Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒင်းလိုလူစား သတိထားဟေ့

True FaithJuly 20, 20101min2261

ရေးသူ – ဂါမဏိ

သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။

သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် ၁၉၂ရ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်ကနေ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေးမှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတမြောက်ပိုင်းအမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

၁၉၃၁ ဩဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေ ဖမ်းမိတဲ့အခါ သူဟာ ဆရာစံဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါတယ်။ “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ ဒါဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းနေတယ်လို့လည်း သတိပေးခံရပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံ သူပုန်ထမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေးယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီက “မောင်မင်း ဂဠုန်ဖြစ်လာပြီ” လို့ ဝေဖန်ခဲ့ပါတယ်။

၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီး အဆာဟိရှင်ဘွန်း သတင်းစာတိုက်မှာ မီဒီယာလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။ အပြန်မှာ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံတွေဝင်ပြီး နိုင်ငံရေး လေ့လာခဲ့ပါသေးတယ်။ ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာတိုက် ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် (၂) နှစ်အကြာမှာ အယ်ဒီတာချုပ် ဖြစ်လာပြီး သတင်းစာမူဝါဒကို ကြိုးကိုင်နိုင်ခဲ့ပါတယ်။

သူဟာ ဆရာစံသူပုန်ဘက်က ရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ ခုမှာ ဂဠုန်စစ်သူကြီးဘွဲ့ခံယူပြီး ဝါးရင်းတုတ်ကိုင် ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။ ၁၉၃၆ ခုမှာပဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်းဆောင်တဲ့ ဒုတိယကျောင်းသားသပိတ် ဖြစ်တဲ့အခါ ကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါတယ်။
တက္ကသိုလ်သမဂ္ဂအဆောက်အဦမှာ အင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုုလ်ဘွဲ့ရ ဘိလပ်ပြန် ဒေါက်တာဘမော်နဲ့ ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လို စကားရည်လုပွဲ လုပ်ခဲ့ရာမှာ (၇) တန်းပဲအောင်တဲ့ သူ့ကို ကျောင်းသားတွေက ထောက်ခံအားပေးခဲ့ပါတယ်။

ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၈ ဩဂုတ်လ အောက်လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဘမော်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာ မအောင်မြင်ခဲ့ပါ။ ရေနံမြေအလုပ်သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀ဝ ပြည့်အရေးတော်ပုံကာလ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးမှာတော့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ်တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိအဆိုသွင်း ဖြုတ်ချနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၄ဝ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗမာပြည်ကို သတင်းစာဆရာပုံစံနဲ့ လာထောက်လှမ်းတဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကို ခေါ်တွေ့ပြီး ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်နိုင်ငံဆီက လက်နက်ခဲယမ်းပစ္စည်း ငွေကြေး အပါအဝင် စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။

၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ဆုံပြီး ဒုတိယကမာ္ဘစစ်ပြီးရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး) ပေးဖို့ အဓိက ဆွေးနွေးတောင်းဆိုခဲ့ပေမယ့် ချာချီက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည် လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလို ဆက်သွယ်ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်က သိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စတိုင်းနိုင်ငံ (အခု အစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမာ္ဘစစ်ကာလတလျှောက်လုံး အာဖရိကတိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှ အင်္ဂလိပ်အစိုးရ ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်ရင် ဒီလူဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် တောက်လျှောက် အားကြိုးမာန်တက် ဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမား တော်လှန်ရေးသမားလို့ ထင်စရာပါပဲ။ ဒါပေမယ့် ဒီလူဟာ ဂဠုန်ဦးစော ဖြစ်ပါတယ်။

အပေါ်ယံရွှေမှုန့်တွေကို ဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်းစိမ်ချမ်းသာနဲ့ ကျော်ကြားထင်ရှားမှုကိုသာ တသက်လုံး အာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့အလိုကျ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ (၅) တန်းပဲအောင်တယ်လို့ တရားသူကြီးရှေ့မှာ ဝန်ခံခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမယ့် ကွဲကြပြဲကြတဲ့အခါ (၂၁) ဦးဆိုတဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့ စေ့စပ် အပေးအယူလုပ်ချင်တဲ့ ရာထူးအာဏာ ငမ်းငမ်းတက်အုပ်စုဘက် ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ‘ဘူး’ အသင်းတွေ တည်ထောင် အာဏာဖီဆန်ခဲ့တဲ့ ဦးစိုးသိမ်း ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။

ဗမာလူထုရဲ့အသည်းနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ ဦးစောဟာ ဂဠုန်သူပုန်တွေဘက်က အာပေါင်အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေး အားသန်သလိုလို အယောင်ပြပြီး သူတည်ထောင်ခဲ့တဲ့ ဂဠုန်တပ်ဟာ သိပ်မကြာခင်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေကို ဝါးရင်းတုတ်နဲ့ ရိုက်တာတွေပဲ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျတာ သူ အာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက်သန်လှပါတယ်ဆိုတဲ့ ဦးစောဟာ “လယ်သမား ဖိုးရွှေလုံးညည်းချင်း” “သခင်ဋီကာ” စာအုပ်တွေထုတ်ပြီး ဒို့ဗမာအစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့် ဦးစော ဝန်ကြီးချုပ်ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော်အပြင်ကနေ သံပုံးတီး တောထုတ်ခဲ့ပါတယ်။

၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်က သူ့ကို ဝန်ကြီးရာထူး ပေးခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊ လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါတယ်ဆိုတဲ့ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုပဲ လိုလားတယ်လို့ နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄ရ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးက ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အတိအလင်း ဆန့်ကျင်လာခဲ့ပါတယ်။

လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုန်ဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမယ့် သမီးကို စာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်ကျနေတုန်း ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန်ရောက်ပြီးတော့ (၁ဝ နှစ်သမီးကတည်းက အိမ်မှာခေါ်ထားခဲ့တဲ့) (၁၉) နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော်မလေးနဲ့ ကလေးတယောက်ရတဲ့အထိ သောင်းကျန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီ (၃) ယောက်ကတော့ မီဒီယာတွေထဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပေမယ့် သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီးရှိပါသေးတယ်။

ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုန်ဦးစောလို လူမြင်ကောင်းအောင် ဟိတ်ဟန်ထုတ် ညာဝါးလှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှု သုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကိုဖြစ်စေ သဲကြီးမဲကြီး လိုက်နေသူတွေ ပြည်တွင်းပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အတိုက်အခံအဝန်းအဝိုင်းထဲ ရှိနေတဲ့အတွက် အားလုံးကို တပ်လှန့်တဲ့အနေနဲ့ ဂဠုန်ဦးစောအကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဂဠုန်ဦးစောခေတ်တုန်းက သူဘယ်လိုပဲ ဟန်ဆောင်လုပ်ပြခဲ့ပေမယ့် အင်မတန်ရိုးသားဖြောင့်မတ် အနစ်နာခံပြီး တိုင်းပြည်အတွက် တကယ်စွန့်လွှတ်စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရှိနေတော့ ဘယ်လိုမှယှဉ်မရ နေရာမရခဲ့ပါဘူး။ ဒါကြောင့်လည်း နောက်ဆုံးမှာ မိုက်မိုက်ရိုင်းရိုင်းနဲ့ လုပ်ကြံသတ်ဖြတ် နေရာလုဖို့ ကြံခဲ့တာဖြစ်ပါတယ်။ အခုခေတ်မှာလည်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင်တော်လှန်ရေးသမားတွေ၊ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်မရနိုင်လို့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ယုတ်မာပက်စက်တာတွေလုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ဝေးတဲ့ ပြည်ပအတိုက်အခံနယ်ပယ်မှာလည်း ဂဠုန်ဦးစောလို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမိုကရေစီသမားတွေ၊ အာဏာရူး တိုင်းရင်းသားခေါင်းဆောင်တွေ လူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားပြီး တော်လှန်ရေးကို ဖျက်ဆီးနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာရော ပြည်တွင်း အတိုက်အခံနယ်ပယ်မှာပါ ဒင်းလိုလူစား သတိထားပြီး ပြတ်ပြတ်သားသား နှိမ်နင်းကြဖို့ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။

(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ရန်မလို။)

(ခေတ်ပြိုင် သတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

One comment

  • True Faith

    July 20, 2010 at 9:16 am

    Admin က ပြည်ပမီဒီယာက ဆောင်းပါးတွေ ပို့စ်အဖြစ်တင်ခွင့် မရှိတော့ဘူးဆိုတဲ့ စည်းကမ်းချက်ကို မဖတ်ရသေးခင် တင်မိလိုက်တာဖြစ်ပါတယ်။ အဲဒီအတွက် တောင်းပန်ပါတယ်။

Leave a Reply