စံမမီဓာတ်မြေဩဇာ ပျံ့နှံ့နေခြင်း ထိန်းချုပ်တော့မည်

klnJuly 15, 20101min550

စိုက်ပျိုးရေးဈေးကွက်အတွင်းအရည်အသွေးမပြည့်မီသော ဓာတ်မြေဩဇာများပျံ့နှံ့ခြင်းများကို ထိန်းချုပ်ရန် အတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြို့နယ်အသီးသီးတွင် ကြီးကြပ်စစ်ဆေးရေးအဖွဲ့များကကြပ်မတ် စစ်ဆေးတော့မည်ဖြစ်ကြောင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှသိရသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို ထုတ်လုပ်ဖြန့်ချိရောင်းချရန် သို့မဟုတ် ပြည်ပမှ တင်သွင်းပြီးဖြန့်ဖြူး ရောင်းချရန်အတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြေအသုံးချဌာနခွဲတွင် ထုတ်ကုန်သွင်းကုန်လိုင်စင်လျှောက် ထားရပြီး ထုတ်လုပ်တင်သွင်းသည့် ဓာတ်မြေဩဇာနမူနာ ပြသရကာ စိုက်ပျိုးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာလျှင် အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ဖြန့်ချိခွင့်ပေးကြောင်းသိရသည်။ ဓာတ်မြေဩဇာတင်သွင်းထုတ်လုပ်သည့် ကုမ္ပဏီများသည် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ဖြန့်ချိသော်လည်း စိုက်ပျိုးတောင်သူများ၏ လက်ဝယ်ရောက်ရှိရန် ကြားခံအဆင့်ဆင့် ဖြတ်သန်းရသည့် အတွက် အဆိုပါဖြတ်သန်းမှုအဆင့်များတွင် ရောနှောမှုများဖြစ်လာသည်များကို တွေ့ရှိလာရကြောင်း၊ တချို့မှာအာနိသင်လုံးဝမရှိဘဲ ရွှံ့မြေခဲများကို အရောင်ဆိုးရောနှောမှုများကို တွေ့ရှိလာရသော ကြောင့် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဈေးကွက်အတွင်းရှိအရည်အသွေး မပြည့်မီဟု ယူဆရသော ဓာတ်မြေဩဇာများကို ဓာတ်ခွဲစစ်ဆေးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။