခြင်းကို လုံးဝခွင့်မပြုကြောင်းနှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုနေသော တန်ချိန်များကို ချထားခဲ့ပြီးမှ ဖြတ်သန်း ခွင့်ပြုရန်တို့ကို သတိပေးညွှန်ကြားထားသည်ဟု သိရသည်။ ယင်းသို့ တန်ပိုကြေးကောက်ခံ၍ ဖြတ်သန်းခွင့် ပေးနေခြင်းရှိ ၊ မရှိကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း လမ်းဖြတ်သန်းခကောက်ခံရေးစခန်းများတွင် လိုက်လံစစ်ဆေး၍ တားမြစ်အရေးယူနေသည်ဟု သိရသည်။ ယင်းအပြင် ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီး၏ ပဲခူးဘက်အပိုင်းတွင် ယာဉ်နှင့်ကုန် တန်ချိန် ၆ဝ ထက်ပိုသော ယာဉ်များဖြတ်သန်း သွားလာခြင်းမရှိစေရေးကိုလည်း လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီး၏ ပဲခူးဘက်အပိုင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ထားသည့် တံတားများမှာ ယာဉ်နှင့်ကုန်တန်ချိန်ပေါင်း တန် ၆ဝ ထက်ကျော်လွန်သော ဝန်ပိုတန်ပိုယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့်မပြုရန်၊ လမ်းဖြတ်သန်းခ ကောက်ခံရေးစခန်းများကလည်း အဆိုပါယာဉ်ကြီးများကို တန်ပိုကြေးကောက်ခံ၍ ဖြတ်သန်းခွင့်ပေးခြင်း မပြုလုပ်ကြရန် ညွှန်ကြားထားပြီး လမ်းတံတားလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တားမြစ်စစ်ဆေးမှုများပြုလုပ်ကာ လိုက်နာခြင်းမရှိသည့် လမ်းတံတားဖြတ်သန်းခ ကောက်ခံရေးစခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြဋ္ဌာန်းထားသည့် လမ်းမကြီးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

3 comments

  • susunosuki

    June 15, 2010 at 6:46 am

    စစ်နိုင်ဆေးနိုင်မှ တော်ရုံကျတဲ့ သူတွေပါဗျာ
    လွှတ်မထားပါနဲ့
    ကုန်ကား ပိုင်ရှင်တွေ ကျောကော့ နေပြီ

  • unclegyi1974

    August 25, 2010 at 4:20 pm

    စစ်ဆေးမနေပါနဲ့၊
    စစ်ရင်တဂိတ်မှမလွတ်ပါဘူး၊
    အကုန်သာပြန်သိမ်းလိုက်ပါတော့၊
    တကယ်စစ်ဆေးလို့မိရင်ကောတကယ်အရေးယူမှာလားဟင်။၊

  • alfred

    August 25, 2010 at 5:44 pm

    အသုံးမကျတဲ့ စိတ်ကူးတွေပါ။ တကယ်လုပ်ချင် ဂိတ်တွေမှာ cctv တတ်လိုက်ပေါ့။ မလုပ်ချင်ပဲနဲ့ လူကြားအောင် ဟစ်နေတာ။

Leave a Reply